ရေစီးကြောင်းများ
Vol. 2 Ch. 25
တရုတ် ၊ ပေကျင်း...
စိမ်းလန်းစိုပြည်သည့် ခြံဝင်းတစ်ခုအတွင်း၌ ငှက်အော်သံများ အဆက်မပြတ်ကြားနေရပေသည်။
အဖြူရောင်လေ့ကျင့်ရေးဝတ်စုံအား ဝတ်ဆင်ထားသည့်အဘိုးကြီးတစ်ယောက်သည် နေအားမျက်နှာမူကာ ထိုက်ကျိဆော့ကစားနေခဲ့သည်။
"ဆရာကြီး....အင်မော်တယ်အကြီးအကဲက တောင်ပေါ်ကဆင်းသွားပြီဆိုတာကို ခုလေးတင်ပဲတိကျတဲ့သတင်းအချက်အလက်ရရှိထားတယ်"
သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က အဘိုးအိုအားသတင်းပို့လိုက်သည်။
အဘိုးအိုသည် ထိုစကားကိုနားထောင်ပြီးနောက် မူလကပျော့ပျောင်းသည့်အမူအရာရှိသော သူ၏မျက်လုံးများသည် ချက်ချင်းပင်ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိအပူချိန်က ချက်ချင်းကျဆင်းသွားခဲ့သည်။
သတင်းလာပို့သည့် သက်လတ်ပိုင်းအရွယ်အမျိုးသားသည် အသက်ရှုရခက်သလို ခံစားလိုက်ရသည်။
"အဲ့သတင်းက တိကျတယ်ဆိုတာသေချာလား...သူတကယ်တောင်ပေါ်ကဆင်းလာပြီလား"
အဘိုးအိုသည် ထိုအကြောင်းကိုပြောချိန်၌ သူ၏လေသံကအနည်းငယ်တုန်ခါနေခဲ့သည်။
"အမှန်ဘဲ...ဆရာကြီး...အင်မော်တယ်အကြီးအကဲက သူမထွက်ခွာခင်မှာ သက်ရှည်ဘုရားကျောင်းကိုစောင့်ကြပ်နေတဲ့ အထူးရဲအရာရှိတွေကို သက်ရှည်ဘုရားကျောင်းက ဆက်ရှိနေတော့မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်"
သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆက်လက်ရှင်းပြလိုက်သည်။
ထိုစကားကိုနားထောင်ပြီးနောက် အဘိုးအိုသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ သူ၏အမူအရာကိုပြန်လည်ထိန်းချုပ်လိုက်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
"မင်းက ကိုယ့်ကိစ္စနဲ့ကိုယ်အလုပ်ရှုပ်နေတာပဲ...သွားတော့ သတင်းထူးရင် ငါ့ကိုလာပြော"
အဘိုးအို၏အသံသည် တိုးညှင်းစွာထွက်ပေါ်လာပြီးနောက် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ခြံဝင်းထဲမှထွက်ခွာသွားခဲ့သည်။ထိုအခိုက်အတန့်တွင် အဘိုးအို၏မျက်လုံးများ၌ စူးရှသည့်အလင်းတန်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။ထို့နောက်သူသည် အခန်းထဲသို့ဝင်လာခဲ့ကာ တုန်ရီနေသောလက်များဖြင့် အနီရောင်ဖုန်းကိုကောက်ကိုင်လိုက်ပြီး သူ၏မှတ်ညဏ်ထဲ၌ အလွန်ရင်းနှီးနေသည့် နံပါတ်တစ်ခုအားခေါ်ဆိုလိုက်သည်။
တူ...တူ
အချိန်အတော်ကြာပြီးနောက်တွင် ဖုန်းဝင်သွားခဲ့ပြီး ဖုန်းထဲမှနေ၍ ကြီးကျယ်ခမ်းနားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ထိုအသံတစ်ခုတည်းဖြင့်ပင် လူပေါင်းများစွာကို အမိန့်ပေးနိုင်စွမ်းရှိသည်။
"ဘာကိစ္စရှိလို့လဲ"
"မစ္စတာ...သူတောင်ပေါ်ကနေ ဆင်းလာပြီ"
အဘိုးအိုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
အဘိုးအို၏စကားကိုကြားပြီးနောက် ဖုန်းထဲမှလူသည် စကားတခွန်းမှပြန်မပြောဘဲ ချက်ချင်းဖုန်းချလိုက်သည်။
ရာသီဥတုက သာယာစိုပြေနေပြီး ငှက်ကလေးများကလည်း မြည်တွန်နေသလို တိမ်ကင်းစင်ကာ နေပွင့်နေခဲ့သည်။
သို့သော်လည်း လက်ရှိအခြေအနေသည် တစ်စုံတစ်ခုမူမမှန်ကြောင်း သူအမြဲလိုလိုပင်ခံစားနေခဲ့ရသည်။
...
အမေရိကန်ပြည်ထောင်စု၏ ဇိမ်ခံပုဂ္ဂလိကအိမ်ခြံမြေတစ်ခု၌....
ပါးစပ်ထောင့်၌ ဆေးပြင်းလိပ်ကိုကိုက်ခဲထားသည့် တရုတ်လူအိုကြီးတစ်ယောက်သည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း လှုပ်ရှားနေသည့်ကုလားထိုင်ပေါ်၌ လဲလျောင်းနေခဲ့သည်။
သူ၏လက်မောင်းတစ်ဖက်တွင် တက်တူးများဖြင့်ပြည့်နှက်နေခဲ့ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသလို ခံစားနေရသည်။
ထိုတက်တူးများသည် အပ်တစ်ချောင်းဖြင့် စနစ်တကျရေးဆွဲထားခြင်းဖြစ်ကာ အလွန်ပင်အသက်ဝင်လှပေသည်။
သူ၏ဘေးနားတွင် တလေးတစားမတ်တပ်ရပ်နေသည့် အိမ်အကူနှစ်ယောက်ရှိကာ နှစ်ယောက်လုံးက ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းပုံပေါ်ပေသည်။
အိမ်အကူတစ်ယောက်သည် အကောင်းဆုံးဝိုင်နီကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားကာ နောက်တစ်ယောက်က ဆေးရည်ပုလင်းကို ကိုင်ဆောင်ထားပေသည်။
အဘိုးအိုသည် ဆေးလိပ်အနည်းငယ်ဖွာရှိုက်ပြီးနောက် ဆေးပြင်းလိပ်ကို ပါးစပ်မှချလိုက်ချိန်တွင် လိမ္မာပါးနပ်သည့်အိမ်အကူက ဝိုင်နီခွက်ကို အဘိုးအို၏ပါးစပ်နားသို့ ကပ်ပေးလိုက်သည်။ထိုအခါအဘိုးအိုသည် မည်သည့်အရာကိုမှဂရုစိုက်ပုံမရဘဲ မာန်မာနအပြည့်ဖြင့် ဝိုင်ကိုပါစပ်အပြည့်သောက်ချလိုက်သည်။
ထိုအဘိုးအို၏နောက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် တရုတ်ဆရာဝန်တစ်ယောက် ရှိနေခဲ့သည်။ထိုဆရာဝန်သည် အဘိုးအို၏ နည်းစနစ်မကျသည့်နေထိုင်မှုပုံစံကို မြင်သောအခါ သူ၏ပါးစပ်ထောင့်စွန်းက တဆတ်ဆတ်တုန်ရီသွားသော်လည်း စကားပြောရန်သတ္တိမရှိခဲ့ပေ။
တူ...တူ...
သို့သော်လည်း အဘိုးအိုသည် ဝိုင်နီပုလင်းကို ခြောက်ကပ်အောင်သောက်သုံးပြီးချိန်တွင် သူ့ဘေးနားရှိဖုန်းက ရုတ်တရက်ထမြည်လာခဲ့သည်။
အဘိုးအိုသည် အေးအေးဆေးဆေးဖြင့် ဖုန်းကိုကောက်ကိုင်လိုက်သည်။
တစ်ဖက်မှဖုန်းခေါ်သူသည် အသက်ကြီးရင့်နေပြီဖြစ်သော်လည်း အသံကိုရှင်းလင်းစွာကြားရပေသည်။
"အင်မော်တယ်အကြီးအကဲက ခွန်းလွန်တောင်ပေါ်ကဆင်းလာတာ သေချာလား"
အင်မော်တယ်အကြီးအကဲ...
တရုတ်ဆရာဝန်သည် ထိုစကားလုံးကိုကြားပြီးနောက် သူ၏ခြေထောက်များက ရုတ်တရက်တုန်ရီသွားခဲ့သည်။
အိမ်အကူနှစ်ယောက်သည်ကား ထိုအကြောင်းကိုရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေ။သူတို့သည် နိုင်ငံခြားသားများဖြစ်ကြ၍ တရုတ်ဘာသာစကားကို ကောင်းစွာနားမလည်ခဲ့ပေ။
"သေချာပါတယ်...သတင်းစကားများအရ အင်မော်တယ်အကြီးအကဲက လူငယ်လေးတစ်ယောက်နဲ့အတူ တောင်ပေါ်ကနေဆင်းလာခဲ့တယ်...ဒါပေမဲ့ ခုချိန်မှာ ဓာတ်ပုံအထောက်အထားမတွေ့ရသေးတဲ့အတွက် သူဘယ်သူလဲဆိုတာ သေချာမသိသေးဘူး...တောင်ပေါ်ကဆင်းလာချိန်မှာ ချန်းရှို့ကသူတို့ကိုခေါ်ဆောင်သွားခဲ့တယ်...အဲနေ့မှာပဲ အင်မော်တယ်အကြီးအကဲက Qမြို့တော်က ရွှေခေတ်ဟိုတယ်ကိုရောက်ရှိလာခဲ့ပြီး ကျောက်မိသားစုရဲ့လုပ်ရပ်ကို အရမ်းဒေါသထွက်နေပုံပေါ်တယ်"
ဖုန်းတစ်ဖက်မှထွက်ပေါ်လာသည့်အသံက တည်ငြိမ်စွာဖြင့်ရှင်းပြနေခဲ့သည်။
ထိုစကားကိုကြားပြီးနောက်တွင် အဘိုးအိုသည် မျက်ခုံးပင့်၍ အားရပါးရရယ်မောလိုက်သည်။
"ဟားဟား...ကျောက်မိသားစုက တကယ့်ငတုံးတွေပဲ...အရင်တုံးကဆိုရင် သူတို့မိသားစုဟာ အင်မော်တယ်အကြီးအကဲနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးကိုပိုင်ဆိုင်ထားခဲ့တာကြောင့် ကမ္ဘာအရပ်ရပ်ကို အတားအဆီးမဲ့ခရီးသွားနိုင်စွမ်းရှိခဲ့ပေမဲ့...ဒီတစ်ခေါက်တော့ ဒီကောင်တွေရူးသွပ်သွားပြီထင်တယ်...သူတို့ကမျိုးဆက်သစ်လေးတွေကို ဒုက္ခပေးခိုင်းလာတာဆိုတော့ အသက်ရှင်ရတာပျင်းနေကြသလိုပဲ"
"ကောင်းပြီ...ငါဒါတွေကိုနားလည်ပြီ...စကားမစပ်မင်းရဲ့အကူအညီလိုတာတစ်ခုရှိတယ်...ငါဒီမှာအရမ်းကိုအလုပ်များနေတယ်...ဒါကြောင့် တရုတ်လေကြောင်းထိန်းချုပ်ရေးဌာနကို အကြောင်းကြားပြီးတော့ ငါ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပြင်ဆင်ပေးထား...အင်မော်တယ်အကြီးအကဲထွက်လာမှတော့ ငါကိုယ်တိုင်သူ့ကိုသွားတွေ့ရမယ်...လူငယ်လေးကတော့ အင်မော်တယ်အကြီးအကဲပြုစုပျိုးထောင်ပေးတဲ့ လူသစ်တစ်ယောက်ဖြစ်နိုင်တယ်...သူ့အကြောင်းမသိရင်မေ့ထားလိုက်တော့"
"ကောင်းပြီ..."
ထို့နောက် ချက်ချင်းပင် တစ်ဖက်မှဖုန်းချသွားခဲ့သည်။
"နောက်ထပ်ဝိုင်နီတစ်ပုလင်းထုတ်လာခဲ့..."
အဘိုးအိုသည် စိတ်ကောင်းဝင်နေပေရာ လှဲလျောင်းနေရင်း အိမ်အကူတစ်ယောက်ကို အင်္ဂလိပ်လိုအမိန့်ပေးလိုက်သည်။
ထိုကိစ္စနှစ်ခုအပြင်...
ယနေ့အချိန်၌ တစ်ကမ္ဘာလုံး လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့ကြသည်။
မိသားစုကြီးကိုးခုမှလွဲ၍ ကျန်အဖွဲ့များသည် လက်ရှိဖြစ်ပျက်နေသောကိစ္စရပ်များ၏ နောက်ကွယ်မှအဓိကတရားခံမှာ ယဲ့ပိုင်ဖြစ်ကြောင်း မသိခဲ့ပေ။
မိသားစုကြီး၉ခုသည် ယဲ့ပိုင်အားတွေ့ဆုံရန်အတွက် ခွန်းလွန်တောင်သို့သွားရောက်အပြီးတွင် သက်ဆိုင်ရာမိသားစုများထံပြန်သွားခဲ့ကြသည်။ထို့နောက် သူတို့၏သားစဉ်မြေးဆက်များအား ပထမဆုံးအကြိမ်အဖြစ် မိသားစုပိုင်ပစ္စည်းများအား စီမံခန့်ခွဲခွင့်ပေးခဲ့ပြီး သူတို့အားကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေကာ မည်သည့်လှုပ်ရှားမှုကိုမဆို လျစ်လျူရှုထားကြသည်။
ထိုသည်သာမက ကမ္ဘာတစ်ခုလုံး၌ ထူးထူးခြားခြားဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့သည်။
Qမြို့တော်သည် ထိုရေစီးကြောင်းများပေါင်းဆုံရာ အဓိကနေရာဖြစ်လာခဲ့သည်။
ရွှေခေတ်ဟိုတယ်ရှိ အဆင့်မြင့်ဇိမ်ခံအခန်း၌....
ယဲ့ပိုင်သည် ပြင်သစ်ဒီဇိုင်းပုံစံပြတင်းပေါက်ရှေ့၌ လက်နှစ်ဖက်ထောက်ကာ ရပ်နေခဲ့သည်။
ယခင်က သူနှင့်စိမ်းကားနေသည့်ရှုခင်းများက သူနှင့်တဖြည်းဖြည်းရင်းနှီးလာခဲ့သည်။
သို့သော်လည်း လမ်းများပေါ်၌ သွားလာနေသည့်ယာဉ်များနှင့် လမ်းသွားလမ်းလာများကြောင့် ရှုခင်းများက တဖြည်းဖြည်းပိုမိုသက်ဝင်လာခဲ့သည်။
ထို့အတူ ဟိုတယ်အပြင်ဘက်ရှိ ရှေ့မတိုးနောက်မဆုတ်အခြေအနေက သူ၏မြင်ကွင်းထဲမှတေ၍ လွတ်မြောက်နိုင်စွမ်းမရှိခဲ့ချေ။
သို့သော်လည်း သူသည်ဟိုတယ်အပြင်ဘက်ရှိ ပေါက်ကွဲလုမတတ်ဖြစ်ရပ်ကို ဂရုမစိုက်ပေ။သို့သော်လည်း ဝမ်အန်းက ကောင်းစွာကိုင်တွယ်နိုင်မည်ဟု သူယုံကြည်နေခဲ့သည်။
မူလက သူ၏အကြည့်များသည် လမ်းမပေါ်သို့ရောက်ရှိနေသော်လည်း အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်က သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ ပတ်ဝန်းကျင်ကို အာရုံခံစားလိုက်သည်။
နှင်းများထူထပ်စွာကျရောက်ပြီးနောက်တွင် နေရောင်သည် တောက်ပနေဆဲဖြစ်ကာ ကောင်းကင်ယံ၌ ဖုန်မှုန့်အနည်းငယ်မျှပင်မရှိဘဲ အလွန်သန့်ရှင်းနေခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်က မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ၏ညဏ်ပညာရှိသောမျက်လုံးများ၌ လျစ်လျူရှုသည့် အရိပ်အယောင်အချို့ ဖြစ်ပေါ်လာခဲ့သည်။
"ဘယ်လောက်တောင် စိတ်အားထက်သန်လိုက်တဲ့လောကကြီးလဲ"
အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်သည် သူ၏ပါးစပ်ကိုဖွင့်ကာ ညှင်သာစွာဖြင့် စကားဆိုလိုက်တော့သည်။
ထိုအခိုက်အတန့်တွင် ရွှေခေတ်ဟိုတယ်၏အပြင်ဘက်၌ ချန်းရှို့၏ အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်များနှင့် Qမြို့တော်ရှိဒေသခံမြေအောက်အင်အားစုများမှလူများသည် တိုက်ခိုက်မှုအားအစပြုခဲ့ကြကာ မြင်ကွင်းတစ်ခုလုံးအားပိုမိုရှုပ်ထွေးသွားစေခဲ့သည်။
ထိုအချိန်တွင် ယဲ့ပိုင်က သူ၏အကြည့်များကိုရုပ်သိမ်းကာ နောက်သို့လှည့်ထွက်လာခဲ့သည်။
ဟိုတယ်အပြင်ဘက်၌ အရူးအမူးတိုက်ခိုက်နေကြသော မြင်ကွင်းကိုတချက်ကြည့်လိုက်ပြီးနောက်တွင် ယဲ့ပိုင်သည်ဖြည်းညှင်းစွာလှည့်ထွက်ကာ ဧည့်ခန်းထဲရှိ ဆိုဖာဆီသို့လျှောက်လာခဲ့သည်။
ထိုဆိုဖာ၏ရှေ့တွင် ရွှေရောင်အနားကွပ်ထားသည့် မှန်သားလက်ဖက်ရည်စားပွဲတစ်ခုရှိပေသည်။
ထိုလက်ဖက်ရည်စားပွဲပေါ်ရှိ သစ်သားသေတ္တာငယ်လေးထဲတွင် လက်ဖက်ခြောက်အစုံနှင့် လက်ဖက်ရွက်များ အစုံပါဝင်ပေသည်။
ယဲ့ပိုင်သည် ဆိုဖာပေါ်၌ထိုင်လိုက်သော်လည်း ဆိုဖာသည်အနည်းငယ်ပျော့ပျောင်းလွန်းသောကြောင့် သူ့အတွက်အနည်းငယ်အဆင်မပြေလှပေ။ထို့ကြောင့် အခန်းထဲရှိ မာကျောသောထိုင်ခုံတစ်ခုအားရှာ၍ ထိုင်ချလိုက်ပြီးနောက် သူ၏လက်ကိုဆန့်တန်းကာ သစ်သားသေတ္တာလေးကို ဖွင့်လှစ်လိုက်သည်။ယဲ့ပိုင်သည် ဝမ်အန်းတစ်ယောက် သက်ရှည်ဘုရားကျောင်းမှ ယူဆောင်လာခဲ့သည့် ချင်ချန်တာအိုလက်ဖက်ခြောက်ကို ဂရုတစိုက်ထုတ်ယူလိုက်သည်။
ခဏအကြာတွင် လက်ဖက်ရည်၏မွေးရနံ့သည် အခန်းထဲသို့ လွှမ်းမိုးသွားခဲ့သည်။
ရွှေခေတ်ဟိုတယ်အပြင်ဘက်တွင်...
နှစ်ဘက်လုံး ပြင်းထန်စွာတိုက်ခိုက်နေကြရင်း မူလကသန့်ရှင်းနေသောလေထုသည် ချက်ချင်းပင်သွေးနံ့တို့ဖြင့် လွှမ်းမိုးခံလိုက်ရကာ လေထုသည်ပင် ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။