ဟိုတယ်ရှင်းလင်းခြင်း
Vol. 2 Ch. 21
ရွှေခေတ်ဟိုတယ်အဝင်ဝ၌ ဝမ်အန်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ခါသွားခဲ့သည်။
ယဲ့ပိုင်သည် သူ၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုခဲ့သည်။
ယဲ့ပိုင်စိတ်ဆိုးနေသည်ကို ခံစားမိပြီးနောက်တွင် ဤပြဿနာသည် မည်မျှထိကြီးမားကြောင်း သူနားလည်လိုက်ပြီးနောက် ရှင်းပြရန်ကြိုးစားလိုက်သည်။
"သခင်...ကျနော်ရှင်းပြ..."
"ထတော့...ဒီမှာလူအရမ်းများတယ်...ငါတို့ရောက်နေပြီဆိုမှတော့ အထဲဝင်ဖို့လုပ်ကြတော့"
ယဲ့ပိုင်သည် ဝမ်အန်း၏စကားကို ချက်ချင်းရပ်တန့်လိုက်ပြီးနောက် သူ၏ခြေထောက်ကိုဖြေးညှင်းစွာဆန့်တန်းလိုက်ကာ ကားထဲမှထွက်လာပြီး ကတ္တရာလမ်းမပေါ်သို့ ခြေချလိုက်သည်။
သူသည် ဝမ်အန်းကိုငုံ့ကြည့်လိုက်ရာ ဆံပင်များဖြူနေသော ဝမ်အန်း၏ဦးခေါင်းကို ဦးစွာသတိထားမိလိုက်သည်။
ဝမ်အန်းသည် လွန်စွာအသက်ကြီးပြီဖြစ်သော်လည်း ယဲ့ပိုင်၏အမြင်တွင် အလွန်ငယ်ရွယ်နေသေးသည်။
သူသည် ကျောက်မိသားစုအား အရေးယူလိုသည်ဟု တိုက်ရိုက်မပြောခဲ့သော်လည်း လက်ရှိနေရာသို့ သူ့အားကိုယ်တိုင်ခေါ်ဆောင်လာခြင်းကြောင့် လက်ရှိအဓိပ္ပါယ်ကို ပို၍ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်တော့ပေ။
ထို့နောက်တွင် ယဲ့ပိုင်သည် ရွှေခေတ်ဟိုတယ်ကို အာရုံစိုက်၍ ပေါ့ပေါ့ပါးပါးစိုက်ကြည့်လိုက်သည်။
ဤဟိုတယ်အဆောက်အဦးသည် အလွန်ခမ်းနားပေသည်။ဟိုတယ်တံခါးဝ၌ ဧရာမတိုင်ကြီးအများအပြားကို စိုက်ထူထားခဲ့ပြီး လူကြီးသုံးယောက်ဝိုင်းဖက်ကြမည်ဆိုလျှင်ပင် ထိုတိုင်လုံးကိုပြည့်အောင် ဖက်ထားနိုင်မည်မဟုတ်ပေ။
ထိုတိုင်လုံးများ၏အပြင်ပန်းကို ရွှေရောင်စက္ကူများဖြင့် ဖုံးလွှမ်းထားသည့်အတွက်ကြောင့် နေရောင်အောက်၌ အလွန်တောက်ပနေခဲ့သည်။သို့ဖြစ်ရာ အဝေး၌ရပ်နေရင်တောင်မှ ဤဟိုတယ်၏ခမ်းနားမှုကို ရှင်းရှင်းလင်းလင်းခံစားနိုင်မည်ဖြစ်သည်။
ဟိုတယ်တံခါးဝရှိ လှေကားထစ်များသည်ပင် ဖုန်မှုန့်တစ်စလေးပင် တင်ကျန်ခြင်းမရှိသည့် စကျင်ကျောက်အဖြူရောင်များ ဖြစ်ပေသည်။
"ပိုင်ရှန်က အလုပ်ကိုတကယ်ကောင်းကောင်းလုပ်နေတာပဲ..."
ယဲ့ပိုင်က အချိန်အတော်ကြာအောင် တိတ်တဆိတ်ကြည့်နေခဲ့ပြီးနောက် ခေါင်းညိတ်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါးချီးကျူးလိုက်သည်။
ဝမ်အန်းသည် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ခေါင်းငုံ့၍ ပြန်မပြောဝံ့တော့ပေ။
အဝေး၌ရှိနေသော ချန်းရှို့သည် ယဲ့ပိုင်၏အသံကိုကြားပြီးနောက်တွင် အနည်းငယ်ရင်းနှီးနေသလို ခံစားလိုက်ရသည်။စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ရုတ်တရက်ဆိုသလိုပင် သူ့စိတ်ထဲ၌ ကြောက်စရာကောင်းသည့် အတွေးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ရွှေရောင်ခေတ်ဟိုတယ်ပိုင်ရှင်၏ နောက်ကွယ်မှပိုင်ရှင်သည် ကျောက်မိသားစုဘိုးဘေးဖြစ်သူ ကျောက်ပိုင်ရှန်ဖြစ်သည်။ထိုလူကြီးသည် ဝမ်အန်းနှင့်အဆင့်အတန်းတူသူဖြစ်သည်။ထိုကောင်လေးသည် ပိုင်ရှန်ဟုခေါ်ရန်အတွက် မည်မျှထိသတ္တိရှိရသနည်း။
ချန်းရှို့သည် ယဲ့ပိုင်အကြောင်းကို ပိုတွေးမိလေလေ ပိုကြောက်လာလေလေဖြစ်သည်။
သူသည် မျက်လုံးထောင့်စွန်းမှနေ၍ ယဲ့ပိုင်အားခိုးကြည့်မိလိုက်သည်။သူသည် ယဲ့ပိုင်အားနားလည်ရန်ကြိုးစားလေလေ နက်ရှိုင်းသည့်မြူထုတစ်ခုက ဖုံးအုပ်ထားသလိုခံစားလိုက်ရသည်။
"သခင်...ဒါကသခင့်ရဲ့စိတ်ဆန္ဒကို ဒီအစေခံအိုကြီးက တမင်တကာဆန့်ကျင်တာမျိုးမဟုတ်ပါဘူး...ဒါပေမဲ့ ဒီဟိုတယ်ကတော့ Qမြို့တော်ရဲ့တစ်ခုတည်းသောဟော်တယ်တစ်ခုဖြစ်တယ်...ငါတို့ဒီနေ့တော့ ဒီဟိုတယ်မှာပဲအနားယူဖို့တတ်နိုင်တယ်...တကယ်လို့သခင်မကြိုက်ဘူးဆိုရင် မနက်ဖြန်ကျ နောက်ထပ်အနားယူရမယ့်နေရာတစ်ခုကို ရှာလိုက်ပါမယ်"
အဆုံးသတ်၌ ဝမ်အန်းသည် စကားပြောရန်အတွက် အခွင့်အရေးတစ်ခုကို ရှာတွေ့ခဲ့ပြီး ချက်ချင်းရှင်းပြလိုက်သည်။
အစေခံအိုကြီး...
ချန်းရှို့သည် ထိုစကားလုံးများကို အလွန်ရှင်းလင်းစွာကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများက ကျွတ်ကျလုမတတ် ပြူးကျယ်နေခဲ့သည်။
"အထဲဝင်တော့..."
ယဲ့ပိုင်၏စကားများသည် အမြဲတမ်းလိုလိုပင် ရိုးရှင်းမှုရှိပေသည်။
သူသည်စကားအပိုဆက်မပြောတော့ဘဲ ရွှေခေတ်ဟိုတယ်၏ တံခါးဝဆီသို့ လျှောက်ဝင်သွားခဲ့သည်။
ဝမ်အန်းက ယဲ့ပိုင်နောက်မှ အမြန်လိုက်ဝင်သွားခဲ့သည်။
"သခင်...သခင်...ဖြည်းဖြည်းလုပ်ပါ...ခုတလောဒီဟိုတယ်က တော်တော်လေးအလုပ်ရှုပ်နေတယ်...ဒီနေရာတဝိုက်ကိုသန့်ရှင်းရေးလုပ်ဆောင်ဖို့အတွက် ငါ့ရဲ့လူတွေကိုခေါ်သွားလိုက်မယ်...တစ်မိနစ်လောက်စောင့်ဆိုင်းပေးပါ"
ချန်းရှို့သည် အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်နှင့်အညီ ယခုလိုအခြေအနေမျိုး၌ ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သည်။
ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် ဤဟိုတယ်၌တည်းခိုကြတော့မည်ကို သူသတိထားမိလိုက်ပြီးနောက်တွင် သူသည်ချက်ချင်းပင်နိုးကြားလာခဲ့ကာ သူ့လူများကိုအမိန့်ပေးလိုက်သည်။ခေါင်းဆောင်ကအမိန့်ပေးလာချိန်၌ အနက်ရောင်ဝတ်စုံဝတ်များသည် ပြတ်ပြတ်သားသားပင် စတင်တုံ့ပြန်လုပ်ဆောင်ခဲ့ကြသည်။
ဝတ်စုံနက်များသည် အလွန်ပင်မြန်ဆန်ပါးနပ်ပေသည်။
ချန်းရှို့ကအချက်ပြလိုက်သည်နှင့် လူတန်းနှစ်ခုသည် သပ်သပ်ရပ်ရပ်ခြေလှမ်းများဖြင့် ဟော်တယ်တွင်းသို့ ဒုန်းစိုင်းဝင်ရောက်သွားခဲ့ကြသည်။
ယဲ့ပိုင်ကမူ ထိုမြင်ကွင်းအားလျစ်လျူရှုကာ တည်ငြိမ်စွာဖြင့်ဆက်သွားနေခဲ့သည်။သို့သော်လည်း ထိုအခိုက်အတန့်တွင် ရွှေရောင်ခေတ်ဟိုတယ်တွင်း၌ ဆူညံပွက်လောရိုက်နေခဲ့သည်။
"ဒီနေ့ ဟိုတယ်တစ်ခုလုံးရှင်းလင်းရေးလုပ်ဆောင်မယ်...ဒီနေ့ဟိုတယ်ကို ငါတို့ဘိုကင်ယူထားပြီမို့ မသက်ဆိုင်တဲ့သူတွေ ထွက်သွားပေးပါ"
ပထမဆုံးပြေးဝင်လာသည့် ဝတ်စုံနက်က ဟိုတယ်ရှေ့ကောင်တာ၌ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"ဟေ့...မင်းရဲ့အသံကိုတိုးတိုးလေးပြောပြီး ယဉ်ယဉ်ကျေးကျေးပြုမူစမ်းပါ...ဒါက၂၁ရာစုကိုတောင်ရောက်နေပြီ...လူတိုင်းက အပြောအဆိုကိုဂရုစိုက်ကြရတယ်...မင်းရဲ့အပြောအဆိုက မင်းရဲ့အဆင့်အတန်းကို ဖော်ပြနေတာပဲ"
လိမ္မာပါးနပ်ပုံရသည့် လူတစ်ယောက်က မတ်တပ်ထရပ်လိုက်ကာ ချေပပြောဆိုလိုက်သည်။
ကောင်တာရှေ့၌ရပ်နေသော ဝတ်စုံနက်သည် ထိုလူအားစိတ်ပျက်နေသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဒီနေ့ ငါတို့ကဟိုတယ်တစ်ခုလုံးကို ဘိုကင်လုပ်ပြီးသွားပြီ...ဟိုတယ်ထဲမှာရှိတဲ့သူတွေက ဘယ်လိုအဆင့်အတန်းမျိုးပဲရှိနေပါစေ ချက်ချင်းထွက်သွားကြစမ်း...ဒါမှမဟုတ် မင်းတို့အားလုံးသေချင်နေကြတာလား"
ယခုလိုအဖြစ်အပျက်မျိုးကို တစ်ခါမှမကြုံတွေ့ဖူးသည့် ကောင်တာမှစာရေးမလေးသည် ကြောက်လန့်သွားကာ မျက်ရည်ကျလာခဲ့သည်။
ယဲ့ပိုင်၏လမ်းလျှောက်ပုံသည် မြန်ဆန်နေခြင်းမရှိဘဲ သူ၏ခြေလှမ်းတိုင်းက တည်ငြိမ်ကာအားကောင်းနေခဲ့သည်။
ယဲ့ပိုင်သည် လက်ရှိအခြေအနေအား သတိထားမိလိုက်ချိန်တွင် သူ့ရင်ထဲ၌ရင်းနှီးသောလူတစ်ယောက်ကို အမှတ်မထင်သတိရမိလိုက်သည်။
ချန်းရှို့၏ လက်အောက်ငယ်သားသည် ရက်စက်ကြမ်းကြုတ်လှသော်လည်း ယဲ့ပိုင်၏မှတ်ညဏ်ထဲရှိ လူတစ်ယောက်က ပို၍ပင်ရက်စက်ကြမ်းကြုတ်လှပေသည်။
သူသည် ချင်မင်းဆက်၏ဧကရာဇ်နှင့် ဝိုင်သောက်ရင်း ဆွေးနွေးငြင်းခုံခဲ့ကြပြီး လောကကြီး၏လုပ်ဆောင်ပုံအကြောင်းကို ထောက်ပြခဲ့ကြသည်။ထိုအခိုက်အတန့်တွင် ယဲ့ပိုင်က ဟန်ဝေ၏လုပ်ဆောင်ပုံကို သဘောမကျကြောင်း အမှတ်မထင်ပြောမိလိုက်သည်။
ထိုစကားကို ချင်ဧကရာဇ်၏ စစ်သူကြီးတစ်ဦးမှ နားစွန်နားဖျားကြားမိလိုက်သည်။
မကြာမှီတွင် ဟန်ဝေ၏တပ်ဖွဲ့များအား ချင်ဒေါင်မှချီတက်လာခြင်းကို တားဆီးရန် စာတစ်စောင်လက်ခံရရှိခဲ့သည်။ထို့နောက်တွင် ဝန်ကြီးချုပ်ဝေရန်က ဟန်ဝေအားတိုက်ခိုက်ရန်အတွက် တပ်များကိုစေလွှတ်ရန် အကြံပြုခဲ့သည်။
ထိုစဉ်က စစ်မြေပြင်တွင်ရှိနေသော စစ်သူကြီးသည် ယဲ့ပိုင်၏စကားကို ကြားမိခဲ့သူဖြစ်သည်။
အဆုံးသတ်၌ ဟန်ဝေအပါအဝင် လူပေါင်း၂၄၀၀၀၀သည် စစ်မြေပြင်၌ ဖယ်ရှားခံခဲ့ရသည်။
ထိုတိုက်ပွဲတွင် သွေးများကမြစ်သဖွယ်စီးဆင်းလာခဲ့သည်။ထိုတိုက်ပွဲအား ဦးဆောင်ကာအောင်မြင်ခဲ့သည့် ဗိုလ်ချုပ်ဖြစ်သူ၏အမည်ကို ခေတ်ကာလအလျှောက် လက်ဆင့်ကမ်းခဲ့ကာ ယနေ့ထိတိုင်ကျော်ကြားနေဆဲဖြစ်သည်။ထိုဗိုလ်ချုပ်မှာ ဖျက်ဆီးခြင်းစစ်နတ်ဘုရား ဘိုင်ချီပင်ဖြစ်သည်။
သမိုင်းတလျှောက်တွင် ဘိုင်ချီအား သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ် လူတိုင်းမှတ်မိထားကြသော်လည်း ဘိုင်ချီကိုယ်တိုင်က ယဲ့ပိုင်ကျေနပ်စေရန်အတွက် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မည်သူမှမသိခဲ့ကြပေ။
နှစ်ကာလများစွာရှင်သန်ခဲ့ပြီးနောက် ယဲ့ပိုင်သည် အရာများစွာကိုတွေ့မြင်ခဲ့ဖူးပြီဖြစ်သည်။
သူသည် မရေမတွက်နိုင်သော ဖြစ်ရပ်ဆိုးများစွာကိုတွေ့မြင်ခဲ့ပြီး မည်သည့်ခေတ်ကာလတွင်ဖြစ်စေ ယဲ့ပိုင်က တသီးတခြားရှိနေဆဲပင်ဖြစ်သည်။
ထို့ကြောင့် သူ့ရှေ့၌ ယခုလိုအရာများအား တွေ့မြင်လိုက်ရချိန်တွင် သူသည်လုံးဝမအံ့သြမိတော့ပေ။
သူတို့လုပ်ချင်သလိုလုပ်၍ ဒုက္ခအကြီးအကျယ်ရောက်ခဲ့လျှင်တောင်မှ...
ယဲ့ပိုင်သည် သူ၏လက်ချောင်းများကို ပွတ်သပ်လိုက်ရင်း နှစ်ပေါင်းထောင်ချီကာလမှအတွေးများက သူ့ခေါင်းထဲသို့ဝင်ရောက်လာခဲ့သည်။
ခေတ်ရေစီးကြောင်းသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရှေးခေတ်အချိန်မှစတင်၍ ယဲ့ပိုင်တစ်ဦးတည်းကသာ အချိန်မြစ်ရှည်ကြီးကို ကူးဖြတ်လာသည့် စစ်မှန်သောတစ်ဦးတည်းသာရှိသည့် အင်မော်တယ်တစ်ပါးဖြစ်ပေသည်။
...
ချန်းရှို့သယ်ဆောင်လာသည့် သက်ရောက်မှုနှင့်သြဇာအာဏာသည် အလွန်ပြင်းထန်လှသောကြောင့် ဟိုတယ်တွင်းရှိဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြသည်။အချို့သည်ကား အဝတ်အစားဝတ်ရန်ပင် အချိန်မရလိုက်ပဲ ထွက်ပြေးသွားခဲ့ကြရသည်။
ဟိုတယ်ရှင်းလင်းရေးသည် အလွန်ပင်မြန်ဆန်လှပေသည်။သို့သော်လည်း ယဲ့ပိုင်သည် ရွှေခေတ်ဟိုတယ်၏အရှေ့တံခါးဝသို့ ရောက်လာသည့်အချိန်တွင် ထူးထူးခြားခြားအသံတစ်ခုကို ကြားလိုက်ရသည်။
"မင်းတို့ဘာဖြစ်ချင်နေတာလဲ...ငါဘယ်သူလဲဆိုတာသိကြလား...ငါကခွန်းလွန်တောင်ကိုလာတဲ့ ဧည့်သည်တစ်ယောက်ပဲ...ငါကအင်မော်တယ်အကြီးအကဲနဲ့တွေ့ရဖို့ Qမြို့တော်ကိုရောက်လာခဲ့တယ်...မင်းသာဒီနေ့ငါ့ကိုထိခိုက်အောက်လုပ်ရင် အင်မော်တယ်အကြီးအကဲနဲ့ ဆန့်ကျင်ဘက်မှာရပ်မိလိမ့်မယ်...မင်းတို့သာအဲလိုဖြစ်သွားရင် သနားစရာကောင်းတဲ့သေခြင်းမျိုးနဲ့ သေရလိမ့်မယ်"
ထိုစကားကိုပြောနေသူမှာ အလွန်ကျဲပြန့်ကာ စိုစွတ်နေသောဆံပင်များကို ရေချိုးသုတ်ပဝါဖြင့် ပတ်ထားသည့် အမျိုးသားတစ်ယောက်ဖြစ်ပေသည်။
သူ့ကိုကြည့်ရသည်မှာ ခြေဗလာဖြင့် သနားစရာကောင်းလှပေသည်။သို့သော်လည်း သူ၏လေသံသည် အလွန်ပင်မာနကြီးပြီး ယုံကြည်မှုအပြည့်ရှိပုံရပေသည်။
ဝမ်အန်းသည် ထိုလူကိုသတိထားမိလိုက်သည့်အတွက် အနည်းငယ်မျက်မှောင်ကြုတ်မိလိုက်သည်။
ယဲ့ပိုင်သည် ထိုလူအားတစ်ချက်ကြည့်လိုက်ရာ အနည်းငယ်ရင်းနှီးနေကြောင်း အမှတ်ရလိုက်သည်။ထိုလူငယ်သည် လွန်ခဲ့သောညက ခွန်းလွန်တောင်ရှိသက်ရှည်ဘုရားကျောင်းရှေ့တွင် သူ့အားလှောင်ပြောင်ပြောဆိုခဲ့သည့် သခင်လေးဝူဆိုသူဖြစ်သည်။
"အန်းလေး...မင်းဒီကောင်လေးနဲ့သိတာလား..."
ယဲ့ပိုင်ကပြောလိုက်သည်။
"မသိပါဘူး..."
ဝမ်အန်းသည် အနည်းငယ်အံ့သြသွားခဲ့ကာ သူ၏မျက်လုံးများကိုပွတ်သပ်၍ အနီးကပ်ထပ်မံကြည့်ရှုလိုက်သော်လည်း မမှတ်မိနိုင်သေးပေ။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ရေချိုးပဝါဖြင့် ခေါင်းပေါင်းထားသည့် သခင်လေးဝူသည် ဝတ်စုံနက်ဝတ်အစောင့်တစ်ယောက်၏ တွန်းအားပေးမှုအောက်တွင် ပတ်ဝန်းကျင်ကိုလှည့်ကြည့်မိလိုက်သည်။ထို့နောက်တွင် သူ၏အကြည့်များက ယဲ့ပိုင်ပေါ်သို့ ကျရောက်လာခဲ့သည်။
အစောပိုင်းတွင် သူ၏အပြုအမူသည် ကြမ်းတမ်းနေသော်လည်း ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်သည် အံ့အားသင့်မှုကြောင့် တုန်ခါသွားခဲ့သည်။ထို့နောက် သူ၏မျက်လုံးများက ယဲ့ပိုင်တို့အားစူးစိုက်ကြည့်ရှုလိုက်ကာ မျက်နှာကချက်ချင်းဖြူဖျော့သွားခဲ့သည်။