← Chapters

သိုင်းခန်းမကို အညံ့ခံမလား သေမလား

Vol. 1 Ch. 498

သိုင်းခန်းမကို အညံ့ခံမလား သေမလား

Vol. 1 Ch. 498

ဝေါင်း.. ဝေါင်း..

နတ်ဆိုးဘုရင် သုံးကောင်က စိတ်ပျက်အားငယ်စွာ ဟိန်းဟောက်လိုက်ပြီး သူတို့၏ ဧရာမခန္ဓာကိုယ်က ပကတိမျက်လုံးဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ပြာဖြစ်သွားတော့သည်။ ဘေးက ကြည့်နေသည့် နတ်ဆိုးဘုရင်များကလည်း သူတို့ခန္ဓာကိုယ်များ မီးမြိုက်ခံရသလို ခံစားလိုက်ရ၏။ ထို့ကြောင့် ကြောက်လန့်တကြား ထွက်ပြေးကြတော့သည်။

ဘီး..

ကျန်းရီသည် လက်ဝါးရိုက်ချက်အချို့ ထုတ်လွှတ်ပြီးနောက် ပျောက်ကွယ်သွားကာ နောက်ထပ် နတ်ဆိုးဘုရင်သုံးကောင်ဘေး၌ ပေါ်လာတော့သည်။ သူက နတ်ဆိုးဘုရင်နှစ်ကောင်ကို မီးရှို့ပြာချပစ်ရန် လက်ဝါးရိုက်ချက်တချို့ ထုတ်ဖော်ပြီးနောက် နေရာရွှေ့ပြောင်းမှုမပြုမီ နတ်ဆိုးဘုရင်တစ်ကောင်ကို ဒဏ်ရာပြင်းပြင်း ရစေခဲ့၏။

“သိုင်းခန်မသခင်..”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့က သုန်မှုန်သည့် အမူအရာ ပေါ်လာ၏။ ကျန်းရီသည် ဤအတိုင်း ဆက်လက်သတ်ဖြတ်နေလျှင် နတ်ဆိုးဘုရင် အကောင်တစ်ရာက လုံလောက်နိုင်မှာ မဟုတ်ပေ။ သူတို့နှစ်ယောက်က တုကူချိုးကို ကြည့်ပြီး တိုက်ပွဲထဲ ဝင်ပါရန် စိတ်အားထက်သန်နေကြ၏။ သူတို့နှစ်ယောက်က ဗာဂျရာနယ်ပယ် သတ္တမအဆင့် အထက်တွင် ရှိပေသည်။ သူတို့သည် ကျန်းရီကို မသတ်နိုင်လျှင်တောင် သူ့ကို ထိန်းထားနိုင်သေး၏။

“မင်းတို့တွေ ဘာကြောင့် စိတ်ရှုပ်နေတာလဲ”

တုကူချိုးက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အရာအားလုံး သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ပုံမျိုးဖြင့် တည်ငြိမ်သည့် အမူအရာ ရှိနေသည်။

သူက လက်ဟန်တစ်ခု ဖန်တီးပြီးနောက် နတ်ဆိုးဘုရင်များအားလုံးက လျင်မြန်စွာ သက်ဆင်းလာကြတော့သည်။ သူတို့သည် နတ်ဆိုးသိုင်းကိုတောင် မသုံးဘဲ အလွယ်တကူ ချေမွနိုင်ပြီး မဟာရှတိုင်းပြည်၏ တပ်ဖွဲ့ကို ရည်ရွယ်ချက် ရှိရှိ သူတို့၏ အစွမ်းထက်သော ခန္ဓာကိုယ်များကို အသုံးချပြီး သတ်ဖြတ်နေတော့၏။

“ဟမ့်..”

ကျန်းရီသည် အံ့သြဆွံ့အသွားကာ နတ်ဆိုးဘုရင် အကောင်ကိုးဆယ်ကျော်က သူတို့ ဆန္ဒရှိသလို သတ်ဖြတ်နေတာကို တွေ့ရချိန် ကူကယ်ရာမဲ့သွား၏။ နတ်ဆိုးဘုရင်များနောက်လိုက်ရန် နေရာရွှေ့ပြောင်းခဲ့လျှင် သူ၏ ကြောက်မက်ဖွယ် မီးလျှံများက မဟာရှတိုင်းပြည်၏ တပ်သားများကို လောင်ကျွမ်းသွားစေမှာပဲ ဖြစ်သည်။

နတ်ဆိုးဘုရင်များက မလှုပ်ရှားရသေးခင် နတ်ဆိုးဘုရင်များက ထိုကြောက်မက်ဖွယ် မီးလျှံများကြောင့် အသက်ရှင်လျက် လောင်ကျွမ်းသွားနိုင်ပေ၏။

သူသည် ဘုံကိုးဘုံ၏ နဂါးမီးလျှံနှင့် တစ္ဆေမီးလျှံတို့ကို အသုံးမပြုခဲ့လျှင် နတ်ဆိုးဘုရင်များကို သတ်နိုင်မှာ မဟုတ်ပေ။ နတ်ဆိုးဘုရင်များကို မသတ်ခဲ့လျှင် စစ်သားများသည် နတ်ဆိုးဘုရင်များကြောင့် သေဆုံးရအုံးမှာပဲဖြစ်သည်။

“တုကူချိုး..”

သူ့အကြည့်က လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် လူနှစ်ဦးနှင့် တုကူချိုးဆီ ရောက်သွားသည်။ သူ့မျက်ဝန်းများက ဉာဏ်ကွန့်မြူးမှုများဖြင့် ပြည့်နေတော့သည်။ သားရဲစေတီက တုကူချိုး ပိုင်ဆိုင်တဲ့ လက်နက် မဟုတ်ဘူးလား။ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်တွေ အားလုံးက တုကူချိုးပြောတာ နာခံမယ် ဆိုရင် သူတို့အားလုံးက သူ့ရဲ့ဝိညာဉ်သားရဲဖြစ်လောက်တယ်။ ဝိညာဉ်သားရဲတစ်ကောင် သခင်တစ်ယောက်ပဲ ရှိတာ သခင်သေသွားခဲ့ရင် ဝိညာဉ်သားရဲတွေလည်း သေသွားမှာပဲ။ ကျန်းရီ၏ ခန္ဓာကိုယ်က သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ဖြင့် ရုတ်ခြည်း ပေါ်ထွက်လာသည်။ သူသည် တုကူချိုးကို သတ်ဖြတ်နိုင်ခဲ့လျှင် နတ်ဆိုးဘုရင်များက သူနှင့်အတူ သေဆုံးသွားမည် ဖြစ်ကာ ဤကပ်ဘေးကို ကျော်လွန်နိုင်မှာပဲ ဖြစ်၏။

ဝှစ်..

သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ဖြတ်သန်းသွားပြီးနောက် ချက်ချင်း နေရာရွှေ့ပြောင်းကာ တုကူချိုးအား ချဉ်းကပ်သွားတော့သည်။ ကျန်းရီသည် တုကူချိုးကို အာရုံစိ်ုက်ရန် ကောင်းကင်စိတ်အာရုံခံကို လေ့လာနေ၏။ တုကူချိုးက ရုတ်တရက် လှုပ်ရှားလာခဲ့လျှင် ကျန်းရီက ချက်ချင်း တုံ့ပြန်နိုင်မှာ ဖြစ်သည်။

“ခန်းမသခင်”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့က ထပ်မံအော်ဟစ်လိုက်ပြီး တိုက်ခိုက်ရန် တောင်းဆိုနေကြသည်။ တုကူချိုးက လက်တစ်ချက် ဝှေ့ယမ်းပြပြီး ခပ်ဖျော့ဖျော့ ရယ်မောလိုက်၏။

“မလောနဲ့ ဒီမှာပဲ ရပ်ပြီး ပွဲကို ကြည့်နေ”

ဝှစ်..

ကျန်းရီသည် ခဏတစ်ဖြုတ် လေ့လာလိုက်၏။ တုကူချိုး ဘာမှမလုပ်တာကို သတိပြုမိသည့် အချိန်၌ သူ့ကိုယ်သူ ထိန်းထားလိုက်တော့သည်။ တုကူချိုး၌ ဖြုန်းစရာ အချိန်ရှိသော်ငြား သူ့တွင် ဖြုန်းစရာ အချိန် မရှိပေ။ ကုန်ဆုံးသွားသည့် စက္ကန့်တိုင်းတွင် စစ်သားထောင်ချီ သေဆုံးနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။ ထိုနတ်ဆိုးဘုရင်များက ဆက်လက်သတ်ဖြတ်နေခဲ့လျှင် နာရီပိုင်းအတွင်း တပ်သားအားလုံး သုတ်သင်ရှင်းလင်းခံရပေလိမ့်မည်။

ကျွီး.. ကျွီး..

ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓားတစ်လက် ပေါ်လာပြီး မီးနဂါးသိန်းသောင်းချီကို ထုတ်လွှတ်လိုက်သည်။ ကျန်းရီက ပျောက်ကွယ်သွားပြီးနောက် တုကူချိုးနောက် မီတာ(၆၀၀) အကွာ၌ ပေါ်လာပြီး တစ္ဆေမီးလျှံများ ထုတ်လွှင့်ရန် ကြိုးစားလိုက်သည်။

“အသေးအဖွဲ့လေးပါပဲ”

တုကူချိုးသည် တိုက်ကွက်များကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနေ၏။ သူက အတွင်းအားပါသည့် တိုက်ကွက်ကို ထုတ်လိုက်ရာ ထူးဆန်းသည့် သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီးနောက် သောင်းချီသော မီးလျှံနဂါးများဖြင့် ဆုံတွေ့သွားသည်။ တစ်ချိန်တည်းတွင် သူ့နောက်ကို လက်ဝါးဖြင့် ရိုက်လိုက်၏။

ဘီး..

လေပြင်းကဲ့သို့ပင် ကန်ရေ၏ မျက်နှာပြင်ကို တိုက်ခိုက်သွားလျှက် တုကူချိုးနောက်ရှိ လေဟာနယ် နယ်မြေက ပြိုကွဲသွားကာ လှိုင်းကယက်များသည် လျှပ်ပြက်သည့် အရှိန်ဖြင့် ပြန့်ကားသွား၏။ ကျန်းရီပြန်ပေါ်လာစဉ်၌ သူရှိနေသည့် နေရာသို့ လှိုင်းကယက်များ ရောက်ရှိနေပြီဖြစ်ကာ သူ့ကို မြန်မြန် ဆန်ဆန် ပျောက်ကွယ်သွားစေ၏။ ပြီးနောက် ကျန်းရီသည် နောက်ထပ် ကီလိုမီတာများစွာအကွာ၌ ပြန်ပေါ်လာတော့သည်။

“ဖိအားပေး ရွှေ့ပြောင်းစေတာ..”

ကျန်းရီ၏ လက်က လက်ဝါးရိုက်ချက်၏ ပုံစံ ရှိနေသေးသည်။ သို့သော် တုကူချိုးနှင့် ကျန်သူများက သူ့ရှေ့တွင် မရှိတော့ချေ။ သူက နေရာရွှေ့ပြောင်းရန် ထပ်မံဖိအားပေး ခံရပြီ ဖြစ်သည်။

ကျွီး.. ကျွီး..

တစ်ဖက်တွင်မူ ကျန်းရီ၏ မီးနဂါးက တုကူချိုး၏ ထူးဆန်းသော အတွင်းအားသားရဲကြောင့် ချုပ်ငြိမ်းသွားတော့သည်။ တုကူချိုးသည် နေရာတွင်ပင် ဝင့်ကြွားစွာ ရပ်နေပြီး သူ့မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ ရှိနေပေ၏။ ကြွက်ပေါက်လေး တစ်ကောင်ကို ဆော့ကစားနေသည့် ကြောင်တစ်ကောင်နှင့် ဆင်တူနေချေသည်။

“ဟား ဟား ဟား..”

ကျန်းရီ၏ မှင်တက်ကာ မကျေမချမ်း ဖြစ်နေသည့် အမူအရာကို မြင်သောအခါ အကြီးအကဲလုနှင့် အကြီးအကဲကျန်းက ရယ်မောလိုက်ကြပြီး တုကူချိုး တွေးနေတာကို သူတို့ သဘောပေါက်သွားပြီ ဖြစ်သည်။

တုကူချိုးက ကျန်းရီကို ချက်ချင်း မသတ်ချင်ပေ။ သူက ကျန်းရီကို ဆော့ကစားချင်၏။ သူ၏ စိတ်ပိုင်းဆိုင်ရာအားလုံး ပြိုလဲပြီး အပြည့်အဝ အားငယ်မှု ဖြစ်စေချင်သည်။

တုကူချိုးသည် အလယ်အဆင့် လေဟာနယ်တာအိုဖြစ်သည့် လေဟာနယ် ဖယ်ရှားခြင်းကို ပိုင်ဆိုင်ထားသည်။ ယင်းက ရန်သူကို အလွယ်တကူ ဖိအားပေး နေရာရွှေ့ပြောင်းစေနိုင်၏။ ကျန်းရီက သူ့နားချဉ်းကပ်ရန် နည်းလမ်း မရှိလျှင် တမလွန်လောကတစ္ဆေမီးလျှံများသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းစေကာမူ ကျန်းရီ၏ သိုင်းကွက်များက ထိရောက်ခြင်း မရှိတော့ချေ။

နတ်ဆိုးဘုရင်များက ကျန်းရီ၏ တပ်ဖွဲ့ကို သတ်ဖြတ်နေစဉ် သူ့တွင်ရှိသည့် အရည်အချင်းများအားလုံးဖြင့် ဘာမှမလုပ်နိုင်ပေ။ သူက သူ၏ တိုင်းသူပြည်သားများနှင့် စစ်သားများ သတ်ဖြတ်ခံရတာကိုသာ ကြည့်နေရပြီး သူ့ရင်ထဲ၌ စိုးရိမ်ပူပန်မှု ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့ တိုးလာသည်။

ကျန်းရီသည် အစွဲအလမ်းကြီးသည့် လူတစ်ဦးဟု ကျီထင်ယွီ တစ်ခါက ပြောခဲ့ဖူးသည်။ သူသည်လည်း ခေါင်းမာသည့်သူ တစ်ဦး ဖြစ်ပေသည်။ အစောပိုင်းက ညှိနှိုင်းဆွေးနွေးမှုမှ လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ အလျော့ပေးလာစေရန် အလို့ငှာ တုကူချိုးက သူ၏ ဂုဏ်ဝင့်မှုက ဦးစွာ ရိုက်ချိုးပြီးနောက် ကပ်ဘေးနှင့် ရင်ဆိုင်ရာတွင် သူ့ကို ကူကယ်ရာမဲ့စေခဲ့သည်။ တုကူချိုးက သူတစ်ယောက်တည်းဖြင့် လူတိုင်းကို မကယ်တင်နိုင်ကြောင်း ကျန်းရီအား နားလည်သဘောပေါက်စေချင်၏။ ဤအရေးကိစ္စကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းက သိုင်းခန်းမကို အညံ့ခံရန် ဖြစ်သည်။

ဝှစ် ဝှစ်..

ကျန်းရီက နေရာထပ်မံ ရွှေ့ပြောင်းလိုက်သည်။ သူ့အကြည့်များက သူ့မျက်လုံးသည် သွေးနီရောင်များ ရဲတောက်နေပြီ ဖြစ်ပြီး အနီရောင်ဆံနွယ်များက လေထဲ လွင့်လူးနေ၏။ ကျန်းရီက အမှန်တကယ် စိတ်ပျက်အားငယ်နေချေသည်။ သူသည် လေဟာနယ် တာအိုကြောင့် တုကူချိုးကို မသတ်နိုင် ဖြစ်နေသည်။ ကျန်းရီက အောက်ရှိ စစ်သားများကို မကယ်တင်နိုင်၊ တမလွန်လောကတစ္ဆေမီးလျှံကုန်ခမ်းသွားသည့် အချိန်တွင် သူ ဤနေရာတွင် သေသွားနိုင်ပေ၏။

ဘီး..

တုကူချိုးက ပါးစပ်က မင်းမူစိုးမိုးနိုင်စွမ်း ပြည့်နေတော့သည်။ သူ၏ ကောင်းကင်စိတ်အာရုံက ကောင်းကင်၏ နေရာရွှေ့ပြောင်းမည့်နေရာကို အလွယ်တကူ အကဲဖြတ် ဆုံးဖြတ်နိုင်စွမ်း ရှိပြီး တုံ့ပြန်သည့် အရှိန်က မြန်ဆန်လွန်း၏။ ကျန်းရီပေါ်တောင် မပေါ်လာသေးခင် တုကူချိုးက လေဟာနယ်တိုက်ကွက်ကို ထုတ်ဖော်ပြီး ဖိအားပေးကာ နေရာရွှေ့ပြောင်းစေခဲ့သည်။

တစ်ကြိမ်…၊ နှစ်ကြိမ်၊ သုံးကြိမ်..

ကျန်းရီသည် တုကူချိုး၏ လက်ထဲ၌ မျောက်တစ်ကောင်နှယ် ဆော့ကစား ခံနေရချေသည်။ အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့သည် အစက သတိအနေအထားအပြည့် ရှိခဲ့သော်ငြား ယခုမူ ပွဲကိုသာ အေးအေးဆေးဆေး ကြည့်နေကြသည်။ သူတို့က ရံဖန်ရံခါတွင် ကျယ်လောင်စွာ ရယ်မောကြပြီး ကျန်းရီကို လှောင်ပြောင်သရော်သည့် အကြည့်များဖြင့် ကြည့်နေကြ၏။

“အား.. အား..”

ဝေါင်း ဝေါင်း..

ဖုန်း ဖုန်း..

“ကိုယ်စားအုပ်ချုပ်သူအရှင် ကျုပ်တို့ကို ကယ်ပါ”

သတ်ဖြတ်မှု ဆက်လက်တိုးလာသည်နှင့် စိတ်ပျက်အားငယ်စွာ အော်သံများသည် နားထဲ ပဲ့တင်သံ ထပ်လာတော့သည်။ တပ်ဖွဲ့သည် ရှုံးနိမ့်နေပြီ ဖြစ်ကာ သူတို့အသက်အတွက် ထွက်ပြေးနေရသည်။ သူတို့၏ခွန်အားဖြင့် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်များကို ဒဏ်ရာရအောင် မဆိုထားနှင့် အများစုက လက်နက်တောင် မမြောက်နိုင်ကြတော့ပေ။

သူတို့သည် ရက်စက်ကြမ်းကြုတ်သော လူရမ်းကားတစ်စုကို ရင်ဆိုင်နေရသည့် အဝတ်ဗလာကျင်း မိန်းမပျိုများနှယ် ဖြစ်နေ၏။ သူတို့က အပြည့်အဝ ကူကယ်ရာမဲ့နေပြီး လုပ်နိုင်တာ ဘာမှမရှိပေ။

ကျန်းရီက ဖိအားပေး နေရာရွှေ့ပြောင်းခံနေရသည့် အချိန်တွင် သူ၏ သွေးနီရောင် မျက်ဝန်းများက အောက်ဘက်သို့ ကြည့််မိသောအခါ စစ်သားသောင်းချီက သေကြေပြီး ဒဏ်ရာရနေကြသည်။ အများစုက အရပ်မျက်နှာအနှံ့ ထွက်ပြေးနေကြပြီး နတ်ဆိုးဘုရင်များ သူတို့နောက် လိုက်လာစဉ်၌ စိတ်ပျက်အားငယ်စွာ အော်ဟစ်နေကြ၏။ အများစုကမူ နတ်ဆိုးဘုရင်များ တက်နင်းတာ ခံရပြီး မြေကြီးထဲ ကြေမွကုန်၏။ သူတို့အားလုံးက သူ့ကို မျှော်လင့်တကြီး မျှော်လင့်ချက်များဖြင့် ကြည့်နေကြ၏။

“အား..”

သူက မျက်လုံးမှိတ်လိုက်ပြီးနောက် ကောင်းကင်ဆီသို့ မျက်နှာမူလျက် အော်လိုက်တော့သည်။ သူတို့ကို သူ မကယ်တင်နိုင်၊ သူက သူတို့ကို စိတ်ပျက်စေခဲ့သည်။ ဤနေရာရှိ စစ်သားများနှင့် တိုင်းသူပြည်သားများအားလုံးကို သူ ပါဝင်ပတ်သတ်စေခဲ့သည်။

“ကျန်းရီ”

တုကူချိုး၏ လှောင်ပြောင်သည့် အမူအရာက ပေါ်ထွက်လာပြီးနောက် အော်ဟစ်သံ ပျောက်ကွယ်သွားတော့သည်။ ထိုအစား သူက လေးနက်တည်ကြည်သည့် အမူအရာ ပေါ်လာတော့၏။

“မင်းရှေ့က တပ်သားတွေနဲ့ တိုင်းသူပြည်သားတွေ သေနေတာကို မင်းမြင်နိုင်လား သူတို့ကို မသေစေချင်ဘူးဆိုရင် မင်း ချစ်ရတဲ့သူတွေ မိသားစု မိတ်ဆွေတွေကို မသေစေချင်ဘူးဆိုရင် မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတယ် ဒါက မင်းရဲ့ဝိညာဉ်ချိပ်ပိတ်မှုကို ငါတို့ဆီ ပေးပြီး သိုင်းပညာခန်းမကို အညံ့ခံလိုက်”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့က ရှေ့သို့ တိုးလာပြီး တစ်ပြိုင်နက်တည်း အော်လိုက်သည်။

“သိုင်းပညာခန်းမကို အညံ့ခံရင်ခံ မဟုတ်ရင် သေလိုက်တော့”

ကျန်းရီက စိတ်လွှတ်သွားသည်။ သူ့ရင်ထဲရှိ မဆုတ်မနစ် ကြိုးပမ်းမှုအတွက် တပ်ဖွဲ့တစ်ဖွဲ့လုံးကို သေခွင့်ပေးရမည်လော။ သူသည် ငွေပန်းပွင့်အဘွားအို ယာ့ဇီသားရဲ ကျန့်ရီမင်နှင့် ကျန်သည့်သူများကို အတူတကွ မြှုပ်နှံခွင့် ပေးရမည်လော။ သူသည် စုလော့ရွှယ်၊ ကျန်းရှောင်နု၊ ကျန်းဟိုင်၊ ကျန်းဝူရွှမ်းနှင့် ကျန်သူများကို သူနှင့်အတူ ကွယ်ပျောက်ခွင့် ပေးရမည်လော။ လူတစ်ယောက်၏ ဂုဏ်သိက္ခာ၊ မာန၊ လွတ်လပ်မှုတို့သည် အမှန်တကယ် အရေးပါသည်လော။

***

All Chapters