← Chapters

အပြောင်းအလဲ

Vol. 7 Ch. 65

အပြောင်းအလဲ

Vol. 7 Ch. 65

ရှန်စီဟန် သည် သေချာစွာ ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် လမ်းညွှန်ပြသရာတွင် အသုံးပြုသည့် ဝိညာဉ်လမ်းညွှန်အပ် တစ်ခုကို ဝယ်ယူလိုက်လေသည်။

ထျန်းဟန်တောင်တန်းမှာ အလွန်ကျယ်ပြန့်လွန်းလှပြီး သူတို့ကလည်း ကျွမ်းကျင်မှု မရှိကြချေ။ အကယ်၍ ဇွတ်အတင်း ဝင်သွားပါက လမ်းပျောက်သွားနိုင်ပေသည်။ ဤဝိညာဉ်လမ်းညွှန်အပ်ရှိပါက လမ်းပျောက်မည်ကို စိုးရိမ်ရန် မလိုတော့ချေ။ ထို့အပြင် ဤအပ်သည် လမ်းညွှန်ရုံသာမက သတ်မှတ်ထားသော အတိုင်းအတာအတွင်းရှိ သားရဲများ၏ အရှိန်အဝါကိုလည်း အာရုံခံနိုင်သဖြင့် သားရဲများ၏ လှုပ်ရှားမှုကို သိရှိနိုင်ရန် အသုံးပြုနိုင်ပေသည်။

မုန့်ဝမ် ကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ “စီဟန် စဉ်းစားတာ မှန်ပါတယ်။ ထျန်းဟန်တောင်တန်းက ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတာဆိုတော့ ကျွန်မတို့ တကယ့်ကို သတိထားဖို့ လိုတာပေါ့”

ဝိညာဉ်လမ်းညွှန်အပ် ဝယ်ယူပြီးနောက် ရှန်စီဟန်သည် သတင်းအချက်အလက်များ စုဆောင်းချင်သည်ဟု ဆိုကာ မုန့်ဝမ်ကို လက်ဖက်ရည်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားလေသည်။ သူမက မုန့်ဝမ်ကို တိုးတိုးလေး ပြောပြသည်မှာ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူစုံတက်စုံရှိသည့် နေရာဖြစ်သော်လည်း သတင်းအချက်အလက် စုဆောင်းရန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပေသည်။ သို့သော် ထိုသတင်းများတွင် အမှန်နှင့် အမှား ရောနှောနေနိုင်သဖြင့် သေချာစွာ ခွဲခြားတတ်ရန် လိုအပ်ပေသည်။

မုန့်ဝမ်က သူမ၏စကားကို နှလုံးသွင်းထားသည့်အလား ခေါင်းငြိမ့်ပြလိုက်ပြီး အသုံးဝင်မည့် သတင်းများကို နားစွင့်နေလေတော့သည်။

“ကြားပြီးကြပြီလား၊ ထျန်းဟန်တောင်တန်းရဲ့ အစွန်အဖျားမှာ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတွေ ထပ်ပေါ်လာပြန်ပြီတဲ့။ လွန်ခဲ့တဲ့ ရက်ပိုင်းက တောင်ပေါ်တက်သွားတဲ့သူတွေ တော်တော်များများ ဒုက္ခရောက်ကုန်ကြပြီ”

“ဒီလို သားရဲတွေ ပေါ်လာရတာက တစ်စုံတစ်ယောက်က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ပင် တစ်ခုခုကို ရှာတွေ့သွားလို့ပဲ။ အဲဒါကို လုကြရင်းနဲ့ သားရဲတွေ ရောက်လာတာပေါ့”

“ဒါတော့ မဟုတ်လောက်ပါဘူး။ ကျွန်မ ကြားတာကတော့ လျှို့ဝှက်ဆန်းပြားတဲ့ကျင့်ကြံခြင်းဂူ တစ်ခုကြောင့်လို့ ကြားတာပဲ။ အဲဒီဂူက ရှေးဟောင်းကျင့်ကြံသူတစ်ဦးရဲ့ ဂူ ဖြစ်ဖို့ များတယ်”

“ဟဲဟဲ...... အဲဒါကတော့ သတင်းမှားပဲ ဖြစ်မှာပါ။ ထျန်းဟန်တောင်တန်းရဲ့ အစွန်အဖျားတွေကို မြို့ထဲက မိသားစုကြီးတွေနဲ့ အင်အားစုငယ်တွေက အနှံ့ရှာပြီးသားလေ။ အကယ်၍ ရှေးဟောင်းကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းဂူသာ တကယ်ရှိရင် ကြာလှပြီ။ အခုထိ ဘယ်ကျန်ပါ့မလဲ”

လက်ဖက်ရည်တစ်အိုး ကုန်သွားလိုက်၊ အသစ်ပြန်ဖြည့်လိုက်နှင့် မုန့်ဝမ်သည် သတင်းအချက်အလက် အမှားအမှန်များစွာကို ကြားသိခဲ့ရလေသည်။ သို့သော်လည်း ထျန်းဟန်တောင်တန်း အစွန်အဖျားတွင် အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲများ ပေါ်ထွက်နေသည်မှာမူ အတည်ပင် ဖြစ်ချေ၏။

ရှန်စီဟန်နှင့်အတူ လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် မုန့်ဝမ်က စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်လေသည်။

“အခုတလော အခြေအနေတွေက နည်းနည်း လှုပ်ခတ်နေသလိုပဲ။ တောင်ပေါ်တက်ဖို့ ရက်အနည်းငယ်လောက် နောက်ဆုတ်လိုက်ရင် ဘယ်လိုလဲ”

ရှန်စီဟန်ကလည်း ထိုသို့ပင် တွေးထားသော်လည်း သူမ၏ မျက်နှာတွင်မူ အေးဆေးသည့် အမူအရာကို ပြသထားလေသည်။

“အဲဒီလူတွေက လျှောက်ပြောနေကြတာပါ။ ထျန်းဟန်တောင်တန်းက ဒီလောက်ကြီးတာ ကျွန်မတို့ တောင်ပေါ်တက်တဲ့အချိန်ကျမှ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲနဲ့ တိုးဖို့ဆိုတာ တိုက်ဆိုင်လွန်းရာ ကျပါတယ်။ စိတ်မပူပါနဲ့၊ ကျွန်မအစ်ကို ပါတာပဲ ဘာမှမဖြစ်စေရဘူးလို့ အာမခံပါတယ်”

မုန့်ဝမ်က စကားပြောရန် တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် “ဘာပဲဖြစ်ဖြစ် သတိထားတာတော့ မမှားပါဘူး” ဟုသာ ပြောနိုင်တော့သည်။

ရှန်စီဟန်က ခေါင်းငြိမ့်လိုက်ပြီး ပြန်ရောက်သောအခါ လက်ဖက်ရည်ဆိုင်တွင် ကြားခဲ့သော သတင်းများကို ရှန်စီရွှမ် အား ပြောပြလိုက်လေသည်။

ရှန်စီရွှမ်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရင်း “တစ်ကိုယ်တော် ကျင့်ကြံသူတွေက ကျင့်ကြံခြင်းဂူအကြောင်းကို သိနိုင်စရာ မရှိပါဘူး။ တစ်စုံတစ်ယောက်က ရေနောက်မှာ ငါးဖမ်းဖို့အတွက် သတင်းတွေကို တမင် ဖြန့်နေတာလား မသိဘူး” ဟု ဆိုလိုက်လေသည်။

“မဖြစ်နိုင်တာတော့ မဟုတ်ဘူးပေါ့”

ရှန်စီဟန်က တည်ကြည်သော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ “ဒါပေမဲ့ တစ်စုံတစ်ယောက်က မတော်တဆ ရှာတွေ့သွားပြီး မှန်းပြောတာကိုလည်း လျစ်လျူရှုလို့ မရဘူး။ သားရဲတွေ ပေါ်လာတာကတော့ တိုက်ဆိုင်မှုပဲ ဖြစ်လိမ့်မယ်”

ရှန်စီရွှမ်က ခေတ္တမျှ စဉ်းစားလိုက်လေသည်။ “မိသားစုဆီက ရထားတဲ့ သတင်းအရဆိုရင် အဲဒီကျင့်ကြံခြင်းဂူ က နောက်ထပ် တစ်လကျော်မှ အပြည့်အဝ ပွင့်မှာ။ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲတွေ ရှိနေတာဆိုတော့ ခဏလောက် ငြိမ်နေကြတာပေါ့။ တောင်ပေါ်ကိုတော့ နောက်မှပဲ အခြေအနေသွားကြည့်မယ်”

ဤနေရာသို့ ရောက်သောအခါ သူသည် မျက်မှောင်ကြုတ်လိုက်မိချေ၏။ မူလက ကျန်းဝမ်အာ ဆိုသည့် ဝန်ထုပ်ဝန်ပိုးကို နောက်နှစ်ရက်အတွင်း ဖယ်ထုတ်ပစ်ရန် စီစဉ်ထားသော်လည်း ယခုမူ သူမကို ဖယ်ထုတ်ရန် အချိန်အနည်းငယ် ထပ်စောင့်ရဦးမည် ဖြစ်ချေသည်။

ထိုအခြေအနေကို မြင်သောအခါ ရှန်စီဟန်က သူမအစ်ကို ဘာတွေးနေသည်ကို ချက်ချင်း ရိပ်မိသွားပြီး စနောက်သော အပြုံးဖြင့် ပြောလိုက်လေသည်။

“အစ်ကို... သူ့ကို မရီးအဖြစ် ထားဖို့ တကယ်ပဲ မစဉ်းစားဘူးလား။ တခြား နတ်သမီးအစ်မတွေက အရမ်းပါးနပ်လွန်းတယ်၊ ကျွန်မကို အမြဲတမ်း မိသားစုကိစ္စတွေ လိုက်မေးကြတာ။ ဝမ်အာအစ်မကတော့ လိမ်ရတာ အဲလောက် မခက်ဘူးလေ”

“လျှောက်မပြောနဲ့”

ရှန်စီရွှမ်က ညီမဖြစ်သူကို မျက်စောင်းထိုးလိုက်ရင်း “ငါတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို မမေ့နဲ့” ဟု သတိပေးလိုက်လေသည်။

ရှန်စီဟန်ကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ပြန်လည် ချေပလိုက်လေသည်။ “အမေ မှာလိုက်တာက ရှေးဟောင်းကျင့်ကြံခြင်းဂူ ဆိုတာ နောက်ထား...... အဓိက ရည်ရွယ်ချက်က အစ်ကို့အတွက် မရီးတစ်ယောက် ရှာဖို့ပဲလေ”

ရှန်စီရွှမ်မှာ ခေါင်းကိုက်သွားရပေသည်။ “ငါ မဆုံးဖြတ်ရသေးဘူးလို့ ပြောထားတယ် မဟုတ်လား”

“ဒါက ကိစ္စအသေးအမွှားလေးပဲကို...... ဒီလောက်အထိ အကြာကြီး စဉ်းစားနေဖို့ လိုလို့လား။ အစ်ကို စဉ်းစားနေတာ တစ်နှစ်တောင် ရှိနေပြီ”

ရှန်စီဟန်က နှာခေါင်းရှုံ့လိုက်ရင်း “ကျင့်ကြံခြင်းဆိုတာ သူတစ်ပါးနဲ့ ယှဉ်ပြိုင်ရတာ၊ ကောင်းကင်နဲ့ ယှဉ်ပြိုင်ရတာလေ။ ခြေတစ်လှမ်း နောက်ကျရင် အမြဲတမ်း နောက်ကျနေလိမ့်မယ်။ အစ်ကိုက တစ်နှစ်တောင် ဖြုန်းတီးပြီးပြီ၊ ဆက်ပြီး ဖြုန်းတီးနေဦးမှာလား” ဟု ဆိုကာ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားလေတော့သည်။

“နေဦး...”

ရှန်စီဟန် တကယ် စိတ်ဆိုးသွားသည်ကို မြင်သောအခါ ရှန်စီရွှမ်က သက်ပြင်းချလိုက်လေသည်။ “ကဲပါ ငါ နင့်စကားကို နားထောင်ပါ့မယ်”

“တကယ်လား”

ရှန်စီဟန်က သူ့ကို သံသယဖြင့် ကြည့်လိုက်လေသည်။ “ကျန်းဝမ်အာက အစ်ကိုကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူးဆို တခြားတစ်ယောက်ကို ပြောင်းမလား”

“မလိုပါဘူး ဘယ်သူပဲ ဖြစ်ဖြစ် ရပါတယ်”

ရှန်စီရွှမ်က မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ချိန်တွင်မူ သူ၏ အကြည့်များမှာ တည်ငြိမ်နေခဲ့လေပြီ။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ကျန်းဝမ်အာ ဖြစ်ဖြစ်၊ တခြားသူ ဖြစ်ဖြစ် သူနှင့် ဘာမှ မခြားနားတော့ချေ။ ထို့အပြင် ကျန်းဝမ်အာမှာ တကယ်ပင် သင့်တော်သော ကိုယ်စားလှယ်တစ်ဦး ဖြစ်ပေသည်။ သူမတွင် မိသားစုကြီးများမှ နတ်သမီးများကဲ့သို့ မာန်မာန မရှိသလို တစ်ကိုယ်တော် ကျင့်ကြံသူများကဲ့သို့ ပါးနပ်လွန်းခြင်းလည်း မရှိချေ။ ပို၍ အရေးကြီးသည်မှာ သူမ၏ စိတ်ဓာတ်မှာ အားနွဲ့ပြီး ထိန်းချုပ်ရ လွယ်ကူသဖြင့် သူ့အတွက် ဘာခြိမ်းခြောက်မှုမျှ မရှိနိုင်ခြင်း ဖြစ်ပေသည်။

ရှန်စီဟန်မှာ သူမအစ်ကို၏ အပြောင်းအလဲအပေါ် အလွန်ပင် ကျေနပ်သွားပြီး သူမ၏ အသံမှာလည်း ပျော့ပျောင်းသွားခဲ့လေပြီ။

“အစ်ကို.... ကျွန်မက အစ်ကို့ရဲ့ ညီမအရင်းပါ၊ ကျွန်မ လုပ်သမျှက အစ်ကို့အကျိုးအတွက်ပဲဆိုတာ နားလည်တယ် မဟုတ်လား”

“ငါ သိပါတယ်။”

ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်သည် ပို၍ပင် အားနာသွားမိပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အစီအစဉ်တစ်ခုကို ချမှတ်လိုက်လေသည်။ တောင်ပေါ် တက်၍မရသေးသော ဤရက်များတွင် မြို့ထဲ၌ သတင်းများ ဆက်လက် စုဆောင်းနိုင်သလို ကျန်းဝမ်အာကို အပိုင်သိမ်းနိုင်ရန်အတွက် သံယောဇဉ် တည်ဆောက်ရန် အခွင့်အရေး ယူရပေလိမ့်မည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ရှန်စီရွှမ်၏ သူမအပေါ် ထားရှိသော သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားသည်ကို မုန့်ဝမ် သတိထားမိလိုက်လေသည်။ သူသည် သူမကို အပြင်သို့ အတူတူ သွားရန်ပင် ဖိတ်ခေါ်လာခဲ့ချေ၏။

“နတ်သမီးဝမ်အာ.... စီဟန် ပြောပြလို့ ထျန်းဟန်တောင်တန်းက အခြေအနေတွေ မငြိမ်မသက် ဖြစ်နေတာ သိရပါတယ်။ ဒီရက်ပိုင်း တောင်ပေါ်တက်ဖို့ မသင့်တော်သေးဘူးဆိုတော့ အပြင်မှာ လမ်းလျှောက်ထွက်ကြရင် ဘယ်လိုလဲ။ မြို့ထဲမှာ အချင်းချင်း ပစ္စည်းဖလှယ်တဲ့ အစည်းအဝေးလေးတွေ ရှိတယ်လို့ ကြားတယ် စိတ်ဝင်စားမလားလို့ပါ”

ရှန်စီရွှမ် ဘာကြောင့် ရုတ်တရက် တက်ကြွနေသည်ကို သူမ နားမလည်သော်လည်း မုန့်ဝမ်က ဂရုမစိုက်ဘဲ အံ့သြဝမ်းသာနေသည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

“ကောင်းလိုက်တာ.... အဲဒီဘက်မှာ အဆက်အသွယ် မရှိလို့ စိုးရိမ်နေတာပါ။ မိတ်ဆွေရှန်က အဲဒီလို အစည်းအဝေးကို ခေါ်သွားပေးမယ်ဆိုရင်တော့ တကယ့်ကို ပြည့်စုံသွားမှာပဲ”

ဤနေရာတွင် သူမက ရှက်ရွံ့စွာ ပြုံးလိုက်လေသည်။ “အဲဒီမှာ ကျွန်မအဖေအတွက် အသုံးဝင်မယ့် ဝိညာဉ်ပင်တွေ ရှာတွေ့နိုင်မလား မသိဘူးနော်”

ရှန်စီရွှမ်က အသာအယာ ခေါင်းငြိမ့်ပြလိုက်လေသည်။ “ငါလည်း အဲဒီလိုပဲ တွေးမိပါတယ်။ သွားကြစို့...... ငါ့အထင်ဆိုရင် အဲဒီအစည်းအဝေးက စတော့မှာပဲ”

မုန့်ဝမ်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဇဝေဇဝါဖြင့် ရပ်လိုက်လေသည်။ “စီဟန် မလိုက်ဘူးလား”

“သူ မလိုက်ပါဘူး၊ ဒီနေ့က ကျွန်တော်တို့ နှစ်ယောက်တည်း သွားမှာပါ”

ရှန်စီရွှမ်က ပြောရင်း မုန့်ဝမ်၏ မျက်နှာကို ခိုးကြည့်လိုက်လေသည်။ သူမ၏ မျက်နှာတွင် အံ့သြမှုများ ပေါ်ပေါက်လာသော်လည်း ထိုခံစားချက်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူက မသိမသာ ပြုံးလိုက်မိပြီး သူမကို ကြည့်သည့် အကြည့်မှာ ပို၍ပင် နူးညံ့သွားခဲ့လေပြီ။

စိတ်ထဲရှိ အတားအဆီးကို ကျော်ဖြတ်ပြီးနောက် ထိုသို့သော အရာများမှာ သူ၏အတွက် လုံးဝ မခက်ခဲတော့ချေ။ သူသည် ငယ်စဉ်ကတည်းက အမျိုးသမီး ကျင့်ကြံသူများကြားတွင် ရေပန်းစားသူ ဖြစ်သဖြင့် မည်သို့သော အမူအရာက သူတို့၏ စိတ်ကို ဖမ်းစားနိုင်သည်ကို ကောင်းစွာ သိရှိပေသည်။

ကျန်းဝမ်အာကဲ့သို့ အားနွဲ့ပြီး နာခံတတ်သော အမျိုးသမီးမှာ သူကြိုက်သည့် ပုံစံမျိုး မဟုတ်သော်လည်း အမျိုးသမီးဆိုသည်မှာ အနှစ်သာရအားဖြင့် အတူတူပင် ဖြစ်ကြပြီး ဆွဲဆောင်မှု ပုံစံသာ ကွဲပြားခြင်း ဖြစ်သည်ဟု သူ ယူဆထားချေ၏။ သူသည် ပြတ်သားသော လူတစ်ဦး ဖြစ်ပေသည်။ ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဝေ့လည်ဝေ့လည် မလုပ်တော့ဘဲ လိုရင်းကိုသာ တိုက်ရိုက် သွားတော့မည် ဖြစ်ချေသည်။

ထိုသို့ တွေးမိသည်နှင့် ရှန်စီရွှမ်သည် မုန့်ဝမ်ကို ကြည့်ကာ ပို၍ပင် ချိုသာသော အသံဖြင့် မေးလိုက်လေတော့သည်။

“စီဟန် မလိုက်တာက ပိုတောင် ကောင်းသေးတယ် မဟုတ်လား နတ်သမီးဝမ်အာ.....အစ်မကော ဘယ်လို ထင်လဲ”

All Chapters