တိုက်ပွဲကွင်းပြင်
Vol. 7 Ch. 68
“စီဟန်...”
နောက်ဆုံးတွင် ရှန်စီရွှမ် က ဝင်ရောက်တားဆီးပေးလိုက်သဖြင့် မုန့်ဝမ် တစ်ယောက် လွတ်မြောက်သွားခဲ့ရချေ၏။ “ဝမ်အာညီမလေးက တစ်နေ့လုံး ပစ္စည်းဝယ်လာရလို့ ပင်ပန်းနေပြီ။ သူ့ကို ထပ်ပြီး မစပါနဲ့တော့။ ဝမ်အာညီမလေး...... သွားပြီး အနားယူလိုက်ပါဦး”
ရှန်စီဟန် က နှုတ်ခမ်းဆူလိုက်လေသည်။ ‘မရီးရရင် ညီမကို မေ့တတ်တယ်’ ဆိုတာ အမေ ပြောတဲ့အတိုင်းပါပဲလား... အစ်ကိုက တကယ့်ကို လက်တွေ့ဆန်လွန်းတာပဲ”
သို့သော်လည်း သူမသည် အခြေအနေ၏ အရေးကြီးပုံကို သိထားသဖြင့် ကျန်းဝမ်အာ ကို ဆက်၍ မစတော့ချေ။ အနောက်ဘက် အခန်းထဲသို့ ထွက်ပြေးသလို ဝင်သွားသော သူမကို ကြည့်ပြီးနောက် ရှန်စီဟန်သည် ရှန်စီရွှမ်၏ အခန်းထဲသို့ လိုက်ဝင်သွားလေသည်။ အစီအရင် ကို အသက်သွင်းပြီးကြောင်း အတည်ပြုပြီးနောက် သူမသည် အစ်ကိုဖြစ်သူကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။
“အစ်ကို...... အစ်ကို့ရဲ့ တိုးတက်မှုက အရမ်းမြန်တာပဲ။ ကျွန်မတောင် အစ်ကို့အတွက် စိုးရိမ်နေမိတာ...... အခုတော့ အပိုတွေ ဖြစ်ကုန်ပြီ။ ဒီအတိုင်းသာဆိုရင် နောက်ထပ် နှစ်ပတ်တောင် မကြာဘူး...... ကျန်းဝမ်အာရဲ့ စိတ်ကို အပိုင်ဖမ်းနိုင်မှာ သေချာတယ်”
ရှန်စီရွှမ်မှာ ထိုစကားကြောင့် အနည်းငယ် အနေခက်သွားသဖြင့် ချောင်းတစ်ချက် ဟန့်လိုက်လေသည်။
“ကျန်းဝမ်အာကို ငါ့အပေါ် စိတ်ဝင်စားလာအောင် လုပ်ရုံနဲ့ မလုံလောက်သေးဘူး...သူ့ကို ဂရုစိုက်ပေးဖို့လည်း လိုသေးတယ်။ ဒါပေမဲ့ သူက တကယ့်ကို အေးအေးဆေးဆေး နေတတ်တဲ့သူဆိုတော့ ငါတောင် သူ့ကို နည်းနည်း သနားမိသလိုပဲ။ ငါ ဘာလုပ်ရမလဲဆိုတာ သိပါပြီ”
“အစ်ကို နားလည်သွားရင် ပြီးတာပါပဲ။ ကျွန်မက အစ်ကို့ညီမ ဆိုပေမဲ့ ဒီလိုကိစ္စမျိုးမှာတော့ အများကြီး ကူညီပေးလို့ မရဘူးလေ။ ဒါပေမဲ့ ဒီကိစ္စ အောင်မြင်သွားရင်တော့ အဖေနဲ့ အမေရှေ့မှာ ကျွန်မအတွက် ကောင်းကောင်း ပြောပေးဖို့ မမေ့နဲ့ဦးနော်”
“စိတ်ချပါ...... နင်လည်း အကျိုးအမြတ် ရမှာပါ”
ရှန်စီရွှမ်က ပြုံးရင်း ခေါင်းခါလိုက်ပြီးနောက် ယနေ့ သူ စုဆောင်းရရှိခဲ့သော သတင်းအချက်အလက်များကို ညီမဖြစ်သူအား ပြောပြလိုက်လေသည်။ အရေးကြီးသော ကိစ္စများသို့ ရောက်သောအခါ ရှန်စီဟန်၏ အမူအရာမှာ တည်ကြည်သွားခဲ့ချေ၏။
“ကျင့်ကြံခြင်းဂူက မပွင့်သေးဘူး...... သတင်းက ပျံ့နေပြီဆိုတော့တစ်ယောက်ယောက်က သတင်းကို တမင် ဖြန့်လိုက်တာ သေချာသလောက် ရှိနေပြီ”
ရှန်စီရွှမ်က နိဂုံးချုပ်လိုက်လေသည်။ “ငါတို့ မျိုးနွယ်စုရဲ့ အဓိက အင်အားက ဟန်ယွဲ့မြို့မှာ ရှိမနေဘူး။ အခုလို ရောနောက်သွားတာက ငါတို့အတွက်တော့ တကယ်တမ်း အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး”
ရှန်စီဟန်က တခြားသော သတင်းများကို ထပ်မံမေးမြန်းပြီးနောက် ကျန်းဝမ်အာနှင့် ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံများကို စပ်စုလေသည်။ ရှန်စီရွှမ်က ကျန်းဝမ်အာမှာ လက်နက်သွန်းလုပ်သူ တစ်ဦးဖြစ်ကြောင်းနှင့် သူမအတွက် လက်နက်သွန်းဖို ဝယ်ပေးခဲ့ကြောင်း အပါအဝင် အသေးစိတ်အချက်အလက် အားလုံးကို ပြောပြလိုက်လေသည်။
ရှန်စီဟန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် “ကောင်းတာပေါ့...... ဘာပဲဖြစ်ဖြစ် ကျန်းဝမ်အာက ငါတို့ လက်ခုပ်ထဲက ရေပဲ။ သူ သေသွားရင်တော့ ဒီပစ္စည်းတွေ အားလုံးက ငါတို့ဆီ ပြန်ရောက်လာမှာပဲလေ” ဟု ဆိုလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်မှာ မျက်မှောင်ကြုတ်လိုက်မိချေ၏။ ကျန်းဝမ်အာမှာ မကြာမီ သူ၏လက်ထဲတွင် သေဆုံးရတော့မည်ဟု တွေးမိသောအခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသောကြောင့်ပင်။ ရှန်စီဟန်က သူ၏ တုံ့ပြန်မှုကို သတိထားမိပြီး ပြုံးလိုက်လေသည်။ အစ်ကိုဖြစ်သူမှာ တကယ့်ကို အံ့သြစရာ ကောင်းလှပေသည်။ ဆုံးဖြတ်ချက်ချပြီး တစ်ရက်အတွင်းမှာပင် သံယောဇဉ် အနည်းငယ် တွယ်နေခဲ့ချေပြီ။ သူမအနေဖြင့် အားကျမိသလို မနာလိုစိတ်လည်း အနည်းငယ် ဖြစ်ပေါ်လာခဲ့လေသည်။
အကယ်၍ သူမသာ ဓားသိုင်းပါရမီ ရှိသူ ဖြစ်ခဲ့လျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ရှန်စီဟန်သည် သူမ၏ မနာလိုစိတ်ကို ဖုံးကွယ်ရန် မျက်လုံးများကို နှိမ့်ချလိုက်ပြီး တိတ်တဆိတ်ပင် သူမ၏ အခန်းသို့ ပြန်သွားခဲ့လေတော့သတည်း။
လမင်းမှာ ကောင်းကင်ယံထက်တွင် တောက်ပစွာ ထွန်းလင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေသည်။ အနောက်ဘက် အခန်း၏ တံခါးမှာ အသံမထွက်ဘဲ ပွင့်လာခဲ့ချေ၏။ လေတိုးသံတစ်ခုနှင့်အတူ လူရိပ်တစ်ခု ထွက်ခွာသွားပြီးနောက် တံခါးမှာ အသာအယာ ပြန်ပိတ်သွားခဲ့လေသည်။
မုန့်ဝမ်သည် အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး ရှန်စီရွှမ်နှင့် ရှန်စီဟန်တို့၏ အခန်းများကို အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်လေသည်။ ထို့နောက် သူမ၏ အရှိန်အဝါဖုံးလွှမ်းသည့် ဝတ်ရုံ ကို ဝတ်ဆင်ကာ အိမ်ရာဝင်းအတွင်းမှ ထွက်ခွာခဲ့လေတော့သည်။
ညနက်ပိုင်း ဖြစ်သဖြင့် လမ်းမပေါ်တွင် ကင်းစောင့်သမားများ၊ ကင်းလှည့်စစ်သည်များနှင့် သောက်စားမူးယစ်ပြီး ပြန်လာသော ကျင့်ကြံသူ အနည်းငယ်သာ ရှိပေသည်။ သူမသည် လမ်းကြောင်းကို လွန်ခဲ့သောညကတည်းက စူးစမ်းထားပြီးဖြစ်ရာ ယနေ့ သွားရသည်မှာ အလွန်ပင် ကျွမ်းကျင်နေခဲ့ချေပြီ။
မုန့်ဝမ်သည် မျက်နှာဖုံးကို တပ်ဆင်ကာ ဝတ်ရုံဖြင့် တစ်ကိုယ်လုံးကို ဖုံးကွယ်လျက် သူမ၏ ဦးတည်ရာသို့ ဦးတည်ခဲ့လေသည်။ လမ်းကြားငယ် အနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ဟောင်းနွမ်းနေသော အိမ်ရာဝင်းတံခါးတစ်ခုကို တွန်းဖွင့်ကာ ဝင်းအတွင်းရှိ ရေတွင်းအဟောင်းထဲသို့ ခုန်ဆင်းလိုက်လေသည်။ ရေတွင်းအတွင်းရှိ လှည့်ပတ်နေသော လျှို့ဝှက်လမ်းကြောင်းအတိုင်း အောက်သို့ ဆင်းသွားပြီးနောက် မြေအောက် တိုက်ပွဲကွင်းပြင်ကြီးအတွင်းသို့ ရောက်ရှိသွားခဲ့လေတော့သည်။
မုန့်ဝမ် ရောက်ရှိသွားချိန်မှာ အလွန်ပင် သင့်တော်လှပေသည်။ ကွင်းပြင်အတွင်းရှိ အခြေအနေမှာ အလွန်ပင် သက်ဝင်လှုပ်ရှားနေပြီး စင်ပေါ်ရှိ ကျင့်ကြံသူနှစ်ဦးမှာလည်း ပြင်းထန်သော တိုက်ပွဲအတွင်းသို့ ရောက်ရှိနေကြချေပြီ။ ကွင်းပြင်အတွင်းရှိ လူအများစုမှာ မျက်နှာဖုံးများ တပ်ဆင်ထားကြသော်လည်း မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသော ကျင့်ကြံသူ အချို့မှာမူ သူတို့၏ မျက်နှာအစစ်အမှန်ကို ထုတ်ပြထားကြလေသည်။
မုန့်ဝမ်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လည် လွှဲဖယ်လိုက်လေသည်။ သူမသည် မှတ်ပုံတင်သည့် စားပွဲဆီသို့ လျှောက်သွားကာ ငွေရောင်တံဆိပ်ပြား တစ်ခုကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်လေသည်။ မှတ်ပုံတင်သည့် ကျင့်ကြံသူသည် ငွေရောင်တံဆိပ်ပြားကို မြင်သည်နှင့် ချက်ချင်းပင် တည်ကြည်သွားပြီး မုန့်ဝမ်ကို သေချာစွာ စိုက်ကြည့်လိုက်လေသည်။
ဤ အသူရာ တိုက်ပွဲကွင်းပြင်ကို မြေအောက်တွင် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။ ဤနေရာသို့ ရောက်ရှိလာသော ကျင့်ကြံသူ အားလုံးသည် ဝိညာဉ်ကျောက်တုံး အချို့ကို ပေးဆောင်ပြီးနောက် တိုက်ပွဲများတွင် ပါဝင်နိုင်ပေသည်။ တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်သည်နှင့် မိမိ၏ အသက်ရှင်သန်မှုအတွက် မိမိကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်ပြီး အနိုင်ရရှိသူက ရှုံးနိမ့်သူ ကျင့်ကြံသူ၏ ပိုင်ဆိုင်မှု အားလုံးကို ယူဆောင်နိုင်ပေသည်။
ဤကွင်းပြင်တွင် စည်းမျဉ်းများ ရှိပေသည်။ စုစုပေါင်း အနိုင်ရရှိမှု အကြိမ် ၃၀ ကျော်ပါက ကြေးတံဆိပ်ပြား ကို ရရှိမည်ဖြစ်ပြီး သေဒဏ်မှ တစ်ကြိမ် ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပေသည်။ အနိုင်ရရှိမှု အကြိမ် ၁၀၀ ကျော်ပါက သံနက်တံဆိပ်ပြား သို့ အဆင့်တိုးမြှင့်ခံရမည်ဖြစ်ပြီး သေဒဏ်မှ သုံးကြိမ် ကင်းလွတ်ခွင့်နှင့် အခွင့်အရေးအချို့ ရရှိမည် ဖြစ်ပေသည်။ အနိုင်ရရှိမှု အကြိမ် ၃၀၀ ကျော်ပါက ငွေရောင်တံဆိပ်ပြားသို့ အဆင့်တိုးမြှင့်ခံရမည်ဖြစ်ပြီး သေဒဏ်မှ ငါးကြိမ် ကင်းလွတ်ခွင့်နှင့် ပိုမိုများပြားသော အခွင့်အရေးများကို ရရှိမည် ဖြစ်ပေသည်။
မုန့်ဝမ်သည် ငွေရောင်တံဆိပ်ပြားကို ကိုင်ဆောင်ထားသူဖြစ်ရာ အသူရာ တိုက်ပွဲကွင်းပြင်၏ ဌာနခွဲအမျိုးမျိုး တည်ရှိရာနေရာကို ကောင်းစွာ သိရှိထားသဖြင့် ဤနေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
“နှုတ်ခွန်းဆက်သပါတယ် လေးစားအပ်တဲ့ ငွေရောင်တိုက်ခိုက်ရေးသမား .... တိုက်ပွဲဝင်ဖို့ လာတာလား၊ ဒါမှမဟုတ် ရမှတ်တွေကို ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ လာလဲတာလား”
“တိုက်ပွဲအတွက် စီစဉ်ပေးပါ”
မုန့်ဝမ်က စားပွဲကို ခေါက်လိုက်ရင်း ဝိညာဉ်ကျောက်တုံး အိတ်ငယ်လေးကို ကမ်းပေးလိုက်လေသည်။ “ငါ့အတွက် သေဒဏ်ကင်းလွတ်ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြိုင်ဘက်တစ်ယောက်ကို ရှာပေးပါ”
မှတ်ပုံတင်သည့် ကျင့်ကြံသူက ဝိညာဉ်ကျောက်တုံးများကို ကျွမ်းကျင်စွာပင် သိမ်းဆည်းလိုက်ပြီး နားလည်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်လေသည်။
“ကောင်းပါပြီ...... အခုပဲ မှတ်ပုံတင်ပေးပါ့မယ်။ မကြာခင်မှာ ပြိုင်ဘက်ကို ရှာပေးသွားပါ့မယ်”
စီစဉ်ပြီးနောက် သူသည် ငွေရောင်တံဆိပ်ပြားကို မုန့်ဝမ်ထံ ပြန်ပေးလိုက်လေသည်။
“ပြိုင်ဘက် ရှာတွေ့ပါပြီ။ ဟိုဘက်က အလင်းမျက်နှာပြင်ကို သတိထားကြည့်ပေးပါ။ အစ်မရဲ့ အမှတ်စဉ် ခေါ်တဲ့အခါ ကွင်းပြင်ထဲကို အချိန်မီ ဝင်ပေးဖို့ မမေ့ပါနဲ့။ အချိန်မီ မဝင်နိုင်ရင်တော့ ရမှတ်တစ်ထောင် ဖြတ်တောက်ခံရမှာဖြစ်သလို နောက်ထပ် သုံးနှစ်အထိ ဒီကွင်းပြင်ကို ဝင်ခွင့်ပိတ်ပင်ခံရမှာပါ”
မုန့်ဝမ်သည် ငွေရောင်တံဆိပ်ပြားကို သိမ်းလိုက်ပြီး အလင်းမျက်နှာပြင်ကို ကြည့်လိုက်လေသည်။ သူမ၏ အလှည့်ရောက်ရန် နောက်ထပ် အလှည့်အနည်းငယ် လိုသေးပေသည်။ အားနေသည်ဖြစ်ရာ သူမသည် ကွင်းပြင်၏ ထောင့်တစ်နေရာရှိ ယာယီ အရောင်းအဝယ် နယ်မြေသို့ လျှောက်သွားကာ ဆိုင်းဘုတ်တစ်ခုကို ယူ၍ သူမ လိုချင်သော အရာနှင့် သူမ လဲလှယ်လိုသော အရာကို ရေးသားလိုက်လေသည်။
“အခြေခံတည်ဆောက်ခြင်းဆေးလုံး ” ဆိုသည့် စာလုံး သုံးလုံးမှာ ချက်ချင်းပင် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။ လူအတော်များများက မုန့်ဝမ်တွင် အခြေခံတည်ဆောက်ခြင်းဆေးလုံး အမှန်တကယ် ရှိ၊ မရှိကို မသိမသာ စူးစမ်းနေကြချေ၏။ အမှန်တကယ်တော့ ဤမြေအောက် တိုက်ပွဲကွင်းပြင်သည် တခြားသော နေရာများနှင့် မတူပေ။ ဤနေရာရှိ အရောင်းအဝယ်မှာ လွတ်လပ်သော်လည်း မည်သည့် အင်အားစုကမျှ အာမခံချက် ပေးထားခြင်း မရှိချေ။ အကယ်၍ လိမ်လည်ခံရလျှင် မိမိကိုယ်ကိုသာ အပြစ်တင်ရပေလိမ့်မည်။
“ဟဲဟဲ...... အရှင်မင်းကြီးမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး ရှိတာတောင် ကိုယ်တိုင်မသုံးဘဲနဲ့ လာလဲတယ်ဆိုတော့ တကယ့်ကို ထူးဆန်းတာပဲ”
တစ်စုံတစ်ယောက်က တမင် အသံကို နှိမ့်ကာ မုန့်ဝမ်၏ တုံ့ပြန်မှုကို သိရှိနိုင်ရန် စမ်းသပ်စကား ဆိုလိုက်လေသည်။ မုန့်ဝမ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ဆေးလုံးအမှုန့် အနည်းငယ်ကို သူမရှေ့တွင် ချပြလိုက်ကာ အခြားသူများအား စစ်ဆေးခွင့် ပေးလိုက်လေသည်။
“ကျွန်တော် တစ်ခါက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သုံးဖူးပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မအောင်မြင်ခဲ့ဘူး....ဒီဆေးမှုန့်ရဲ့ အနံ့ကတော့ တကယ့် အစစ်အမှန်အတိုင်းပဲ”
တစ်စုံတစ်ယောက်က ဆေးမှုန့်ကို အသာအယာ ပွတ်ကြည့်ရင်း မသေချာသော လေသံဖြင့် ဆိုလိုက်လေသည်။ တခြားတစ်ယောက်ကမူ ဆေးမှုန့်ကို အနံ့ခံကြည့်ပြီးနောက် ဘာမှမပြောဘဲ နေနေခဲ့လေသည်။ လူတိုင်းက စောင့်ကြည့်နေကြသော်လည်း မည်သူမျှ ဇွတ်အတင်း မလုပ်ကြချေ။
အဘယ်ကြောင့်ဆိုသော် မုန့်ဝမ်သည် အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် လဲလှယ်ရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသော ပစ္စည်းတစ်ခုကိုသာ လက်ခံမည်ဟု ရှင်းလင်းစွာ ရေးသားထားသောကြောင့်ပင်။ အခြေခံတည်ဆောက်ခြင်းအဆင့် ပစ္စည်းများမှာ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတိုင်းအတွက် ရတနာများ ဖြစ်ကြပေသည်။ စကားသွားပြောပြီးနောက် အရောင်းအဝယ် မဖြစ်ခဲ့လျှင် ကိစ္စမရှိသော်လည်း မိမိတွင် ထိုကဲ့သို့သော ရတနာ ရှိနေကြောင်း သူတစ်ပါး သိသွားပါက လိုချင်တပ်မက်သော အကြည့်များကို ပိုမို ဆွဲဆောင်မိပေလိမ့်မည်။
ထို့ကြောင့် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ လူအများအပြားက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို စိတ်ဝင်စားနေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ လဲလှယ်ရန် အဆိုမပြုခဲ့ကြချေ။ မုန့်ဝမ်ကမူ ဂရုမစိုက်ပေ။ သူမ၏ အလှည့်ရောက်ခါနီးပြီ ဖြစ်သဖြင့် သူမရှေ့ရှိ ဆေးမှုန့်များကို သိမ်းဆည်းကာ ယာယီ အရောင်းအဝယ် နယ်မြေမှ ထွက်ခွာခဲ့လေသည်။