ကြောက်ရွံ့မှု
Vol. 2 Ch. 28
ရွှေခေတ်ဟိုတယ်....အဆင့်မြင့်ဇိမ်ခံအခန်း၌
ယဲ့ပိုင်သည် ပြတင်းပေါက်ရှေ့တွင်ရပ်နေရင်း အပြင်ဘက်ရှိရှုခင်းများကို အေးအေးဆေးဆေးကြည့်ရှုနေခဲ့သည်။
နာရီဝက်ကျော်ကြာပြီးနောက်တွင်...ကောင်းကင်ကြီးက အရောင်ပြောင်းလဲသွားခဲ့သည်။
လမ်းမပေါ်ရှိ သွားလာနေသောကားများနှင့်လူများကလည်း တဖြည်းဖြည်းကျဲပါးသွားခဲ့သည်။
အဆောက်အဦးများက နဂိုအတိုင်းမပြောင်းမလဲရှိနေသေးသော်လည်း ယဲ့ပိုင်၏မျက်လုံးထဲရှိ ရှုခင်းသည် အတော်လေးကွဲပြားပေသည်။
ဥပမာအားဖြင့် လေထုထဲ၌ ထူးဆန်းသောအရာတစ်ခုရှိနေဆဲဖြစ်သည်။
ထိုအရာသည် အရောင်မဲ့၊အသွင်သဏ္ဍာန်ကင်းမဲ့ကာ ထိတွေ့နိုင်စွမ်းမရှိပေ။ထိုအရာသည် Qမြို့တစ်ခုလုံးအား အဆက်မပြတ်ပျံ့လွှင့်နေခဲ့ကာ အရာအားလုံးကိုမှတ်တမ်းတင်ထားပေသည်။
"ကျောက်မိသားစု..."
ပြတင်းပေါက်မှ လှမ်းကြည့်နေခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ အေးစက်စက်လေသံဖြင့် စကားလုံးအချို့ကို ပြောဆိုလိုက်သည်။
ထိုအခိုက်အတန့်တွင် အဆင့်မြင့်ဇိမ်ခံအခန်း၏ တံခါးကိုတွန်းဖွင့်လိုက်ပြီးနောက် ဝမ်အန်းက အခန်းထဲသို့ ညင်သာသောခြေလှမ်းများဖြင့် ဝင်ရောက်လာခဲ့သည်။
အခန်းထဲသို့ပြန်ဝင်လာပြီးနောက်တွင် သူသည် ယဲ့ပိုင်၏နောက်တွင် တလေးတစားမတ်တပ်ရပ်လိုက်သည်။
"သခင်...ခုလေးတင်ပဲ အမိန့်ပေးထားလိုက်ပါပြီ...နောက်ဆိုအပြင်ဘက်မှာ ဘာအသံမှကြားရမှာမဟုတ်တော့ဘူး"
"အင်း..."
ယဲ့ပိုင်က လျစ်လျူရှုထားသည့်လေသံဖြင့် ပြောလိုက်သည်။
သူသည် ပြတင်းပေါက်အပြင်ရှိ ရှုခင်းကိုကြည့်နေရင်း အချိန်တစ်နာရီက လျှပ်တပြက်ကုန်ဆုံးသွားခဲ့သည်။
"ကျောက်မိသားစုရဲ့စျာပနာအခမ်းအနားက တကယ်ကိုခမ်းနားကြီးကျယ်တာပဲ..."
ဇိမ်ခံအခန်းသည် မူလကတိတ်ဆိတ်ငြိမ်သက်နေသော်လည်း ယဲ့ပိုင်က ရုတ်တရက်စကားပြောလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်သည်။
ထိုစကားကိုကြားပြီးနောက်တွင် ဝမ်အန်း၏မျက်လုံးများသည် တောက်ပလာခဲ့သည်။
"သခင်...ကျောက်မိသားစုက ချမ်းသာပြီး သူတို့ရဲ့သြဇာအာဏာကို ကမ္ဘာတဝ်ဝှမ်းဖြန့်ကျက်ထားတယ်...ခုကျောက်မိသားစုအကြီးအကဲဖြစ်တဲ့ ကျောက်ပိုင်ရှန်ကွယ်လွန်တော့ သူ့စျာပနာကို ကြီးကြီးကျယ်ကျယိကျငိးပတာသဘာဝပါဘဲ"
"ဒီနေ့ လျှိုဇီယွမ်နဲ့ကျင်းရူဖန်တို့လည်း ကျောက်မိသားစုဆီရောက်လာခဲ့တယ်"
ယဲ့ပိုင်က လေသံတိုးတိုးလေးဖြင့် ဆက်ပြောလိုက်သည်။
ဝမ်အန်းသည် ထိုစကားကိုကြားသောအခါ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားခဲ့ပြီး သူ၏လေသံ၌ အနည်းငယ်ဒေါသထွက်နေသည့် အရိပ်အယောင်များ ပါဝင်လာခဲ့သည်။
"သခင်...သူတို့နှစ်ယောက်လုံးက ခွန်းလွန်တောင်ကို ရောက်မလာခဲ့ဘူး...အဲ့ဒါတောင် သူတို့နှစ်ယောက်က ခွန်းလွန်တောင်ကိုရောက်မလာခဲ့ဘူးပေါ့...သူတို့က ဒီအစေခံအိုကြီးကို မျက်လုံးထဲထည့်မထားဘူးပေါ့...သူတို့ကကျောက်ပိုင်ရှန်နဲ့ ပူးပေါင်းချင်နေတာ ထင်ရှားတာပဲ"
"ဖြစ်နိုင်တယ်..."
ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။
ဝမ်အန်းသည် ယဲ့ပိုင်၏အမူအရာကိုတွေ့မြင်ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း နားလည်သွားခဲ့ကာ စိတ်မတည်မငြိမ်ဖြစ်သွားခဲ့သည်။
"သခင်က ဘာကိုဆိုလိုချင်တာလဲ..."
အချိန်အတော်ကြာပြီးမှ ဝမ်အန်းကဆက်မေးလိုက်သည်။
"ကျောက်ခွန်ကိုမှတ်မိတယ်မလား..."
"မှတ်မိပါတယ်..."
"သူအခု သက်သာနေပြီ..."
"သခင်...ကျနော်နားလည်ပါပြီ..."
ထိုစကားကိုကြားပြီးနောက်တွင် ဝမ်အန်း၏မျက်လုံးများက အနည်းငယ်တောက်ပလာခဲ့ကာ သူ၏အကြည့်များက ယဲ့ပိုင်ကိုကျော်လွန်၍ ပြင်သစ်ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ တိတ်တဆိတ်ကြည့်နေခဲ့သည်။
ကျောက်ခွန်သက်သာလာပြီးနောက်တွင် သူသည် သက်ရှည်ဘုရားကျောင်း၌ ထိုနေ့ကသူမြင်တွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ကျိန်းသေပေါက် ပြန်ပြောမှာဖြစ်သည်။
ကျောက်မိသားစုမျိုးဆက်သစ်များသည် ဤအကြောင်းနှင့်ပတ်သက်၍ နားလည်မှုကင်းမဲ့နေလျှင်တောင်မှ ကျောက်ပိုင်ရှန်အသက်ရှင်နေသည်ဆိုလျှင် ဤကိစ္စသည် မည်သည်ကိုဆိုလိုကြောင်း ကောင်းစွာနားလည်သဘောပေါက်မှာဖြစ်သည်။
ဤသို့ဖြင့် အဆင့်မြင့်ဇိမ်ခံအခန်းက တဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
...
ခြေသုံးချောင်းနဂါးစံအိမ်တော်ရှိ လျှိ့ဝှက်အိမ်တော်အတွင်း၌...
ကျောက်ချန်စွင်သည် ကျောက်ခွန်ထံမှဖုန်းခေါ်ဆိုမှုကို ရရှိအပြီးတွင် သတင်းအချက်အလက်များစွာကို ရရှိပြီးနောက် တွန့်ဆုတ်မနေတော့ဘဲ ကျောက်ပိုင်ရှန်ထံသို့သွားရောက်ကာ သတင်းပို့ရန်ပြင်ဆင်ခဲ့သည်။
ကျောက်ချန်စွင်သည် လျှို့ဝှက်အိမ်ငယ်၏တံခါးကို တွန်းဖွင့်လိုက်ချိန်မှာပင် အခန်းထဲမှနေ၍ အေးစက်သည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။
"ချန်စွင်...လက်ရှိအခြေအနေက အထိအခိုက်မခံနိုင်ဘူး...အရေးကြီးတာတစ်စုံတစ်ခုမရှိရင် ဒီကိုမလာခဲ့နဲ့...ငါအသက်ရှင်နေသေးတယ်ဆိုတာ အခြားသူတွေသိကုန်ရင် ဒုက္ခရောက်လိမ့်မယ်"
ကျောက်ပိုင်ရှန်သည် ဆိုဖာပေါ်၌ထိုင်နေပြီး သူ၏လက်နှစ်ဖက်လုံးက ရွှေရောင်ချိုင်းထောက်ကို ကိုင်ထားပေသည်။သူ၏မျက်လုံးများက ခံစားချက်တစ်စုံတစ်ရာမရှိဘဲ ကျောက်ချန်စွင်ကို စိုက်ကြည့်နေခဲ့သည်။
ယနေ့သည် သူ၏စျာပနာပင်ဖြစ်သည်။
ခြေသုံးချောင်းနဂါးစံအိမ်သို့ မရေမတွက်နိုင်သော ဧည့်သည်များရောက်ရှိလာလေ့ရှိသည်။
အချို့သောလူများသည် ငိုယိုနေကြပြီး အချို့သည်ကား တိတ်ဆိတ်နေခဲ့ကြသည်။အချို့သောသူများသည်ကား အနာဂတ်၌ ပိုင်ဆိုင်မှုများနှင့်အာဏာခွဲဝေမှုအပိုင်းကို တိတ်တဆိတ်ဆွေးနွေးနေခဲ့ကြသည်။
ယခုလေးတင်ပဲ အိမ်တော်အနှံ့တပ်ဆင်ထားသည့် လျှို့ဝှက်ကင်မရာငယ်လေးများမှတဆင့် ၎င်းတို့၏အပြုအမူများကို ကျောက်ပိုင်ရှန်က လျှို့ဝှက်အိမ်ငယ်လေးမှတဆင့် တွေ့မြင်နေရသည်။
လက်ရှိအခြေအနေကိုကြည့်ပြီး သူသည်စိတ်အခြေအနေ ကောင်းမွန်နေခြင်းမရှိပေ။
ကျောက်ချန်စွင်သည် ထိုစကားကိုကြားချိန်တွင် ခဏရပ်တန့်သွားခဲ့သော်လည်း သူ၏တုံ့ပြန်မှုက အလွန်ပင်မြန်ဆန်နေဆဲဖြစ်သည်။ထို့နောက်သူက မဝံ့မရဲလေသံဖြင့် ပြောလိုက်သည်။
"ခွန်အာသက်သာလာပြီ အဖေ...သူကျနော့်ကိုဖုန်းခေါ်တယ်"
"ကျောက်ခွန်..."
ကျောက်ပိုင်ရှန်၏မျက်နှာအမူအရာသည် အနည်းငယ်ပြေလျော့သွားခဲ့သည်။
"ဟုတ်တယ်...ခွန်အာရဲ့အဆိုအရဆိုရင် သူသက်ရှည်ဘုရားကျောင်းကိုခေါ်ဆောင်သွားတဲ့ သက်တော်စောင့်တွေအကုန်လုံးက သေဆုံးသွားခဲ့တယ်...ဆရာဝန်က သူ့ရဲ့စိတ်ဝိညာဉ်က ပုံမှန်ဖြစ်နေပြီလို့ဆိုပေမဲ့ သူကထူးထူးဆန်းဆန်းစကားတွေပြောနေတုံးပဲ"
ကျောက်ချန်စွင်သည် ထိုသို့ပြောလာချိန်တွင် သူ၏လေသံက အနည်းငယ်ချီတုံချတုံဖြစ်နေဆဲဖြစ်သည်။
ကျောက်ပိုင်ရှန်အမုန်းဆုံးသောအရာမှာ ထင်မြင်ချက်အချို့နှင့် သတင်းမှားများအား နားထောင်ရခြင်းဖြစ်ကြောင်း သူကောင်းကောင်းသိထား၍ဖြစ်သည်။
သူသည် တိကျသည့်အချက်အလက်မရှိဘဲ ထိုအကြောင်းကိုမပြောဝံ့ပေ။
"ပြော..."
သူ၏ပင်ကိုယ်သိစိတ်က တစ်စုံတစ်ခုထူးခြားနေကြောင်း သတိပေးနေ၍ ကျောက်ပိုင်ရှန်က မျက်ခုံးပင့်လိုက်သည်။
"အဖေ...ခွန်အာကိုကြည့်ရတာခုထိကြောက်နေသလိုပဲ...သူ့ရဲ့အရင်စကားတွေအရဆိုရင် သူသက်ရှည်ဘုရားကျောင်းလို့ဝင်လိုက်တာနဲ့ ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ကို တွေ့ခဲ့တယ်လို့ပြောခဲ့တယ်"
ကျောက်ချန်စွင်က ခပ်မြန်မြန်ပြောလိုက်သည်။
ထိုစကားကိုပြောပြီးချိန်တွင် ကျောက်ချန်စွင်က ခေါင်းငုံ့ထားလိုက်သည်။သူသည် စကားကိုအဆုံးမသတ်ရသေးသော်လည်း ကျောက်ပိုင်ရှန်က သူ၏အဓိပ္ပါယ်မဲ့စကားကြောင့် ဆူပူကြိမ်းမောင်းမည်ကို စိုးရိမ်၍ ခေါင်းမမော့ဝံ့ခဲ့ပေ။
သို့သော်လည်း ထိုစကားကိုနားထောင်ပြီးချိန်တွင် ဆိုဖာပေါ်၌ထိုင်နေသော ကျောက်ပိုင်ရှန်သည် ပြင်းထန်စွာတုန်ရီသွားခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏အေးစက်နေသည့်မျက်လုံးများက ကြောက်ရွံ့မှုကြောင့်ကျုံ့ဝင်သွားခဲ့ကာ ရွှေနဂါးခေါင်းတပ်ချိုင်းထောက်ကို ကိုင်ထားသောလက်နှစ်ချောင်းမှ ချွေးများစီးကျလာခဲ့သည်။
ကျောက်ချန်စွင်သည် လေသံဖျော့ဖျော့ဖြင့် သူ၏စကားကိုဆက်ပြောလိုက်သည်။
"ခွန်အာလည်း နည်းနည်းတော့ထိတ်လန့်သွားပေမဲ့ သူလည်းအဲလူငယ်နဲ့ရန်ဖြစ်ခဲ့တယ်...သူကစကားနည်းနည်းလောက်ပြောပြီး ကျိန်ဆဲမိလိုက်တယ်...အဲချိန်မှာပဲ လူငယ်ကသူ့ရဲ့လက်ကိုဝှေ့ယမ်းလိုက်ပြီး သူနဲ့အတူပါလာတဲ့သက်တော်စောင့်တွေအားလုံးကို အဝတ်အစားတောင်မကျန် သွေးအမှုန်အမွှားတွေဖြစ်အောင် ဖျက်ဆီးပစ်လိုက်တယ်"
ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်၏မျက်နှာသည် ဖြူဖျော့နေခဲ့ကာ သူ၏နှုတ်ခမ်းကတုန်ယင်နေခဲ့သည်။
ကျောက်ချန်စွင်က ဆက်ပြောလိုက်သည်။
"ခွန်းလွန်တောင်ရဲ့ အင်မော်တယ်အကြီးအကဲဆိုတာက နာမည်တစ်ခုသက်သက်လား...သူကမသေမျိုးတစ်ယောက်ဟုတ်လို့လား...သူ့မှာလက်လေးတစ်ဖက်ဝှေ့ယမ်းလိုက်ရုံနဲ့ လူတွေကိုသွေးမြူအဖြစ်ပြောင်းလဲစေတဲ့ အစွမ်းရှိတယ်ဆိုတာကို တကယ်မယုံနိုင်ဘူး...ဒါပေမဲ့ခွန်အာက အချို့အကြောင်းတွေကိုသိထားသင့်တယ်...သူ့ကိုဒီနေရာခေါ်လာပြီး လူကိုယ်တိုင်မေးမြန်းကြည့်မလား အဖေ"
ထိုအကြောင်းကိုပြောပြီးချိန်တွင် ကျောက်ချန်စွင်သည် သူ၏ခေါင်းကိုအနည်းငယ်မြှောက်လိုက်ပြီး ကျောက်ပိုင်ရှန်အား မဝံ့မရဲမော့ကြည့်လိုက်သည်။
သို့သော်လည်း...
ကျောက်ချန်စွင်က သူ့ခေါင်းအားမြှောက်လိုက်သည့်အချိန်တွင် ကျောက်ပိုင်ရှန်၏လက်များသည် တောင့်တင်းနေကာ ရွှေနဂါးချိုင်းထောက်ကလည်း မြေပေါ်သို့ပြုတ်ကျသွားသည်ကိုတွေ့လိုက်သည်။ကျောက်ပိုင်ရှန်သည် သူ၏လက်များကိုဆန့်တန်းလိုက်ရာ ချိုင်းထောက်ကမြေပေါ်ပြုတ်ကျသည့်အသံက အလွန်ပင်ကျယ်လောင်နေခဲ့သည်။
"အဖေ...စိတ်မဆိုးပါနဲ့...ငါမဆင်မခြင်ပြောမိခဲ့ပါတယ်"
ကျောက်ချန်စွင်သည် လျင်မြန်စွာခေါင်းငုံ့မိလိုက်ကာ ချိုင်းထောက်ကို ကောက်ကိုင်လိုက်သည်။
ကျောက်ချန်စွင်သည် ချိုင်းထောက်ကိုပြေးကောက်လိုက်ချိန်တွင် ဆိုဖာပေါ်၌ထိုင်နေသော ကျောက်ပိုင်ရှန်၏ခန္ဓာကိုယ်သည် ပျော့ခွေကျသွားခဲ့သည်။သူ၏မျက်လုံးများကလည်း အနည်းငယ်ဖျော့တော့လာခဲ့ကာ သူ၏မျက်လုံးများ၌လည်း ကြောက်ရွှံ့မှုများကြီးစိုးလာခဲ့သည်။ထို့နောက် ကျောက်ပိုင်ရှန်သည် မျက်ဖြူလန်ကာ သတိမေ့လျောသွားခဲ့သည်။
"အဖေ..."
ကျောက်ချန်စွင်သည် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ထိုအဘိုးကြီးသည် သူပြောလိုက်သည့်စကားကြောင့် အံ့အားသွားမည်ဟုဟာ သူထင်မှတ်ခဲ့သည်။သို့သော် ကျောက်ပိုင်ရှန်သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင်ရှေးဦးသူနာပြုနည်းဖြင့် ကုသပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် အတွင်းစိတ်ထဲ၌ ကျောက်ခွန်အား မရေမတွက်နိုင်အောင် ဆဲဆိုလိုက်သည်။