ကပ်ဖားရပ်ဖား
Vol. 7 Ch. 63
မုန့်ဝမ် ၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် ဝေခွဲမရဖြစ်မှုတို့ ရောယှက်နေသော အမူအရာများ ပေါ်ပေါက်နေချေ၏။ သို့သော်လည်း နောက်ဆုံးတွင် သူမက ခိုင်မာစွာပင် ပြောလိုက်လေသည်။
“သတိပေးတာ ကျေးဇူးတင်ပါတယ် မိတ်ဆွေ၊ ဒါပေမဲ့ ကျွန်မမှာ သွားရမယ့် အကြောင်းပြချက် တစ်ခု ရှိနေလို့ပါ”
လူငယ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမှ ဆက်မပြောတော့ချေ။ ညီမဖြစ်သူက သူမ၏ အစ်ကိုဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
“အစ်ကို သူကလည်း ကျွန်မတို့ သွားမယ့်လမ်းအတိုင်း သွားမှာပဲလေ။ မြို့ထဲရောက်တဲ့အထိ သူ့ကို တစ်ခါတည်း ခေါ်သွားပေးရအောင်။ လူပိုတစ်ယောက်ရှိတာက ပိုကောင်းတာပေါ့”
“မဖြစ်ဘူး”
လူငယ်က အေးစက်စွာပင် ငြင်းပယ်လိုက်လေသည်။ “နင် စောစောက မြင်ခဲ့တယ် မဟုတ်လား၊ သူက ဓားပြကျင့်ကြံသူတွေကို တစ်စက်မှတောင် မခုခံနိုင်ဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အပေါ်ယံ အလှပြသက်သက်ပဲ ရှိတာ။ နင်တစ်ယောက်တည်းနဲ့တင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာ။ အခု နောက်တစ်ယောက်ကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် လုပ်ချင်နေတာလား”
အပြောခံလိုက်ရသော်လည်း ညီမဖြစ်သူမှာ ရှက်ရွံ့သွားဟန် မရှိချေ။
“အိုး...... ကျွန်မက ဘယ်နေရာမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်လို့လဲ။ ကျွန်မ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရလိုက်တာပဲ မဟုတ်လား။ အစ်ကိုရယ်....ဒီလောက် အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို လစ်လျူရှုထားဖို့ အစ်ကို ရက်စက်နိုင်လို့လား”
ညီမဖြစ်သူက လူငယ်၏ လက်စကို ဆွဲကာ ချွဲနွဲ့နေရင်း မျက်စိတစ်ဖက်ကိုလည်း မှိတ်ပြလိုက်လေသည်။ ထိုသို့ တတွတ်တွတ် ပြောနေမှုကို စိတ်ပျက်သွားဟန်ဖြင့် လူငယ်က မလိုလားသော်လည်း သဘောတူလိုက်ရချေ၏။
“ကဲပါ...... တော်တော့။ လမ်းချင်းတူနေတာဆိုတော့ မြို့ထဲအထိ ခေါ်သွားဖို့ ငါ ခွင့်ပြုလိုက်မယ်။ ဒါပေမဲ့ မြို့ထဲရောက်တာနဲ့ လမ်းခွဲရမယ်”
ညီမဖြစ်သူက ပြုံးရိပ်ကို ထိန်းရင်း ခေါင်းငြိမ့်ပြလိုက်လေသည်။
“သိပါပြီ အစ်ကို”
မုန့်ဝမ်မှာ အံ့သြဝမ်းသာသွားဟန်ဖြင့် အားနာနေသည့် အမူအရာ ပြလိုက်ရင်း “စိတ်မပူကြပါနဲ့... ကျွန်မ ရှင်တို့အတွက် ဘာဒုက္ခမှ မပေးစေရပါဘူး” ဟု ကတိပေးလိုက်လေသည်။ ညီမဖြစ်သူက ရယ်မောရင်း လက်ဝှေ့ယမ်းပြကာ မုန့်ဝမ်အနားသို့ တိုး၍ တိုးတိုးလေး ပြောလိုက်ချေ၏။
“တကယ်တော့ ကျွန်မအစ်ကိုက ပေါင်းရသင်းရ ခက်တယ်လို့ ထင်ရပေမဲ့ အပြင်ပန်းသာ အေးစက်နေတာပါ၊ အတွင်းစိတ်ကတော့ နွေးထွေးပါတယ်။ မြို့ထဲရောက်ရင် သူ သေချာပေါက် မောင်းထုတ်မှာ မဟုတ်ဘူး”
မုန့်ဝမ်က ကျေးဇူးတင်သော အပြုံးဖြင့် “ကျွန်မနာမည်က ကျန်းဝမ်အာ ပါ၊ နတ်သမီးလေးရဲ့ နာမည်ကိုလည်း သိပါရစေ” ဟု မေးလိုက်လေသည်။
“ကျွန်မနာမည်က ရှန်စီဟန် ပါ၊ ကျွန်မအစ်ကိုကတော့ ရှန်စီရွှမ် ပါ”
မုန့်ဝမ်က ခေါင်းငြိမ့်လိုက်သော်လည်း စိတ်ထဲတွင်မူ နှာခေါင်းရှုံ့လိုက်မိချေ၏။ ဤနာမည်နှစ်ခုမှာ အလွန်ပင် ရိုးရှင်းလွန်းလှရာ နာမည်အရင်း မဟုတ်ဘဲ နာမည်လွှဲများ ဖြစ်နိုင်ပေသည်။ သို့သော် သူမကိုယ်တိုင်လည်း နာမည်လွှဲ သုံးထားသည်ဖြစ်ရာ သူတို့အားလုံးမှာ အခြေအနေတူပင် ဖြစ်ကြပေသည်။
ဤမောင်နှံမှာလည်း ဟန်ယွဲ့မြို့ သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် ဒေသန္တရ အခြေအနေများကို သိပ်မသိကြချေ။ သို့သော် ရှန်စီရွှမ်၏ ဓားပညာမှာ အံ့သြစရာ ကောင်းလှပေသည်။ လမ်းတွင် ဓားပြအဖွဲ့ နှစ်ဖွဲ့ကို နှိမ်နင်းပြီးနောက် သူတို့ သုံးဦးစလုံး ဟန်ယွဲ့မြို့၏ မြို့တံခါးသို့ ဘေးကင်းစွာ ရောက်ရှိသွားကြချေပြီ။
မြို့တံခါးတွင် တန်းစီနေစဉ် ရှန်စီဟန်က မုန့်ဝမ်ကို တိုးတိုးလေး ပြောလိုက်လေသည်။
“ကျွန်မတို့ မိသားစုထဲက အကြီးအကဲတွေ ပြောတာ ကြားဖူးတယ်။ ဟန်ယွဲ့မြို့မှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေ စောင့်ကြပ်နေတယ်ဆိုပဲ”
မုန့်ဝမ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရလေသည်။ “ရွှေအမြုတေအဆင့် ဟုတ်လား၊ အဲဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ထက်တောင် ပိုပြီး စွမ်းအားကြီးတဲ့ အဆင့် မဟုတ်ပါလား”
မုန့်ဝမ်၏ လောကအတွေ့အကြုံ မရှိသော အမူအရာကို ကြည့်ကာ ရှန်စီဟန်က စိတ်ထဲတွင် ရယ်မောနေသော်လည်း အပြင်ပန်းတွင်မူ တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်လေသည်။
“ဒါပေါ့ ဟန်ယွဲ့မြို့က ထျန်းဟန်တောင်တန်းနဲ့ ကပ်နေတာဆိုတော့ တောင်တန်းထဲက သားရဲတွေကို ဟန့်တားနိုင်ဖို့ အင်အားကြီးတဲ့ ကျင့်ကြံသူတွေ ရှိနေရတာပေါ့”
သူတို့ သုံးဦးစလုံး မြို့ဝင်ကြေး ပေးဆောင်ကာ မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြချေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ရှန်စီရွှမ်က မုန့်ဝမ်ကို ထွက်သွားရန် စကားမစခဲ့ချေ။ မုန့်ဝမ်ကလည်း ထိုအခွင့်အရေးကို သုံးကာ သူတို့နှစ်ဦးနောက်သို့ အရှက်မရှိ ကပ်လိုက်လေတော့သည်။
လမ်းတစ်လျှောက်တွင် ရှန်စီဟန်မှာ ငှက်ကလေးတစ်ကောင်အလား တတွတ်တွတ် ပြောနေရင်း မုန့်ဝမ်၏ အကြောင်းကိုလည်း ရံဖန်ရံခါ မေးမြန်းနေလေသည်။
“ဝမ်အာအစ်မ အစ်မက ဒီလောက် ငယ်ငယ်လေးနဲ့ အခြေခံစွမ်းအင်အဆင့် ကိုး ကို ရောက်နေပြီဆိုတော့ ကျွန်မတို့လိုပဲ ကျင့်ကြံခြင်း မိသားစုတစ်ခုက လာတာလား”
ရှန်စီဟန်၏ အပြစ်ကင်းစင်သော အသံနောက်ကွယ်တွင် စူးစမ်းလိုစိတ်များစွာ ရှိနေပေသည်။ အကယ်၍ မုန့်ဝမ်သာ အပြင်ပန်းကဲ့သို့ ရိုးအလှပါက တစ်ဖက်လူ၏ ဟန်ဆောင်မှုကို ယုံကြည်မိသွားပေလိမ့်မည်။ သို့သော် ဟန်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် သူမမှာလည်း အဆင့်မြင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ချေ၏။
မုန့်ဝမ်က သက်ပြင်းချလိုက်ရင်း “တကယ်တော့ ကျွန်မက မိသားစုဝင်တွေ မသိအောင် ထွက်ပြေးလာတာပါ။ အလျင်စလို ထွက်လာရတာဆိုတော့ ပါလာတာလည်း သိပ်မရှိပါဘူး။ ကျွန်မဖခင်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေမဲ့ ကံဆိုးစွာနဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ ဒန်ထျန် ထိခိုက်သွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ထိုးဆင်းသွားခဲ့ရတာပါ။ ကျွန်မလည်း မိသားစုထဲမှာ အပယ်ခံ ဖြစ်လာခဲ့ရတယ်”
ဤနေရာသို့ ရောက်သောအခါ မုန့်ဝမ်က ခါးသီးစွာ ပြုံးလိုက်လေသည်။
“ကျွန်မ ဟန်ယွဲ့မြို့ကို လာရတဲ့ အဓိက ရည်ရွယ်ချက်က ဖခင်ဖြစ်သူ အမြန်ဆုံး နာလန်ပြန်ထူနိုင်ဖို့ ဝိညာဉ်ဆေးရှာဖို့ပါပဲ။”
ရှန်စီဟန်က မုန့်ဝမ်ကို သနားစဖွယ် ကြည့်လိုက်မိချေ၏။ ဒန်ထျန်ကို ပြန်လည်ပြုပြင်နိုင်သော ဝိညာဉ်ဆေးမှာ အလွန်ပင် တန်ဖိုးကြီးလှရာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင် ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတစ်ဦးက ထိုကဲ့သို့ စိတ်ကူးယဉ်နေခြင်းမှာ ရယ်စရာပင် ကောင်းနေတော့သည်။
“စိတ်မကောင်းပါဘူး၊ ကျွန်မက ဝမ်အာအစ်မရဲ့ နာကျင်စရာတွေကို ပြန်အမှတ်ရအောင် လုပ်မိသွားပြီ”
မုန့်ဝမ်က ခေါင်းခါလိုက်ရင်း စိတ်လျှော့ထားသည့် အမူအရာ ပြလိုက်လေသည်။ “ရပါတယ် မျှော်လင့်ချက်က နည်းတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ နောင်တမရရအောင် ကျွန်မ အစွမ်းကုန် ကြိုးစားချင်လို့ပါ”
မုန့်ဝမ်ကို ခေတ္တမျှ နှစ်သိမ့်ပြီးနောက် ရှန်စီဟန်က စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်ကာ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်လေသည်။
“ကျွန်မတို့ ထွက်မလာခင်က မိသားစုထဲက အကြီးအကဲတွေ ပြောခဲ့တာက ဟန်ယွဲ့မြို့က အခြေအနေတွေ ရှုပ်ထွေးတယ်။ လူထုကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားတဲ့ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိနေတယ်ဆိုပဲ။ ကျွန်မတို့ သတိထားပြီး လှုပ်ရှားရမယ်။ တခြားလူတွေနဲ့ အလွယ်တကူ ရန်မဖြစ်မိအောင် နေရမယ်”
မုန့်ဝမ်က အလေးအနက် ခေါင်းငြိမ့်ပြလိုက်လေသည်။ “စီဟန်နတ်သမီးလေး ပြောပြတာကို ကျေးဇူးတင်ပါတယ်။ ကျွန်မ သတိထားပါ့မယ်”
အမှန်စင်စစ် မုန့်ဝမ်၏ အမြင်တွင်မူ ရွှမ်ယင်ဂိုဏ်းနှင့် လရိပ်မှောင်ခိုဈေးတို့နှင့် နှိုင်းယှဉ်လျှင် ဟန်ယွဲ့မြို့၏ လုံခြုံရေးမှာ အတော်ပင် ကောင်းမွန်လှချေပြီ။ အနည်းဆုံး မြို့အတွင်း၌ မည်သူမျှ လူမြင်ကွင်းတွင် သတ်ဖြတ်မှု မလုပ်ဝံ့ကြချေ။
ဟန်ယွဲ့မြို့အတွင်း ခေတ္တမျှ လျှောက်လည်ပြီးနောက် ရှန်စီဟန်က သူမ၏ ဗိုက်ကို ပွတ်လိုက်ရင်း စားသောက်ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်လေသည်။
“အစ်ကို ကျွန်မ ဗိုက်ဆာနေပြီ။ တစ်ခုခု အရင်စားကြရအောင် ပြီးမှ တည်းခိုဖို့ နေရာရှာမယ်လေ”
ရှန်စီရွှမ်က သက်ပြင်းချလိုက်ရင်း “ငါတို့ဆီမှာ အစားရှောင်ဆေးလုံးတွေ ရှိနေတာပဲ မဟုတ်လား” ဟု ဆိုလိုက်လေသည်။
“အဲဒီဆေးလုံးတွေက ဗိုက်ပြည့်ရုံပဲ ရှိတာ အရသာမှ မရှိတာ။ ကျွန်မ အသားစားချင်တယ်”
ရှန်စီဟန်က မကျေမနပ် ဖြစ်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။ သူမသည် ထိုဆေးလုံးများကို ရက်ပေါင်းများစွာ စားခဲ့ရသဖြင့် ငြီးငွေ့နေပြီ။
“ကဲပါ...... သွားကြတာပေါ့။”
ရှန်စီရွှမ်က ဘာမှ ဆက်မပြောတော့ဘဲ စားသောက်ဆိုင်အတွင်းသို့ ဝင်ကာ သီးသန့်အခန်းတစ်ခု တောင်းလိုက်လေသည်။ စားပွဲထိုးက လက်ဖက်ရည် ယူဆောင်လာပြီး သူတို့ သုံးဦးအား စားဖွယ်စုံစာရင်းကို ပေးရင်း ပြုံးရွှင်စွာ ပြောလိုက်လေသည်။
“ကျွန်တော်တို့ ဆိုင်ကို ရွှေမျက်လုံးမျောက် အသားတွေ အသစ်ရောက်ထားပါတယ်။ လူကြီးမင်းတို့ မြည်းစမ်းကြည့်ချင်ပါသလား”
ရှန်စီဟန်က သူ့ကို သံသယဖြင့် ကြည့်လိုက်ရင်း “ရွှေမျက်လုံးမျောက်က အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲ မဟုတ်လား၊ နင်တို့ဆိုင်က အဲဒီသားရဲရဲ့ အသားကိုတောင် ပေးနိုင်လို့လား” ဟု မေးလိုက်လေသည်။
စားပွဲထိုးက ပြုံးမြဲပြုံးလျက်ပင် တက်ကြွစွာ ရှင်းပြလိုက်လေသည်။ “ကျွန်တော်တို့ဆိုင်က အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲအသားနဲ့ လုပ်ထားတဲ့ ဟင်းလျာတွေကို နေ့တိုင်း ရနိုင်ပါတယ်၊ ဒါပေမဲ့ စျေးနှုန်းကတော့ နည်းနည်း ကြီးတာပေါ့။ ဧည့်သည်တော်တို့ စမ်းကြည့်ချင်ပါသလား”
ရှန်စီဟန်က စာရင်းကို ဖွင့်ကြည့်လိုက်ရာ ပထမဆုံး စာမျက်နှာတွင်ပင် ရွှေမျက်လုံးမျောက်အသား ကင်ကို ဝိညာဉ်ကျောက်တုံး ခြောက်ရာဟု ရေးထားသည်ကို မြင်လိုက်ရချေ၏။ သူမက နှာခေါင်းရှုံ့လိုက်ရင်း “ဒီလောက်တောင် စျေးကြီးတာလား” ဟု ရေရွတ်လိုက်လေသည်။
မူလက သူမ မြည်းစမ်းကြည့်ချင်သော်လည်း စျေးနှုန်းကို မြင်သည်နှင့် စိတ်ဝင်စားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူမ မိသားစုတွင် ရှိစဉ်က အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲအသားကို စားဖူးသော်လည်း ဝိညာဉ်စွမ်းအင် အနည်းငယ် ပိုရှိသည်မှအပ သာမန်သာ ဖြစ်ပေသည်။ အသားထဲရှိ အနှစ်သာရ အားလုံးကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက ယူသွားကြသဖြင့် အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများ စားရသည်မှာ အကြွင်းအကျန်များသာ ဖြစ်ချေ၏။ အကယ်၍ သားရဲအသား စားပြီး ကျင့်ကြံလိုပါက ဆယ်ပွဲခန့် စားရမည်ဖြစ်ရာ ဆေးလုံးသောက်ခြင်းလောက် အစွမ်းမပြနိုင်ချေ။
ရှန်စီဟန်က စာရင်းကို ဆက်လှန်ကြည့်ရင်း သူမ စိတ်ဝင်စားသည့် ဟင်းလျာအချို့ကို မှာလိုက်လေသည်။
“ပထမဆုံး မီးလျှံငှက်အသားကင် တစ်ပွဲ၊ နတ်မင်းမှိုစွပ်ပြုတ် တစ်ပွဲ၊ ဝိညာဉ်ဝါးမျှစ်ကြော် တစ်ပွဲနဲ့ ဝိညာဉ်ဆန်ထမင်း သုံးပွဲ အခုလောလောဆယ် ဒါပဲ ပေးပါ”
မုန့်ဝမ်က လက်ယမ်းလိုက်ရင်း “ဝိညာဉ်ဆန်ထမင်း နှစ်ပွဲဆို ရပါပြီ ရှင်တို့နှစ်ယောက်ပဲ စားပါ။ကျွန်မ မစားတော့ပါဘူး” ဟု အားနာစွာ ပြောလိုက်လေသည်။
“ရပါတယ်... မှာပြီးမှတော့ အတူတူ စားကြတာပေါ့”
ရှန်စီဟန်က စာရင်းကို စားပွဲပေါ် ပြန်တင်လိုက်ရင်း “အစ်ကို... ပိုက်ဆံပေးလိုက်တော့” ဟု အမိန့်ပေးလိုက်လေ၏။ စားပွဲထိုးက စာရင်းကို ယူကာ ကျွမ်းကျင်စွာပင် ကျသင့်ငွေကို ပြောလိုက်လေသည်။
“လက်ဖက်ရည်ဖိုး အပါအဝင်ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ့်ခြောက်တုံး ကျသင့်မှာ ဖြစ်ပါတယ်”
ဟင်းသုံးပွဲတည်းနှင့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော်ကုန်ကျခြင်းအပေါ် လိုအပ်မှသာ ကျောက်တုံးသုံးလေ့ရှိသော မုန့်ဝမ်အတွက်မူ လက်ခံနိုင်စရာ မရှိလှချေ။ သို့သော်လည်း ဟင်းလျာများနှင့် ဝိညာဉ်ဆန်ထမင်းများ ရောက်လာသောအခါ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်နှင့် အစားရှောင်ဆေးလုံးများမှာ အမှန်တကယ်ပင် ဆိုးရွားလှကြောင်း သူမ သိရှိသွားခဲ့သည်