← Chapters

နှင်းထူထပ်စွာကျဆင်းခြင်း

Vol. 2 Ch. 16

နှင်းထူထပ်စွာကျဆင်းခြင်း

Vol. 2 Ch. 16

နှင်းကျဆင်းမှုက ပိုမိုပြင်းထန်လာခဲ့ကာ ခွန်းလွန်တောင်တစ်ခုလုံး နှင်းများအဆက်မပြတ်ကျဆင်းလာခဲ့သည်။

ယခုအခါ ခွန်းလွန်တောင်တဝိုက်ရှိ မြို့များအပါအဝင် နိုင်ငံတဝှမ်းရှိမြို့များအားလုံး နှင်းများဖြင့်ဖုံးလွှမ်းခံခဲ့ရသည်။

သက်ရှည်ဘုရားကျောင်း၏ တံခါးဝတွင်စောင့်ကြပ်ကြသည့် အထူးရဲများသည် သီခြားခြံဝင်းတစ်ခုတွင်း၌ မီးလှုံကာ အအေးဒဏ်ကိုအံတုနေကြသည်။

လူအများစုဝေးလာကြပါက စကားဝိုင်းတစ်ခုဖြစ်လာသည်မှာ ပုံမှန်သာဖြစ်သည်။

"အင်မော်တယ်အကြီးအကဲကတော့ အင်မော်တယ်အကြီးအကဲပါဘဲ...ခုနကပဲအကြီးအကဲတွေအားလုံး ဘုရားကျောင်းကထွက်လာတော့ သူတို့မျက်နှာတွေကဖြူဖတ်ဖြူရော်ဖြစ်နေကြတယ်...သူတို့ကိုကြည့်ရတာအရမ်းကြောက်နေသလိုပဲ"

အထူးရဲတစ်ယောက်က ကြည်ညိုလေးစားမှုအပြည့်ရှိသည့်လေသံဖြင့် ပြောလိုက်သည်။အပြင်လောက၌ သြဇာအာဏာကြီးမားသော လူအိုကြီး၉ယောက်သည် သက်ရှည်ဘုရားကျောင်းသို့ဝင်ရောက်သွားပြီး ပြန်ထွက်လာချိန်တွင် အနည်းငယ်ကြောက်ရွံ့တုန်လှုပ်နေကြောင်း သူတွေ့မြင်လိုက်ရသည်။ထိုအပြုအမူများသည် လှည့်စားခြင်းမဟုတ်ကြောင်း သူသေချာပြောရဲပေသည်။

"သေချာတာပေါ့...ခွန်းလွန်တောင်ရဲ့ အင်မော်တယ်အကြီးအကဲဆိုတဲ့ နာမည်ကအလကားရလာတာမဟုတ်ဘူး"

အထူးရဲအရာရှိတစ်ယောက်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

"အင်း...မင်းသတိထားမိလားတော့မသိဘူး...ဒီနေ့ကိုပဲသက်ရှည်ဘုရားကျောင်းမှာ လူတွေအတော်များများစုဝေးခဲ့ကြတယ်...အစောပိုင်းမှာ ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်...ပြီးတော့ကျောက်ခွန်နဲ့သူ့ရဲ့ကိုယ်ရံတော်တွေ...ခဏလေး ငါသာအမှတ်မမှားရင် သက်တော်စောင့်တွေကခုထိထွက်မလာကြသေးဘူး...သူတို့ကအင်မော်တယ်အကြီးအကဲကို စော်ကားခဲ့မိတာလား..."

အထူးရဲတစ်ယောက်သည် သူ၏လက်ကိုဆန့်တန်းကာ မီးလှုံနေရင်း အမှတ်မထင်ပြောမိလိုက်သည်။

ဟူး...

သို့သော်လည်း ထိုစကားထွက်ပေါ်လာပြီးနောက် ခြံဝင်းတစ်ခုလုံး လွန်စွာတိတ်ဆိတ်သွားခဲ့သည်။

အပြင်၌ နှင်းများကထူထပ်စွာကျဆင်းနေဆဲဖြစ်သည်။

ရံဖန်ရံခါတွင် လေပြင်းတိုက်ခတ်မှုနှင့်အေးစက်သည့်နှင်းမှုန်များ၏ ရိုက်ခတ်မှုတို့ကြောင့် အဆိုပါအထူးရဲများသည် သူတို့၏လည်ပင်းများအား ဝတ်စုံကော်လာများဖြင့် မသိမသာဆွဲ၍ဖုံးအုပ်ခဲ့ကြသည်။

...

ခွန်းလွန်တောင်၏ ရှေးဟောင်းလမ်းမပေါ်၌....

လူအို၉ယောက်သည် နှစ်ယောက်တစ်အုပ်စုစီဖြင့် တုန်တုန်ယင်ယင်လမ်းလျှောက်လာခဲ့ကြသည်။

သူတို့နှင့် ရှေ့နောက်မီတာ၂၀၀ကျော်တွင် တင်းမာသောမျက်နှာထားဖြင့် သက်တော်စောင့်များ လိုက်ပါလာခဲ့ကြသည်။

ထိုသက်တော်စောင့်များသည် တောင့်တင်းသည့်ခန္ဓာကိုယ်နှင့် ပေါက်ကွဲနိုင်စွမ်းအား အပြည့်ရှိပေသည်။သူတို့၏မျက်နှာနှင့်ဆံပင်တို့အား နှင်းများကမည်မျှပင်ရိုက်ခတ်ပါစေ မျက်တောင်တစ်ချက်မခတ်ကြပေ။သူတို့၏မျက်လုံးအစုံသည် မတော်တဆမှုမှန်သမျှကို ကာကွယ်ရန်အတွက် သတိအပြည့်ဖြင့် လှည့်ပတ်ကြည့်ရှုနေခဲ့ကြသည်။

လူတိုင်းသည် နှင်းထုပေါ်၌လျှောက်လာကြရင်း လေတိုးသံများကို အဆက်မပြတ်ကြားနေခဲ့ရသည်။

"သခင်ဒီတစ်ခေါက်ပြန်လာတာဆိုတော့ ကျောက်မိသားစုကိုအရေးယူမယ်ထင်လား...ကျောက်မိသားစုက ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေးလုပ်ငန်းတွေ အမြောက်အများပိုင်ဆိုင်ထားတယ်...ဆရာကြီးကသာစပြီးလှုပ်ရှားရင် အကုန်လုံးကိုထိခိုက်စေမှာအမှန်ပဲ...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းဘယ်လိုမြင်လဲ"

ခန်းရှစ်ရှန်းသည် အလွန်ပင်တက်ကြွနေခဲ့ကာ လမ်းလျှောက်နေချိန်၌ တိုးတိုးလေးမေးမြန်းလိုက်သည်။

"ကျောက်မိသားစု၊လျှိုမိသားစု၊ကျင်းမိသားစုတို့က ထိုက်တန်တဲ့အဖိုးအခကို ပေးဆောင်ရမှာပဲ...ငါတို့ရဲ့သခင်ထွက်မသွားခင် ငါတို့အားလုံးကို စည်းစည်းလုံးလုံးနေထိုင်ရမယ်လို့ အမိန့်ပေးသွားခဲ့တယ်...ကျောက်မိသားစုရဲ့မျိုးဆက်သစ်တွေက သခင့်ကိုအပြစ်ပြုမိပြီးတော့ လျှိုနဲ့ကျင်းမိသားစုတို့က လျစ်လျူထားကြတယ်...သခင်သာမရှိဘူးဆိုရင် သူတို့ရဲ့ပြဿနာကအဲလောက်မကြီးပေမဲ့ ခုသခင်ရှိနေမှတော့ သူတို့ရဲ့အဆုံးသတ်ကရောက်ရှိလာခဲ့ပြီ"

ကျိုးဟုန်ကွမ်သည် သူ၏လက်ကောက်ဝတ်၌ အလှဆင်ထားသော ပုတီးစေ့များကိုလှုပ်ခါရင်း ခေါင်းခါ၍ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့အားလုံးနားလည်ထားရမယ့်အရာတစ်ခုတော့ရှိတယ်...ငါတို့ဟာသခင့်ရဲ့အကူအညီနဲ့ ဒီနေ့ဒီနေရာကိုရောက်လာတာပဲ...သူကငါတို့ကိုလုံလောက်တဲ့အရင်းအနှီးနဲ့ လမ်းညွန်ချက်တွေပေးအပ်ခဲ့တယ်...တကယ်လို့သခင်ကတခုခုလိုအပ်လာရင် ငါတို့ကအဆင်သင့်ဖြစ်နေဖို့လိုတယ်...ငါတို့သခင့်ကိုထာဝရသစ္စာရှိနေရင် မတော်တဆဖြစ်မှာမဟုတ်ဘူး"

လူအိုကြီးကူက ပြောလိုက်သည်။

သို့သော်လည်း သူ၏စကားက လူအချို့အား မပျော်မရွှင်ဖြစ်စေခဲ့ပုံရသည်။

"သခင်က ငါတို့ကိုအများကြီးကူညီခဲ့တာအမှန်ပဲ...ဒါပေမဲ့ ငါတို့ခုရရှိနေတဲ့စည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် ငါတို့ကိုယ်တိုင်နေ့ညမပြတ်ကြိုးစားအားထုတ်ပြီး တိုက်ပွဲဝင်ထားရတယ်ဆိုတာကိုမမေ့ကြနဲ့...ကျောက်မိသားစု၊လျှိုမိသားစုနဲ့ကျင်းမိသားစုတို့ဟာ လွန်လွန်ကဲကဲပြုလုပ်တာဆိုပေမဲ့ ငါတို့နားလည်ပေးနိုင်တာပဲ"

ရှမိုရန်သည် ထိုစကားကိုပြောချိန်၌ သူ၏မျက်လုံးထဲတွင် တောက်ပသည့်အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။သူစကားပြောနေသည့်အချိန်တွင် ရာသီဥတုကအလွန်အေးစက်နေသောကြောင့် သူမှုတ်ထုတ်လိုက်သည့်လေငွေ့များက သူ၏မျက်စိရှေ့မှောက်တွင် အဖြူရောင်မြူတိမ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။အေးခဲနေသောပတ်ဝန်းကျင်အောက်တွင် သူ၏မူလဖြူဖျော့သောအသားအရောင်က အနည်းငယ်နီမြန်းလာခဲ့သည်။

"ငါကတော့ လူအိုကြီးကူရဲ့စကားကိုထောက်ခံတယ်...သခင့်ကြောင့်သာမဟုတ်ဘူးဆိုရင် ငါတို့ဟာသာမန်အဘိုးကြီးတွေဖြစ်နေနိုင်တယ်...ငါတို့ထဲကတစ်ယောက်ယောက်သာ ထောက်ပံ့ကြေးငွေမရရင် ခုချိန်သေတောင်သေသွားနိုင်တယ်...ဒါကြောင့်ငါတို့ရဲ့တာဝန်က သခင့်အပေါ်သစ္စာစောင့်သိဖို့ဘဲ...ဒါကငါတို့လုပ်သင့်တဲ့အရာပဲ"

ပိုင်ဇီဖန်းက တည်ငြိမ်စွာပြုံး၍ပြောလိုက်ပြီး သူ၏မျက်လုံးထဲ၌ မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ခဲ့ရပေ။

"ဟုတ်တယ်...သခင်မရှိရင် ငါတို့လည်းရှိမလာနိုင်ဘူး..."

"အနည်းဆုံးတော့ ငါတို့ရဲ့ဘဝတစ်ခုလုံး ကောင်းကောင်းမွန်မွန်နေထိုင်လာခဲ့ပြီဘဲ...ငါတို့လက်ကျန်ဘဝအတွက် ဒါကလုံလောက်နေပါပြီ"

"ဒါပေမဲ့ ငါတို့ရဲ့ကြိုးစားအားထုတ်မှုကိုတော့ ငြင်းဆန်လို့မရနိုင်ဘူး..."

အဘိုးကြီး၉ယောက်က လေသံတိုးတိုးဖြင့် ဆက်ပြောနေခဲ့ကြသည်။

တောင်ခြေရင်းသို့ ရောက်ခါနီးတွင် လမ်းတလျှောက်လုံးတိတ်ဆိတ်နေသော လီယုံဟွေ့ကပြောလိုက်သည်။

"လူတိုင်းဟာ သူတို့လိုချင်တဲ့အရာကို ဇွဲကောင်းကောင်းနဲ့လိုက်ရှာနေကြတာပဲ...အဲလိုရနိုင်ဖို့အတွက် သူတို့ရဲ့အသက်ကိုတောင်မှ ဂရုမစိုက်ကြတော့ဘူး...သခင်ကအဲလိုအရာတွေကို တကယ်ဂရုစိုက်မယ်လို့ထင်နေတာလား"

လီယုံဟွေ့၏စကားအဆုံးတွင် ကိုယ်ပိုင်စဉ်းစားညဏ်ရှိကြသည့် အဘိုးကြီးအားလုံး ရုတ်တရက်ရပ်တန့်သွားခဲ့ကြသည်။

သူတို့၏ဆံပင်ဖြူပေါ်သို့ နှင်းပွင့်များကျဆင်းလာချိန်၌ ဆံပင်နှင့်နှင်းပွင့်တို့အား ခွဲခြား၍မရတော့ပေ။

ပတ်ဝန်းကျင်လေထုကလည်း တဖြည်းဖြည်းပိုမိုအေးစက်လာခဲ့သည်။

ခွန်းလွန်တောင်ခြေတွင် မရေမတွက်နိုင်သောအစောင့်များနှင့် သက်တော်စောင့်များက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်၍ အနက်ရောင်ထီးများကိုကိုင်ဆောင်ကာ ကင်းလှည့်နေခဲ့ကြသည်။သူတို့သည် တောင်ပေါ်တက်ရောက်လိုသူတိုင်းအား ဟန့်တားရမည်ဖြစ်သည်။

သို့သော်လည်း နှင်းများထူထပ်စွာကျဆင်းနေ၍ တောင်ပေါ်သို့ လူသိပ်မတက်ဝံ့ကြပေ။

အဘိုးကြီး၉ယောက်သည် စက္ကန့်အနည်းငယ်ကြာ မတ်တပ်ရပ်နေခဲ့ကြသည်။

"မင်းပြောတာအမှန်ပဲ..."

အချိန်အတော်ကြာပြီးနောက်တွင် ခန်းရှစ်ရှန်းသည် အသိစိတ်ပြန်ဝင်လာပြီး မူလကဗလာဖြစ်နေသော သူ၏မျက်လုံးများက ကျေနပ်နေသောအရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။

"ငါတို့ဟာ ဗဟုသုတကြွယ်ဝပြီးတော့ ခေတ်တစ်ခုရဲ့အဓိကဇာတ်ဆောင်ဖြစ်တယ်လို့ ငါတို့ကိုယ်ငါတို့ယူဆထားပေမဲ့ သခင်နဲ့ယှဉ်ကြည့်လိုက်မယ်ဆိုရင် ငါတို့ဟာအတော်လေးငယ်ရွယ်သေးတာပဲ...ဒီကပြန်ရောက်လို့ရှိရင် ငါအနားယူပြီးတော့ မျိုးဆက်သစ်တွေကို ပြုစုစောင့်ရှောက်ပေးတော့မယ်"

"အင်း..."

ကျန်ရှိနေသော အဘိုးကြီး၈ယောက်သည် တိုးတိုးလေးညဉ်းညူလိုက်ကြပြီး တောင်ခြေသို့ဆက်လျှောက်လာခဲ့ကြသည်။

ထို့နောက် အဘိုးကြီး၉ယောက်သည် သူတို့လမ်းသူတို့လျှောက်သွားခဲ့ကြပြီး စကားတစ်ခွန်းမှမပြောကြတော့ပေ။

လမ်းတလျှောက်လုံးတွင် နှင်းပွင့်များနှင့်အတူရိုက်ခတ်လာသည့် လေအေးများမှလွဲ၍ ခွန်းလွန်တောင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

တောင်ခြေသို့ရောက်သောအခါတွင်...

အနက်ရောင်ကားများသည် အလွန်လျင်မြန်စွာရောက်ရှိလာခဲ့ကြပြီး ထူထပ်စွာကျဆင်းနေသော နှင်းများအောက်၌ တောင်ခြေသို့ချည်းကပ်လာခဲ့သည်။

ထို့နောက်တွင် ခန္ဓာကိုယ်တောင့်တင်းသန်စွမ်းပုံရသည့် သက်တော်စောင့်များသည် အနက်ရောင်ထီးများကိုကိုယ်စီကိုင်ဆောင်ကာ လျင်မြန်စွာထွက်ပေါ်လာခဲ့သည်။

ထိုသက်တော်စောင့်များသည် အဘိုးကြီး၉ယောက်ရှေ့သို့ရောက်ရှိလာချိန်တွင် ရိုသေလေးစားစွာဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် သန့်ရှင်းသောအနွေးထည်များကို အလျင်အမြန်ဆွဲထုတ်ကာ အဘိုးကြီးများအားဝတ်ဆင်ပေးလိုက်ကြပြီး ခေါင်းပေါ်ကျဆင်းနေသောနှင်းများကို ဖယ်ရှားသန့်စင်ပေးလိုက်ကြသည်။ထို့နောက် အဘိုးအို၉ယောက်အား ကားပေါ်တက်ရန် ရိုသေစွာတောင်းဆိုလိုက်ကြသည်။

အဘိုးအို၉ယောက် ကားပေါ်တက်ပြီးနောက်တွင် အနက်ရောင်ကားများသည် တဖြေးဖြေးထွက်ခွာသွားကြသည်။ထို့နောက်တွင် ၎င်းတို့သည်သေးငယ်သော အနက်ရောင်အရိပ်များအဖြစ်ပြောင်းလဲသွားခဲ့ကာ အဆုံးသတ်၌ပျောက်ကွယ်သွားခဲ့ကြသည်။

ခွန်းလွန်တောင်အားပိတ်ဆို့ထားသည့် အစောင့်များနှင့်သက်တော်စောင့်များသည်လည်း ကားပေါ်သို့တက်ကာ လူစုခွဲသွားကြသည်။

နှင်းများက သည်းသည်းမည်းမည်းဆက်လက်ကျဆင်းနေကာ ရပ်တန့်သွားမည့်အရိပ်အယောင်မရှိပေ။

ကားများထွက်ခွာသွားပြီး တစ်နာရီခန့်ကြာပြီးနောက်တွင် ကားတာယာအမှတ်အသားများအား နှင်းများကဖုံးအုပ်သွားခဲ့ကြပြီး ဤနေရာသို့ခုမှရောက်လာသူဆိုလျှင် မကြာသေးမှီက လူအများအပြား ဤနေရာသို့ရောက်လာခဲ့ကြောင်းကို သိလိုက်မည်မဟုတ်ပေ။

ခွန်းလွန်တောင်ပေါ်၌ ကမ္ဘာကိုတုန်လှုပ်စေသော ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့ကြောင်းကို လူပေါင်းများစွာမသိလိုက်ကြပေ။

နှင်းများက ထူထပ်စွာဆက်လက်ကျဆင်းနေချိန်၌ ကမ္ဘာကြီးတစ်ခုလုံးအား အဖြူရောင်နှင်းမှုန်များက ဖုံးလွှမ်းသွားခဲ့သည်။

ခွန်းလွန်တောင်ခြေရင်း၌ အိုမင်းသောသစ်ပင်၏အကိုင်းအခက်များအား ဆီးနှင်းများကဖုံးလွှမ်းနေသော်လည်း သစ်ပင်ထိပ်ဖျားတွင် စိမ်းညှိသောအဖူးလေးများ စတင်ထွက်ပေါ်စပြုနေခဲ့သည်။သို့သော်လည်း ထိုအစိမ်းရောင်အဖူးလေးအား လူအများမြင်တွေ့နိုင်ရန် ခဲယဉ်းလှပေသည်။

နှင်းများထူထပ်စွာကျဆင်းနေသည့်အတွက် နွေဦးအစောပိုင်းသို့ဝင်ရောက်လာသည်ကို မည်သူကမှမသိခဲ့ကြပေ။

All Chapters