← Chapters

တိုက်ပွဲဝင်ပစ္စည်းများ ခွဲဝေခြင်း

Vol. 8 Ch. 75

တိုက်ပွဲဝင်ပစ္စည်းများ ခွဲဝေခြင်း

Vol. 8 Ch. 75

ယုန်တစ်ကောင်ထက် မကြီးသော ဤအနက်ရောင် သားရဲငယ်လေးမှာ ပုံရိပ်ယောင်သားရဲ၏ ခန္ဓာကိုယ်အစစ်ပင် ဖြစ်ပေသည်။

ဟုန်ပေါ် ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့ချေ၏။ “မာယာသားရဲက သူ့ရဲ့ အစစ်အမှန်ပုံစံကို ထုတ်ပြလိုက်ပြီ။ အားလုံး သတိထားကြ...... သူ ထွက်ပြေးမသွားပါစေနဲ့။ နောက်ပြီး ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်မခံရအောင် သတိထားကြပါ......။”

“ဟုတ်ကဲ့......။”

အားလုံးက ပြန်ထူးလိုက်ကြပြီး ပုံရိပ်ယောင်သားရဲကို ဝိုင်းရံထားကာ အဝိုင်းကို ဖြည်းဖြည်းချင်း ကျုံ့လိုက်ကြလေသည်။ မာယာသားရဲသည် ဟိုဟိုဒီဒီ ရှောင်တိမ်းနေသော်လည်း ကျင့်စဉ်တိုက်ကွက် အတော်များများ၏ ထိမှန်ခြင်းကို ခံလိုက်ရချေ၏။ မိမိကိုယ်ကိုယ် အန္တရာယ်တွေ့နေပြီဟု သိလိုက်သောအခါ ပုံရိပ်ယောင်သားရဲသည် စူးရှစွာ အော်ဟစ်လိုက်ပြီး မျက်ဝန်းထဲတွင် ရက်စက်မှုများ ပြည့်နှက်လျက် လမ်းကြောင်းတစ်ခုဆီသို့ အတင်းတိုးထွက်လေတော့သည်။

ပုံရိပ်ယောင်သားရဲ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ဟုန်ပေါ်က စိတ်ထဲမှ ကျိန်ဆဲလိုက်မိချေ၏။ ထိုစဉ် ပုံရိပ်ယောင်သားရဲ၏ အစွမ်းကြောင့် ကျင့်ကြံသူတစ်ဦးမှာ ရုတ်တရက် စိတ်ရူးပေါက်သွားပြီး သူ၏ အဖွဲ့သားများကို ရမ်းသန်း တိုက်ခိုက်လေတော့သည်။

လူနှစ်ဦးမှာ ပေါ့ဆမှုကြောင့် ထိုကျင့်ကြံသူ၏ လက်ချက်ဖြင့် ဒဏ်ရာရရှိသွားခဲ့ကြလေသည်။ ဤရုတ်တရက် အခြေအနေကြောင့် အားလုံးမှာ ထိတ်လန့်သွားကြစဉ် ပုံရိပ်ယောင်သားရဲသည် ထိုအခွင့်အရေးကို အသုံးချကာ အဝိုင်းထဲမှ ဖောက်ထွက်ပြီး လွတ်မြောက်တော့မည့်ဆဲဆဲ ဖြစ်နေခဲ့ချေပြီ။

ထိုအချိန်တွင် ပျံသန်းရေးဓား တစ်လက်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး အလွန်ပင် လျင်မြန်သော အရှိန်ဖြင့် မာယာသားရဲနောက်သို့ လိုက်ပါသွားခဲ့လေသည်။ မာယာသားရဲ၏ ထိတ်လန့်နေသော မျက်ဝန်းများရှေ့မှာပင် ၎င်း၏ ဦးခေါင်းမှာ ပြတ်ကျသွားခဲ့လေတော့သတည်း။

ထိုသည်ကို မြင်သောအခါ ဟုန်ပေါ်၏ အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားပြီး ရှန်စီရွှမ် ၏ အစွမ်းအပေါ် ပိုမို သတိထားမိလာခဲ့ချေ၏။ မိသားစုကြီးမှ ကျင့်ကြံသူများ၏ စွမ်းအားမှာ တကယ့်ကို သာမန်မဟုတ်ပေ။ သို့သော် သူ၏ မျက်နှာတွင် ထူးခြားသော အမူအရာကို မပြဘဲ စိတ်သက်သာရာ ရသွားဟန်ကိုသာ ပြသလိုက်လေသည်။

“ညီလေးစီရွှမ် လက်ဦးမှု ယူလိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီသားရဲစုတ် လွတ်သွားရင် ငါတို့အပေါ် ရန်ငြိုးဖွဲ့ပြီး အခွင့်အရေးရတာနဲ့ ကလဲ့စားချေမှာ သေချာတယ်......။”

မုန့်ဝမ် က အံ့သြသွားပုံဖြင့် “မိစ္ဆာသားရဲတွေက ကလဲ့စားချေတတ်ကြတာလားဟင်......” ဟု မေးလိုက်လေသည်။

“ဒါပေါ့...... မိစ္ဆာသားရဲတွေ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်လာရင် ဉာဏ်ပညာတွေ ရလာကြတာ။ တစ်ကောင်ချင်းစီက တကယ့်ကို ကောက်ကျစ်ကြတာလေ......။”

ဟုန်ပေါ်က သေဆုံးနေသော ပုံရိပ်ယောင်သားရဲကို ညွှန်ပြလိုက်ရင်း “ဒီသားရဲကိုပဲ ကြည့်လေ...... သူက သားကောင်ကို ရွေးတဲ့အခါ ငါတို့ကို ရှောင်ပြီး တစ်ယောက်တည်း ရှိနေတဲ့ ကျင့်ကြံသူ ချန် ကိုပဲ ရွေးတာ။ ကျင့်ကြံသူ ချန်က ဝီစီကို အချိန်မီ မမှုတ်နိုင်ဘဲ သူ့ကို ခဏတာ မတားဆီးထားနိုင်ရင် ဒီကောင်က လစ်သွားတာ ကြာလှပြီ......။”

သေဆုံးသွားသော ချန်မျိုးနွယ် အဘွားအိုကို ပြန်တွေးမိသောအခါ အငွေ့အသက်မှာ မှိုင်ညှို့သွားခဲ့ချေ၏။ ရွက်နီတောအုပ်ထဲ ရောက်ပြီး မကြာမီမှာပင် အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးလိုက်ရခြင်းမှာ လူဆယ်ဦးသာရှိသော အဖွဲ့အတွက် တကယ့်ကို ထိုးနှက်ချက်ပင် ဖြစ်ပေသည်။

ဟုန်ပေါ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး မာယာသားရဲ သေဆုံးရာနေရာသို့ လျှောက်သွားကာ ရှာဖွေလိုက်လေသည်။ ထို့နောက် အဘွားအို ချန်၏ သိုလှောင်အိတ် ကို တွေ့ရှိခဲ့ရာ တန်ဖိုးရှိသော ပစ္စည်းများကို ထုတ်ယူပြီး မာယာသားရဲ၏ အလောင်းနှင့်အတူ စုစည်းထားလိုက်လေသည်။

“စီရွှမ်ညီလေးက မာယာသားရဲကို သတ်လိုက်တာဆိုပေမဲ့ တခြားသူတွေလည်း အားထုတ်မှု ရှိခဲ့ကြတာပဲ။ အရင်က သဘောတူထားတဲ့ စည်းမျဉ်းအရ ညီလေးစီရွှမ်က ပစ္စည်းအားလုံးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းကို ယူနိုင်ပြီး ကျန်တဲ့ သုံးဆယ်ရာခိုင်နှုန်းကိုတော့ ငါတို့ ရှစ်ယောက် ခွဲဝေယူကြမယ်......။”

ထိုစကားကို ကြားသောအခါ အဖွဲ့ဝင်များ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ အနည်းငယ် ပျောက်ကွယ်သွားခဲ့ချေ၏။ အဘွားအို ချန် သေဆုံးသွားသော်လည်း အသက်ရှင်ကျန်ရစ်သူများမှာ သူမ၏ ပစ္စည်းများကို ခွဲဝေရရှိနိုင်မည် ဖြစ်သောကြောင့်ပင်။

ရှန်စီရွှမ်က ထိုခွဲဝေမှုအပေါ် ကန့်ကွက်ခြင်း မရှိသည်ကို မြင်သောအခါ ဟုန်ပေါ်၏ မျက်နှာတွင် အပြုံးမှာ ပိုမို ပွင့်လင်းလာခဲ့ချေသည်။

“ညီလေးစီရွှမ်...... မာယာသားရဲကို သတ်ခဲ့တာဆိုတော့ အရင်ဆုံး ရွေးချယ်ပါဦး......။”

ရှန်စီရွှမ်က အားနာမနေတော့ချေ။ သူသည် ရှေ့သို့ တိုးလာကာ မာယာသားရဲ၏ အလောင်းနှင့် မြေပြင်ပေါ်ရှိ ဝိညာဉ်ကျောက်တုံး ရာဂဏန်းကို ယူလိုက်လေသည်။

“ကျွန်တော် ဒီနှစ်ခုပဲ ယူပါ့မယ်......။”

ဟုန်ပေါ်က ခေါင်းငြိမ့်ပြလိုက်လေသည်။ ကျန်ရှိသော ပစ္စည်းများ၏ တန်ဖိုးကို တွက်ချက်ပြီးနောက် ကိုးပုံခန့် အကြမ်းဖျင်း ခွဲဝေလိုက်လေသည်။ သူက အဖွဲ့ခေါင်းဆောင်ပီပီ နှစ်ပုံကို အသာအယာ ယူလိုက်ပြီးနောက် ရှန်စီဟန် နှင့် မုန့်ဝမ်ကို ကြည့်လိုက်လေသည်။

“နတ်သမီးလေး နှစ်ပါး...... အခု လာပြီး ရွေးချယ်နိုင်ပါပြီ......။”

ကျန်ရှိသူများက ထိုစကားကို ကြားသော်လည်း ဘာမှ မပြောကြချေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှန်စီရွှမ်က မာယာသားရဲကို သတ်ခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ အချိန်မီ မသတ်နိုင်ခဲ့လျှင် မည်သူမျှ အကျိုးအမြတ် ရရှိကြမည် မဟုတ်ချေ။ ရှန်စီရွှမ်နှင့် ရင်းနှီးသော အမျိုးသမီး နှစ်ဦးကို အရင်ရွေးခိုင်းခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။

ရှန်စီဟန် ရှေ့သို့ မတက်မီ ရှန်စီရွှမ်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်လေသည်။ အဘွားအို ချန်၏ ပစ္စည်းများထဲမှ တန်ဖိုးအရှိဆုံးဖြစ်သော အလတ်စား ဝိညာဉ်လက်နက်မှာ သူ၏ လက်ထဲသို့ ရောက်ရှိလာပြီး မုန့်ဝမ်ကို ကမ်းပေးလိုက်လေသည်။

“မင်းဆီမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ္စည်း သိပ်မရှိဘူး...... ဒါကိုပဲ ယူလိုက်ပါ။ ပိုသွားတဲ့ ဝိညာဉ်ကျောက်တုံး တန်ဖိုးကိုတော့ ကိုယ်ပဲ အစားထိုး ပေးလိုက်မယ်......။”

အဘွားအို ချန်၏ ပစ္စည်းများကို တိကျစွာ ကိုးပုံခွဲရန် ခက်ခဲသဖြင့် ရွေးချယ်သူက တန်ဖိုးပိုသော ပစ္စည်းကို ယူလျှင် ကျန်သူများကို ဝိညာဉ်ကျောက်တုံးဖြင့် ပြန်လည် အစားထိုးပေးရသည့် စည်းမျဉ်းကို အားလုံးက လိုက်နာကြခြင်း ဖြစ်ပေသည်။ ရှန်စီရွှမ် ရွေးပေးလိုက်သော ဝိညာဉ်လက်နက်မှာ အနည်းငယ် ပို၍ တန်ဖိုးရှိသဖြင့် သူက ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံးအချို့ကို စိုက်ထုတ်ပေးရမည် ဖြစ်ပေသည်။

မုန့်ဝမ်သည် ဝိညာဉ်လက်နက်ကို ယူလိုက်ပြီး ညင်သာစွာ ပြုံးပြလိုက်လေသည်။ “ကျေးဇူးတင်ပါတယ် အကိုစီရွှမ်......။”

ရှန်စီဟန်မှာမူ မျက်လုံးလှန်ပြလိုက်မိချေ၏။ သူမကိုယ်တိုင်လည်း ထိုလက်နက်ကို ရွေးရန် ကြံရွယ်ထားသော်လည်း အစ်ကိုဖြစ်သူက လက်ဦးမှု ယူသွားသောကြောင့်ပင်။ သူမသည် လျှာလေးထုတ်ကာ တိုးတိုးလေး မကျေမနပ် ပြောလိုက်လေသည်။

“အစ်ကိုကတော့ တကယ့်ကို မျက်နှာလိုက်တာပဲ...... မရီး ရသွားတော့မှပဲ ညီမကိုတော့ မျက်စိထဲ မမြင်တော့ဘူးပေါ့လေ......။”

ရှန်စီဟန်၏ အသံမှာ အလွန်တိုးသော်လည်း ဤနေရာတွင် ရှိနေသူများမှာ နားပါးသော ကျင့်ကြံသူများ ဖြစ်ကြရာ သူမ၏ စကားများကို အားလုံး ကြားလိုက်ကြရလေသည်။ မုန့်ဝမ်မှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားမိချေ၏။

“စီဟန်က ဒီလက်နက်ကို ကြိုက်တယ်ဆိုရင် သူ့ကိုပဲ ပေးလိုက်ပါ့လား......။”

ရှန်စီရွှမ်ကမူ မတုန်မလှုပ်ပင်။ “ဒါက အလတ်စား ဝိညာဉ်လက်နက်လေး တစ်ခုပဲလေ...... သူ ဒီလောက်လေး မရှိတာမှ မဟုတ်တာ။ ယူခိုင်းရင် ယူထားလိုက်စမ်းပါ......။”

ထိုအခါမှ မုန့်ဝမ်က ထပ်မပြောတော့ချေ။ ရှန်စီဟန် ပစ္စည်းများ ရွေးချယ်ပြီး ပြန်လာသောအခါ မုန့်ဝမ်ကို တောင်းပန်သော အမူအရာဖြင့် ပြုံးပြလိုက်လေသည်။

“မရီး...... စောစောက ကျွန်မ နောက်လိုက်တာပါ။ စိတ်ထဲ မထားပါနဲ့နော်......။”

မုန့်ဝမ်က လက်ကို အမြန်ဝှေ့ယမ်းကာ “စိတ်မထားပါဘူး......” ဟု ပြန်ပြောလိုက်လေသည်။

မကြာမီမှာပင် အဘွားအို ချန်၏ ပစ္စည်းများကို အားလုံး ခွဲဝေပြီးသွားကြလေသည်။ ဟုန်ပေါ်က လူအုပ်ကို ကြည့်လိုက်ပြီး မျက်နှာတွင် တည်ကြည်မှုများ ပေါ်ပေါက်လာခဲ့လေသည်။

“ငါတို့ ရွက်နီတောအုပ်ထဲ ရောက်တာ မကြာသေးဘူး...... တစ်ယောက် သေသွားပြီ။ ကျန်တဲ့ ခရီးစဉ်မှာ အားလုံးပဲ သတိကြီးကြီးထားကြဖို့ ငါ မျှော်လင့်ပါတယ်......။”

“ဟုတ်ကဲ့......။”

အဘွားအို ချန် အန္တရာယ်တွေ့ခဲ့သော်လည်း အားလုံးမှာ ထိုအချက်ကြောင့် နောက်ဆုတ်ကြမည့်သူများ မဟုတ်ချေ။ မုန့်ဝမ်တို့ သုံးဦးမှာ ရှေ့ပြေးကင်းထောက်ရန် ဆန္ဒမရှိသည်ကို မြင်သောအခါ ဟုန်ပေါ်သည် ပိန်ပိန်ပါးပါး အမျိုးသား ကျင့်ကြံသူတစ်ဦးကို ကင်းထောက်ရန် တာဝန်ပေးလိုက်လေသည်။ အဖွဲ့ကြီးသည် ပေါ်မလာသေးသော ကျင့်ကြံခြင်းဂူကို ရှာဖွေရန် ခရီးဆက်ခဲ့ကြလေသည်။

နောက်ထပ် ရက်အနည်းငယ်မှာတော့ ဘာမှ ထွေထွေထူးထူး မဖြစ်ဘဲ ကုန်ဆုံးသွားခဲ့လေသည်။ လူကိုးဦးစလုံးမှာ အစွမ်းထက်သော အခြေခံစွမ်းအင်အဆင့် နောက်ပိုင်းရှိသူများ ဖြစ်ကြပြီး ထျန်းဟန်တောင်တန်းအကြောင်းကိုလည်း အတော်လေး နားလည်ထားကြသူများ ဖြစ်ပေသည်။ သူတို့နှင့် ကြုံတွေ့ရသော သာမန် မိစ္ဆာသားရဲများမှာ သေရုံမှတစ်ပါး အခြားမရှိချေ။

အားလုံး သတိအနည်းငယ် လျော့လာချိန်မှာပင် နောက်ဘက်မှ သဲ့သဲ့သော လှုပ်ရှားသံတစ်ခု ထွက်ပေါ်လာခဲ့ချေ၏။ ဟုန်ပေါ်က သတိကြီးစွာဖြင့် နောက်လှည့်ကြည့်လိုက်ရာ အဝေးမှ ကြီးမားသော ပုံရိပ်ကြီး သုံးခုကို မြင်လိုက်ရသဖြင့် မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ပေါ်လာခဲ့လေသည်။

“ဒါက ကြံ့သားရဲ တွေပဲ...... တစ်ခါတည်း သုံးကောင်တောင် ပေါ်လာတာဟေ့......။”

ကြံ့သားရဲများမှာ ကြောက်စရာကောင်းသော ပုံပန်းသဏ္ဌာန် ရှိသော်လည်း ထုံထိုင်းပြီး ဉာဏ်နည်းကြသဖြင့် ထျန်းဟန်တောင်တန်းတွင် ရင်ဆိုင်ရ အလွယ်ကူဆုံးသော မိစ္ဆာသားရဲများ ဖြစ်ကြပေသည်။ အရေခွံ ထူထဲပြီး ခံနိုင်ရည်ရှိသည်မှလွဲ၍ အခြား ထူးခြားသော အစွမ်း မရှိကြချေ။

ဟုန်ပေါ်က ကင်းထောက်နေသော ကျင့်ကြံသူ နှစ်ဦးကို ပြန်လာရန် သတင်းပို့လိုက်ပြီး ကျန်ရှိသော သူများကို ထိုကြံ့သားရဲ သုံးကောင်ဆီသို့ အတူတူ တိုက်ခိုက်ရန် ညွှန်ကြားလိုက်လေသည်။ မုန့်ဝမ်သည် ရှန်စီရွှမ်၏ ဘေးမှ လိုက်ပါလာပြီး အခန့်သား အားကိုးရှာနေသူတစ်ဦးအဖြစ် ဟန်ဆောင်နေခဲ့လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှန်စီရွှမ် ရှိနေသဖြင့် သူမ တိုက်ခိုက်ရေးတွင် ဘာမှ မကူညီလျှင်ပင် မည်သူမျှ ဘာမှ ပြောရဲကြမည် မဟုတ်ချေ။

ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဝိညာဉ်လက်နက်များနှင့် ကျင့်စဉ်များသည် ကြံ့သားရဲများ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး အရေခွံပေါ်တွင် အစင်းရာအချို့ကိုသာ ထင်ကျန်စေခဲ့လေသည်။ များစွာသော တိုက်ခိုက်မှုများထဲတွင် ရှန်စီရွှမ်၏ ဓားအလင်းတန်း တစ်ခုတည်းကသာ ကြံ့သားရဲ၏ အသားထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ကြီးမားသော ထိခိုက်မှုကို ပေးနိုင်ခဲ့လေသည်။

မုန့်ဝမ်သည် အခြေအနေအားလုံးကို အေးအေးလူလူ အကဲခတ်နေခဲ့လေသည်။ ရှန်စီဟန်၏ အမူအရာမှာလည်း ပေါ့ပါးနေပြီး သူမ၏ အစွမ်းကုန် အသုံးမပြုထားသည်မှာ သိသာလှပေသည်။ ဟုန်ပေါ်ကမူ တိုက်ခိုက်ခြင်း မပြုဘဲ ပတ်ဝန်းကျင်ကိုသာ အကဲခတ်နေပြီး ကြံ့သားရဲများ ရုတ်တရက် ထွက်ပြေးသွားမှာကိုသာ စောင့်ကြည့်နေခဲ့လေသည်။ မထင်မှတ်ထားသော အရာများ ဖြစ်မလာလျှင် ဤကြံ့သားရဲ သုံးကောင်ကို သတ်နိုင်ရန်မှာ သေချာသလောက်ပင် ဖြစ်နေခဲ့ချေ၏။

All Chapters