လက်ဆောင် (အပိုင်း - ၁)
Vol. 7 Ch. 66
ရှန်စီရွှမ် ၏ အကြည့်နှင့် ဆုံလိုက်သောအခါ မုန့်ဝမ်သည် ရှက်သွေးဖြာလျက် ခေါင်းကို အမြန်ငုံ့လိုက်ပြီး တိုးညှင်းသော အသံလေးဖြင့် ပြောလိုက်လေသည်။
“ညီမလေး စီဟန် မလိုက်ဘူးဆိုမှတော့...... ကျွန်မတို့ပဲ သွားကြတာပေါ့”
ရှန်စီရွှမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး အိမ်ရာဝင်းထဲမှ ဦးဆောင်ထွက်ခွာသွားခဲ့ချေ၏။ လမ်းအချို့ကို ဖြတ်သန်းပြီးနောက် ရှန်စီရွှမ်သည် မုန့်ဝမ်ကို ကျဉ်းမြောင်းသော လမ်းကြားတစ်ခုထဲသို့ ခေါ်ဆောင်သွားပြီး လမ်းလျှောက်ရင်း အသံကို နှိမ့်ကာ ပြောပြလေသည်။
“ဒီက ပစ္စည်းဖလှယ်ပွဲကို မြို့ထဲက အင်အားစုငယ်အချို့က စီစဉ်ထားတာပါ။ သတ်မှတ်ချက်ကတော့ အရမ်းမမြင့်ပါဘူး။ အာမခံပေးမယ့်သူရှိဖို့နဲ့ ဝိညာဉ်ကျောက်တုံး အနည်းငယ် ပေးဆောင်ဖို့ပဲ လိုတာပါ။ အထဲရောက်ရင်တော့ သတိထားပြီး လှုပ်ရှားဖို့ မမေ့နဲ့ဦး”
မုန့်ဝမ်က အလေးအနက် ခေါင်းငြိမ့်ပြလိုက်လေသည်။ “အကိုရှန်..... စိတ်မပူပါနဲ့။ ကျွန်မ နားလည်ပါတယ်”
ရှန်စီရွှမ်က အသာအယာ ပြုံးလိုက်ပြီး ပစ္စည်းဖလှယ်ပွဲ၏ အခြေအနေများကို ဆက်လက် ရှင်းပြပေးနေသလို ထိုအခွင့်အရေးကို အသုံးချကာ မုန့်ဝမ်အား မြို့ထဲရှိ အလယ်အလတ်နှင့် အင်အားစုငယ် အမျိုးမျိုးကို မိတ်ဆက်ပေးနေလေသည်။
“ကျွန်တော့်ရဲ့ ရှန်မိသားစု က ဟန်ယွဲ့မြို့မှာ အခြေမစိုက်ပေမဲ့ ဒီမှာတော့ အဆက်အသွယ်အချို့ ရှိထားပါတယ်။ ဒါကြောင့် ဒီလောက်အဆင့်ရှိတဲ့ ပစ္စည်းဖလှယ်ပွဲမျိုးကိုတော့ နှုတ်ဆက်ရုံနဲ့တင် လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တာပေါ့......။”
မုန့်ဝမ်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ရှန်စီရွှမ်ကို အားကျသည့် အကြည့်ဖြင့် ကြည့်လိုက်မိချေ၏။ “တကယ့်ကို အထင်ကြီးစရာပဲ.... ရှင့်ရဲ့ မိသားစုက အလွန်စွမ်းအားကြီးတဲ့ ကျင့်ကြံခြင်း မိသားစုကြီး ဖြစ်မှာ သေချာတယ်”
ရှန်စီရွှမ်က ထိန်းသိမ်းထားသော အပြုံးဖြင့် ခေါင်းငြိမ့်ပြပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်လေသည်။ “ဒီနေ့ မင်းကို ဒီကို ခေါ်လာတာက ကံစမ်းကြည့်ဖို့ပါပဲ။ တကယ်တော့ မင်းရှာနေတဲ့ အရာက တကယ်ပဲ ရှာရခက်လွန်းလို့ပါ”
မုန့်ဝမ်၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း ကျေးဇူးတင်သည့် အမူအရာက ပို၍ သိသာထင်ရှားနေပေသည်။
“ကျွန်မ သိပါတယ်။ အကိုရှန်က ကျွန်မကို ဒီကို ခေါ်လာပေးတာနဲ့တင် အများကြီး ကျေနပ်နေပါပြီ”
အစည်းအဝေး ကျင်းပရာနေရာ၏ အဝင်ဝတွင် ရှန်စီရွှမ်က သူ၏ အဆင့်အတန်းကို အသိပေးပြီးနောက် မျက်နှာဖုံးနှစ်ခု ဝယ်ယူကာ တစ်ခုကို မုန့်ဝမ်အား ပေးလိုက်လေသည်။ မုန့်ဝမ်က နားလည်စွာဖြင့် မျက်နှာဖုံးကို တပ်လိုက်ပြီး သူနှင့်အတူ ပစ္စည်းဖလှယ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ချေပြီ။
ပွဲခင်းတစ်ခုလုံးမှာ အလွန်ကျယ်ဝန်းလှပြီး ကဏ္ဍလေးခု ခွဲခြားထားပေသည်။ ၎င်းတို့မှာ ဝိညာဉ်ကျောက်တုံးဖြင့် ရောင်းဝယ်သည့်နေရာ၊ ပစ္စည်းချင်း ဖလှယ်သည့်နေရာ၊ လေလံဆွဲသည့်နေရာနှင့် သတင်းအချက်အလက် ဖလှယ်သည့်နေရာတို့ ဖြစ်ကြပေသည်။
မုန့်ဝမ်သည် ယခင်က ချင်းရှာစီရင်စု တွင် ရှိစဉ်က ထိုသို့သော ပွဲမျိုးကို တက်ရောက်ဖူးသော်လည်း ဤမျှ မကြီးကျယ်ခဲ့ချေ။ သို့သော်လည်း ယခု သူမ ခံယူထားသော ကျန်းဝမ်အာ၏ ပုံစံမှာ မိသားစုကြီးမှ အကာအကွယ်ပေးခံထားရသော အမျိုးသမီးငယ်တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သူမသည် စူးစမ်းလိုစိတ်ရှိပြီး စိတ်လှုပ်ရှားနေသော အမူအရာကို ဖန်တီးလိုက်လေသည်။
ရှန်စီရွှမ်မှာမူ အေးဆေးတည်ငြိမ်နေပေ၏။ ထိုသို့သော မြင်ကွင်းမျိုးမှာ သူ့အတွက် သာမန်မျှသာ ဖြစ်ပုံရပေသည်။ သူသည် မုန့်ဝမ်အား ညွှန်ကြားချက်အချို့ကို တိုးတိုးလေး ပြောပြပြီးနောက် သတင်းအချက်အလက် ဖလှယ်သည့်နေရာသို့ တစ်ဦးတည်း လျှောက်သွားခဲ့လေသည်။ သူသည် သူသိလိုသော သတင်းနှင့် လျှို့ဝှက်အမှတ်အသား တစ်ခုကို ဆိုင်းဘုတ်တစ်ခုပေါ်တွင် တိုက်ရိုက် ရေးသားလိုက်လေ၏။ အကယ်၍ တစ်စုံတစ်ယောက်က သက်ဆိုင်ရာ သတင်းကို ပေးနိုင်ပါက ထိုလျှို့ဝှက်အမှတ်အသားမှတစ်ဆင့် သူ့ကို ပွဲခင်းအတွင်း၌ တိုက်ရိုက် ရှာတွေ့နိုင်ပေလိမ့်မည်။
ရှန်စီရွှမ် သတင်းဖလှယ်သည့်နေရာမှ ထွက်လာသည်ကို မြင်သောအခါ မုန့်ဝမ်က စိုးရိမ်တကြီးဖြင့် သူ့အနားသို့ တိုးသွားလိုက်လေသည်။
“အကိုရှန်...... ဒီနေ့ သတင်းတစ်ခုခု ရနိုင်ပါ့မလား”
ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ် အနည်းငယ် ပေါ်ပေါက်လာသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားခဲ့ချေ၏။ လူသားတို့၏ အကြီးမားဆုံး အမှားမှာ မိမိ၏ အခြေအနေကို မိမိ ရှင်းရှင်းလင်းလင်း မသိမြင်ခြင်းပင်။
အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင် ပိုင်ဆိုင်ရန် ခက်ခဲသော ရတနာကို လိုချင်တပ်မက်နေခြင်းမှာ ရယ်စရာပင် ကောင်းလှပေစွ။ ထို့ကြောင့် သူသည် အစကတည်းက ကျန်းဝမ်အာအတွက် ဘာမှ စုံစမ်းပေးရန် အစီအစဉ် မရှိခဲ့ချေ။ စောစောက သူ ရေးခဲ့သော အရာများမှာလည်း ကျန်းဝမ်အာနှင့် လုံးဝ မသက်ဆိုင်ခဲ့ပေ။
“ကျွန်တော် တစ်ယောက်ယောက်ကို စုံစမ်းခိုင်းထားပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့ သိပ်မထားပါနဲ့ဦး”
မုန့်ဝမ်က လိမ္မာစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။ “နားလည်ပါပြီ။ အကိုရှန်က ကျွန်မအတွက် သတင်းစုံစမ်းပေးဖို့ ကြိုးစားပေးတာနဲ့တင် တကယ်ကို ကျေနပ်လှပါပြီ”
ရှန်စီရွှမ်သည် သူမ၏ အမူအရာကို အလွန်ပင် ကျေနပ်သွားခဲ့လေပြီ။ “အချိန်က စောပါသေးတယ်။ ဝိညာဉ်ကျောက်တုံးနဲ့ အရောင်းအဝယ်လုပ်တဲ့ နေရာကို လျှောက်ကြည့်ရအောင်.... အသုံးဝင်မယ့် အရာတစ်ခုခု တွေ့နိုင်မလားပေါ့”
မုန့်ဝမ်ကလည်း ငြင်းပယ်စရာ မရှိပေ။ ရှန်စီရွှမ်၏ နောက်မှ လိမ္မာစွာ လိုက်ပါရင်း ပွဲခင်းအတွင်း လှည့်လည်ကြည့်ရှုနေလေတော့သည်။ ရှန်စီရွှမ်မှာ ကျင့်ကြံခြင်း မိသားစုကြီးမှ လာသူဖြစ်သဖြင့် အဆင့်အတန်း မြင့်မားလှရာ သာမန်ပစ္စည်းများမှာ သူ၏ မျက်စိထဲ မဝင်လှချေ။ မုန့်ဝမ်မှာမူ ငွေကြေး မလုံလောက်ဟန် ပြထားသဖြင့် ရှန်စီရွှမ်၏ နောက်မှ အလှပြရုံသက်သက်သာ လိုက်ပါနေခဲ့လေသည်။
ထိုကဲ့သို့သော မြေအောက် ပစ္စည်းဖလှယ်ပွဲငယ်များမှာ လျှို့ဝှက်တတ်ကြပေသည်။ ကျင့်ကြံသူအချို့မှာ သတ်ဖြတ်လုယက်ပြီး ရရှိလာသော ပစ္စည်းများကို ဤနေရာတွင် လာရောက် ရောင်းချတတ်ကြသဖြင့် စျေးနှုန်းမှာ အပြင်ထက် အနည်းငယ် သက်သာတတ်ပေသည်။
ကျင့်ကြံသူတစ်ဦး၏ ဆိုင်ရှေ့မှ ဖြတ်သွားစဉ် ရှန်စီရွှမ်သည် ဆံထိုးတစ်ချောင်းကို ရုတ်တရက် မြင်လိုက်ရသဖြင့် စိတ်ထဲတွင် လှုပ်ရှားသွားကာ မုန့်ဝမ်အား မေးလိုက်လေသည်။
“ဝမ်အာညီမလေး...... ဒီဆံထိုးလေးကို ကြည့်ပါဦး။ ဒါလေးကြိုက်လား”
မုန့်ဝမ်က ဆံထိုးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင်မူ နှာခေါင်းရှုံ့လိုက်မိချေ၏။ အရည်အသွေးနိမ့် ဝိညာဉ်လက်နက် အဟောင်းတစ်ချောင်းကိုမှ ဘယ်လိုများ လာမေးဝံ့ရတာလဲ။ သူမက ခေါင်းခါလိုက်ပြီး စိတ်ပျက်နေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ကျွန်မအဖေ ဒဏ်ရာမရခင်တုန်းက အိမ်မှာ ဒီလိုဆံထိုးမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒါက အရည်အသွေး ပိုကောင်းတယ်၊ ကံဆိုးတာက အဖေ ဒဏ်ရာရပြီးတဲ့နောက် အဲဒီဆံထိုးက ကျွန်မဝမ်းကွဲအစ်ကိုရဲ့ လက်ထဲ ရောက်သွားခဲ့ရတယ်”
ရှန်စီရွှမ်၏ မျက်နှာမှာ တောင့်တင်းသွားပြီး ချက်ချင်းပင် အနေခက်သွားခဲ့ရလေသည်။ ဤဆံထိုးမှာ အရည်အသွေးနိမ့်သော်လည်း ဝိညာဉ်ကျောက်တုံး ခုနစ်ရာခန့် ပေးရပေလိမ့်မည်။ ကျန်းဝမ်အာတွင် ဝိညာဉ်ကျောက်တုံး သုံးလေးရာခန့်သာ ရှိသည်ဖြစ်ရာ ဤဆံထိုးကို ဝယ်ပေးပါက သူမ အချိန်အတော်ကြာအောင် ပျော်ရွှင်နေလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူမက အထင်သေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူမက မိမိကိုယ်ကို မိသားစုကြီးမှ အမျိုးသမီးငယ်တစ်ဦးဟု ထင်နေတုန်းပဲလား။ ရှန်စီရွှမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အားနာသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ကျွန်တော့်ရဲ့ အမှားပါ။ ဒီဆံထိုးက လှပေမဲ့ သေချာကြည့်ရင်တော့ လက်ရာက ကြမ်းတမ်းနေတာပဲ ညီမလေးရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ပါဘူး။ ဒါဆိုရင် ဝမ်အာညီမလေး ကြိုက်တာတွေ့ရင်သာ ပြောပါ ကျွန်တော် ဝယ်ပေးပါ့မယ်”
မုန့်ဝမ်က ခေါင်းကို အမြန်ခါလိုက်လေသည်။ “အဲဒါတော့ မဖြစ်ဘူးလေ။ ဘာမှ မလုပ်ပေးဘဲနဲ့ ရှင့်ဆီက ပစ္စည်းတွေကို အလကား မယူချင်ပါဘူး”
ရှန်စီရွှမ်က သူမကို စိုက်ကြည့်လိုက်ရင်း “ဝမ်အာညီမလေးက ကျွန်တော့်ကို သူစိမ်းတစ်ယောက်လို သဘောထားနေတာလား” ဟု မေးလိုက်လေသည်။
မုန့်ဝမ်မှာ မျက်နှာနီသွားပြီး ပျာပျာသလဲ ဖြစ်သွားချေ၏။ “ကျွန်မ အဲဒီလို မဆိုလိုပါဘူး”
“ဒီနေ့ မင်းကို တစ်ယောက်တည်း အပြင်ခေါ်လာတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်ကို မင်း နားလည်မယ်လို့ ထင်ပါတယ်။ ငါ့ကို မငြင်းပါနဲ့တော့..... ဟုတ်ပြီလား”
ရှန်စီရွှမ်၏ စကားများမှာ မှော်အတတ်တစ်ခုအလား ဖြစ်နေသဖြင့် မုန့်ဝမ်အနေဖြင့် ငြင်းပယ်ရန် ခက်ခဲသွားပုံရပြီး ခေါင်းငြိမ့်လိုက်ရလေတော့သည်။
“ကောင်းပါပြီ....ဒါဆိုရင် ကျေးဇူးတင်ပါတယ် အကိုရှန်”
“အကိုရှန်လို့ပဲ ခေါ်နေတုန်းလား”
ရှန်စီရွှမ်က မကျေမနပ် ဖြစ်သွားဟန်ဖြင့် “အဲဒီနာမည်က တကယ့်ကို သူစိမ်းဆန်လွန်းတယ်” ဟု ဆိုလိုက်လေသည်။
မုန့်ဝမ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်တောင်ခတ်လိုက်ရင်း ခြင်သံလောက်ရှိသော အသံလေးဖြင့် ပြောလိုက်လေသည်။ “စီရွှမ်အစ်ကို”
ရှန်စီရွှမ်၏ နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားသော်လည်း အပြင်ပန်းတွင်မူ မပြသဘဲ “သွားကြစို့..... သင့်တော်တဲ့ ပစ္စည်းလေးတွေ ရွေးဖို့ ငါ အဖော်လိုက်ပေးမယ်” ဟု ဆိုလိုက်လေသည်။
မုန့်ဝမ်က ဝမ်းသာအားရ ခေါင်းငြိမ့်ပြပြီး ခေတ္တမျှ လိုက်ကြည့်နေသော်လည်း ဘာမှ မရွေးချယ်ခဲ့ချေ။
“စီရွှမ်အစ်ကို ကျွန်မကို ကာကွယ်ပေးနေတာပဲဆိုတော့ ဒါတွေ ဝယ်လည်း ဘာမှ မထူးပါဘူး။ စီရွှမ်အစ်ကို ရှိနေရင်တင် ပြည့်စုံပါပြီ”
ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်သည် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ကျန်းဝမ်အာကို အထင်ကြီးသွားမိချေ၏။ သူမသည် အခွင့်အရေးရတုန်း အများကြီး ဝယ်လိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခုမူ သူမက သူ့အပေါ် အလွန်ပင် ငဲ့ညှာတတ်နေပေသည်။
ဤအရာက ကျင့်ကြံဖော်တစ်ဦး၏ အရသာလား။ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှပေစွ။ ရှန်စီရွှမ်သည် စိတ်ထဲတွင် ဖြစ်ပေါ်လာသော ကျေနပ်မှုကို ခံစားရင်း မုန့်ဝမ်အား ပစ္စည်းချင်း ဖလှယ်သည့် နေရာသို့ ခေါ်ဆောင်သွားလေတော့သည်။ သူက လမ်းလျှောက်ရင်း ရှင်းပြနေလေ၏။
“ကျင့်ကြံသူ အများစုက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကိုယ်တိုင်ပဲ သိမ်းထားတတ်ကြတယ်။ အကယ်၍ သူတို့အတွက် အသုံးမတည့်ရင်တော့ ပစ္စည်းချင်း ဖလှယ်ဖို့ ထုတ်လာကြတာပေါ့။ ဒါကြောင့် ဒီနေရာမှာ တွေ့ရတဲ့ ပစ္စည်းတွေက ဝိညာဉ်ကျောက်တုံးနဲ့ ရောင်းတဲ့နေရာက ပစ္စည်းတွေထက် ပိုပြီး ရှားပါးတတ်တယ်......။”
မုန့်ဝမ်က နားလည်သွားသည့်အလား ခေါင်းငြိမ့်လိုက်ပြီး “စီရွှမ်အစ်ကိုက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ” ဟု ချီးကျူးလိုက်လေသည်။
ရှန်စီရွှမ်က အသာအယာ ပြုံးလိုက်ရင်း မသိမသာ မေးလိုက်လေသည်။ “မင်းလည်း မိသားစုကြီးက လာတာဆိုတော့ ဒီလို သာမန် ဗဟုသုတတွေကို လုံးဝ မသိတာတော့ မဟုတ်လောက်ပါဘူး”
မုန့်ဝမ်က တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။ “စီရွှမ်အစ်ကို မသိလို့ပါ..... ကျွန်မဖခင်က အမျိုးသမီး ကျင့်ကြံသူတွေ တိုက်ခိုက်သတ်ဖြတ်နေတာက မတင့်တယ်ဘူးဆိုပြီး ကျွန်မကို မိသားစုထဲမှာပဲ အေးအေးဆေးဆေး ကျင့်ကြံဖို့ မှာထားခဲ့တာပါ။ အကြောင်းမရှိဘဲ အပြင်ထွက်တာမျိုးလည်း မလုပ်ခိုင်းခဲ့ပါဘူး”
ရှန်စီရွှမ်သည် ကျန်းဝမ်အာမှာ လက်ထပ်ပွဲအတွက် အသုံးချခံရမည့် ကိရိယာတစ်ခုအဖြစ် ပြုစုပျိုးထောင်ခံထားရခြင်း ဖြစ်ကြောင်း ချက်ချင်းပင် နားလည်သွားခဲ့လေသည်။