← Chapters

တောင်ထဲသို့ ဝင်ရောက်ခြင်း

Vol. 8 Ch. 74

တောင်ထဲသို့ ဝင်ရောက်ခြင်း

Vol. 8 Ch. 74

ဟုန်ပေါ် ၏ အမြင်မှာ စူးရှလှပေသည်။ သူ အဖွဲ့ထဲသို့ ဆွဲသွင်းထားသူများမှာ မည်သူမျှ မညံ့ကြချေ။ အခြေခံစွမ်းအင်အဆင့် ရှစ် ရှိသော ကျင့်ကြံသူ နှစ်ဦးပင်လျှင် ကိုယ်ပိုင် အစွမ်းအစများ ရှိကြပေသည်။ ထို့ကြောင့် မိတ်ဆက်မှုများ ပြီးဆုံးသွားသောအခါ အပြင်ပန်းတွင် မုန့်ဝမ် မှာ အားအနည်းဆုံး ဖြစ်နေခဲ့ချေ၏။

သို့သော် သူမတွင် မိသားစုကြီးမှ ကျင့်ကြံသူဟူသော ဂုဏ်ပုဒ်ရှိနေသည့်အပြင် ရှန်စီရွှမ် နှင့် သူ၏ညီမတို့၏ ကာကွယ်မှုကို ရရှိထားရာ အခြားသူများက သူမအပေါ် တစ်မျိုးတစ်ဖုံ တွေးတောမိလျှင်ပင် ရမ်းကားရန်မူ မဝံ့ရဲကြချေ။

“အချိန်လည်း လင့်နေပြီ။ အားလုံးလည်း မိတ်ဆက်ပြီးပြီဆိုတော့ တောင်ပေါ်တက်ကြရအောင်......။”

ဟုန်ပေါ်၏ အမိန့်နှင့်အတူ အားလုံးသည် နှစ်ဦးတစ်တွဲ၊ သုံးဦးတစ်တွဲဖြင့် တောင်ပေါ်သို့ လျှောက်လှမ်းခဲ့ကြလေသည်။ အဖွဲ့ဝင် ကျင့်ကြံသူ အနည်းဆုံး ထက်ဝက်ခန့်မှာ ဟုန်ပေါ်နှင့် ရင်းနှီးကြသူများ ဖြစ်ကြပြီး ဆက်ဆံရေးမှာလည်း အတော်လေး ကောင်းမွန်ပုံရပေသည်။ ဤသည်မှာ သာမန်ပင် ဖြစ်ပေသည်။ တောင်ထဲသို့ မိစ္ဆာသားရဲ အမဲလိုက်ရန် ဝင်ကြသည့်အခါ အန္တရာယ်နှင့် ကြုံတွေ့ရမြဲ ဖြစ်ရာ ရင်းနှီးသော ကျင့်ကြံသူများနှင့် အဖွဲ့ဖွဲ့ခြင်းက အသက်ရှင်နိုင်ခြေကို ပိုမို မြင့်မားစေသောကြောင့်ပင်။

လမ်းတစ်လျှောက်တွင် အခြေခံစွမ်းအင်အဆင့် ရှစ် ရှိသော အဘိုးကြီး ချီသည် မုန့်ဝမ်တို့ သုံးဦးနောက်မှ လိုက်လာပြီး စိတ်အားထက်သန်စွာ စကားပြောနေခဲ့လေသည်။

“ကြည့်ရတာ မင်းတို့ သုံးယောက်က ထျန်းဟန်တောင်တန်း ကို ပထမဆုံးအကြိမ် လာဖူးတာ ထင်တယ်။ ဒီအဘိုးကြီးက အခြေခံစွမ်းအင်အဆင့် ရှစ်ပဲ ရှိသေးပေမဲ့ ထျန်းဟန်တောင်တန်းကိုတော့ အနည်းဆုံး အကြိမ် လေးငါးဆယ်လောက် ရောက်ဖူးပါတယ်။ သိချင်တာ ရှိရင် မေးကြပါ...... အဘိုးကြီး သိသမျှ အကုန် ပြောပြပါ့မယ်......။”

“ဩော်...... ဟုတ်လား......။” ထိုစကားကို ကြားသောအခါ ရှန်စီဟန် က စိတ်ဝင်တစားဖြင့် သူ့ကို ကြည့်လိုက်လေသည်။

“ထျန်းဟန်တောင်တန်းက အရမ်း အန္တရာယ်များတယ်လို့ ကြားဖူးပါတယ်။ နှစ်တိုင်း အဆင့်မြင့် မိစ္ဆာသားရဲတွေက တောင်တန်းအနက်ပိုင်းကနေ အပြင်ပိုင်းကို ထွက်ပြီး အမဲလိုက်တတ်ကြတယ်ဆိုပဲ။ အဘိုးကြီးက ဒီလောက် အကြိမ်များစွာ ဘေးကင်းကင်းနဲ့ ဝင်ထွက်နိုင်တာ တကယ့်ကို မခေဘူးပဲ......။”

အဘိုးကြီး ချီက နှိမ့်ချစွာ ရယ်မောလိုက်လေသည်။ “မဟုတ်တာ...... မဟုတ်တာပါဗျာ......။ ဒီအဘိုးကြီးက ထွက်ပြေးတဲ့နေရာမှာ နည်းနည်း မြန်တာပါ။ လူငယ်သူရဲကောင်း သုံးယောက်နဲ့ ယှဉ်ရင်တော့ ပြောပလောက်စရာ မရှိပါဘူး......။”

မုန့်ဝမ်က သူမ၏ အပြစ်ကင်းစင်သော မျက်လုံးကြီးများဖြင့် စပ်စုလိုပုံဖြင့် ကြည့်လိုက်လေသည်။ “ဦးလေးချီ...... ထျန်းဟန်တောင်တန်းမှာ မိစ္ဆာသားရဲ အမျိုးအစား ဘယ်လောက်တောင် ရှိသလဲဟင်......။”

သူမ၏ အခေါ်အဝေါ်ကြောင့် အဘိုးကြီး ချီသည် ကျောကို အနည်းငယ် ဆန့်လိုက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်လေသည်။

“ဒီထျန်းဟန်တောင်တန်းမှာ မိစ္ဆာသားရဲတွေက မရေမတွက်နိုင်အောင် ရှိပါတယ်။ ကောင်းကင်မှာ ပျံသန်းတဲ့ကောင်၊ ရေထဲမှာ ကူးခတ်တဲ့ကောင်၊ မြေပေါ်မှာ လျှောက်သွားတဲ့ကောင်၊ ကျောက်တုံးနဲ့ မြေကြီးထဲမှာ ပုန်းနေတဲ့ကောင်...... မျိုးစုံပါပဲဗျာ။ တကယ့်ကို မမျှော်လင့်ဘဲ တိုက်ခိုက်ခံရနိုင်တာမျိုးပါ။ အဘိုးကြီးက အတွေ့အကြုံ များတယ်ဆိုပေမဲ့ မိစ္ဆာသားရဲ အမျိုးအစား ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်ပဲ မြင်ဖူးပါသေးတယ်။ အခြေခံစွမ်းအင်အဆင့်မှာတင် မိစ္ဆာသားရဲ အမျိုးအစား သုံးရာထက် မနည်း ရှိမယ်လို့ ခန့်မှန်းရပါတယ်......။”

“အဲဒီလောက်တောင် များတာလား......။”

ရှန်စီဟန်သည် ထျန်းဟန်တောင်တန်း၏ ကျယ်ပြောမှုကို ပိုမို နားလည်သွားပြီး အံ့အားသင့်သွားမိချေ၏။

“ဒါက အနည်းဆုံး ခန့်မှန်းထားတာပါ......။” အဘိုးကြီး ချီက ခေါင်းခါလိုက်လေသည်။ “ကျွန်တော်တို့ အဖွဲ့ရဲ့ အင်အားနဲ့ တောင်ပေါ်တက် အမဲလိုက်တယ်လို့ ဆိုပေမဲ့ တကယ်တမ်းကျတော့ အပြင်ဘက်ဆုံး နေရာတွေမှာပဲ လှည့်ပတ်နေရတာပါ။ တောင်ထဲကို ခဏခဏ ရောက်ဖူးလာရင် ကျင့်ကြံခြင်းအဆင့် တူရင်တောင်မှ မိစ္ဆာသားရဲတွေရဲ့ အစွမ်းက အများကြီး ကွာခြားနိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ ကျွန်တော်တို့ တောင်ပေါ်တက်ရင် လျိုကွမ်းအိုင် ကို ဘယ်တော့မှ မဖြတ်ပါဘူး။ ဘာလို့လဲဆိုတော့ တောင်ထဲ ပိုနက်လေလေ၊ မိစ္ဆာသားရဲတွေက ပိုပြီး အစွမ်းထက်လေလေမို့လို့ပါ။ ခြေလှမ်းတစ်ချက် မှားလိုက်တာနဲ့ တောင်ထဲမှာတင် သေပြီး မိစ္ဆာသားရဲတွေရဲ့ အစာ ဖြစ်သွားနိုင်ပါတယ်......။”

သူတို့အားလုံး နားလည်သလို ခေါင်းငြိမ့်ပြလိုက်ကြလေသည်။ အဘိုးကြီး ချီသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာသည်ဖြစ်စေ အနည်းဆုံးတော့ သူပြောသမျှမှာ အလွန်ပင် အသုံးဝင်လှပေသည်။ ရှန်စီဟန်သည်ပင် ထိုအခွင့်အရေးကို အသုံးချကာ သတင်းအချက်အလက်များ ထပ်မံရရှိရန် အဘိုးကြီး ချီနှင့် စကားစမြည် ပြောဆိုနေခဲ့လေသည်။

အဘိုးကြီး ချီသည် ပဲစင်းငုံအိုး မှောက်သကဲ့သို့ တတွတ်တွတ် ပြောနေရင်းမှ မီးတောက်ကဲ့သို့ နီရဲနေသော သစ်ပင်များ ရှိသည့် တောအုပ်တစ်ခုသို့ ရောက်ရှိလာသောအခါမှ အသံကို နှိမ့်လိုက်ပြီး သတိကြီးစွာဖြင့် ပြောလိုက်လေသည်။ “ဒါက စောစောက ပြောတဲ့ ရွက်နီတောအုပ် ပဲ။ ဒီနေရာကစပြီး အခြေခံစွမ်းအင်အဆင့် နောက်ပိုင်းအဆင့်ရှိတဲ့ မိစ္ဆာသားရဲတွေ စပြီး ပေါ်လာနိုင်တယ်......။”

မုန့်ဝမ်တို့ သုံးဦးစလုံး၏ မျက်နှာမှာ တည်ကြည်သွားကြပြီး တစ်ပြိုင်နက် ခေါင်းငြိမ့်လိုက်ကြလေသည်။ ရှန်စီဟန်သည်လည်း အဘိုးကြီး ချီကို မေးခွန်းထုတ်နေခြင်းအား ရပ်တန့်လိုက်လေသည်။

အဖွဲ့အတွင်းရှိ အငွေ့အသက်မှာ သိသိသာသာ လေးလံသွားခဲ့ချေပြီ။ ဟုန်ပေါ်က ရှေ့ပြေးကင်းထောက်ရန် စေလွှတ်ထားသော ကျင့်ကြံသူ နှစ်ဦးမှလွဲ၍ ကျန်သူများမှာ အတူတူ စုဝေးလိုက်ကြလေသည်။

ဟုန်ပေါ်သည် မုန့်ဝမ်တို့ သုံးဦးကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရှန်စီရွှမ်ကို အာရုံစိုက်ကာ သတိပေးလိုက်လေသည်။ “ကျင့်ကြံသူ ချီ ပြောသလိုပါပဲ ရွက်နီတောအုပ်ထဲ ရောက်ရင် ဘယ်အချိန်မဆို အန္တရာယ် ရှိလာနိုင်ပါတယ်။ အားလုံးပဲ ကျွန်တော့်ရဲ့ အမိန့်ကို နာခံပြီး ကိုယ့်သဘောနဲ့ကိုယ် မလုပ်ကြဖို့ မျှော်လင့်ပါတယ်......။”

ရှန်စီရွှမ်က ခေါင်းငြိမ့်ပြလိုက်ပြီး “ဟုန်အစ်ကို...... စိတ်ချပါ၊ ကျွန်တော် နားလည်ပါတယ်......” ဟု ဆိုလိုက်လေသည်။

တစ်ဖက်လူက ပူးပေါင်းဆောင်ရွက်သည်ကို မြင်သောအခါ ဟုန်ပေါ် သက်ပြင်းချနိုင်သွားခဲ့ချေ၏။ ဤမိသားစုကြီးမှ ကျင့်ကြံသူများနှင့် ဆက်ဆံရသည်မှာ တကယ့်ကို ခက်ခဲလှပေသည်။ သူတို့မှာ အစွမ်းထက်ကြသော်လည်း မိသားစုကြီးမှ လာသူများပီပီ မာနကြီးမှုနှင့် တခြားသူများကို အထင်သေးတတ်သည့် စိတ်ဓာတ်များ ရှိတတ်ကြသောကြောင့်ပင်။ ကံကောင်းစွာဖြင့် ဤကျင့်ကြံသူ လူငယ်လေးမှာ စကားပြောရ ဆိုရ အဆင်ပြေပုံရပေသည်။

ဟုန်ပေါ်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ရှေ့ဘက်ကို သတိကြီးစွာ အကဲခတ်လိုက်လေသည်။ သူ၏လက်ထဲတွင် နယ်မြေကူးပြောင်း အဆောင်နှစ်ခုကို ကိုင်ထားပြီး ရှေ့မှ ကင်းထောက်နေသော ကျင့်ကြံသူ နှစ်ဦးနှင့် အခါအားလျော်စွာ အဆက်အသွယ် ပြုလုပ်နေခဲ့လေသည်။

ဤသို့ တင်းမာသော အငွေ့အသက်များကြားတွင် အားလုံးမှာ တစ်နာရီခန့် ခရီးနှင်ခဲ့ကြပြီး တစ်ကောင်တည်းရှိနေသော မိစ္ဆာသားရဲ နှစ်ကောင်နှင့် ကြုံတွေ့ခဲ့ရလေသည်။ ထိုမိစ္ဆာသားရဲ နှစ်ကောင်စလုံးမှာ အခြေခံစွမ်းအင်အဆင့် ခုနစ် သို့မဟုတ် ရှစ်ခန့်သာ ရှိသဖြင့် အဖွဲ့သားများက အလွယ်တကူပင် နှိမ်နင်းနိုင်ခဲ့ကြလေသည်။

အားလုံးက သတိအနည်းငယ် လျော့လာချိန်မှာပင် အရှေ့တောင်ဘက်မှ စူးရှသော ဝီစီသံတစ်ခု ထွက်ပေါ်လာခဲ့ချေ၏။

“မကောင်းတော့ဘူး...... ရန်သူ့တိုက်ခိုက်မှုပဲ။ ကျင့်ကြံသူ ချန်အန္တရာယ်တွေ့နေပြီ......။”

ဟုန်ပေါ်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဝီစီသံ ထွက်ပေါ်ရာဘက်သို့ အမြန် ပြေးသွားခဲ့လေသည်။ ကျန်ရှိသော သူများကလည်း မိစ္ဆာသားရဲကို တိုက်ခိုက်ရန် အသင့်ပြင်ကာ နောက်မှ အပြန်အလှန် လိုက်ပါသွားကြလေသည်။

ဝီစီသံ ထွက်ပေါ်ရာနေရာသို့ ရောက်သောအခါ ကင်းထောက်ရန် တာဝန်ယူထားသည့် ချန်မျိုးနွယ် အဘွားအိုမှာ မိစ္ဆာသားရဲ တစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရလေသည်။ အားလုံး ရောက်လာသည်ကို မြင်သောအခါ သူမမှာ ဝမ်းသာအားရ ဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။ “မြန်မြန် လာကြပါဦး...... ကျွန်မကို ကူညီကြပါဦး......။”

ထိုစကားကို ကြားသောအခါ ဟုန်ပေါ်မှာ အနားသို့ တိုးမသွားသည့်အပြင် သူမနှင့် ဆယ်တာခန့် အကွာတွင် ရပ်လိုက်ပြီး မျက်နှာမှာ အလွန်ပင် တည်ကြည်နေခဲ့ချေ၏။

ချန်မျိုးနွယ် အဘွားအိုမှာ ဇဝေဇဝါ ဖြစ်သွားပြီး “ဟုန်ခေါင်းဆောင်...... ဘာလို့ ဒီအတိုင်း ရပ်ကြည့်နေတာလဲ။ လာကူပါဦးဆို......” ဟု ဆိုလိုက်လေသည်။

“အားလုံးပဲ မလှည့်စားခံကြပါနဲ့။ သူက ကျင့်ကြံသူ ချန် မဟုတ်ဘူး။ပုံရိပ်ယောင်သားရဲ က ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ။ ကျင့်ကြံသူ ချန်ကတော့ အန္တရာယ်တွေ့သွားပြီ ထင်တယ်......။”

ဟုန်ပေါ်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

ချန်မျိုးနွယ် အဘွားအိုမှာ အေးခဲသွားပြီးနောက် သူမ၏ အမူအရာမှာ ချက်ချင်းပင် မှောင်မှောင်မှိုင်မှိုင် ဖြစ်သွားကာ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

“ဟုန်ပေါ်...... နင်က တကယ့်ကို ကျေးဇူးကန်းတာပဲ။ နင်ပဲ ငါ့ကို ကင်းထောက်ခိုင်းပြီး ငါ သေရအောင် လုပ်တာလေ။ အခုကျတော့ ငါ့ကိုတောင် မကယ်ဘူးပေါ့......။ နင် ငါ့ကို မကယ်မှတော့ ငါနဲ့အတူ ဒီမှာပဲ အသေခံလိုက်တော့......။”

သူမ၏ စကားအဆုံးတွင် ချန်မျိုးနွယ် အဘွားအိုသည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့များ ထွက်ပေါ်လာကာ ဟုန်ပေါ်ဆီသို့ ခုန်အုပ်လိုက်လေသည်။

ဟုန်ပေါ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်ရင်း အားလုံးကို သတိပေးလိုက်လေသည်။ “အားလုံး သတိထားကြ။ ပုံရိပ်ယောင်သားရဲတွေက ပုံရိပ်ယောင်တွေ ဖန်တီးပြီး ငါတို့ရဲ့ အာရုံတွေကို နှောင့်ယှက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်။ ငါတို့ ဧရိယာအလိုက် တိုက်ခိုက်တဲ့ ကျင့်စဉ်တွေကို သုံးပြီး သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို မြန်မြန်ရှာပြီး သတ်ရမယ်။ မဟုတ်ရင် အချိန်ကြာသွားရင် သူက ငါတို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူသွားလိမ့်မယ်......။”

အားလုံး၏ အမူအရာမှာ တည်ကြည်သွားကြပြီး သူတို့၏ ဝိညာဉ်လက်နက်များနှင့် ကျင့်စဉ်များကို အသုံးချကာ ရှေ့ရှိ ချန်မျိုးနွယ် အဘွားအိုဆီသို့ ပစ်လွှတ်လိုက်ကြလေသည်။ မုန့်ဝမ်တို့ သုံးဦးလည်း ချွင်းချက် မရှိပေ။ ရွက်နီတောအုပ်ထဲ မဝင်ခင်ကတည်းက အဘိုးကြီး ချီထံမှ ပုံရိပ်ယောင်သားရဲ အကြောင်း ကြားဖူးထားသောကြောင့်ပင်။

ပုံရိပ်ယောင်သားရဲ၏ အစွမ်းမှာ ပျမ်းမျှအဆင့်သာ ရှိသော်လည်း ပုံရိပ်ယောင်များ ဖန်တီးပြီး ရှုပ်ထွေးအောင် လုပ်ဆောင်ကာ ကျင့်ကြံသူများ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ သေစေနိုင်သော တိုက်ခိုက်မှုကို ပြုလုပ်တတ်ပေသည်။ ထို့ပြင် ပုန်းကွယ်ရာတွင်လည်း အလွန်ပင် ကျွမ်းကျင်လှပေသည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ၎င်းမှာ ထွက်ပြေး လွတ်မြောက်သွားနိုင်ပေသည်။

သို့သော် ဟုန်ပေါ်၏ အတွေ့အကြုံမှာ တကယ်ပင် ရင့်ကျက်လှပေသည်။ သူသည် ပုံရိပ်ယောင်သားရဲ နှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမည်ကို မနှမြောဘဲ တစ်ကွင်းလုံးကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်ရန် အားလုံးကို ညွှန်ကြားခဲ့ရာ ပုံရိပ်ယောင်သားရဲ၏ ခန္ဓာကိုယ်အစစ်ကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့လေသည်။

ချန်မျိုးနွယ် အဘွားအို၏ နောက်ဘက်တည့်တည့်ရှိ မြေပြင်မှ မြေတံကျင်များ ရုတ်တရက် ထွက်ပေါ်လာခဲ့ချေ၏။ ထိုမြေတံကျင်များထဲမှ တစ်ခုမှာ တစ်စုံတစ်ခုကို ထိုးဖောက်သွားပုံရပြီး ၎င်း တက်လာသည့် အရှိန်မှာ အခြားအရာများထက် များစွာ နှေးကွေးနေခဲ့ချေ၏။

အားလုံးသည် ထိုနေရာသို့ အာရုံစိုက်လိုက်ကြရာ သွေးစွန်းနေသော အမြီးတစ်ခုနှင့် ထိတ်လန့်တုန်လှုပ်နေသော အမူအရာရှိသည့် အနက်ရောင် သားရဲငယ်လေး တစ်ကောင်ကို မြင်လိုက်ရလေသည်။

All Chapters