← Chapters

ဖီးနစ်ကျဆုံးတောင်ကြားဝင်ပေါက်ရှိ ထူးခြားဆန်းကြယ်သည့်စွမ်းအားလမ်းကြောင်းများ

Vol. 13 Ch. 138

ဖီးနစ်ကျဆုံးတောင်ကြားဝင်ပေါက်ရှိ ထူးခြားဆန်းကြယ်သည့်စွမ်းအားလမ်းကြောင်းများ

Vol. 13 Ch. 138

လက်ရှိမှာတော့ တောင်ကြားဝင်ပေါက်ရှေ့တွင် လူပေါင်းထောင်နှင့်ချီပြီး ရောက်ရှိနေကြသော်လည်း မည်သူမှ ဝင်ပေါက်နားသို့ မကပ်ရဲကြပေ။

လူတိုင်း စိတ်လှုပ်ရှားနေကြသည့်တိုင် မိစ္ဆာချီများ၏ခြိမ်းခြောက်မှုကိုတော့ ကြောက်လန့်ကြလေသည်။

အုပ်စုကိုဦးဆောင်လာသည့် ယန်ယန်က လက်ခုပ်တစ်ချက်တီးလိုက်ပြီး စကားဆိုလိုက်သည်။

“အားလုံးပဲ... စိတ်အေးအေးထားကြပါ ၊ ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်ဖို့ အချိန်သိပ်မလိုတော့ပါဘူး...”

ယန်ယန်၏စကားဆုံးသည်နှင့် ဆူညံတိုးဝှေ့နေသည့်လူအုပ်ကြီး သိသိသာသာ ငြိမ်သက်သွားသည်။ ဤသည်က ဒြပ်စင်စွမ်းအား ထိပ်တန်းသခင်တစ်ယောက်၏ အရှိန်အဝါပင် ဖြစ်၏။

ထို့နောက် ယန်ယန်က လက်ဟန်တစ်ချက်ပြလိုက်ရာ အကြီးအကဲ’လင်သွင့်’ ရှေ့ထွက်လာပြီး မိစ္ဆာချီများမထိနိုင်သည့် အကွာအဝေးရှိသော တောင်ကြားဝင်ပေါက်ရှေ့တွင် နေရာယူလိုက်သည်။

သူက ကျယ်လောင်သည့်အသံဖြင့်...

"ဂုဏ်သရေရှိ ဧည့်သည်တော်အပေါင်းတို့... ခင်ဗျားတို့ ကိုင်ဆောင်ထားတဲ့ စမ်းသပ်ပွဲလက်မှတ် အရေအတွက်အလိုက် ဖီးနစ်ကျဆုံးတောင်ကြားထဲ ဝင်ရောက်မယ့်သူတွေကို ရွေးချယ်သတ်မှတ်ပေးကြပါ ၊ ကျုပ်တို့က စစ်ဆေးအတည်ပြုပြီးရင် သတ်မှတ်ချိန်ရောက်တာနဲ့ လူငယ်တွေ တောင်ကြားထဲဝင်ပြီး စမ်းသပ်ပွဲ ဆင်နွှဲနိုင်ပါပြီ”

သူက အားလုံးကို အကဲခတ်လိုက်ပြီး....

“ဒီနေရာမှာ ထပ်လောင်းပြောချင်တာက... တောင်ကြားထဲဝင်မယ့်သူဟာ အသက် ၃၀ အောက် ဖြစ်ရမယ့်အပြင်... ကျင့်ကြံခြင်းအဆင့်ဟာလည်း ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် အောက်မှာပဲ ရှိရပါမယ်"

“ဒီအချက်နှစ်ချက်နဲ့ မကိုက်ညီဘဲ တောင်ကြားထဲ အတင်းဝင်ဖို့ ကြိုးစားရင်တော့ မိစ္ဆာချီတွေ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး စိတ်ဖောက်ပြန်သွားပါလိမ့်မယ် ၊ ဒါက ချဲကားပြောဆိုတာ မဟုတ်ပါဘူး ၊ ဖီးနစ်ကျဆုံးတောင်ကြား ပွင့်သွားတယ်ဆိုပေမယ့် တောင်ကြားထဲက မိစ္ဆာချီတွေ ပျောက်ကွယ်သွားတာမျိုး မဟုတ်ပါဘူး ၊ အဆင့်နိမ့်ကျင့်ကြံသူတွေ တောင့်ခံနိုင်ရုံအထိ လျော့နည်းသွားတာပဲ ဖြစ်ပါတယ် ၊ အဆင့်မြင့်ကျင့်ကြံသူတွေကတော့ မိစ္ဆာချီတွေရဲ့တိုက်ခိုက်မှုကနေ ရှောင်လွှဲလို့မရနိုင်ပါဘူး”

သူက ဆက်ပြောလိုက်သည်။

“နောက်တစ်ခု သတိပေးချင်တာက... ဖီးနစ်ကျဆုံးတောင်ကြား ပွင့်တဲ့ကာလက အကန့်အသတ် ရှိပါတယ် ၊ တောင်ကြားထဲ စတင်ဝင်ရောက်တဲ့နေ့ကစပြီး ရက်ပေါင်း(၉၀)အတွင်း အပြင်ကိုပြန်ထွက်ကြရပါမယ် ၊ မဟုတ်ရင်တော့ အချိန်ပြည့်တာနဲ့ တောင်ကြားထဲက မိစ္ဆာချီတွေ နဂိုအတိုင်း ပြန်ပြီးပြင်းထန်လာမှာမို့လို့ ဘယ်သူမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး”

သူ၏စကားပြီးဆုံးသွားသည်နှင့် ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များက ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်ကြသည်။

အင်အားစုအသီးသီးကလည်း ကိုယ့်အုပ်စုနှင့်ကိုယ် စုဝေးနေကြပြီး တောင်ကြားထဲဝင်ရောက်မည့်လူငယ်များအား အမှာစကားများ ပြောကြားနေကြသည်။

ခုန်မင်တို့အုပ်စုကတော့ ခုန်မင်နှင့် ရှန်ရှင်းယွင် နှစ်ယောက်သာ တောင်ကြားထဲသို့ဝင်ရောက်မည်ဖြစ်ပြီး မော့ယွဲ့ ၊ မော့ဖေးနှင့် အခြားသူများက အပြင်ဘက်တွင် စောင့်ဆိုင်းကျန်ရစ်ခဲ့မည်ပင်။

ထို့နောက်မှာတော့ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များက တောင်ကြားသို့ဝင်ရောက်မည့်လူငယ်များကို စီစစ်ပြီး (၁၀)ယောက်တစ်ဖွဲ့ အုပ်စုခွဲလိုက်ကြသည်။

ထို (၁၀)‌ယောက်တစ်ဖွဲ့အုပ်စုများတွင် မျိုးနွယ်စုအသီးသီးမှ လူငယ်များစွာရောနှောထားပြီး ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များကိုလည်း ထိုအုပ်စုများထဲမှာပင် ရောနှောထည့်သွင်းထားသည်။

ထိုသို့ဖြင့်...

နောက်ဆုံးမှာတော့ လူတိုင်းမျှော်လင့်စောင့်စားနေကြသည့် နေဝင်ချိန်သို့ ရောက်ရှိလာခဲ့လေသည်။

ဖီးနစ်ကျဆုံးတောင်ကြားက ဖီးနစ်နားခိုရာတောင်၏ အနောက်ဘက်တွင် တည်ရှိသဖြင့် မြင့်မားမတ်စောက်သည့် တောင်ကမ်းပါးယံများက ဝိုင်းရံထားခြင်းခံရသည်။

ထို့ကြောင့် အချိန်အတော်များများ နေရောင်ခြည်နှင့် ထိတွေ့ခွင့်မရခဲ့ပေ။

အနှစ်(၂၀)လျှင်တစ်ကြိမ် နေပတ်လမ်းကြောင်း အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်မှသာ နေဝင်ချိန်၏ နောက်ဆုံးနေရောင်ခြည်တစ်စင်းက တောင်ကြားဝင်ပေါက်ကိုဖြတ်သန်းပြီး အတွင်းဘက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။

နေရောင်ခြည်အလင်းတန်းလေးတစ်စင်းက ဖီးနစ်ကျဆုံးတောင်ကြားပွင့်လာရန်အတွက် အဓိက “သော့ချက်” ဖြစ်ပေသည်။

နေရောင်ခြည် တောင်ကြားထဲသို့ကျရောက်ချိန်မှာတော့ ဖီးနစ်ကျဆုံးတောင်ကြားအတွင်းမှ ကြမ်းတမ်းခက်ထန်သည့် မိစ္ဆာချီများ စတင်လွင့်ပြယ်သွားမည် ဖြစ်သည်။

မဟုတ်ပါက သိပ်သည်းလှသည့်မိစ္ဆာချီများ‌ကြောင့် မည်သူမှ တောင်ကြားအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သဘာဝတရား၏ဆန်းကြယ်ပုံက အံ့မခန်းပင် ဖြစ်လေသည်။

နေဝင်ချိန် နောက်ဆုံးအလင်းတန်းလေးတစ်စင်းက ဤမျှကြောက်စရာကောင်းသည့် မိစ္ဆာချီများကို ဖယ်ရှားနိုင်သည်ဆိုခြင်းမှာ ယုံနိုင်စရာပင် မရှိပေ။

ဤဖြစ်ရပ်နောက်ကွယ်တွင် မည်သို့သော နက်နဲသည့်လျှို့ဝှက်ချက်ရှိကြောင်း မည်သူမှ မသိရှိကြပေ။

ဖီးနစ်ကျဆုံးတောင်ကြားဖွင့်လှစ်ပြီး ရက်ပေါင်း(၉၀) အချိန်ကန့်သတ်ချက် ရှိသည်ဆိုခြင်းမှာ ၊ ရက်ပေါင်း(၉၀) ပြည့်သွားသည်နှင့် နေဝန်းက သူ၏အမြင့်ဆုံးပတ်လမ်းမှ ပြန်ဆင်းသွားမည် ဖြစ်သောကြောင့်ပင်။

ထိုအချိန်ရောက်လျှင် နေရောင်ခြည်က တောင်ကြားဝင်ပေါ်မှတဆင့် မထိုးဖောက်နိုင်တော့သဖြင့် မူလအတိုင်း မိစ္ဆာချီများ ပြန်လည်ထကြွလာမည် ဖြစ်သည်။

လက်ရှိမှာတော့ ဖီးနစ်ကျဆုံးတောင်ကြားဝင်ပေါက်တွင် စုဝေးနေသည့်လူတိုင်းက နေဝင်ချိန် နောက်ဆုံးအလင်းတန်းကို တိတ်တဆိတ်စောင့်မျှော်နေကြသည်။

ကောင်းကင်က တဖြည်းဖြည်းမှောင်ရီပျိုးလာပေပြီ။

ထိုအချိန်မှာပင်...

မတ်စောက်သည့် ကမ်းပါးယံနှစ်ခုကြား ကျဉ်းမြောင်းသည့်အပေါက်လေးမှတစ်ဆင့် အဝါရောင်ဖျော့ဖျော့ နေရောင်ခြည်အလင်းတန်းတစ်ခု ထိုးဖောက်ဝင်ရောက်လာလေသည်။

နေရောင်ခြည်အလင်းတန်းက အနည်းငယ်မှိန်ဖျော့ပြီး ဝေဝါးနေသယောင်ရှိသော်လည်း ကောင်းကင်ယံမှဆင်းသက်လာသည့် ဓားအလင်းတန်းတစ်ခုပမာ တောင်ကြားဝင်ပေါက်မှ မီးခိုးရောင်မိစ္ဆာချီများကို ခုတ်ပိုင်းချလိုက်လေသည်။

ဖီးနစ်ကျဆုံးတောင်ကြားထဲမှ တလိပ်လိပ်ထိုးထွက်နေသည့် မီးခိုးရောင်အခိုးအငွေ့များမှာ နေရောင်ခြည်ထိတွေ့သည်နှင့် ရေနွေးအိုးထဲရောက်သွားသည့် နှင်းခဲများပမာ တစ်ခဏအတွင်း ပျောက်ကွယ်သွားတော့၏။

ထို့ပြင် နေရောင်ခြည်က တောင်ကြားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်လာရာ အပြင်ဘက်သို့လွင့်ပျံနေသည့် မိစ္ဆာချီများသာမက တောင်ကြားထဲမှ အခိုးအငွေ့များပါ ပျောက်ကွယ်လွင့်စင် သွားလေသည်။

တောင်ကြားဝင်ပေါက်တွင် စုရုံးရောက်ရှိနေသူများမှာလည်း စိတ်လက်ပေါ့ပါးသွားကြပြီး မိစ္ဆာချီများကြောင့် စိတ်မသက်မသာ ခံစားရမှုများလည်း ကွယ်ပျောက်သွားသည်။

သို့ပေသိ ဒြပ်စင်စွမ်းအား အရှင်သခင်အဆင့်နှင့်အထက် ကျင့်ကြံသူများကတော့ တောင်ကြားထဲတွင် ကြွင်းကျန်နေသည့် မိစ္ဆာချီအစအနလေးများကို အာရုံခံမိနေဆဲ ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဖီးနစ်ကျဆုံးတောင်ကြားက အဆင့်မြင့်ကျင့်ကြံသူများအတွက် “တားမြစ်နယ်မြေ” အဖြစ် ဆက်ရှိနေဦးမည်ကို ပြသပေသည်။

မြူခိုးများလွင့်ပြယ်သွားချိန်မှာတော့ လူတိုင်းက တောင်ကြားဝင်ပေါက်မှတဆင့် တောင်ကြားအတွင်းပိုင်းသို့ လှမ်းမျှော်ကြည့်ရှုလိုက်ကြသည်။

သို့သော် တောင်ကြားထဲတွင် မြူခိုးများကင်းစင်သွားသည့်တိုင် မှိန်ဖျော့သည့် မြေဝါရောင်အလင်းတန်း အစုအဝေးများရှိနေသဖြင့် အတွင်းပိုင်းနက်ရှိုင်းရာသို့ တွေ့မြင်နိုင်ခြင်း မရှိကြပေ။

ထိုစဉ် အကြီးအကဲ'လင်သွင့်' က ကျယ်လောင်သော အသံဖြင့် ကြေညာလိုက်သည်။

“အားလုံးပဲ နားထောင်ကြပါ ၊ အခုဆိုရင် ဖီးနစ်ကျဆုံးတောင်ကြားကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ ၊ အသင့်ပြင်ထားကြတဲ့ လူငယ်ပါရမီရှင်တွေအားလုံး ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း တန်းစီကြပါ ၊ ဖီးနစ်ကျဆုံးတောင်ကြားထဲကို အသုတ်လိုက်ခွဲပြီး ဝင်ရမှာဖြစ်တယ်”

ထို့နောက် သူက ထပ်မံသတိပေးလိုက်သည်။

“သေချာမှတ်ထားပါ ၊ မင်းတို့အတွက် ရက်ပေါင်း(၉၀)ပဲ အချိန်ရတယ် ၊ အချိန်ပြည့်သွားလို့မှ ဖီးနစ်ကျဆုံးတောင်ကြားမှာ ကျန်နေခဲ့မယ်ဆိုရင်တော့... ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး”

ပြောပြီးသည်နှင့် အကြီးအကဲ’လင်သွင့်’ က ဖီးနစ်ကျဆုံးတောင်ကြားအတွင်းမှ မြေဝါရောင်အလင်းတန်းများကို လက်ညှိုးညွှန်ပြလိုက်ပြီး ဆက်ပြောသည်။

“ဖီးနစ်ကျဆုံးတောင်ကြားကို သာမန်နေရာလို့ မထင်လိုက်နဲ့ ၊ အဲဒီ မြေဝါရောင်အလင်းတန်းတွေ ဖုံးလွှမ်းနေတဲ့နေရာမှာ လျှို့ ဝှက်ဆန်းကြယ်တဲ့ စွမ်းအားလမ်းကြောင်းတွေ ရှိနေတယ် ၊ ဖီးနစ်ကျဆုံးတောင်ကြားကိုဝင်ဖို့ဆိုရင် ဒီလမ်းကြောင်းတွေကို မဖြစ်မနေ ဖြတ်ကျော်ရမယ်”

“နောက်တစ်ချက်က... ဒီ စွမ်းအားလမ်းကြောင်းတွေရဲ့ထွက်ပေါက်က ပုံသေမရှိဘူး ၊ ရောက်ချင်တဲ့နေရာကို ကျပန်းရောက်သွားလိမ့်မယ် ၊ ကျုပ်တို့တွေ နှစ်ပေါင်းများစွာ စမ်းသပ်လေ့လာပြီးတဲ့နောက် ဒီအထဲမှာ ထွက်ပေါက် (၂၀)လောက် ရှိတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်”

“ဒီထွက်ပေါက်တွေက ဖီးနစ်ကျဆုံးတောင်ကြားရဲ့ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ပြန့်ကျဲနေတာ ၊ တောင်ကြားထဲမဝင်ခင် မင်းတို့အားလုံးကို ဖီးနစ်ကျဆုံးတောင်ကြားရဲ့ ပုံကြမ်းမြေပုံတစ်ခုစီ ပေးထားမယ် ၊ အဲဒီမြေပုံထဲမှာ စူးစမ်းရှာဖွေပြီးသားနေရာတွေရော မစူးစမ်းမရှာဖွေရသေးတဲ့နေရာတွေကိုပါ မှတ်သားထားတယ် ၊ စွမ်းအားလမ်းကြောင်း ထွက်ပေါက်(၂၀) ရဲ့ တည်နေရာတွေကိုလည်း မြေပုံမှာ ဖော်ပြထားတယ်”

အကြီးအကဲ’လင်သွင့်’ က လူငယ်များကို တစ်ချက်အကဲခတ်ကြည့်လိုက်ရင်း...

“တောင်ကြားထဲက ပြန်ထွက်ရမယ့်အချိန်ရောက်ရင် အဲဒီ ထွက်ပေါက်(၂၀)ထဲက ကြိုက်တဲ့နေရာကိုအသုံးပြုပြီး ပြန်ထွက်လာလို့ရတယ် ၊ တောင်ကြားထဲဝင်ပြီဆိုတာနဲ့ ဟိုဘက်မှာရောက်သွားမယ့်နေရာက ကျပန်းဖြစ်တာကြောင့် စောစောပဲဝင်ဝင် နောက်ကျမှပဲဝင်ဝင် ဘာမှ ထူးထူးခြားခြား အကျိုးကျေးဇူး ရှိမနေဘူး ၊ ဒါကြောင့် တရားမျှတမှုမရှိမှာကို စိုးရိမ်စရာ မလိုဘူး”

ဖီးနစ်ကျဆုံးတောင်ကြားသို့ဝင်ရောက်မည့်လူငယ်များကို သတိပေးချက်များ ရှင်းလင်းပြောကြားပြီးနောက် အကြီးအကဲ’လင်သွင့်’ က လက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ပထမအသုတ် လူငယ်(၁၀)ယောက် ရှေ့ထွက်လာကြ၏။

သူတို့မျက်နှာများက ခံစားချက်မျိုးစုံရောယှက်နေပြီး စမ်းသပ်ပွဲခရီးစဉ်၏ ပထမဆုံးခြေလှမ်းကို စတင်လိုက်ကြလေသည်။

ဖီးနစ်ကျဆုံးတောင်ကြားဝင်ပေါက်ရှိ စွမ်းအားလမ်းကြောင်းများက အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။

လူငယ်များ မြေဝါရောင်အလင်းတန်းများနှင့် ထိတွေ့လိုက်သည်နှင့် သူတို့ပုံရိပ်များ ချက်ချင်းပျောက်ကွယ်သွားပြီး တောက်ပသည့်အလင်းရောင်များသာ ကျန်ရစ်ခဲ့သည်။

ဤစွမ်းအားလမ်းကြောင်းများက အမှန်တကယ်ပင် ကျပန်းစနစ်ဖြစ်သည်။

(၁၀)ယောက်တစ်ဖွဲ့ အတူတူဝင်သွားလျှင်ပင် တောင်ကြားထဲရောက်လျှင် မတူညီသောနေရာများသို့ ကွဲပြားစွာ ရောက်ရှိသွားကြပေမည်။

သို့ဖြစ်ရာ မျိုးနွယ်စုတစ်ခုတည်းမှ လူအင်အားများစွာပါဝင်ခြင်းက ထူးခြားသည့်အားသာချက် ဖြစ်မလာတော့ပေ။

မျိုးနွယ်စုတစ်ခုတည်းမှ လူအင်အားအများအပြားပါဝင်ခြင်း၏ တစ်ခုတည်းသော အားသာချက်မှာ တောင်ကြားထဲရောက်သည့်အခါ အချင်းချင်းပြန်လည်တွေ့ဆုံပြီး လူစုနိုင်ခြင်းသာ ရှိပေမည်။

ဖီးနစ်နားခိုရာမျိုးနွယ်စု၏ လုပ်ဆောင်ချက်က အမှန်တကယ် တရားမျှတမှုရှိသည်ဟု ဆိုနိုင်သည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်မည့် (၁၀)ယောက်တစ်ဖွဲ့ အုပ်စုများတွင် လူမျိုးစုများစွာမှ လူငယ်များကို ရောနှောထားပြီး ၊ ဖီးနစ်နားခိုရာမျိုးနွယ်စုဝင်များကိုပင် အခွင့်ထူးပေးထားခြင်း မရှိပေ။

သို့သော် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ခွင့်ရသည့် စုစုပေါင်းအရေအတွက် လူပေါင်း(၂၀၀)တွင် ဖီးနစ်နားခိုရာမျိုးနွယ်စုက လူပေါင်း(၁၀၀) နေရာယူထားသည်။

ဤသည်ကပင် အကြီးမားဆုံး အားသာချက် ဖြစ်၏။

မူလက ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်မည့် စုစုပေါင်းအရေအတွက်မှာ (၁၉၁) ဦးသာ ဖြစ်သည်။ သို့သော် နတ်သူငယ်မျိုးနွယ် လူငယ်(၅)ယောက် ထပ်ရောက်လာသဖြင့် အရေအတွက် (၁၉၆)ဦးအထိ ဖြစ်သွားသည်။

ဤသည်မှာ ရာစုနှစ်များစွာအတွင်း ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်သည့် အင်အားအကောင်းဆုံး လူငယ်အုပ်စုပင် ဖြစ်သည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုမှ စင်မြင့်ထက်သို့တက်လာသည့် 'ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်' ပါရမီရှင်လူငယ် (၆၀)ကျော်သာမက 'ဒြပ်စင်စွမ်းအားပညာရှင်အဆင့်' လူငယ်(၃၀)ကျော်ထည့်သွင်းကာ လူ(၁၀၀)ပြည့်အောင် ဖြည့်ထားသည်။

'ဒြပ်စင်စွမ်းအားပညာရှင်အဆင့်' မျှဖြင့် ဖီးနစ်ကျဆုံးတောင်ကြားထဲသို့ ဝင်ရောက်ခြင်းမှာ အမြှောက်စာအဖြစ် အသုံးချခံရခြင်းသာ ဖြစ်သည်။

သို့ပေသိ ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိသွားပါက အသက်ရှင်သန်နိုင်ရန်မှာ ကံတရားအပေါ်တွင်လည်း မူတည်ပေသည်။

ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးတိုင်း အသက်သေရမည်ဟုလည်း တစ်ထစ်ချမှတ်ယူ၍ မရပေ။

ခုန်မင်နှင့် ရှန်ရှင်းယွင်လည်း အုပ်စုကွဲသွားလေရာ ရှန်ရှင်းယွင်က အရင်ဝင်ရပြီး ခုန်မင်က နောက်မှဝင်ရမည် ဖြစ်၏။

ခုန်မင်က...

“ငါတို့ ဖီးနစ်ကျဆုံးတောင်ကြားကိုရောက်ရင် ဘယ်စွမ်းအားလမ်းကြောင်း ထွက်ပေါက်ကပဲရောက်ရောက် တောင်ကြားရဲ့ ဗဟိုချက်နဲ့ အနီးဆုံးနေရာကို ဦးတည်သွားကြမယ်”

ရှန်ရှင်းယွင်က ခေါင်းညိတ်လိုက်ပြီး...

“ကောင်းပြီ အဲဒီမှာ ငါတို့ဆုံကြမယ် ၊ ဒါဆို အချင်းချင်း ကူညီလို့ရတာပေါ့”

ခုန်မင်က...

“ဒါပေမဲ့ ရက်ပေါင်း(၂၀)ကြာလို့မှ မဆုံဖြစ်ကြဘူးဆိုရင်တော့ ထပ်မစောင့်နဲ့တော့ ၊ ကိုယ့်ဘာသာပဲ ကြည့်ကျက်လှုပ်ရှားကြတာပေါ့”

ရှန်ရှင်းယွင်က...

“ကောင်းပြီ...”

All Chapters