← Chapters

လက်ဆောင် (အပိုင်း - ၂)

Vol. 7 Ch. 67

လက်ဆောင် (အပိုင်း - ၂)

Vol. 7 Ch. 67

ကျန်းဝမ်အာ မှာမူ ထိုအချက်ကို လုံးဝမရိပ်မိဘဲ သူမ၏ မိသားစုအပေါ် ကျေးဇူးပင် တင်နေသေးချေ၏။ သူမသည် အခြေခံစွမ်းအင်အဆင့် ကိုး အထိ ကျင့်ကြံထားသော်လည်း တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးနှင့် တွေ့ချိန်တွင် အဘယ်ကြောင့် ခုခံရန် မတတ်နိုင်သနည်းဆိုသည်မှာ ယခုမှ ရှင်းလင်းသွားတော့သည်။ သူမ၏ ကျင့်ကြံခြင်းမှာ အပေါ်ယံ အလှပြသက်သက်သာ ဖြစ်နေသောကြောင့်ပင်။

ထိုသို့ တွေးမိရင်း ရှန်စီရွှမ်က သူမကို နှစ်သိမ့်လိုက်လေသည်။ “ရပါတယ်.... နောက်ကျရင် ဒီအရာတွေကို ငါ ဖြည်းဖြည်းချင်း သင်ပေးသွားပါ့မယ်”

“ကျေးဇူးတင်ပါတယ် စီရွှမ်အစ်ကို.... အစ်ကိုက ကျွန်မအပေါ် တကယ့်ကို ကောင်းတာပဲ”

ရှန်စီရွှမ်က ပြုံးလိုက်ပြီး မုန့်ဝမ်ကို ပစ္စည်းချင်း ဖလှယ်သည့်နေရာသို့ ခေါ်သွားကာ လှည့်လည်ပြသလေသည်။

“အရင်အတိုင်းပါပဲ.... ဝမ်အာညီမလေး ကြိုက်တာတွေ့ရင်သာ ပြောပါ....ငါတို့ ရှန်မိသားစုက မိသားစုကြီး မဟုတ်ပေမဲ့ ဒီလောက်တော့ တတ်နိုင်ပါသေးတယ်”

သို့သော်လည်း မုန့်ဝမ်မှာ အလွန်ပင် အားနာတတ်လှပေသည်။ သူမရှေ့တွင် မည်မျှ တန်ဖိုးကြီးသော ပစ္စည်းများ ရှိနေပါစေ၊ အကြာကြီး စိုက်မကြည့်သလို ဝယ်ပေးရန်လည်း မတောင်းဆိုခဲ့ချေ။ ထိုအချက်က ရှန်စီရွှမ်၏ စိတ်ကို ပို၍ ပျော့ပျောင်းသွားစေပြီး မုန့်ဝမ်ကို ကြည့်သည့် သူ၏ အကြည့်များထဲတွင် စစ်မှန်သော သံယောဇဉ်ရိပ်များ ပေါ်ပေါက်လာခဲ့လေသည်။

ပစ္စည်းချင်း ဖလှယ်သည့် နေရာတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီးခါနီးမှသာ မုန့်ဝမ်သည် တစ်ဖက်သို့ မသိမသာ ငဲ့ကြည့်လိုက်မိချေ၏။ ရှန်စီရွှမ်က မုန့်ဝမ်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ပြီး မျက်ခုံးတစ်ချက် ပင့်လိုက်လေသည်။

“ဝမ်အာညီမလေးက ဟိုက လက်နက်သွန်းလုပ်ခြင်းကို စိတ်ဝင်စားလို့လား”

မုန့်ဝမ်မှာ သူမ၏ လှုပ်ရှားမှုလေးကို လူမိသွားသဖြင့် အတော်ပင် အနေခက်သွားပုံရပေသည်။

“မိသားစုထဲမှာတုန်းက ကျင့်ကြံရုံတင်မကဘဲ ကျန်တဲ့အချိန်တွေကို လက်နက်သွန်းလုပ်ခြင်းမှာပဲ ကုန်ဆုံးခဲ့တာပါ.... ကျွန်မမှာ ဒီအတတ်ပညာနဲ့ ပတ်သက်ရင် ပါရမီအနည်းငယ် ရှိတယ်လို့ ထင်လို့ပါ”

ရှန်စီရွှမ်မှာ ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အံ့သြသွားခဲ့ရလေသည်။ သူသည် ကျန်းဝမ်အာကို အလှပြပန်းအိုးလေး တစ်လုံးမျှသာဟု ထင်ထားခဲ့သော်လည်း သူမက လက်နက်သွန်းလုပ်ခြင်းအတတ်ကိုပါ နားလည်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ငါက လူကြည့်မှားသွားတာပဲ... ဝမ်အာညီမလေးက တကယ်တော့ လက်နက်သွန်းလုပ်သူ တစ်ယောက်ပေါ့လေ”

မုန့်ဝမ်၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားပြီး သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်မိချေ၏။

“ကျွန်မက သာမန် အလယ်အလတ်ဆင့် ဝိညာဉ်လက်နက်လေးတွေကိုပဲ သွန်းလုပ်နိုင်တာပါ.....တကယ့် လက်နက်သွန်းလုပ်သူ အဆင့်ကို ရောက်ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်”

ရှန်စီရွှမ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရလေပြီ။ အလယ်အလတ်ဆင့်ဝိညာဉ်လက်နက်ဆိုသည်မှာ ထူးခြားလှသည်မဟုတ်သော်လည်း ကျန်းဝမ်အာမှာ မည်မျှ ငယ်သေးသနည်း။ အချိန်တစ်ခု ပေးလိုက်ပါက သူမ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေပေလိမ့်မည်။

သူသည် ကျန်းဝမ်အာကို လက်ထပ်ပွဲအတွက် အသုံးချခံရမည့် ကိရိယာတစ်ခုအဖြစ် ယူဆထားခဲ့သော အရင်အတွေးကို ချက်ချင်းပင် ပြောင်းလဲလိုက်လေသည်။ သူမကို မိသားစုက အကာအကွယ် အလွန်အကျွံ ပေးထားခြင်းမှာ သူမ၏ လက်နက်သွန်းလုပ်ခြင်း ပါရမီကြောင့် ဖြစ်နိုင်ပေသည်။ သို့သော် ဤအရာများမှာ ကျန်းဝမ်အာ၏ တစ်ဖက်သတ် ပြောစကားများသာ ဖြစ်ပေသည်။ သူမတွင် အလယ်အလတ်ဆင့်ဝိညာဉ်လက်နက်များကို သွန်းလုပ်နိုင်စွမ်း တကယ်ရှိ၊ မရှိကို စမ်းသပ်ရန် အခွင့်အရေး ရှာရပေဦးမည်။

ထိုသို့ တွေးမိရင်း ရှန်စီရွှမ်သည် လက်နက်သွန်းဖို ရောင်းသူအား တည်ငြိမ်သော အသံဖြင့် တိုက်ရိုက် မေးလိုက်လေသည်။ “ဒီလက်နက်သွန်းဖိုက ဘယ်လောက်လဲ”

ဆိုင်ပိုင်ရှင်က ခေါင်းမော့ကာ ရှန်စီရွှမ်နှင့် မုန့်ဝမ်ကို စူးစမ်းကြည့်လိုက်လေသည်။ မည်သူက ဝယ်မည့်သူမှန်း မသေချာသော်လည်း စျေးကို အဆမတန် တောင်းဆိုခြင်းမှမူ မတားဆီးနိုင်ခဲ့ချေ။

သူက ဝင့်ဝါစွာဖြင့် “ဒီလက်နက်သွန်းဖိုကို နတ်လက်နက်ရုံ က လူအတော်များများကို သတ်ပြီးမှ လုယူလာခဲ့ရတာပါ။ ဒါကို ဖလှယ်ချင်ရင်တော့ အရည်အသွေးမြင့် ဝိညာဉ်လက်နက် နှစ်ခု ဒါမှမဟုတ် ထူးခြားတဲ့ အစွမ်းသတ္တိရှိတဲ့ ကျင့်စဉ်တစ်ခုခုနဲ့မှ အရောင်းအဝယ် ဖြစ်မယ်” ဟု ဆိုလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်က မျက်မှောင်ကြုတ်လိုက်မိချေ၏။ ဤအရည်အသွေးမြင့် လက်နက်သွန်းဖိုမှာ အရည်အသွေး ကောင်းမွန်သော်လည်း မသန့်ရှင်းသောခိုးရာပါ ပစ္စည်းဖြစ်ပေသည်။ တောင်းဆိုသည့် စျေးမှာလည်း သူ သတ်မှတ်ထားသည့် အတိုင်းအတာထက် ပိုများနေပေသည်။

“ခင်ဗျား တောင်းတဲ့စျေးက ရိုးသားမှု လုံးဝ မရှိဘူးပဲ။ အဲဒီလောက် စျေးပေးနိုင်ရင်တော့ မြို့စားမင်းရဲ့ ဘဏ္ဍာတိုက်ကို တိုက်ရိုက်သွားဝယ်တာ ပိုကောင်းဦးမယ်”

မုန့်ဝမ်ကလည်း “စီရွှမ်အစ်ကို...... ကျွန်မအတွက်နဲ့ ဒီလောက်အများကြီး အကုန်အကျ မခံပါနဲ့။ ဒီလက်နက်သွန်းဖိုကို မဝယ်တော့ပါဘူး” ဟု ဆိုလိုက်လေသည်။

သူတို့နှစ်ဦး လက်လျှော့မည့် အမူအရာ ပြနေသည်ကို မြင်သောအခါ ဆိုင်ပိုင်ရှင်မှာ စိုးရိမ်သွားပြီး အမြန်ပင် ပြောလိုက်လေသည်။

“ဒါက ခိုးရာပါ ပစ္စည်းဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လက်နက်သွန်းဖိုဆိုတာ ကိုယ်ပိုင် လက်နက်သွန်းလုပ်ဖို့အတွက်ပဲ သုံးတာလေ...... ဘယ်သူကများ ဒါကို လူမြင်ကွင်းမှာ ထုတ်ပြမှာမို့လို့လဲ”

ဤနေရာတွင် ဆိုင်ပိုင်ရှင်က အလျှော့အတင်း အနည်းငယ် လုပ်လိုက်လေသည်။

“ဒါပေမဲ့ တကယ် ဝယ်ချင်တာဆိုရင်တော့ စျေးကို အနည်းငယ် လျှော့ပေးပါ့မယ်။ ဒီလိုလုပ်ရင် ဘယ်လိုလဲ.. ဒီအရောင်းအဝယ် ဖြစ်မယ်ဆိုရင် ကျွန်တော့်ဆိုင်ထဲက တခြား ပစ္စည်းတစ်ခုခုကို အပိုဆုအဖြစ် ရွေးယူလို့ ရစေရမယ်”

ဆိုင်ပေါ်ရှိ တခြားပစ္စည်းများမှာ လက်နက်သွန်းဖိုလောက် တန်ဖိုးမကြီးသော်လည်း သာမန်ပစ္စည်းများတော့ မဟုတ်ကြချေ။ ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်၏ မျက်နှာမှာ အတော်ပင် ပျော့ပြောင်းသွားခဲ့လေပြီ။ သူသည် သူ၏ သိုလှောင်အိတ် ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ဆိုင်ပိုင်ရှင်အား ကမ်းပေးလိုက်လေသည်။

“ဒီကျင့်စဉ်ကိုရော စိတ်ကျေနပ်မှု ရှိရဲ့လား”

ဆိုင်ပိုင်ရှင်က ကျင့်စဉ်ကို ယူကာ အမြန်ဖတ်ကြည့်ပြီးနောက် အံ့သြဝမ်းသာနေသည့် အမူအရာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။

“ရပါတယ်...... ရပါတယ်......။ ဒီကျင့်စဉ်ကို ကျွန်တော် ယူမယ်။ လက်နက်သွန်းဖိုက သခင်မလေးအတွက်ပဲ တခြား ပစ္စည်းတစ်ခုကိုလည်း ထပ်ရွေးနိုင်ပါသေးတယ်”

ရှန်စီရွှမ်က လက်နက်သွန်းဖိုကို ယူကာ သေချာစွာ စစ်ဆေးပြီးနောက် ဘာချို့ယွင်းချက်မျှ မရှိသည်ကို အတည်ပြုပြီးမှ မုန့်ဝမ်အား ကမ်းပေးလိုက်လေသည်။

“စီရွှမ်အစ်ကို... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်...... ကျွန်မ မယူရဲပါဘူး”

မုန့်ဝမ်က ခေါင်းကို အတွင်တွင် ခါယမ်းရင်း အကြိမ်ကြိမ် ငြင်းပယ်နေခဲ့လေသည်။ ရှန်စီရွှမ်ကမူ သူမကို အတင်းအကျပ် ပေးနေခဲ့ချေ၏။ မုန့်ဝမ် အမှန်တကယ် အရည်အသွေးလတ် ဝိညာဉ်လက်နက် သွန်းလုပ်နိုင်ခြင်း ရှိ၊ မရှိကို သူ အတည်ပြုလိုသောကြောင့်ပင်။

“ငါ ပေးတာကို ယူထားလိုက်ပါ။ ငါပေးတဲ့ လက်နက်သွန်းဖိုနဲ့ ဝမ်အာညီမလေးက ငါ့အတွက် ဝိညာဉ်လက်နက်တစ်ခု သွန်းလုပ်ပေးမယ်ဆိုရင် အဲဒါက တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ အရာ ဖြစ်မှာပါ”

မုန့်ဝမ်မှာ ထပ်မံ ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့သဖြင့် လက်နက်သွန်းဖိုကို လိမ္မာစွာပင် သိမ်းဆည်းလိုက်လေတော့သည်။ ရှန်စီရွှမ်သည် ဆိုင်ထဲမှ တန်ဖိုးရှိသော သတ္တုရိုင်းတစ်ခုကို ရွေးယူလိုက်ပြီးနောက် မုန့်ဝမ်ကို လက်နက်သွန်းလုပ်ရာတွင် လိုအပ်သည့် ကိရိယာများနှင့် ကုန်ကြမ်းများ ကို ထပ်မံ ဝယ်ယူပေးခဲ့ရာ စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်သောင်းခန့် ကုန်ကျခဲ့ချေ၏။

မုန့်ဝမ်မှာ အလွန်ပင် ပျော်ရွှင်နေခဲ့လေပြီ။ သူမသည် မူလက သာမန်ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ဟန်ယွဲ့မြို့ထဲသို့ သတင်းနှိုက်ရန်အတွက် အဖွဲ့ဖွဲ့ဝင်လာခဲ့ခြင်းသာ ဖြစ်ပေသည်။ သူမ၏ လူကဲခတ်မှုမှာ ဤမျှ မှန်ကန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဤရှန်စီရွှမ်မှာ အင်အားကြီးရုံတင်မကဘဲ ငွေကြေးလည်း အလွန်ပင် ချမ်းသာလှပေသည်။

အကယ်၍ ဤလက်နက်သွန်းဖိုကို ဝိညာဉ်ကျောက်တုံးနှင့် ဝယ်ရမည်ဆိုပါက အနည်းဆုံး သုံးသောင်းခန့် ကျသင့်မည်ဖြစ်ပြီး တခြားသော ကိရိယာများနှင့် ကုန်ကြမ်းများကိုမူ ထည့်ပင် မတွက်ရသေးချေ။ ရှန်စီရွှမ်က သူမအပေါ်တွင် အစီအစဉ်တစ်ခုခု ရှိနေပုံရသော်လည်း ဤလောကတွင် မည်သူကများ မကောင်းသော ရည်ရွယ်ချက် မရှိဘဲ နေကြသနည်း။

တစ်ပတ်ပတ်ကြည့်ပြီးနောက် ပစ္စည်းဖလှယ်ပွဲကြီးတွင် လေလံဆွဲသည့်နေရာသာ သွားရန် ကျန်တော့ပေသည်။ ရှန်စီရွှမ်က မုန့်ဝမ်ကို လေလံဆွဲသည့်နေရာသို့ ခေါ်သွားပြီးနောက် လေလံပစ္စည်းစာရင်းကို တစ်ချက်ကြည့်လိုက်ကာ စိတ်ဝင်စားမှုမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေပြီ။

ဤနေရာတွင် အဖိုးတန်ဆုံးအရာမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးမျှသာ ဖြစ်ပြီး လိမ်လည်ခံရမည့် အန္တရာယ်လည်း ရှိနေပေသည်။ အဆက်အသွယ်မရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန်အတွက် မိသားစုပိုင်ဆိုင်မှု အားလုံးကို ပုံအောပြီး လာရောက် လောင်းကစားကြခြင်း ဖြစ်ပေသည်။

ရှန်စီရွှမ်သည် လေလံစာရင်းကို ချထားလိုက်ပြီးနောက် မုန့်ဝမ်က အလွန်စိတ်ဝင်စားနေသည်ကို မြင်သောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။

“ဒီမှာရှိတဲ့ လေလံပွဲက အဆင့်အတန်း နိမ့်လွန်းပါတယ်.... လေလံပစ္စည်းတွေကလည်း သာမန်ပစ္စည်းတွေပဲလေ။ နောက်မှ အခွင့်အရေးရရင် တကယ့် လေလံပွဲအစစ်ကို ငါ ခေါ်သွားပြပါ့မယ်”

“တကယ်လား.....”

မုန့်ဝမ်မှာ ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရလေသည်။ ဟန်ယွဲ့မြို့တွင် လေလံပွဲများ ရှိသည်မှာ မှန်သော်လည်း ထိုပွဲများသို့ တက်ရောက်ရန် အရည်အချင်းမှာ ရရှိရန် အလွန်ခက်ခဲလှပေသည်။ သူမသည် အဆက်အသွယ် မရှိမည်ကို စိုးရိမ်နေခဲ့သော်လည်း ရှန်စီရွှမ်က လေလံပွဲ လက်မှတ်များကိုပင် ရရှိနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဒါပေါ့...... လေလံပွဲ လက်မှတ်ဆိုတာ ရှားပါးတဲ့အရာမှ မဟုတ်တာ။ ဒါပေမဲ့ အခုလောလောဆယ်တော့ သတင်းအချက်အလက် ဖလှယ်တဲ့နေရာကို အရင်သွားကြည့်ရအောင်...... ငါတို့လိုချင်တဲ့ သတင်းတစ်ခုခု ရှိနေမလားပေါ့”

သတင်းအချက်အလက် ဖလှယ်သည့်နေရာ၏ အပြင်ဘက်တွင် ရှန်စီရွှမ်က မုန့်ဝမ်အား ညွှန်ကြားချက်အချို့ ပေးပြီးနောက် တစ်ဦးတည်း ဝင်သွားခဲ့လေသည်။ မကြာမီမှာပင် ရှန်စီရွှမ် ပြန်ထွက်လာပြီး မုန့်ဝမ်ကို ကြည့်ကာ ခေါင်းအသာ ခါပြလိုက်လေသည်။

မုန့်ဝမ်က ထိုအချက်ကို သတင်းမရှိခြင်းဟု နားလည်လိုက်လေသည်။ သူမသည် အတင်းအပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ရှန်စီရွှမ်ကို ပြန်လည် နှစ်သိမ့်လိုက်လေသည်။ “ရပါတယ်...... မျှော်လင့်ချက် သိပ်မရှိဘူးဆိုတာ ကျွန်မ သိပြီးသားပါ။ ဒါက သမီးတစ်ယောက်အနေနဲ့ မိဘအပေါ် ကျေးဇူးဆပ်ချင်ရုံ သက်သက်ပါ”

သူမ၏ သိတတ်မှုကို မြင်သောအခါ ရှန်စီရွှမ်က နှုတ်ခမ်းကို စေ့လိုက်ရင်း “ကိစ္စတွေလည်း ပြီးပြီဆိုတော့ ပြန်ကြရအောင်” ဟု ဆိုလိုက်လေသည်။

သူတို့နှစ်ဦး အိမ်ရာဝင်းသို့ ပြန်ရောက်လာကြချေပြီ။ ရှန်စီဟန်သည် အပြင်မှ လှုပ်ရှားသံကို ကြားသည်နှင့် အခန်းထဲမှ ထွက်လာပြီး သူတို့နှစ်ဦးကြားကို အကြည့်များဖြင့် ဝေ့ဝဲကြည့်နေလေတော့သည်။

“အိုး...... အိုး...... အိုး...... အပြင်မှာ ဒီလောက်အကြာကြီး နေခဲ့ပြီးမှ ပြန်ရောက်လာကြတာကိုး”

မုန့်ဝမ်မှာ သူမ၏ အကြည့်ကြောင့် အတော်ပင် ရှက်သွားပုံရပြီး မျက်လုံးများကို ဟိုဟိုဒီဒီ လွှဲလိုက်ရင်း “ကျွန်မတို့...... ကျွန်မတို့ အပြင်မှာ လမ်းခဏ လျှောက်ထွက်ရုံပါပဲ” ဟု ဆိုလိုက်လေသည်။

ရှန်စီဟန်ကမူ သူမကို အလွယ်တကူ လွှတ်ပေးမည့်ပုံ မရှိဘဲ စနောက်လိုက်လေသည်။ “လမ်းခဏ လျှောက်တာကို နာရီပေါင်းများစွာ ကြာသွားတယ်ပေါ့လေ။အမှန်အတိုင်း ဝန်ခံစမ်းပါ...... အစ်မနဲ့ ကျွန်မအစ်ကိုတို့ ဘာတွေလုပ်ခဲ့ကြလဲ”

All Chapters