← Chapters

ပရိယာယ်

Vol. 7 Ch. 64

ပရိယာယ်

Vol. 7 Ch. 64

ယခင်က သူမတွင် ဝိညာဉ်ကျောက်တုံး လုံလောက်စွာ မရှိသဖြင့် ဗိုက်ပြည့်ရုံမျှသာ ရှိသော အစားရှောင်ဆေးလုံးများကိုသာ အားကိုးခဲ့ရချေ၏။ ယခုမူ သူမ၏ အိတ်ကပ်အတွင်း၌ ဝိညာဉ်ကျောက်တုံး သောင်းချီ၍ ရှိနေပြီဖြစ်ရာ ဘဝကို အဆင့်မြှင့်တင်ရန် အချိန်တန်ပြီ ဖြစ်ပေသည်။ မုန့်ဝမ် သည် အခွင့်အရေး ရပါက ဤဟန်ယွဲ့မြို့မှ မထွက်ခွာမီ ဤစားသောက်ဆိုင်ကိုပင် ဓားပြတိုက်သွားရန် စိတ်ကူးလိုက်မိချေ၏။

ရှန်စီဟန် က ပြုံးရွှင်စွာဖြင့် မုန့်ဝမ်၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးလိုက်လေသည်။

“ဝမ်အာအစ်မ..ကြိုက်ရင် အများကြီးစားနော်။ မလောက်ရင် ထပ်မှာလို့ ရတာပဲ”

မုန့်ဝမ်မှာ စိတ်လှုပ်ရှားသွားဟန်ဖြင့် “ကျွန်မတို့ ဆုံတာ မကြာသေးပေမဲ့ ရှင်တို့က ကျွန်မအပေါ် အရမ်းကောင်းကြတာပဲ။ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူး” ဟု ဆိုလိုက်လေသည်။

“ဟားဟား.... တကယ် ကျေးဇူးဆပ်ချင်ရင် ကျွန်မရဲ့ အစ်ကိုနဲ့ လက်ထပ်လိုက်ပါလား”

ရှန်စီဟန်က စနောက်လိုက်ချေ၏။ မုန့်ဝမ်၏ မျက်နှာမှာ နီမြန်းသွားပြီး “စီဟန်ကလည်း နောက်ပြန်ပြီ” ဟု ဆိုကာ ရှန်စီရွှမ်ကို ခိုးကြည့်လိုက်လေသည်။

ကံဆိုးသည်မှာ ရှန်စီရွှမ်မှာ သစ်တုံးတစ်တုံးအလား တည်ငြိမ်နေပြီး မုန့်ဝမ်၏ ပရိယာယ်များကို တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိခဲ့ချေ။ ရှန်စီဟန်မှာ သူမအစ်ကို၏ တုန့်နှေးမှုကို ကြည့်ကာ စိတ်ပျက်သွားခဲ့ရလေသည်။ သူမ ကြိုးစားပမ်းစား ရှာထားသော မရီးလောင်းလေး ထွက်မပြေးစေရန် အစ်ကိုဖြစ်သူနှင့် သီးသန့်စကားပြောရန် အခွင့်အရေး ရှာရပေတော့မည်။

စားသောက်ဆိုင်မှ ထွက်လာပြီးနောက် သူတို့တစ်ဖွဲ့လုံး အတော်ပင် ကြိုးစားလိုက်ရပြီး နောက်ဆုံးတွင် ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်ရာလေးတစ်ခုကို ငှားရမ်းနိုင်ခဲ့ကြချေ၏။ ရှန်စီဟန်က မကျေမနပ်ဖြင့် နှုတ်ခမ်းဆူလိုက်လေသည်။

“ဒီလောက် စုတ်ပြတ်နေတဲ့ အိမ်ရာလေးကို တစ်လ ဝိညာဉ်ကျောက်တုံး တစ်ရာ ပေးရတယ်ဆိုတာ အလွန်အကျွံပဲ”

ရှန်စီရွှမ်က သူမကို နှစ်သိမ့်လိုက်လေသည်။ “ဟန်ယွဲ့မြို့က မြေစျေးကြီးတယ်လေ။ ငါတို့က ဒီမှာ ခဏပဲ နေမှာဆိုတော့ အိမ်ကြီးအိမ်ကောင်း ငှားနေရင် လူအာရုံစိုက်ခံရလိမ့်မယ်။ အောင့်အည်းပြီး နေလိုက်ပါ”

အစ်ကိုဖြစ်သူ၏ စကားကို ကြားသောအခါ ရှန်စီဟန်မှာ စိတ်ကောက်နေသေးသော်လည်း ဆက်၍ မညည်းညူတော့ချေ။ မုန့်ဝမ်က အားနာနေသည့် အမူအရာဖြင့် “ကျွန်မလည်း အိမ်လခ တစ်စိတ်တစ်ဒေသ ကူပေးပါရစေ၊ အလကား နေရတာ အားနာလို့ပါ” ဟု ဆိုလိုက်လေသည်။

“မလိုပါဘူး.... မလိုပါဘူး။ ကျွန်မအစ်ကိုက အရမ်းချမ်းသာတာ... သူ့ပိုက်ဆံပဲ သုံးလိုက်စမ်းပါ”

ရှန်စီဟန်က လက်ယမ်းပြလိုက်ရင်း “ကျွန်မက ဒီနေရာက စျေးနဲ့ မတန်ဘူးလို့ ပြောတာပါ။ ဝမ်အာအစ်မကို ပိုက်ဆံစိုက်ခိုင်းဖို့ မဟုတ်ပါဘူး” ဟု ရှင်းပြလိုက်လေသည်။

ရှန်စီရွှမ်ကလည်း သင့်တော်သော အချိန်တွင် ဝင်ပြောလိုက်လေသည်။ “အကယ်၍ ကျန်းမိန်းကလေးက အားနာနေတယ်ဆိုရင် အိမ်ရှေ့ကွင်းပြင်ကို တံမြက်စည်းလှည်းပေးပေါ့။ ဒီမှာ အခန်းတွေ အများကြီး ရှိတာပဲ။ အနောက်ဘက် အခန်းမှာ မင်း နေလို့ ရပါတယ်”

မုန့်ဝမ်က ကျေးဇူးတင်သော အပြုံးဖြင့် “ကျေးဇူးတင်ပါတယ် မိတ်ဆွေရှန်” ဟု ဆိုလိုက်လေသည်။

မုန့်ဝမ် အနောက်ဘက်ခန်းသို့ ဝင်သွားသည်ကို မြင်သောအခါ ရှန်စီဟန်သည် ရှန်စီရွှမ်၏ နောက်သို့ အမြန်လိုက်ကာ သူ၏ အခန်းထဲသို့ ဝင်သွားလေတော့သည်။ ရှန်စီရွှမ်က အစီအရင်တစ်ခုကို တည်ဆောက်နေရင်း သူမကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။

“နင်က ကိုယ့်အခန်းကိုယ် မပြန်ဘဲ ဒီကို ဘာလာလုပ်ပြန်တာလဲ”

ရှန်စီဟန်က မကျေမနပ် ထိုင်ချလိုက်ရင်း “အစ်ကို့ကို ကျွန်မက မေးရမှာပါ။ ကျွန်မက မရီးလောင်းတောင် ရှာပေးထားပြီ။ သူကလည်း အစ်ကို့ကို စိတ်ဝင်စားနေတာပဲကို အစ်ကိုက ဘာလို့ ဒီလောက်တောင် အေးစက်နေရတာလဲ” ဟု ပြန်မေးလိုက်လေသည်။

ရှန်စီရွှမ်က မျက်မှောင်ကြုတ်လိုက်လေသည်။ “ငါတို့ ထွက်မလာခင်ကတည်းက ပြောပြီးသားလေ၊ ဒီနည်းလမ်းကို သုံးမလား၊ မသုံးဘူးလားဆိုတာ ငါ မဆုံးဖြတ်ရသေးဘူးဆိုတာ”

“ဒီနည်းလမ်းကို သုံးကို သုံးရမှာပဲ”

သူ စကားမဆုံးခင်မှာပင် ရှန်စီဟန်က ကြားဖြတ်ပြောလိုက်လေသည်။ “အဖေနဲ့ အမေ မှာလိုက်တာတွေကို အစ်ကို မေ့သွားပြီလား”

ထိုစကားများကို စဉ်းစားမိသောအခါ ရှန်စီရွှမ်မှာ ဝေခွဲမရ ဖြစ်သွားခဲ့ရလေသည်။ ထိုနည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ပါ့မလား။ ရှန်စီဟန်မှာ သူမအစ်ကိုနှင့်အတူ ကြီးပြင်းလာသူဖြစ်ရာ သူ၏ အမူအရာကို ကြည့်ရုံနှင့် ဘာတွေးနေသည်ကို သိနေပေသည်။ သူမ၏ အသံကို ပြန်လည် ပျော့ပျောင်းလိုက်ရင်း......

“အစ်ကို...... အစ်ကို စိုးရိမ်နေတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဖေနဲ့ အမေက ကျွန်မတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူးလေ။ ကျွန်မတို့ စီစဉ်ထားတဲ့အတိုင်းပဲ လုပ်လိုက်ပါ”

ရှန်စီရွှမ်က နဖူးကို ပွတ်လိုက်ရင်း “ငါ အကုန်နားလည်ပါတယ်။ ဒါပေမဲ့ ငါ့နှလုံးသားထဲမှာ အတားအဆီးတစ်ခု ဖြစ်နေလို့ပါ။ ပြီးတော့ ကျန်းဝမ်အာက ငါကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ ရှန်စီဟန်၏ မျက်လုံးများ လင်းလက်သွားလေသည်။ “ဒါဆို အစ်ကိုက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ...... ကျွန်မ သွားဖမ်းပေးရမလား”

ရှန်စီရွှမ်က ခေါင်းကို အတွင်တွင် ခါလိုက်လေသည်။ “ငါ့ကို ဒုက္ခထပ်မပေးပါနဲ့တော့။ ဟန်ယွဲ့မြို့က ငါတို့မျိုးနွယ်စုလို မဟုတ်ဘူး၊ ဒီမှာရှိတဲ့ ကျင့်ကြံသူတွေက နင်ထင်သလောက် မရိုးရှင်းကြဘူး။ ကျန်းဝမ်အာလို ရိုးအတဲ့သူမျိုးမို့လို့သာ နင် လိမ်တာကို ယုံနေတာပေါ့”

ရှန်စီဟန်က ရယ်မောလိုက်လေသည်။ “ကျန်းဝမ်အာက ရိုးအတယ်လို့ ကျွန်မ မထင်ဘူးနော်။သူက အစ်ကို့ကို သဘောကျလို့သာ ကျွန်မတို့နောက်ကို လိုက်လာတာ ဖြစ်မှာပါ။ ကျင့်ကြံခြင်း လောကကြီးထဲမှာ ဒီလောက် ချိုသာပြီး ရိုးအတဲ့သူမျိုး ဘယ်မှာ သွားရှာလို့ ရမှာလဲ”

ရှန်စီရွှမ်က ခေါင်းငြိမ့်လိုက်လေသည်။ “နင် သိထားတာ ကောင်းပါတယ်။ နောက်နှစ်ရက်နေရင် ထျန်းဟန်တောင်တန်းကို သွားတဲ့အခါ သူ့ကို ဖယ်ထုတ်ပစ်ဖို့ အခွင့်အရေး ရှာရမယ်”

ရှန်စီဟန်က ချဲ့ကားပြီး ပြောလိုက်လေသည်။ “ဝါး...... အစ်ကိုက တကယ့်ကို ရက်စက်တာပဲ။ သူ့ကို ထျန်းဟန်တောင်တန်းထဲမှာ ထားခဲ့မယ်ဆိုတော့ သူ ပြန်မလာနိုင်တော့မှာကို မစိုးရိမ်ဘူးလား”

ရှန်စီရွှမ်၏ အသံမှာ အေးစက်နေဆဲပင်။ “အကယ်၍ နင်သာ ကြားဝင်မနှောက်ယှက်ခဲ့ရင် ကျန်းဝမ်အာက အခုဆိုရင် ဓားပြတွေရဲ့ ရောင်းစားတာကို ခံနေရလောက်ပြီ။ သူ တကယ်ပဲ ပြန်မလာနိုင်တော့ဘူးဆိုရင် အဲဒါက သူ့ရဲ့ စွမ်းအား မလုံလောက်လို့ပဲ၊ငါနဲ့ ဘာမှမဆိုင်ဘူး”

ရှန်စီဟန်က သက်ပြင်းချလိုက်လေသည်။ “အစ်ကိုက အရမ်း အေးစက်တာပဲ။ ဝမ်အာအစ်မကတော့ ဝမ်းနည်းရတော့မှာပဲ။ မဖြစ်ဘူး ကျွန်မ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်။ မဟုတ်ရင် ဝမ်အာအစ်မက သနားစရာကြီး”

ဤနေရာတွင် သူမ၏ မျက်လုံးများက လည်ပတ်သွားပြီး ရှန်စီရွှမ်ထံသို့ ကျရောက်သွားလေသည်။ ရှန်စီရွှမ်က သူမကို သံသယဖြင့် ကြည့်လိုက်လေသည်။

“နင် ဘာတွေ ကြံစည်နေပြန်ပြီလဲ”

“ဟဲဟဲ...... ကျွန်မက မရီးလောင်း ရှာပေးချင်တာပါ။ ဘာမကောင်းတဲ့ အကြံမှ မရှိပါဘူး”

ရှန်စီဟန်က ရယ်မောရင်း “ကျွန်မ သွားတော့မယ် အစ်ကို.....အစ်ကိုလည်း ကောင်းကောင်း အနားယူလိုက်ဦး” ဟု ဆိုကာ ထွက်သွားလေတော့သည်။

ရှန်စီရွှမ်၏ အခန်းမှ ထွက်လာပြီးနောက် သူမသည် မုန့်ဝမ်၏ အခန်းတံခါးကို ခေါက်လိုက်လေသည်။

“ဝမ်အာအစ်မ...... အထဲမှာ ရှိလား”

မုန့်ဝမ် တံခါးဖွင့်ပေးလိုက်ရင်း ဇဝေဇဝါဖြင့် ကြည့်လိုက်လေသည်။ “စီဟန်...... ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး......အစ်မ လိုတာရှိမလားလို့ လာမေးတာပါ”

ရှန်စီဟန်သည် သူမအိမ်အလား အခန်းထဲသို့ ဝင်လာပြီး ပရိဘောဂများကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်လေသည်။ “အစ်မ ဘာမှမလိုဘူးဆိုရင်တော့ ကျွန်မ စိတ်အေးရတာပေါ့”

သူမ ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်......

“အော်...... နောက်နှစ်ရက်နေရင် အစ်ကိုက ထျန်းဟန်တောင်တန်းကို သွားမယ်တဲ့။ ကျွန်မက ဝိညာဉ်လက်နက်ဆိုင်ကို သွားပြီး အသုံးတည့်မယ့် လက်နက်အချို့ သွားကြည့်မလို့၊ အစ်မရော လိုက်မလား”

မုန့်ဝမ်က ခေတ္တမျှ စဉ်းစားလိုက်လေသည်။ “ကျွန်မ ဘာမှ ဝယ်စရာ မရှိပေမဲ့ ညီမလေး တစ်ယောက်တည်း ထွက်သွားတာကို စိတ်မချပါဘူး၊ အခုလည်း အားနေတာဆိုတော့ လိုက်ခဲ့ပါ့မယ်”

“ကောင်းလိုက်တာ...... ဝမ်အာအစ်မက တကယ့်ကို ကြင်နာတာပဲ”

ရှန်စီဟန်က ပြုံးရင်း မုန့်ဝမ်၏ လက်မောင်းကို ဖက်လိုက်လေသည်။ မုန့်ဝမ်မှာ ခဏမျှ တောင့်တင်းသွားပြီး သူမကို သန့်စင်ပစ်လိုသည့် စိတ်ကို အတင်းအကြပ် နှိမ်နင်းလိုက်ရချေ၏။ သူမသည် ခန္ဓာကိုယ်ကို ပြန်လည် လျှော့ချလိုက်ပြီး မသိမသာပင် လက်မောင်းကို ပြန်ထုတ်လိုက်လေသည်။

“ကိစ္စမရှိပါဘူး၊ ရှင်တို့မောင်နှံက ကျွန်မအပေါ် အရမ်းကောင်းကြတာပဲ။ကျွန်မ အဖော်လိုက်ပေးတာက တာဝန်တစ်ခုပါပဲ”

ရှန်စီဟန်က ပြုံးရင်း မုန့်ဝမ်နှင့်အတူ အပြင်သို့ ထွက်လာခဲ့လေသည်။ လမ်းတစ်လျှောက်တွင် သူမသည် ရှန်စီရွှမ်၏ ရှက်စရာကောင်းသော အဖြစ်အပျက်အချို့ကို ရွေးချယ်ကာ ပြောပြရင်း ရယ်မောနေလေတော့သည်။

“ကျွန်မအစ်ကိုက အပြင်ပန်း အေးစက်နေလို့ ပေါင်းရသင်းရ ခက်တယ်လို့ မထင်နဲ့နော် တကယ်တော့ သူက သဘောကောင်းပါတယ်။ အကယ်၍ အစ်မသာ ကျွန်မရဲ့ မရီး ဖြစ်လာမယ်ဆိုရင် အစ်ကိုက အစ်မကို အလိုလိုက်မှာ သေချာတယ်”

မုန့်ဝမ်၏ မျက်နှာမှာ ထပ်မံ နီမြန်းသွားခဲ့ရပြန်လေသည်။

“ရှင့်အစ်ကိုက အဲဒီလိုလူမျိုးလို့ ကျွန်မ တကယ် ထင်မထားမိဘူး”

“ဟားဟား...... ထင်မထားတာတွေ အများကြီး ရှိပါသေးတယ်။အစ်မသာ ကျွန်မမရီး ဖြစ်လာရင် သိရမှာပါ”

ရှန်စီဟန်မှာ ဘယ်အချိန်မှာ ရပ်ရမည်ကို သိပေသည်။ အများကြီး ပြောလွန်းပါက အကျိုးထက် အပြစ်က ပိုများနိုင်ချေ၏။ သူမ၏ အစ်ကိုမှာ ခေါင်းမာသော်လည်း သူမ ရှာထားသော မရီးလောင်းလေးမှာမူ အတော်ပင် သိတတ်လှပေသည်။

ဝိညာဉ်လက်နက်ဆိုင်သို့ ရောက်သောအခါ ရှန်စီဟန်သည် သူမ၏ စနောက်နေသော အမူအရာများကို ဖျောက်ပစ်လိုက်ပြီး ဆိုင်အတွင်းရှိ လက်နက်များကို အလေးအနက် ကြည့်ရှုနေလေတော့သည်။ သူမတွင် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး ဝိညာဉ်လက်နက်များ ရှိပြီးသား ဖြစ်သဖြင့် ယခု ခရီးစဉ်အတွက် ရည်ရွယ်ချက်မှာ ထူးခြားသော လက်နက်များ သို့မဟုတ် တစ်ကြိမ်သုံး စွမ်းအားကြီး လက်နက်များကို ရှာဖွေရန် ဖြစ်ပေသည်။

ရှန်စီဟန် လက်နက်များ ရွေးချယ်နေစဉ် မုန့်ဝမ်လည်း လိုက်လံ ကြည့်ရှုနေမိချေ၏။ သူမသည် စိမ်းလဲ့မြူနဂါး ၏ သွေးစွမ်းအင်များကို သန့်စင်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ အရည်အသွေးမြင့် ဝိညာဉ်လက်နက် တစ်ခုကဲ့သို့ မာကျောနေပြီ ဖြစ်ချေ၏။ သာမန် ဝိညာဉ်လက်နက်များမှာ သူမအတွက် များစွာ အသုံးမဝင်တော့ပေ......။

All Chapters