← Chapters

လက်နက်သွန်းလုပ်ခြင်း (အပိုင်း - ၁)

Vol. 8 Ch. 71

လက်နက်သွန်းလုပ်ခြင်း (အပိုင်း - ၁)

Vol. 8 Ch. 71

မိုးသောက်အလင်းရောင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာချိန်တွင် စောစောစီးစီး နိုးထနေသော ရှန်စီရွှမ် သည် အနောက်ဘက် အခန်းတံခါးကို ခေါက်လိုက်လေသည်။

“ဝမ်အာညီမလေး နိုးပြီလား...... ကိုယ် ဝိညာဉ်ဆန်ပြုတ်နဲ့ ဝိညာဉ်မုန့်အချို့ ဝယ်လာတယ်...... ပူတုန်းလေး စားလိုက်ပါဦး......။”

မုန့်ဝမ် တံခါးဖွင့်လိုက်ပြီး ရှန်စီရွှမ်ကိုပင် သေချာမကြည့်ရသေးမီ အိမ်ရာဝင်းထဲမှ ချိုသာသော အသံတစ်ခုကို ကြားလိုက်ရချေ၏။

“ဩော်...... အစ်ကိုက မနက်စောစောကြီး အပြင်ထွက်သွားတာ ဒါကြောင့်ကိုး။ ဝမ်အာညီမလေးအတွက် မနက်စာ သွားဝယ်ပေးတာပေါ့လေ......။”

ရှန်စီဟန် သည် ခါးထောက်လျက် ရှန်စီရွှမ်ကို မကျေမနပ် ကြည့်နေပြီး အနည်းငယ် မနာလိုဖြစ်နေပုံရပေသည်။ “ရက်အနည်းငယ်ပဲ ရှိသေးတယ်...... ကိုယ့်ညီမကိုတော့ ထောင့်ထဲ ပစ်ထားလိုက်ပြီပေါ့လေ......။”

ရှန်စီရွှမ်က သူ၏ညီမကို စကားပြန်မရနိုင်အောင် ကြည့်လိုက်ပြီး ကျန်ရှိသောလက်တစ်ဖက်ကို မြှောက်ပြလိုက်လေသည်။

“နင်ကတော့ တကယ့်ကို ကျေးဇူးကန်းတာပဲ...... နင်အကြိုက်ဆုံး ဝိညာဉ်တို့ဟူးကိုတောင် ငါ ဝယ်လာပေးသေးတယ်......။”

ရှန်စီဟန်၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။ “သိသားပဲ...... အစ်ကို့နှလုံးသားထဲမှာ ညီမလေး ရှိနေမယ်ဆိုတာကို......။”

ထို့နောက် သူမသည် သူမ၏ သိုလှောင်အိတ် ထဲမှ စားပွဲနှင့် ထိုင်ခုံများကို ထုတ်ယူကာ အိမ်ရာဝင်းထဲတွင် ပြင်ဆင်လိုက်လေသည်။ “ကျွန်မလည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ...... အတူတူ စားကြရအောင်......။”

မုန့်ဝမ်သည် ရှန်စီရွှမ်နောက်မှ လိုက်လာပြီး စားပွဲတွင် ထိုင်လိုက်လေသည်။ သူမရှေ့ရှိ ဝိညာဉ်အစားအစာများကို ကြည့်ရင်း အနည်းငယ် အားနာသွားမိချေ၏။

“စီရွှမ်အစ်ကို့ကို အကုန်အကျ များစေပြန်ပြီ...... တကယ်တော့ ကျွန်မ အစာရှောင်ဆေးလုံး စားရင်လည်း ရပါတယ်......။”

“အို...... ဝမ်အာညီမလေး စားသာစားပါ...... မနက်စာ သုံးယောက်စာပေါင်းမှ ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ပဲ ရှိတာပါ...... ဒါနဲ့တော့ အစ်ကို ဆင်းရဲမသွားပါဘူး......။”

ရှန်စီဟန်သည် ဝိညာဉ်တို့ဟူးကို ယူကာ အားပါးတရ သောက်လိုက်လေသည်။ ရှန်စီရွှမ်ကလည်း ခေါင်းငြိမ့်ပြလိုက်ပြီး “လက်နက်သွန်းလုပ်ခြင်းဆိုတာ စွမ်းအင် အတော်ကုန်တဲ့ အလုပ်ပဲ...... အစာရှောင်ဆေးလုံးလေးနဲ့ ဘယ်လို ခံနိုင်ပါ့မလဲ။ ဝိညာဉ်အစားအစာလေး စားထားမှ နောက်ပိုင်း လက်နက်သွန်းလုပ်တဲ့အခါ ပိုပြီး သွက်လက်မှာပေါ့......။”

မုန့်ဝမ်က ထပ်၍ မငြင်းတော့ချေ။ မနက်စာ စားပြီး အနည်းငယ် အနားယူပြီးနောက် သူမသည် မနေ့က ဝယ်ထားသော လက်နက်သွန်းဖိုကို ထုတ်လိုက်လေသည်။ ရှန်စီဟန်က ထိုသွန်းဖိုကို စိတ်ဝင်တစား ကြည့်နေပြီး သူမကိုယ်တိုင်လည်း စမ်းသပ်ကြည့်လိုပုံ ရပေသည်။

“ဝမ်အာညီမလေး...... လက်နက်သွန်းလုပ်တဲ့အခါ ကျွန်မ ကူညီပေးရမလား......။”

မုန့်ဝမ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ အခက်တွေ့နေချိန်တွင် ရှန်စီရွှမ်က ကူညီဖြေရှင်းပေးလိုက်လေသည်။

“သွားစမ်းပါ...... ဝမ်အာက အလုပ်အလေးအနက် လုပ်မှာလေ...... နင် သွားရှုပ်လို့ မဖြစ်ဘူး......။”

ရှန်စီဟန်က အလျော့မပေးဘဲ “ဒါဆိုရင် ကျွန်မ မရှုပ်ဘူးလို့ ကတိပေးတယ်လေ...... ဘေးကနေ ကြည့်နေရုံတင်ဆိုရင် ရတယ်မလား......” ဟု ဆိုလိုက်လေသည်။

မုန့်ဝမ် ခေတ္တမျှ စဉ်းစားပြီးနောက် ညင်သာစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။

“ရပါတယ်...... ကျွန်မကို အာရုံမနောက်အောင် တိတ်တိတ်ဆိတ်ဆိတ် နေမယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး......။”

ရှန်စီရွှမ်သည် အစီအရင်ချပ်များကို ထုတ်ယူကာ အိမ်ရာဝင်းတစ်ခုလုံးကို ဖုံးအုပ်လိုက်ပြီးနောက် မုန့်ဝမ်ကို ပြောလိုက်လေသည်။

“စလို့ ရပြီ...... ဒီအစီအရင်က ဖုံးကွယ်ပေးထားမှာဆိုတော့ တခြားသူတွေ ဘာမှ သိမှာမဟုတ်ဘူး။ လက်နက်သွန်းလုပ်နေတုန်း တစ်ခုခု လိုအပ်တာရှိရင် ပြောပါ...... ကိုယ် သွားဝယ်ပေးမယ်......။”

“ဟုတ်ကဲ့ပါ...... ကျေးဇူးတင်ပါတယ် စီရွှမ်အစ်ကို......။”

မုန့်ဝမ်သည် ရှန်စီရွှမ်ကို ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ လက်နက်သွန်းလုပ်ရန် ပြင်ဆင်လိုက်လေသည်။ သူမသည် ကုန်ကြမ်းအားလုံးကို ထုတ်ယူကာ သေချာစွာ စစ်ဆေးလေသည်။ ဘာမှ မကျန်ကြောင်း အတည်ပြုပြီးနောက် ဝိညာဉ်ထင်းများကို မီးညှိကာ လက်နက်သွန်းဖိုကို စတင် အပူပေးလိုက်လေသည်။

သွန်းဖိုအတွင်းရှိ မီးတောက်များ ပြင်းထန်လာပြီး အပူချိန် မြင့်တက်လာသောအခါ သူမသည် ကုန်ကြမ်းအမျိုးမျိုးကို တစ်ခုပြီးတစ်ခု ထည့်သွင်းကာ အရည်ကျိုခြင်းနှင့် ပုံဖော်ခြင်းများကို ပြုလုပ်လေတော့သည်။ လက်နက်သွန်းလုပ်ခြင်း အဆင့်ဆင့် တိုးတက်လာသည်နှင့်အမျှ မုန့်ဝမ်၏ နဖူးပေါ်တွင် ချွေးစက်များ စတင် ပေါ်ပေါက်လာခဲ့ချေ၏။

ရှန်စီဟန်သည် အစပိုင်းတွင် စိတ်ဝင်စားသော်လည်း အချိန်အတော်ကြာ ကြည့်ပြီးနောက် ငြီးငွေ့လာပုံရပေသည်။ သူမသည် အစ်ကိုဖြစ်သူကို မျက်စိတစ်ချက် မှိတ်ပြလိုက်ပြီးနောက် သူမ၏ အခန်းသို့ ပြန်သွားခဲ့လေသည်။ ရှန်စီရွှမ်မှာမူ ညီမဖြစ်သူ၏ မျက်ရိပ်ကို မမြင်ချင်ယောင် ဆောင်နေခဲ့လေသည်။ သူသည် တစ်နာရီခန့် ထိုနေရာမှာပင် စောင့်ကြည့်နေပြီးနောက် လက်နက်သွန်းလုပ်ခြင်းမှာ အရေးကြီးသော အဆင့်သို့ ရောက်ရှိသွားသည်ကို မြင်မှသာ သူ၏ အခန်းသို့ တိတ်တဆိတ် ပြန်သွားခဲ့လေသည်။

“ဘယ်လိုလဲ အစ်ကို...... သူ အောင်မြင်မယ် ထင်လား......။”

တံခါးပိတ်လိုက်သည်နှင့် ညီမဖြစ်သူ၏ အသံကို ကြားလိုက်ရလေသည်။ ရှန်စီရွှမ်မှာမူ အံ့သြခြင်း မရှိပေ။ သူ ဤအိမ်ကို ငှားကတည်းက ညီမဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် အခန်းချင်းဆက်ထားသော လျှို့ဝှက်တံခါးကို ဖွင့်ထားခဲ့ခြင်း ဖြစ်ပေသည်။

“အောင်မြင်မှာပါ...... မိသားစုထဲက အကြီးအကဲတွေ လက်နက်သွန်းလုပ်တာကို ငါ မြင်ဖူးတယ်...... ကျန်းဝမ်အာရဲ့ နည်းစနစ်က နည်းနည်းအသားကျသေးတာကလွဲရင် ကျန်တဲ့ အဆင့်တွေကတော့ အတူတူပါပဲ......။”

ရှန်စီဟန်က ပြုံးရင်း ခေါင်းငြိမ့်လိုက်လေသည်။

“ဒီတစ်ခါတော့ ငါတို့ တကယ့်ကို ကံကောင်းတာပဲ။ ကျန်းဝမ်အာက တကယ့်ကို ထူးခြားတဲ့သူပဲ...... ငါတို့နဲ့ အသက်လည်း မကွာဘူး၊ ကျင့်ကြံခြင်းကလည်း ငါတို့ထက် မနိမ့်တဲ့အပြင် လက်နက်သွန်းလုပ်ခြင်း အတတ်ကိုပါ တတ်ထားသေးတယ်......။ သူ့ရဲ့ ဝိညာဉ်အမြစ်ပါရမီက အနည်းဆုံး ဝိညာဉ်အမြစ် လေးခုရှိမှာပဲ...... သန့်စင်မှုကလည်း ငါတို့ထက် နိမ့်မှာမဟုတ်ဘူး......။”

ရှန်စီရွှမ်က ထောက်ခံလိုက်လေသည်။ ဝိညာဉ်အမြစ်ဆိုသည်မှာ ကျင့်ကြံသူတစ်ဦး၏ အခြေခံပင် ဖြစ်ပေသည်။ ဥပမာအားဖြင့် ဝိညာဉ်အမြစ်ဆိုသည်မှာ ကျင့်ကြံသူ၏ ကိုယ်ထဲသို့ စိုက်သွင်းထားပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပေးထားသည့် ဝါးပိုက်တစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။

ဝိညာဉ်အမြစ် များလေလေ၊ ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်လေလေ ဖြစ်ပေသည်။ ထို့ကြောင့် ဝိညာဉ်အမြစ် ငါးခု ရှိသူများသည် ကျင့်ကြံခြင်းလောကတွင် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး ကျင့်ကြံခြင်းအရှိန်မှာလည်း တခြားသူများထက် များစွာ သာလွန်ပေသည်။ ဝိညာဉ်အမြစ် လေးခုနှင့် သုံးခုမှာ ဒုတိယနှင့် တတိယအဆင့်များ ဖြစ်ကြပြီး ဝိညာဉ်အမြစ် နှစ်ခုမှာမူ နောက်မှ လိုက်ပေသည်။

သို့သော် ဝိညာဉ်အမြစ် တစ်ခုတည်း သာ ရှိသော ကျင့်ကြံသူများမှာမူ ပါရမီ အညံ့ဆုံး ဖြစ်ကြပြီး ကျင့်ကြံခြင်းအရှိန်မှာလည်း အနှေးကွေးဆုံး ဖြစ်ရာ ကျင့်ကြံရန် တန်ဖိုး မရှိသလောက်ပင် ဖြစ်ချေ၏။ ဝိညာဉ်အမြစ် တစ်ခုတည်း သို့မဟုတ် နှစ်ခုသာ ရှိသူများကို အရင်းအမြစ်များ အဆမတန် သုံးစွဲ၍ ပျိုးထောင်ပေးလျှင်ပင် သူတို့၏ တစ်သက်တာ အောင်မြင်မှုမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ရပ်တန့်သွားတတ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ရွှေအမြုတေအဆင့် သို့ ရောက်ရှိရန်အတွက် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်များ ပြည့်စုံရန် လိုအပ်သောကြောင့်ပင်။ ဝိညာဉ်အမြစ် ငါးခု ရှိသူများမှာမူ မွေးရာပါ ဓာတ်ကြီးငါးပါး ပြည့်စုံသဖြင့် ထပ်မံဖြည့်စွက်ရန် မလိုချေ။

ကျန်ရှိသော ကျင့်ကြံသူ အားလုံးမှာမူ အမြုတေ မဖွဲ့စည်းမီ တန်ဖိုးကြီးလှသော ဓာတ်ကြီးငါးပါး ဝိညာဉ်ပစ္စည်းများဖြင့် မိမိ၏ ဝိညာဉ်အမြစ်ကို ဖြည့်စွက်ရပေသည်။ ထိုသို့ လုပ်ဆောင်နိုင်မှသာ အမြုတေ ဖွဲ့စည်းနိုင်ရန် အခွင့်အရေး အနည်းငယ် ရရှိပေလိမ့်မည်။ ဝိညာဉ်အမြစ် လေးခု ရှိသူမှာ ဝိညာဉ်ပစ္စည်း တစ်ခုသာ လိုအပ်သော်လည်း ဝိညာဉ်အမြစ် သုံးခု ရှိသူမှာ နှစ်ခု လိုအပ်ပေသည်။ ဝိညာဉ်အမြစ် နှစ်ခုနှင့် တစ်ခု ရှိသူများမှာမူ သုံးခု သို့မဟုတ် လေးခုအထိ လိုအပ်ပေသည်။

အရင်းအမြစ် တူညီလျှင် ဝိညာဉ်အမြစ် တစ်ခုရှိသူ တစ်ယောက်ကို ပျိုးထောင်မလား သို့မဟုတ် ဝိညာဉ်အမြစ် လေးခုရှိသူ လေးယောက်ကို ပျိုးထောင်မလား ဆိုသည်ကို လူအိုက်ပင်လျှင် ရွေးချယ်တတ်ပေသည်။ ထို့ကြောင့် ဝိညာဉ်အမြစ် တစ်ခု သို့မဟုတ် နှစ်ခုသာ ရှိသူများသည် မွေးကတည်းက မိသားစု၏ စွန့်ပစ်ခြင်းကို ခံရရန် ကံပါလာသူများ ဖြစ်ကြပေသည်။

ရှန်စီရွှမ်နှင့် ရှန်စီဟန်တို့မှာမူ မိသားစု၏ အဓိက ပျိုးထောင်ခံ ကျင့်ကြံသူများ ဖြစ်ကြရာ သူတို့နှစ်ဦးစလုံးမှာ ငြင်းချက်ထုတ်စရာမလိုဘဲ ဝိညာဉ်အမြစ် လေးခု ရှိသူများ ဖြစ်ကြပေသည်။ သူတို့၏ ပါရမီမှာ ထူးချွန်လှသဖြင့် မိသားစု၏ အရင်းအမြစ်များကို ရရှိခဲ့ရာ အသက်သုံးဆယ် မပြည့်မီမှာပင် အခြေခံစွမ်းအင်အဆင့် ကိုး သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်ပေသည်။

ရှန်စီရွှမ် ခေတ္တမျှ စဉ်းစားလိုက်ပြီး “သူ လက်နက်သွန်းလုပ်လို့ ပြီးရင် သူ့ရဲ့ ဝိညာဉ်အမြစ် သန့်စင်မှုကို ငါ မသိမသာ စမ်းကြည့်ဦးမယ်......” ဟု ဆိုလိုက်လေသည်။

ရှန်စီဟန်က ခေါင်းငြိမ့်ပြလိုက်ပြီး “သူ့ရဲ့ ဝိညာဉ်အမြစ် သန့်စင်မှုက အလွန်မြင့်မားနေရင် ငါတို့ရဲ့ အစီအစဉ်ကို အနည်းငယ် ပြင်ဆင်ရမှာပဲ......” ဟု ဆိုလိုက်လေသည်။

လက်နက်သွန်းလုပ်ခြင်းမှာ အချိန်ကြာမြင့်သော အလုပ်ဖြစ်ပေသည်။ ငါးရက်နှင့် ငါးည ကုန်ဆုံးပြီးနောက်တွင်မှ လက်နက်သွန်းလုပ်သံများ ဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့ချေ၏။ ရှန်စီရွှမ်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး ဂျင်ဆင်းလက်ဖက်ရည် တစ်ခွက်ကို မုန့်ဝမ်အား ကမ်းပေးလိုက်လေသည်။

“ဝမ်အာညီမလေး...... တော်တော်လေး ပင်ပန်းသွားပြီမလား...... ဂျင်ဆင်းလက်ဖက်ရည်လေး သောက်ပြီး အနားယူလိုက်ပါဦး......။”

မုန့်ဝမ်သည် ရှန်စီရွှမ်ကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပြီးနောက် သူ၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူကာ ဘေးတွင် ချထားလိုက်လေသည်။ “နောက်မှ သောက်ပါ့မယ်...... စီရွှမ်အစ်ကို...... မြန်မြန် ကြည့်ပါဦး...... ဒါက ဘာလဲဆိုတာကို......။”

သူမသည် သူမ၏ လက်ထဲရှိ ကျောက်စိမ်းဆွဲသီးလေးကို ရှန်စီရွှမ်အား ကမ်းပေးလိုက်လေသည်။ ရှန်စီရွှမ်၏ အမူအရာမှာ ပြောင်းလဲသွားပြီး “ဝမ်အာညီမလေး...... ဒါက......” ဟု ဆိုကာ စကားစရပ်သွားခဲ့လေသည်။

မုန့်ဝမ်က ပြုံးလိုက်ပြီး ရှန်စီရွှမ်၏ လက်ကို ဆွဲကာ ကျောက်စိမ်းဆွဲသီးလေးကို သူ၏ လက်ထဲသို့ အသာအယာ ထည့်ပေးလိုက်ရင်း ရှက်သွေးဖြာစွာဖြင့် ပြောလိုက်လေသည်။

“ဒါက ကျွန်မရဲ့ ဘဝမှာ ပထမဆုံးအကြိမ် တခြားသူတစ်ယောက်အတွက် သွန်းလုပ်ပေးတဲ့ ဝိညာဉ်လက်နက်လေးပါ...... စီရွှမ်အစ်ကို့အတွက် ကျွန်မ အထူးတလည် သွန်းလုပ်ပေးထားတာပါ......။”

လက်ထဲရှိ ကျောက်စိမ်းဆွဲသီး၏ နွေးထွေးပြီး ချောမွေ့သော အထိအတွေ့ကို ခံစားလိုက်ရချိန်တွင် ရှန်စီရွှမ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားမိချေ၏။ ကျန်းဝမ်အာသည် ငါးရက်နှင့် ငါးညတိုင်တိုင် ပင်ပန်းခံခဲ့သည်မှာ သူ့အတွက်ပင် ဖြစ်နေသောကြောင့်ပင်။ ကျောက်စိမ်းဆွဲသီးလေးမှာ အလွန်ပင် လက်ရာမြောက်လှပြီး ‘တစ်သက်တာလုံး ဘေးကင်းပါစေ’ ဆိုသည့် စာလုံးလေးကိုလည်း သေးငယ်စွာ ထွင်းထုထားခဲ့၏။

All Chapters