← Chapters

ထူးခြားသည့်ပတ်ဝန်းကျင်အခြေအနေ

Vol. 13 Ch. 137

ထူးခြားသည့်ပတ်ဝန်းကျင်အခြေအနေ

Vol. 13 Ch. 137

ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်မည့် အချိန်တိုင်းတွင် ဖီးနစ်နားခိုရာမျိုးနွယ်စုက စမ်းသပ်ပွဲလက်မှတ် အစောင်ရေ(၁၀၀)ကို ပြင်ပလောကသို့ ထုတ်ပေးလေ့ရှိသည်။

သို့သော် မမျှော်လင့်သည့်အခြေအနေများစွာကြောင့် အချို့သော စမ်းသပ်ပွဲလက်မှတ်များက ပျောက်ဆုံးသွားကြသဖြင့် တောင်ကြားဖွင့်လှစ်မည့်အချိန်ရောက်လျှင် လက်မှတ်အစောင်(၁၀၀)လုံး ဖီးနစ်နားခိုရာတောင်ထွတ်သို့ အချိန်မီ ပြန်လည်ရောက်ရှိလာလေ့ မရှိကြပေ။

ယခင်မှတ်တမ်းများအရ လက်မှတ်ပြန်လည်ရောက်ရှိမှုမှာ အများဆုံး (၉၀)ရာနှုန်းဝန်းကျင်မှာသာ ရှိတတ်သည်။

ပြောရမည်ဆိုလျှင် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခွင့်ရသည့် အပြင်လူအရေအတွက်မှာ (၁၀၀) အပြည့် မရှိဘဲ (၉၀) ဝန်းကျင်မှာပင် အမြဲတမ်း ရှိနေခဲ့သည်။

ထို့ကြောင့် ယခု နတ်သူငယ်များက စမ်းသပ်ပွဲလက်မှတ်(၅)ခု ထုတ်ပြနိုင်ခြင်းမှာ အံ့သြစရာတော့ မရှိလှပေ။

သို့ပေသိ နတ်သူငယ်မျိုးနွယ်များက ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ရန် အဘယ့်ကြောင့် ဤမျှ အတင်းအကျပ် ကြိုးစားခဲ့ကြပါသနည်း။

ယန်ယန် ခဏမျှ တွန့်ဆုတ်သွားသည်။

သူ့အနေဖြင့် ဤစမ်းသပ်ပွဲလက်မှတ်များကို လက်ခံရမည်လား သို့မဟုတ် ယဉ်ကျေးစွာငြင်းပယ်ရမည်လား မဆုံးဖြတ်နိုင် ဖြစ်သွားရ၏။

အယ်လ်ကင်ကတော့ လုံးဝ တည်ငြိမ်အေးဆေးနေဆဲပင်။

သူက ပြုံးလိုက်ပြီး...

“ကျုပ်တို့သိသလောက်တော့ ဖီးနစ်ကျဆုံးတောင်ကြားရဲ့ စမ်းသပ်ပွဲက လူပုဂ္ဂိုလ်အပေါ်မှာ မမူတည်ဘဲ လက်မှတ်အပေါ်မှာပဲ မူတည်တယ်တဲ့ ၊ စမ်းသပ်ပွဲလက်မှတ် ကိုင်ဆောင်ထားတဲ့ ဘယ်လူငယ်မဆို တောင်ကြားထဲဝင်ဖို့ အရည်အချင်း ပြည့်မီတာပဲ မဟုတ်လား ၊ ပြီးတော့ ဒီလက်မှတ်တွေက တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာအတွက်ပဲ သီးသန့်မဟုတ်ဘူး‌လေ ၊ ဟိုးအရင်ကတည်းက လက်မှတ်ကိုင်ထားတဲ့ အပြင်လူတွေလည်း စမ်းသပ်ပွဲမှာ ပါဝင်ခဲ့ကြဖူးတာပဲ...”

အယ်လ်ကင်က ထိုမျှအထိ ချက်ကျလက်ကျ ပြောဆိုလာတော့ ယန်ယန်လည်း မည်သို့ပြောရမည် မသိတော့ပေ။

သူက မချိပြုံးပြုံးလိုက်ပြီး...

"ဖီးနစ်ကျဆုံးတောင်ကြားက အရမ်းအန္တရယ်များတယ် ၊ ကျုပ်တို့လူကြီးတွေကလည်း လူငယ်တွေနောက်ကိုလိုက်ပြီး စောင့်ရှောက်မပေးနိုင်ဘူး ၊ တကယ်လို့ နတ်သူငယ်မျိုးနွယ်က ဂုဏ်သရေရှိဧည့်သည်တော်တွေ တောင်ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့ရင် ကျုပ်တို့ ဖီးနစ်နားခိုရာမျိုးနွယ်စုအနေနဲ့ ဘယ်လို အလျော်အစားပေးရမယ်မှန်းတောင် မသိနိုင်ပါဘူး”

အယ်လ်ကင်က ခပ်ဟဟ ရယ်မောလိုက်ရင်း...

"မျိုးနွယ်စုခေါင်းဆောင်’ယန်ယန်’ က စိတ်ပူလွန်းရန်ကော... ခင်ဗျားမျက်စိထဲမှာ ကျုပ်တို့ နတ်သူငယ်မျိုးနွယ်တွေက မောက်မာပြီး အနိုင်ကျင့်တတ်တာကလွဲလို့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့သူတွေလို့ ထင်နေတာလား ၊ တောင်ကြားထဲရောက်သွားရင် သေခြင်းရှင်ခြင်းက ကံတရားအတိုင်းပဲ ၊ ကျုပ်တို့ နတ်သူငယ်တွေလည်း ဒီစည်းမျဉ်းကို ကောင်းကောင်းနားလည်ပါတယ် ၊ အခု ကျုပ်ခေါ်လာတဲ့ နတ်သူငယ်လူငယ်တွေ တောင်ကြားထဲမှာ အသက်ဆုံးရှုံးခဲ့ရင်တောင်... ဒါက သူတို့ကံကြမ္မာပါပဲ ၊ ကျုပ်တို့က ခင်ဗျားတို့ကို အပြစ်တင်မှာ မဟုတ်ပါဘူး”

ယန်ယန်က အယ်လ်ကင်၏နောက်မှ နတ်သူငယ်လူငယ် (၅)ယောက်ကို တစ်ချက် အကဲခတ်လိုက်သည်။ ကျင့်ကြံခြင်းစနစ် လုံးဝ မတူညီသည့်အတွက် ယန်ယန်သည်ပင် သူတို့၏တန်ခိုးစွမ်းအားကို ခန့်မှန်းနိုင်ခြင်း မရှိပေ။

သို့သော် သူတို့ မည်မျှပင် အရည်အချင်းရှိပါစေ လူအင်အား (၅)ယောက်တည်းသာ ရှိသည်။

တောရိုင်းဒေသ မျိုးနွယ်စုဝင် လူငယ်များအနေဖြင့် ထို (၅)ယောက်မျှသော နတ်သူငယ်တို့ကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။

ယန်ယန် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး အယ်လ်ကင်၏လက်ထဲမှ စမ်းသပ်ပွဲလက်မှတ်(၅)စောင်ကို တည်ငြိမ်စွာပင် လက်ခံယူလိုက်သည်။

သူက အေးဆေးသည့်လေသံဖြင့်...

“ကောင်းပြီလေ... ခင်ဗျားတို့ နတ်သူငယ်တွေက ကျုပ်တို့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာရဲ့စည်းကမ်းကို လိုက်နာတယ်ဆိုမှတော့... ဖီးနစ်ကျဆုံးတောင်ကြားက ခင်ဗျားတို့အတွက်လည်း အမြဲတမ်း ဖွင့်ထားပြီးသားပါပဲ...”

ထို့နောက် သူက စူးရှသည့်မျက်ဝန်းများဖြင့် ဧည့်သည်တော်များအားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“ကဲ... အားလုံးပဲ အနောက်ဘက်တောင်ကုန်းကို သွားကြရအောင် ၊ ဖီးနစ်ကျဆုံးတောင်ကြား မကြာခင်မှာ ဖွင့်လှစ်ပါတော့မယ်”

ဖီးနစ်နားခိုရာမျိုးနွယ်စုခေါင်းဆောင်’ယန်ယန်’ ကိုယ်တိုင်က နတ်သူငယ်များကို လက်ခံလိုက်သဖြင့် မည်သူမှ ကန့်ကွက်စရာ အကြောင်းမရှိတော့ပေ။

နတ်သူငယ်များ ရောက်ရှိလာခြင်းက လူအများစုကို စိတ်မသက်မသာ ဖြစ်စေခဲ့သော်လည်း ဒဏ္ဍာရီလာ ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ လူတိုင်း ရင်ခုန်စိတ်လှုပ်ရှားသွားကြသည်။

ထို့နောက် အားလုံး ဖီးနစ်နားခိုရာတောင်၏ အနောက်ဘက်သို့ ထွက်ခွာလာခဲ့ကြသည်။

ကောလဟလများ မှားယွင်းခြင်းမရှိပေ။

ဖီးနစ်ကျဆုံးတောင်ကြားက ဖီးနစ်နားခိုရာတောင်၏အနောက်ဘက်တွင် အမှန်တကယ် တည်ရှိပေသည်။

ထို့ပြင် ဤနေရာက အမှန်ပင် ထူးဆန်းလှသည်။

နှစ်ပေါင်း(၂၀)လျှင်တစ်ကြိမ် သတ်မှတ်ထားသည့်အချိန်ကျရောက်မှသာ တောင်ကြားဝင်ပေါက်က အလိုအလျောက် ပေါ်လာပြီး လူအများကို အထဲသို့ဝင်ခွင့်ပေးခြင်း ဖြစ်၏။

ယခု...

ဒဏ္ဍာရီလာ ဖီးနစ်ကျဆုံးတောင်ကြား၏ စမ်းသပ်ပွဲခရီးစဉ် စတင်တော့မည် ဖြစ်ပေသည်။

နတ်သူငယ်များကတော့ ထုံးစံအတိုင်း မာန်မာနအပြည့်နှင့် ဖြစ်သည်။

သူတို့ပုံစံက အလွန်တရာ ဝင့်ကြွားသည်ဖြစ်ရာ လူအုပ်စုအလယ်တွင် အတော်လေး ထင်ထင်ရှားရှား ဖြစ်နေသည်။

လူအုပ်ကြီးထဲတွင် နတ်သူငယ်များကို မကျေမနပ် စူးစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံ ရှိနေလေသည်။

ထိုမျက်ဝန်းပိုင်ရှင်က ‘ချောင်တတိယသခင်လေး’ ပင် ဖြစ်၏။

နတ်သူငယ်များ ရုတ်တရက် ရောက်လာသဖြင့် အထိတ်လန့်ဆုံးသူကိုပြပါဆိုလျှင် ချောင်တတိယသခင်လေးကိုသာ ပြရပေမည်။

သူ၏အံ့သြတုန်လှုပ်မှုက ယန်ယန်နှင့် အခြားသော တောရိုင်းဒေသ မျိုးနွယ်စုဝင်များထက်ပင် ပြင်းထန်နေခဲ့သည်။

နတ်သူငယ်တွေ ဘာလို့ ဤနေရာကို ရောက်လာရပါသနည်း။

ဖြစ်နိုင်ခြေရှိတစ်ခုသာရှိသည်။

သူတို့သည်လည်း သူကဲ့သို့ပင် ဖီးနစ်ကျဆုံးတောင်ကြားမှ ထို “ဒဏ္ဍာရီလာ ရတနာပစ္စည်း” ကို စိတ်ဝင်စားသောကြောင့် ဖြစ်ပေမည်။

တကယ်တော့ ထိုပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်က ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ယနေ့ခေတ်တွင် သိရှိသူ မရှိသလောက်ပင် ဖြစ်၏။

ဖီးနစ်ကျဆုံးတောင်ကြား၏ "အသက် ၃၀ အောက်ဖြစ်ရမည်" နှင့် "ဒြပ်စင်စွမ်းအားအရှင်သခင် အဆင့်အောက်သာ ဖြစ်ရမည်" ဆိုသော ထူးခြားသည့် ကန့်သတ်ချက်များသာ မရှိလျှင် ချောင်အိမ်တော်က ဤမျှကြီးလေးသည့်တာဝန်ကို သူ့လက်ထဲအပ်နှင်းမည် မဟုတ်ပေ။

“နတ်သူငယ်တွေက ဘယ်လိုဖြစ်လို့ ဒီသတင်းကိုရသွားတာလဲ...”

ချောင်တတိယသခင်လေး တွေးလိုက်သည်။

“ထိုပစ္စည်း” ကို ရယူရတွင် သူ့အနေဖြင့် လုံးဝ အမှားအယွင်း အဖြစ်မခံနိုင်လေရာ တောင်ကြားထဲရောက်သည်နှင့် အရင်ဆုံး နည်းလမ်းရှာပြီး နတ်သူငယ်များကို ရှင်းပစ်ရပေမည်။

ချောင်တတိယသခင်လေး၏ အတွေးများကို မည်သူမှမရိပ်မိသော်လည်း ခုန်မင်ကတော့ ရိပ်မိခဲ့လေသည်။

သူက ချောင်တတိယသခင်လေးကို တစ်ချိန်လုံးအကဲခတ်နေသည်ဖြစ်ရာ ၊ ထိုလူငယ်က နတ်သူငယ်များကို ထူးထူးခြားခြား သတိထားနေပြီး ရန်လိုသည့်အငွေ့အသက်များပါ ထွက်ပေါ်နေကြောင်း သတိပြုလိုက်မိသည်။

လောကတွင် အကြောင်းရင်းမရှိဘဲ အမုန်းတရား မဖြစ်ပေါ်နိုင်ပေ။

ချောင်တတိယသခင်လေးနှင့် နတ်သူငယ်များကြား တစ်စုံတစ်ခု အကြီးအကျယ် ပတ်သက်နေရပေမည်။

ကြည့်ရသည်မှာ ယခုတစ်ခေါက် ဖီးနစ်ကျဆုံးတောင်ကြား ခရီးစဉ်ကတော့ ထူးခြားသည့် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာပေတော့မည်။

တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှ ပါရမီရှင်လူငယ်များသာမက မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာမှန်းမသိသော နတ်သူငယ်များ ၊ သတ်ဖြတ်လိုစိတ်ပြင်းထန်နေသည့် ချောင်တတိယသခင်လေး ၊ သိုသိုသိပ်သိပ်ဖြင့် မိမိကိုယ်ကိုဖုံးကွယ်ထားသည့် ခုန်မင်... စသည်ဖြင့် လူစုံတက်စုံ ရောက်ရှိနေခဲ့သည် မဟုတ်ပါလား။

ခုန်မင်၏လ်ကထဲတွင် မီးလျှံဖီးနစ်ငှက်မွှေးမှ အသွင်ပြောင်းထားသည့် ဖီးနစ်ကျဆုံးတောင်ကြားမြေပုံ ရှိနေသည်။ ထိုမြေပုံရှိနေသရွေ့ သူ့ဘက်မှ အသာစီးရယူပြီး တောင်ကြားထဲဝင်လာသမျှလူတိုင်းကို စိတ်ကြိုက်လှည့်စားနိုင်ပေမည်။

ဖီးနစ်နားခိုရာတောင်ထွတ်မှ အမြင့်ပေ(၂၀၀၀)ကျော်ခန့် အောက်ဘက်သို့ဆင်းလာပြီးနောက် ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိလာသည်။

အခြားသောနေရာများတွင် ဆီးနှင်းများ ဖုံးလွှမ်းနေသော်လည်း ဤနေရာကတော့ ထူးဆန်းစွာပင် ဆီးနှင်းများ ဖုံးအုပ်နေခြင်း မရှိပေ။

ဤနေရာက မီးဖိုထဲရောက်သလို အပူဒဏ် ပြင်းထန်လွန်းသည်။ မြေပြင်တစ်ခုလုံး ပူပြင်းခြောက်သွေ့နေပြီး မီးတောင်ချော်ရည်များမှ အေးခဲသွားရာမှဖြစ်ပေါ်လာသည့် အနက်ရောင်ချော်တုံးချော်ခဲများ နေရာအနှံ့တွင် ရှိနေသည်။

မြေပြင်ထက်တွင်လည်း သံရည်ပူများပမာ ရဲရဲနီနေသည့် ချော်ရည်စီးကြောင်းများ ဖြည်းညင်းစွာစီးဆင်းနေပြီး အငွေ့များပင် တလူလူထွက်နေလေရာ ပတ်ဝန်းကျင်တစ်ခုလုံး ကြောက်စရာပင် ကောင်းနေတော့သည်။

ဖီးနစ်နားခိုရာတောင်ထွတ်၏ အနောက်ဘက်တောင်ကုန်းက လူတိုင်း၏မျက်စိထဲမှာတော့ ငရဲဘုံတစ်ခုအလား ထင်မှတ်ရပေသည်။

ရောက်ရှိလာသူအားလုံးမှာ သာမန်လူတစ်ယောက်မှ မပါဝင်သဖြင့် ကံကောင်းသည်ဟု ဆိုရမည်။

မဟုတ်ပါက ရုတ်တရက်အေးခဲနေရာမှာ ရုတ်တရက် ပူပြင်းသည့်အခြေအနေသို့ ကူး‌ပြောင်းသွားသည့်ဒဏ်ကို မည်သူမှ ခံနိုင်ရည်ရှိကြညမ် မဟုတ်ပေ။

ခုန်မင်က ပတ်ဝန်းကျင်ကိုအာရုံခံလိုက်သည့်အခါ ဤနေရာက မီးတောင်တစ်ခု မဟုတ်ကြောင်း နားလည်လိုက်သည်။ အလွန်အမင်းပြင်းထန်သည့် “မီးဒြပ်စင်စွမ်းအား” ကြောင့်သာ ဤနေရာရှိ မြေမျက်နှာသွင်ပြင်က ထူးဆန်းနေခြင်း ဖြစ်၏။

သူတို့မြင်နေရသည့် ချော်ရည်ပူများက မြေအောက်မှတက်လာခြင်းမဟုတ်ဘဲ မီးဒြပ်စင်စွမ်းအားကြောင့် ကျောက်တုံးကျောက်ဆိုင်များ အရည်ပျော်နေခြင်းသာ ဖြစ်သည်။

ဤသည်က သဘာဝ ဒြပ်စင်စွမ်းအား မမျှတစွာ ပုံစံပြောင်းလဲသွားခြင်းဟု ဆိုင်နိုင်သည်။ မဟုတ်ပါက ပတ်ဝန်းကျင်တစ်ခုလုံး ဤသို့သောအခြေနေရောက်ရှိအောင် ပြောင်းလဲသွားရန်မှာ မဖြစ်နိုင်ပေ။

ထို့ပြင် မီးဒြပ်စင်စွမ်းအားနှင့် တသားတည်းကျနေသည့် ကြမ်းတမ်းခက်ထန်သည့် စွမ်းအားရောင်ဝါတစ်ခုလည်း ရှိနေသည်။

ထို့ကြောင့် ဤနေရာတွင် မီးဒြပ်စင်စွမ်းအား မည်မျှအားကောင်းပါစေ ကျင့်ကြံရန်အတွက် မသင့်တော်ကြောင်း ပြသနေသည်။

တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှ လူအများကတော့ ဖီးနစ်ကျဆုံးတောင်ကြား ဝင်ပေါက်၏ ထူးခြားသောအခြေနေကို သိရှိထားပြီးဖြစ်ရာ ထူးဆန်းသည်ဟု မထင်မှတ်ကြတော့ပေ။

သို့သော် ခုန်မင်ကဲ့သို့ ပထမဆုံးအကြိမ်ရောက်ရှိလာသူများကတော့ အရာအားလုံးက စူးစမ်းချင်စရာဖြစ်နေတော့သည်။

ခုန်မင်၏ ဘေးနားတွင်ရပ်နေသည့် မော့ယွဲ့က ခပ်တိုးတိုးလေသံဖြင့် ရှင်းပြလိုက်သည်။

"သခင်လေး... ဒဏ္ဍာရီတွေအရဆိုရင် ဒီနေရာမှာ မီးလျှံဖီးနစ် ကျဆုံးသွားခဲ့တယ်လို့ ပြောကြတယ် ၊ မီးလျှံဖီးနစ် ပြုတ်ကျလာတဲ့ အရှိန်ကြောင့် တောင်ကြားတစ်ခုလုံး ဒီလိုပုံစံဖြစ်သွားတာတဲ့ ၊ ဒီမှာရှိနေတဲ့ ထူးခြားတဲ့ မီးဒြပ်စင်စွမ်းအားဆိုတာကလည်း မီးလျှံဖီးနစ် ကျဆုံးပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ အငွေ့အသက် အစအနလေးတွေပဲဆိုပေမယ့်... ပတ်ဝန်းကျင်တစ်ခုလုံးကို ဒီလိုအခြေအနေဖြစ်အောင် ပြောင်းလဲပစ်လိုက်တာပဲ...”

သူမက ဆက်ပြောလိုက်သည်။

“ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်တွေကတော့ ဒါဟာ မီးလျှံဖီးနစ်ရဲ့ နတ်ဘုရားဆန်တဲ့ တန်ခိုးစွမ်းအားလို့ ယုံကြည်ကြတယ် ၊ ဒါ‌ကြောင့်လည်း သူတို့က မီးလျှံဖီးနစ်ကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြတာပေါ့”

ခုန်မင် ခေါင်းညိတ်လိုက်သည်။

သို့သော် သူကတော့ ဖီးနစ်နားခိုရာမျိုးနွယ်စု၏ ယုံကြည်ကိုးကွယ်မှုကို သိပ်ပြီး လက်မခံနိုင်ပေ။

ဤနေရာပတ်ဝန်းကျင်က မီးလျှံဖီးနစ်နှင့် သက်ဆိုင်နိုင်သော်လည်း မီးလျှံဖီးနစ်ကို နတ်ဘုရားတစ်ပါးသဖွယ် ကိုးကွယ်ဆည်းကပ်သည်က အနည်းငယ် ချဲ့ကားလွန်းရာရောက်သည်ဟု ခုန်မင် ထင်မိသည်။

မီးလျှံဖီးနစ် တကယ်ရှိခဲ့သည်ကတော့ အမှန်ပင်။

မီးလျှံဖီးနစ်ငှက်မွေးမှ အသွင်ပြောင်းထားသည့်မြေပုံက သက်သေပြနေသည်။

သို့သော် မီးလျှံဖီးနစ်က နတ်ဘုရားတစ်ပါးဆိုခြင်းထက် ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ ကဲ့သို့ အလွန်တရာ အဆင့်မြင့်သော တန်ခိုးစွမ်းအားကိုပိုင်ဆိုင်သည့် မှော်ဝင်သားရဲတစ်ကောင်သာ ဖြစ်နိုင်၏။

အကယ်၍ မီးလျှံဖီးနစ်က မည်သူမှမယှဉ်နိုင်သည့် နတ်ဘုရားတစ်ပါးဆိုလျှင် မြေခွေးအိုကြီး ယူဂျီးန်က မီးလျှံဖီးနစ် ပြန်လည်မွေးဖွားလာမည့် “ဥ” ကို ခိုးယူရန် ကြံစည်ရဲမည် မဟုတ်ပေ။

ချော်ရည်ပူများဖြင့် ပြည့်နက်နေသည့် ငရဲပမာနယ်မြေကိုဖြတ်ကျော်ပြီးနောက် ဖီးနစ်ကျဆုံးတောင်ကြား၏ ဝင်ပေါက်ဆီသို့ ‌ရောက်ရှိလာကြသည်။

ဖီးနစ်ကျဆုံးတောင်ကြား၏ မြေမျက်နှာသွင်ပြင်က ထူးခြားသည်။

ကြီးမားသည့် တောင်မြင့်ကြီးတစ်လုံးကို တစ်စုံတစ်ယောက်က အားနှင့် နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ဖြစ်ပြီး တောင်ကြားအကျယ်အဝန်း မည်မျှရှိသည်ကို ခန့်မှန်းနိုင်သူ မရှိပေ။

တောင်ကြားဝင်ပေါက်ကတော့ သိပ်မကျယ်လှပေ။

အဝင်ဝက လူ(၁၀)ယောက်ဆာခန့် ကျယ်ဝန်းသော်လည်း ပတ်ပတ်လည်တွင် ကျောက်တုံး‌ကျောက်ဆောင်များ ပိတ်ဆို့ထားသဖြင့် ကျဉ်းမြောင်းသည့် လမ်းကြားလေးတစ်ခုပမာ ဖြစ်နေသည်။

ယုတ္တိကျကျစဉ်းစားကြည့်လျှင် ဤသို့သောတောင်ကြားမျိုးက အဘယ့်ကြောင့် ကန့်သတ်နယ်မြေ ဖြစ်နေရပါသနည်း။

အနှစ်(၂၀)မှတစ်ကြိမ် သတ်မှတ်ထားသည့်အချိန်ကျရောက်မှ အဘယ့်ကြောင့် တောင်ကြားပွင့်ရပါသနည်း။

သို့သော် ဖီးနစ်ကျဆုံးတောင်ကြား ဝင်ပေါက်ရှေ့သို့ ရောက်ရှိချိန်မှာတော့ ဤနေရာက အဘယ့်ကြောင့် “တားမြစ်နယ်မြေ” ဖြစ်ရသည်ကို နားလည်သွားရသည်။

တောင်ကြားအတွင်းမှ မီးခိုးရောင် အခိုးအငွေ့များက အပြင်ဘက်သို့ တလိမ့်လိမ့်ထွက်ပေါ်နေပြီး တောင်ကြားအပြင်ဘက် ပေ(၃၀)လောက်အထိ ဖုံးလွှမ်းနေလေသည်။

ထိုမြူခိုးများက သာမန်ဟုထင်ရသော်လည်း ကြမ်းတမ်းခက်ထန်သည့် မိစ္ဆာချီများ ကိန်းအောင်းနေသည်။

ထိုမြူခိုးများနှင့် တိုက်ရိုက်ထိတွေ့သည်ကိုမဆိုနှင့် ၊ အဝေးမှ အာရုံခံကြည့်သည်နှင့်ပင် လူတစ်ယောက်၏စိတ်ဓာတ်ကို ယိမ်းယိုင်သွားစေပြီး အကြောင်းရင်းမရှိဘဲ ဒေါသအာဃာတများ ထကြွလာစေနိုင်သည်။

ကျင့်ကြံခြင်းသဘောတရားနှင့် ပြောရမည်ဆိုလျှင် ဤမိစ္ဆာချီများက ကျင့်ကြံသူများ၏ “ကိုယ်တွင်းနတ်ဆိုး” ကို နှိုးဆွပေးနိုင်သည်ဖြစ်ရာ ၊ ကျင့်ကြံသူများအနေဖြင့် စိတ်တည်ငြိမ်မှုပျောက်ဆုံးပြီး “ချီစွမ်းအား ဖောက်ပြန်ခြင်း” ဆိုသော ကပ်ဘေးနှင့် ရင်ဆိုင်ရနိုင်သည်။

ပိုပြီးဆိုးဝါးသည်မှာ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလေ မိစ္ဆာချီများက နှိုးဆွပေးမည့် ကိုယ်တွင်းနတ်ဆိုးက ပိုမိုကြောက်မက်ဖွယ်ကောင်းလေ ဖြစ်နေခြင်းပင်။

ထို့ကြောင့် ဖီးနစ်ကျဆုံးတောင်ကြားသို့ အဆင့်မြင့်ကျင့်ကြံသူများ လုံးဝ မဝင်ရဲကြခြင်း ဖြစ်၏။

All Chapters