← Chapters

လက်နက်သွန်းလုပ်ခြင်း (အပိုင်း - ၂)

Vol. 8 Ch. 72

လက်နက်သွန်းလုပ်ခြင်း (အပိုင်း - ၂)

Vol. 8 Ch. 72

ရှန်စီရွှမ် သည် ကျောက်စိမ်းဆွဲသီးပေါ်ရှိ စာလုံးများကို အသာအယာ ပွတ်သပ်နေရင်း သူ၏ မျက်ဝန်းများမှာ နူးညံ့ပျော့ပျောင်းလာခဲ့ချေ၏။

“ဝမ်အာညီမလေး...... ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်။ ကိုယ့်အတွက် ဒီလို ဝိညာဉ်လက်နက် တစ်ခု ရဖို့အတွက် ဒီလောက်တောင် ပင်ပန်းခံခဲ့တာ...... ကိုယ် ဘာပြောရမှန်းတောင် မသိတော့ဘူး......။”

မုန့်ဝမ်သည် ခေါင်းငြိမ့်ချကာ ရှက်သွေးဖြာနေရင်း တိုးတိုးလေး ပြောလိုက်လေသည်။

“စီရွှမ်အစ်ကို...... ကျွန်မ အစ်ကို့ကို အမြဲတမ်း အားကျခဲ့တာပါ။ အစ်ကို့ရဲ့ ဓားသိုင်းက တကယ့်ကို ထူးခြားပါတယ်။ ဟိုတုန်းကလည်း အစ်ကိုကပဲ ကျွန်မကို လေလွင့်ကျင့်ကြံသူတွေ လက်ထဲက ကယ်ခဲ့ပြီး မြို့ထဲအထိ ခေါ်လာပေးခဲ့တာပါ။ ကျွန်မကိုလည်း သေချာ ဂရုစိုက်ပေးခဲ့တယ်......။ ကျွန်မ လုပ်ပေးတာတွေက ဘာမှ မဟုတ်ပါဘူး။ ဒီလက်နက်သွန်းဖိုနဲ့ ကုန်ကြမ်းတွေကိုတောင် အစ်ကိုပဲ ဝယ်ပေးခဲ့တာလေ......။”

“ဒီလောက် အချိန်အကြာကြီး အလုပ်လုပ်ခဲ့ရတာကို ဘာမှမဟုတ်ဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ......။”

ရှန်စီရွှမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး “အဲဒီလို ထပ်ပြောရင်တော့ ကိုယ် စိတ်မကောင်း ဖြစ်မိမှာပဲ......” ဟု ဆိုလိုက်လေသည်။

မုန့်ဝမ်က ပျော်ရွှင်စွာ ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့ချေ၏။ သူမသည် ထိုကျောက်စိမ်းဆွဲသီး၏ အသုံးဝင်ပုံကို စတင် ရှင်းပြလေတော့သည်။

“ဒီကျောက်စိမ်းဆွဲသီးက အလတ်စား ဝိညာဉ်လက်နက် အဆင့်ပဲ ရှိသေးပေမဲ့ ဘေးအန္တရာယ်နဲ့ ကြုံလာရရင် သူ့အလိုအလျောက် သခင်ကို ကာကွယ်ပေးပါလိမ့်မယ်။ အသုံးပြုတဲ့အခါမှာလည်း ဝိညာဉ်စွမ်းအင် ထပ်ပြီး ထည့်ပေးဖို့ မလိုပါဘူး...... ဆွဲထားရုံနဲ့တင် အစွမ်းပြမှာပါ။ ကျွန်မ ခန့်မှန်းချက်အရဆိုရင် အခြေခံစွမ်းအင်အဆင့် ကိုးရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို သုံးကြိမ်အထိ ခံနိုင်ရည် ရှိပါတယ်......။”

ရှန်စီရွှမ်သည် စောစောက စိတ်လှုပ်ရှားနေရုံသာ ရှိသော်လည်း ယခုမူ အလွန်ပင် အံ့အားသင့်သွားခဲ့ချေပြီ။ မူလက ထိုကျောက်စိမ်းဆွဲသီးလေးမှာ အလှဆင်ပစ္စည်းသာ ဖြစ်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။ အခြေခံစွမ်းအင်အဆင့် ကိုး ရှိသော ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သည့်အပြင် ဝိညာဉ်စွမ်းအင်လည်း သုံးရန် မလိုကြောင်း သိလိုက်ရသောအခါ သူ အလွန်ပင် ဝမ်းသာသွားမိချေ၏။

သူသည် မုန့်ဝမ်ကို မနေနိုင်ဘဲ ဖက်လိုက်ကာ “ဝမ်အာ...... မင်းက ကိုယ့်အပေါ် အရမ်းကောင်းတာပဲ။ ကိုယ် ဘယ်လို ပြန်ပေးဆပ်ရမလဲတောင် မသိတော့ဘူး......” ဟု ဆိုလိုက်လေသည်။

ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် မုန့်ဝမ်မှာ အသက်ရှူမှားသွားပြီး ထိတ်လန့်သွားမိချေ၏။ သို့သော် ထိုထိတ်လန့်မှုထက် ရှက်ကိုးရှက်ကန်း ဖြစ်နေမှုက ပိုမို သိသာနေပေသည်။

“စီဟန်ရှိနေသေးတယ်လေ...... မြန်မြန် လွှတ်ပါဦး......။”

အမှောင်ထဲမှ ချောင်းကြည့်နေသော ရှန်စီဟန်မှာ ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို အတော်ပင် ထိန်းလိုက်ရချေ၏။ ရှန်စီရွှမ်လည်း ရှက်သွားပြီး မုန့်ဝမ်ကို အမြန်လွှတ်ပေးလိုက်လေသည်။

“ကိုယ်...... ကိုယ်က ခဏလေး စိတ်လှုပ်ရှားသွားလို့ပါ။ ဝမ်အာညီမလေးကို စော်ကားဖို့ မရည်ရွယ်ပါဘူး......။”

မုန့်ဝမ်က မျက်နှာနီနီဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး “ဒီကျောက်စိမ်းဆွဲသီးကို သုံးတဲ့အခါမှာ သတိထားရမှာက တစ်ခုပဲ ရှိပါတယ်။ သုံးပြီးသွားရင် သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို အချိန်မီ ပြန်ဖြည့်ပေးဖို့ပါပဲ......” ဟု ဆိုလိုက်လေသည်။

“ကိုယ် သိပါပြီ......။”

ရှန်စီရွှမ်သည် မုန့်ဝမ်ကို ကြင်နာစွာ ကြည့်လိုက်ပြီး “ဝမ်အာညီမလေးက တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။ ဒီလောက် ငယ်ငယ်လေးနဲ့ အခြေခံစွမ်းအင်အဆင့် ကိုး ကို ရောက်နေရုံတင်မကဘူး...... လက်နက်သွန်းလုပ်ခြင်းမှာလည်း ကျွမ်းကျင်သေးတယ်။ ညီမလေးရဲ့ ဝိညာဉ်အမြစ်ပါရမီက အတော်လေး မြင့်မှာပဲနော်......” ဟု မေးမြန်းလိုက်လေသည်။

ဝိညာဉ်အမြစ်အကြောင်း ပြောလာသည်ကို ကြားသောအခါ မုန့်ဝမ်သည် စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိချေ၏။ သူမသည် အနိမ့်ဆုံးအဆင့်ရှိသော ဝိညာဉ်အမြစ် တစ်ခုတည်းသာ ရှိသူဖြစ်ပြီး သန့်စင်မှုမှာလည်း သနားစဖွယ်ကောင်းလောက်အောင် ၃၀ ကျော် ရမှတ်သာ ရှိပေသည်။ အကယ်၍ သူမသာ သွေးကျင့်စဉ်များကို မကျင့်ကြံဘဲ မိစ္ဆာလမ်းစဉ်ကို မလျှောက်လှမ်းခဲ့လျှင် နောက်ထပ် အနှစ်သုံးဆယ် ကျင့်ကြံလျှင်ပင် ယခုအဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။

သို့သော် အပြင်ပန်းတွင်မူ သူမက အနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီး “ကျွန်မမှာ ဝိညာဉ်အမြစ် လေးခု ရှိပြီး သန့်စင်မှုကတော့ ရမှတ် ၇၀ ပါ......” ဟု ဖြေလိုက်လေသည်။

ရမှတ် ၇၀ သာ ရှိတာလား......။ ရှန်စီရွှမ်သည် အနည်းငယ် စိတ်ပျက်သွားသော်လည်း တစ်ဖက်လူမှာ တိုက်ခိုက်ရေးနှင့် ပတ်သက်လျှင် ဘာမှမသိပုံရသည်ကို ပြန်တွေးမိသောအခါ စိတ်သက်သာရာ ရသွားခဲ့ချေ၏။ ဤ ကျန်းဝမ်အာမှာ သူမ၏ မိသားစုက လက်နက်သွန်းလုပ်သူ ဖြစ်လာရန်သာ ပျိုးထောင်ပေးခဲ့ပုံရပေသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် ရှိသော်လည်း ထိုက်တန်သော တိုက်ခိုက်ရေးစွမ်းရည် မရှိခြင်း ဖြစ်ပေလိမ့်မည်။

ရှန်စီရွှမ်သည် စိတ်ပျက်မှုကို ဖျောက်ဖျက်လိုက်ပြီး ညင်သာစွာ တိုက်တွန်းလိုက်လေသည်။ “ဝမ်အာညီမလေး ရက်အတော်ကြာ ပင်ပန်းထားလို့ ပိန်သွားပြီ။ ဂျင်ဆင်းလက်ဖက်ရည် သောက်ပြီးရင် မြန်မြန် သွားနားလိုက်ပါဦး......။”

မုန့်ဝမ်သည် ဂျင်ဆင်းလက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် လက်နက်သွန်းဖိုနှင့် တခြားပစ္စည်းများကို သိမ်းဆည်းကာ အနောက်ဘက် အခန်းသို့ ပြန်သွားခဲ့လေသည်။ မုန့်ဝမ် အခန်းထဲ ပြန်ဝင်သွားသည်ကို မြင်မှသာ ရှန်စီရွှမ်သည် ရှန်စီဟန်၏ စောင့်မျှော်နေသော အကြည့်များကြားမှ သူ၏ အခန်းသို့ ပြန်ဝင်ခဲ့လေသည်။

ရှန်စီဟန်သည် သူ၏နောက်မှ လိုက်ဝင်လာပြီး တံခါးကို အသာပိတ်လိုက်ကာ စပ်စုလိုသော အမူအရာဖြင့် ပြောလိုက်လေသည်။

“အစ်ကို...... အဲဒီ ကျောက်စိမ်းဆွဲသီးကို ကျွန်မကို ပြပါဦး။ အခြေခံစွမ်းအင်အဆင့် ကိုး ရှိတဲ့သူရဲ့ တိုက်ခိုက်မှုကို သုံးကြိမ်တောင် ခံနိုင်တယ်ဆိုတာ အမှန်ပဲလား......။”

ရှန်စီရွှမ်သည် ကျောက်စိမ်းဆွဲသီးကို သူမအား မပေးဘဲ သူ၏လက်ထဲတွင်သာ အသာအယာ ဆုပ်ကိုင်ထားရင်း နူးညံ့စွာ ပြုံးလိုက်လေသည်။ “ဒါကို ပိုင်ရှင်အဖြစ် အသိအမှတ်မပြုရသေးပေမဲ့ ဒီထဲမှာ ရှိတဲ့ ဝိညာဉ်စွမ်းအင်ကတော့ တကယ့်ကို အားကောင်းလို့ ဝမ်အာ ပြောတာ အမှန်ပဲ ဖြစ်မှာပါ......။”

ရှန်စီဟန်သည် အစ်ကိုဖြစ်သူ၏ အမူအရာကို မြင်သောအခါ မကျေမနပ် နှုတ်ခမ်းဆူလိုက်လေသည်။ “ဟွန့်...... အလတ်စား ဝိညာဉ်လက်နက်လေး တစ်ခုကို ဒီလောက်တောင် တန်ဖိုးထားနေလိုက်တာ။ ကျွန်မကို ပြလိုက်လို့လည်း အသားပဲ့မသွားပါဘူး......။”

ရှန်စီရွှမ်ကမူ ဘာမှပြန်မပြောဘဲ ကျောက်စိမ်းဆွဲသီးကို လည်ပင်းတွင် ဆွဲလိုက်ပြီး အင်္ကျီအတွင်းထဲသို့ အသာအယာ ထည့်လိုက်လေသည်။ ထိုသည်ကို မြင်သောအခါ ရှန်စီဟန်သည် မျက်လုံးလှန်ပြလိုက်သော်လည်း နောက်ဆုံးတွင်မူ မနေနိုင်ဘဲ ပြောလိုက်ပြန်သည်။

“အစ်ကို...... ကျန်းဝမ်အာကို ပြောပေးပါဦး။ ကျွန်မအတွက်လည်း တစ်ခုလောက် သွန်းလုပ်ပေးဖို့လေ......။”

ရှန်စီရွှမ်က သူမကို မကြည်ကြည့် ကြည့်လိုက်ပြီး “ဝမ်အာက လက်နက်သွန်းလုပ်ရတာ အရမ်းပင်ပန်းတာ။ နင့်မှာ ကာကွယ်ရေး ဝိညာဉ်လက်နက်တွေ မရှိတာမှ မဟုတ်တာ...... လိုချင်ရင် အပြင်မှာ ကိုယ့်ဘာသာ သွားဝယ်လိုက်......” ဟု ဆိုလိုက်လေသည်။

“ကဲကြည့်...... လှေနံဓားထစ် ဖြစ်သွားပြီပေါ့......။ သူမက ပိုလျှံနေသူ ဖြစ်သွားပြီ” ဟုတွေးကာ ရှန်စီဟန်သည် မကျေမနပ် ဖြစ်နေခဲ့လေသည်။ “အစ်ကို မပြောပေးရင်လည်း နေပါ...... ကျွန်မဘာသာ ပြောမှာပေါ့။ ကျန်းဝမ်အာရဲ့ စိတ်ဓာတ်နဲ့ဆိုရင် ကျွန်မ လိုချင်တယ်လို့ ပြောလိုက်တာနဲ့ သူ လုပ်ပေးမှာ သေချာတယ်......။”

ရှန်စီရွှမ်သည် သူ့ညီမကို အားမလိုအားမရ ကြည့်လိုက်ပြီး “တကယ် လိုချင်ရင်လည်း နောက်ထပ် ရက်အနည်းငယ်ကြာမှ ပြောပါ။ သူ အခုလေးတင် ပြီးထားတာဆိုတော့ ပင်ပန်းနေလိမ့်မယ်......” ဟု ဆိုလိုက်လေသည်။

“သိပါပြီ......။”

ရှန်စီဟန် နားလည်လိုက်လေသည်။ အနည်းဆုံးတော့ အစ်ကိုဖြစ်သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်မချင်း ကျန်းဝမ်အာ၏ နေရာမှာ သူမထက်ပင် သာလွန်နေဦးမည် ဖြစ်ပေသည်။

နောက်ထပ် နှစ်ပတ်အတွင်းတွင် မုန့်ဝမ်သည် လက်နက်နှစ်ကြိမ် ထပ်မံသွန်းလုပ်ခဲ့ရာ သူမကိုယ်တိုင်အတွက် တစ်ခုနှင့် ရှန်စီဟန်အတွက် တစ်ခုစီကို အလားတူ အစွမ်းရှိသော ကျောက်စိမ်းဆွဲသီးများ သွန်းလုပ်ပေးခဲ့လေသည်။ သူမကိုယ်တိုင်အတွက် လုပ်သော ဆွဲသီးမှာမူ ရှန်စီရွှမ်၏ ဆွဲသီးနှင့် ပုံစံတူပင် ဖြစ်ပေသည်။

ဤအတောအတွင်း မုန့်ဝမ်နှင့် ရှန်စီရွှမ်တို့၏ ဆက်ဆံရေးမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့လေသည်။ ရှန်စီဟန်မှာမူ အစ်ကိုဖြစ်သူ၏ မျက်စိထဲတွင် အနည်းငယ် ရှုပ်နေသူတစ်ဦး ဖြစ်လာခဲ့ချေပြီ။

ယနေ့တွင် ရှန်စီရွှမ် ဝယ်လာသော မနက်စာကို စားပြီးချိန်တွင် ရှန်စီဟန်က ပြောလိုက်လေသည်။

“ကျွန်မ လက်ဖက်ရည်ဆိုင်မှာ ရက်အတော်ကြာ စုံစမ်းကြည့်တော့ သတင်းအသေအချာ ရလာပြီ။ ထျန်းဟန်တောင်တန်းအစွန်အဖျားမှာ ပေါ်လာတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် မိစ္ဆာသားရဲ တွေကို အကုန်သတ်လိုက်ကြပြီတဲ့။ အခု တောင်ပေါ်တက်ရင်တော့ ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူး......။”

ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်သည် မုန့်ဝမ်ကို ကြင်နာစွာ ကြည့်လိုက်လေသည်။

“ဝမ်အာညီမလေး...... တကယ်တော့ ကိုယ် ညီမလေးကို မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိတယ်။ ကိုယ်နဲ့ ညီမလေး စီဟန် ဒီကိုလာတာက ရှေးဟောင်းကျင့်ကြံသူ တစ်ယောက်ရဲ့ ကျင့်ကြံခြင်းဂူ အတွက်ပါပဲ......။”

ရှန်စီဟန်သည် မျက်လုံးပြူးသွားပြီး စားပွဲအောက်မှ ရှန်စီရွှမ်၏ ခြေထောက်ကို အသာကန်လိုက်လေသည်။ သူ ရူးနေတာလား...... ဒီလိုကိစ္စမျိုးကို ကျန်းဝမ်အာကို ပြောပြရတယ်လို့......။

ရှန်စီရွှမ်က ညီမဖြစ်သူ၏ လှုပ်ရှားမှုကို သတိပြုမိသော်လည်း ပုံမှန်အတိုင်းပင် ဆက်ပြောလိုက်လေသည်။

အကိုတို့ တောင်ပေါ်တက်မှာက အဲဒီ ကျင့်ကြံခြင်းဂူ ရှိတဲ့နေရာကို အတည်ပြုဖို့ပါ။ ဒါမှ ဂူပွင့်လာတဲ့အခါ အရင်ဆုံး ဝင်နိုင်ပြီး အခွင့်အရေးကို လက်ဦးမှု ယူနိုင်မှာ ဖြစ်တယ်......။”

ရှန်စီဟန်သည် စိတ်ပျက်စွာဖြင့် ခြေထောက်ကို ပြန်ရုပ်လိုက်သော်လည်း သူမ၏ လက်သီးကိုမူ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိချေ၏။ အစ်ကိုဖြစ်သူက ဘာကြောင့် ဒီလောက်အရေးကြီးတဲ့ သတင်းကို ကျန်းဝမ်အာကို ပြောပြရသလဲဆိုတာကို နောက်မှ သေချာ မေးရပေဦးမည်။

မုန့်ဝမ်သည် အံ့သြသွားပုံဖြင့် “ကျွန်မလည်း လက်ဖက်ရည်ဆိုင်မှာတုန်းက တစ်ယောက်ယောက် ပြောတာကို ဝေဝါးဝါး ကြားဖူးသလိုပဲ။ ကောလာဟလလို့ပဲ ထင်နေတာ...... ထျန်းဟန်တောင်တန်းမှာ ရှေးဟောင်းကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းဂူ တကယ် ရှိနေလိမ့်မယ်လို့ မထင်ထားဘူး......” ဟု ဆိုလိုက်လေသည်။

“ဒီလို ကျင့်ကြံခြင်းဂူတွေက အရင်ကလည်း အများကြီး ပေါ်ဖူးပါတယ်။ ဒါပေမဲ့ အရင်းအမြစ်တွေကို အင်အားစုအသီးသီးကပဲ ထိန်းချုပ်ထားခဲ့ကြတာပါ။ ဒီတစ်ခါတော့ သတင်းက ဘယ်လိုပေါက်ကြားသွားတယ်မသိဘူး......။”

ရှန်စီရွှမ်သည် မုန့်ဝမ်ကို ကြင်နာစွာ ကြည့်လိုက်ပြီး “ဝမ်အာညီမလေး...... ရှေးဟောင်းကျင့်ကြံသူရဲ့ နတ်မင်းဂူဆိုတာ အခွင့်အရေးနဲ့ အန္တရာယ်က ဒွန်တွဲနေတာ...... ဆိုတော့ ညီမလေး အကိုနဲ့အတူ လိုက်ခဲ့ချင်ရဲ့လား......” ဟု မေးမြန်းလိုက်သည်။

All Chapters