ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိပြီ
Vol. 13 Ch. 139
ရှန်ရှင်းယွင်က ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်သူများထဲတွင် အလယ်အလတ်အဆင့်ရှိသည်ဟု ဆိုနိုင်သည်။
ထို့ပြင် သူက တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သည့်အတွက် အတွေ့အကြုံလည်းရင့်ကျက်သည်။
မျှော်လင့်မထားသည့်အဖြစ်ဆိုးမျိုးနှင့် မကြုံတွေ့ရပါက စမ်းသပ်ပွဲခရီးစဉ်က သူ့အတွက် အောင်မြင်နိုင်ခြေ မြင့်မား၏။
ခုန်မင်ကတော့ ပို၍ပင် စိုးရိမ်ပူပန်စရာ မလိုပေ။
သူက ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် မျှသာဖြစ်သော်လည်း လက်တွေ့တိုက်ပွဲများတွင် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များကိုပင် အလဲထိုးနိုင်သူဖြစ်သည်။
ထို့ကြောင် “ဆရာသခင်အဆင့်” ကျင့်ကြံသူများတွင် ပြိုင်ဘက်ကင်းဟုပင် ဆိုနိုင်သည်။
သူ့လက်ထဲတွင် ဖီးနစ်ကျဆုံးတောင်ကြား၏ ပြီးပြည့်စုံသောမြေပုံသည်လည်း ရှိနေသည်ဖြစ်ရာ ၊ ဤခရီးစဉ်က သူ့အတွက် အားသာချက်များသည်ဟု ဆိုနိုင်သည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ မဝင်မီ ခုန်မင်က နတ်သူငယ်မျိုးနွယ်များနှင် ချောင်တတိယသခင်လေးတို့အုပ်စုကို မလွတ်တမ်း အကဲခတ်နေခဲ့သည်။
ဖီးနစ်နားခိုရာမျိုးနွယ်စုက နတ်သူငယ် (၅)ယောက်ကို တစ်သုတ်တည်း အတူဝင်ရောက်နိုင်ရန် စီစဉ်ပေးထားသည်။
ဤသည်က မျက်နှာသာပေးသည့်အနေဖြင့် ထူးခြားအခွင့်အရေးပေးခြင်းလား မပြောတတ်ပေ။
ပြာလွင်တောင်ပံမျိုးနွယ်စုမှ လှပပျိုမြစ်သော မိန်းမပျိုလေးများသည်ပင် ထိုသို့သောအခွင့်အရေးမျိုးမရရှိဘဲ အများနည်းတူ အုပ်စုခွဲကာ ဝင်ရောက်ကြရသည်။
သို့သော် ခုန်မင်ကို အံ့အားသင့်စေသည်မှာ ချောင်တတိယသခင်လေးတို့အုပ်စုသည်လည်း မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သည်မသိ သူတို့အုပ်စုတစ်ခုလုံး အတူတကွ ဝင်ရောက်ခွင့်ရရန် စီစဉ်ပေးထားသည်ကို တွေ့လိုက်ရခြင်းပင်။
ချောင်တတိယသခင်လေး တောင်ကြားထဲသို့ဝင်သွားစဉ် သူ့ပုံစံက မည်သူ့ကိုမှ ထီမထင်သည့်ပုံစံမျိုးဖြစ်ပြီး မျက်ဝန်းများကလည်း ရက်စက်မှုများဖြင့် ပြည့်နက်နေကြောင်း ခုန်မင် သတိထားလိုက်မိသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်သည်နှင့် သူ့အနေဖြင့် ချောင်တတိယသခင်လေးကို အထူးသတိထားရမည်မှာ သေချာသလောက်ပင်။
ချောင်တတိယသခင်လေးက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့် အထွတ်ထိပ်ဖြစ်ပြီး သူ့လက်ထဲတွင်လည်း ဒြပ်စင်စွမ်းအားမှော်ဝင်လက်နက်ဖြစ်သော “အလင်းစီးဆင်းဓား” ရှိနေသည်။
ထိုဓားဖြင့်ဆိုလျှင် သူ၏စွမ်းအားက 'နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်' တစ်ဦးထက်ပင် သာလွန်နေပေမည်။
ထို့ပြင် သူ့နောက်လိုက် (၃)ယောက်မှာလည်း အားလုံးက 'နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်' များ ဖြစ်ကြသည်။
သူတို့အုပ်စုက 'ဖီးနစ်နားခိုရာမျိုးနွယ်စု' နှင့် 'ကြံ့နက်မျိုးနွယ်စု' တို့၏ လူအင်အား အသာစီးရမှုများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပေသည်။
ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြားသို့ နောက်ဆုံးတစ်သုတ်မတိုင်မီ ရှေ့တစ်သုတ်တွင် ဝင်ခွင့်ရလေသည်။
သူ့အရှေ့တွင် လူပေါင်း(၁၇၀)ကျော် တောင်ကြားထဲ ရောက်သွားပြီဖြစ်သည်။
အချိန်အားဖြင့် အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးလုနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း တောင်ကြားထဲမှာတော့ ယှဉ်ပြိုင်တိုက်ခိုက်မှုများ စတင်နေလောက်ပေပြီ။
ခုန်မင် စိတ်ကိုတည်ငြိမ်စွာထားပြီး ဖီးနစ်ကျဆုံးတောင်ကြား ဝင်ပေါက်ရှေ့တွင် ခြေချလိုက်သည်။
မြေဝါရောင်အလင်းတန်းများနှင့် ထိတွေ့လိုက်သည်နှင့် ရှုပ်ထွေးလှသော စွမ်းအားလှိုင်းတစ်ခုက သူ့အား လာရောက်ရိုက်ခတ်ကြောင်း ခံစားလိုက်ရ၏။
ထိုစွမ်းအားလှိုင်းတွင် မြေဒြပ်စင်စွမ်းအား အဓိကပါဝင်သော်လည်း ၊ မြေဒြပ်စင်စွမ်းအားနှင့်အတူ အခြားသော ထူးဆန်းသည့်စွမ်းအားတစ်ခုလည်း ရောနှောနေသည်။
ထိုစွမ်းအားက မည်သည့်အရာဖြစ်ကြောင်း ခုန်မင် မသိရှိနိုင်သေးပေ။
သူ သိရှိသည်က ထိုထူးဆန်းသည့်စွမ်းအားက မြေဒြပ်စင်စွမ်းအားနှင့် ပေါင်းစည်းသွားသည့်အခါ ထူးခြားဆန်းကြယ်သည့် စွမ်းအားလမ်းကြောင်းများ ဖြစ်ပေါ်လာသည်ဆိုသော အချက်ပင်။
ခုန်မင်က ချီမန်ပညာကို ကျွမ်းကျင်သူဖြစ်ရာ နက်နဲသည့်အစီအရင်ပညာများစွာကို နှံ့စပ်ပေသည်။ သို့သော် ယခုကဲ့သို့ စွမ်းအားလမ်းကြောင်းမျိုးကိုတော့ သူ့ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းပင်။
သူက စွမ်းအားလမ်းကြောင်း၏ ထူးခြားသောဖွဲ့စည်းပုံကို ဆက်လက်လေ့လာရန် ဟန်ပြင်လိုက်သော်လည်း ၊ ဘာမှ သေချာမစဉ်းစားနိုင်သေးခင်မှာပင် ပတ်ဝန်းကျင် ဗလာနယ်တစ်ခုလုံး တုန်ခါသွားသလို ခံစားလိုက်ရသည်။
ချက်ချင်းပင် သူ့မျက်စိရှေ့မှမြင်ကွင်းများဝေဝါးသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်မဲ့သွားကာ လေထဲတွင် လွင့်မျောသွားလေသည်။
သို့သော် အချိန်ခဏအတွင်းမှာပင် သူ့ခြေထောက်နှစ်ဖက်က မြေပြင်နှင့် ခိုင်ခိုင်မာမာ ပြန်လည်ထိကပ်သွားသည်။
ပတ်ဝန်းကျင်မြင်ကွင်းများက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ခုန်မင်က ဖီးနစ်ကျဆုံးတောင်ကြား ဝင်ပေါက်တွင် ရှိမနေတော့ဘဲ ပေ(၃၀၀)ပင်မမြင့်သော တောင်ကုန်းလေးတစ်ခုထက်သို့ ရောက်ရှိနေသည်။
ဤနေရာက စွမ်းအားလမ်းကြောင်းထွက်ပေါက် အခု(၂၀)ထဲမှ တစ်နေရာဖြစ်ပေမည်။
ခုန်မင်က နေရာမှ ချက်ချင်းထွက်ခွာမသွားသေးဘဲ သူ့ခြေဖဝါးအောက်မှမြေပြင်ကို သေချာစစ်ဆေးကြည့်လိုက်သည်။ မြေပြင်ထက်တွင် မှိန်ဖျော့ဖျော့ အလင်းစက်ဝန်းတစ်ခု မထင်မရှားတောက်ပနေသည်ကိုတွေ့ရ၏။
ထိုအလင်းစက်ဝန်းထဲတွင် စွမ်းအားလမ်းကြောင်းတွင် ခံစားရသည့် စွမ်းအင်နှင့်ထပ်တူကျသော စွမ်းအင်အကြွင်းအကျန်တချို့ ရှိနေသည်။
ယခု ခုန်မင် နားလည်စပြုလာပေပြီ။
စွမ်းအားလမ်းကြောင်းထဲတွင် မြေဒြပ်စင်စွမ်းအားနှင့် ပေါင်းစပ်ထားသည့် ထူးဆန်းသောစွမ်းအားမှာ “ဗလာနယ်စွမ်းအား” ပင် ဖြစ်သည်။
ဗလာနယ်စွမ်းအား၏ ထူးခြားသောဂုဏ်သတ္တိကြောင့်သာမဟုတ်ပါက တစ်နေရာမှ အခြားတစ်နေရာသို့ ဖျတ်ခနဲ ရောက်ရှိလာနိုင်ခြင်းမျိုး လုံးဝ မဖြစ်နိုင်ပေ။
ခုန်မင်က စကြာဝဠာပေါင်းများစွာကိုဖြတ်ကျော်ခဲ့သည်ဖြစ်ရာ ဗလာနယ်ကိုထိုးခွင်းသည့်စွမ်းအားက သူ့အတွက် စိမ်းသက်သည် မဟုတ်ပေ။
သို့ပေသိ ခုန်မင်၏ဝိညာဉ်ကိုခေါ်ဆောင်လာသည့် ခရမ်းရောင်လျှပ်စီးက စကြာဝဠာကနဦးကာလ ပရမ်းပတာအခြေအနေ မူလမိုးကြိုးစွမ်းအားမှမွေးဖွားလာသည့် လျှပ်စီးအလင်းတန်း ဖြစ်သည်။
ဗလာနယ်ကိုထိုးခွင်းခြင်းဆိုသည်က ထိုလျှပ်စီး၏ မူလစွမ်းအားတစ်ခုဖြစ်ပေရာ မည်သည့်လမ်းကြောင်းကိုမှ အသုံးပြုရန်မလိုဘဲ စကြာဝဠာတစ်ခွင် လွတ်လပ်စွာ လှည့်ပြောင်းသွားလာနိုင်သည်။
သို့ဖြစ်ရာ မူလပရမ်းပတာလျှပ်စီးစွမ်းအားဆိုသည်က လူသားတို့၏အသိဉာဏ်ဖြင့် မည်သို့မှ နားလည်သဘောပေါက်နိုင်စွမ်းမရှိသော အရာပင်ဖြစ်၏။
မူလပရမ်းပတာလျှပ်စီးကဲ့သို့ ထူးခြားသောဖြစ်တည်မှုမျိုးကို ခဏဘေးဖွယ်ထားလျှင် ဗလာနယ်စွမ်းအားဆိုသည်က အမှန်တကယ်တည်ရှိသော စွမ်းအားတစ်ခု ဖြစ်သည်။
စွမ်းအားလမ်းကြောင်းများကိုကြည့်ခြင်းအားဖြင့် ထိုစွမ်းအားတည်ရှိကြောင်း ခံစားနိုင်သည် မဟုတ်ပါလား။
အကယ်၍ “ဗလာနယ်စွမ်းအား” ကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်ပြီး ခုန်မင်ကျွမ်းကျင်သည့် ချီမန်ပညာရပ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ကိုယ်ပိုင်စွမ်းအားလမ်းကြောင်း အစီအရင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်ဖွယ် ရှိသည်။
ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းဖြင့်ဆိုလျှင် ကမ္ဘာလောကတွင်တည်ရှိသော စွမ်းအားမျိုးစုံကို အာရုံခံနိုင်ရန် ကန့်သတ်မှုများ ရှိနေသေးသည်။
တိုတောင်းသည့်အချိန်တစ်ခုအတွင်း ဗလာနယ်စွမ်းအားကို နားလည်သဘောပေါက်ရန်မှာ မဖြစ်နိုင်သေးပေ။
အမှန်တော့ စကြာဝဠာပေါင်းများစွာကိုဖြတ်သန်းလာရသဖြင့် အလွန်တရာကောင်းမွန်သော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်သာ ခုန်မင်က ဗလာနယ်စွမ်းအားကို အာရုံခံနိုင်ခြင်း ဖြစ်၏။
မဟုတ်ပါက ထိုစွမ်းအား တည်ရှိမှုကိုပင် လုံးဝ သိရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ယခု ဗလာနယ်စွမ်းအားအကြောင်း သိရှိသွားပြီဖြစ်ရာ နောက်တစ်ချိန်တွင် ထိုစွမ်းအားကို အပြည့်အဝနားလည်လာပါက ခုန်မင်အနေဖြင့် စွမ်းအားလမ်းကြောင်းကဲ့သို့သော အစီအရင်များကို ကိုယ်တိုင်တည်ဆောက်နိုင်ပေမည်။
ခဏအကြာမှာတော့ စွမ်းအားလမ်းကြောင်းမှ ကြွင်းကျန်သည့် သူ့ခြေဖဝါးအောက်မှ စွမ်းအားစက်ဝန်း လုံးဝ ပျောက်ကွယ်သွားသည်။
ထိုအခါမှ ခုန်မင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
စောစောက ခုန်မင်က အာရုံခံစားမှုကို အစွမ်းကုန်မြှင့်တင်ပြီး ဗလာနယ်စွမ်းအားကို လေ့လာနေစဉ် မထင်မှတ်သည့်အရာတစ်ခုကိုလည်း သိရှိခဲ့ရသည်။
သူရှိနေသည့် စွမ်းအားလမ်းကြောင်း ထွက်ပေါက်တွင် အလစ်တိုက်ခိုက်ရန် ပြင်ဆင်ထားသူတစ်ယောက် ရှိနေခြင်းပင်။
ချုံခိုတိုက်ခိုက်ရန်ပြင်ဆင်ထားသူက သူ၏စွမ်းအားရောင်ဝါကို သဲလွန်စမကျန် ဖုံးကွယ်ထားပြီး ကျောက်တုံးကြီးတစ်ခုနောက်ကွယ်တွင် ပုန်းအောင်းနေခြင်း ဖြစ်သည်။
ခုန်မင်သာ ဝိညာဉ်စွမ်းအားမကောင်းပါက ထိုသူရှိနေသည်ကို ရိပ်မိမည် မဟုတ်ပေ။
ထိုသူက အဘယ့်ကြောင့် စွမ်းအားလမ်းကြောင်း ထွက်ပေါက်အနီးတွင် ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေရပါသနည်း။
ဟုတ်ပေ၏။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ခြေချလိုက်သည်နှင့် တောင်ကြားအတွင်းမှ သွေးစွန်းတိုက်ပွဲက စောင့်ကြိုနေပေမည်။
အလစ်တိုက်ခိုက်သူက စွမ်းအားရောင်ဝါကို အပြည့်အဝဖုံးကွယ်ထားလေရာ ခုန်မင်အနေဖြင့် ရန်သူ၏ကျင့်ကြံခြင်းအဆင့်ကို ခန့်မှန်းနိုင်ခြင်း မရှိပေ။
ခုန်မင်က မသိသလိုဟန်ဆောင်လိုက်ပြီး တောင်ကုန်းအောက်သို့ အေးဆေးစွာဆင်းလာသည်။
အလစ်ချောင်းတိုက်ခိုက်သူ ပုန်းအောင်းနေသည့်နေရာက တောင်ကုန်းအောက်ဆင်းသည့် လမ်းဘေးတွင် ရှိနေသည်။
ခုန်မင် ထိုနေရာကိုဖြတ်ကျော်လိုက်သည်နှင့် ကျောက်တုံးကြီးတစ်ခုနောက်မှ လူရိပ်တစ်ခုက မြွေတစ်ကောင်ပမာ လှစ်ခနဲထွက်ပေါ်လာကာ ခုန်မင်၏ကျောပြင်အား ရေဒြပ်စင်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် ရှာလျားသေးသွယ်သော ဆူးချွန်တစ်ချောင်းဖြင့် ထိုးစိုက်ချလိုက်သည်။
သူ၏တိုက်ကွက်က ရက်စက်ကြမ်းကြုတ်ပြီး အချိန်ကိုက်ကွက်တိကျသည်။
ထို့ပြင် ရေဒြပ်စင်စွမ်းအားကို (၁)ပေခန့်ရှည်သော ဆူးချွန်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးခြင်းမရှိပေ။
သာမန်ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့် သို့မဟုတ် အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဤတိုက်ခိုက်မှုကြောင့် အသက်ပျောက်သွားနိုင်သည်။
သို့သော် ခုန်မင်ကတော့ အချိန်မီ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ရေဒြပ်စင်စွမ်းအား ဆူးချွန်က သူ၏နောက်ကျောသို့ ထိုးစိုက်လာသည်နှင့် ခုန်မင်၏ခန္ဓာကိုယ်ထက်တွင် မီးဒြပ်စင်စွမ်းအား အနီရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။
တစ်ချိန်တည်းပင် မြေဒြပ်စင်စွမ်းအား အဝါရောင်အလင်းတန်းက အနီရောင်အလင်းတန်းကို ဖုံးလွှမ်းသွားကာ ခုန်မင်၏တစ်ကိုယ်လုံးအား ကာကွယ်ပေးလိုက်၏။
အလစ်တိုက်ခိုက်သူ လှုပ်ရှားလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် စွမ်းအားရောင်ဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ဤသူက သေချာပေါက် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဖြစ်၏။
ရေဒြပ်စင်စွမ်းအားဖြင့် အသွင်ပြောင်းထားသည့် ပါးလွှာသောဆူးချွန်က ခုန်မင်၏ကျောပြင် နှလုံးသားတည့်တည့်နေရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
သို့သော် ရုတ်တရက်ပင် ခုန်မင်၏ခန္ဓာကိုယ်မှ တောက်ပသည့် မြေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။
အလစ်တိုက်ခိုက်သူ၏ ရေခဲဆူးချွန်မှာ နက်ရှိုင်းသည့် နွံအိုင်ထဲသို့ ထိုးစိုက်ရသည့်ပမာ ခံစားလိုက်သည်။
နွံအိုင်ထဲသို့ ဆူးချွန်ဝင်ရောက်သွားသည်နှင့် မြေစွမ်းအား၏စုပ်အားကိုခံစားရသည်ဖြစ်ရာ ၊ တိုက်ခိုက်သူမှာ ဆူးချွန်ကို ဆက်လက်ထိုးစိုက်ရန်အတွက် အဆမတန်သော စွမ်းအားများကို အသုံးပြုလိုက်ရတော့၏။
အလစ်တိုက်ခိုက်သူရင်ထဲ ထိတ်ကနဲ ဖြစ်သွားသည်။
“ဒီကောင်က ကနဦးအဆင့် ဆရာသခင်ဆိုပေမယ့်... သူ့ရဲ့ မြေဒြပ်စင်ကျင့်စဉ်က ငါ့ရဲ့ ရေခဲစူးချွန်ကိုတောင် တားဆီးထားနိုင်ပါလား ၊ ဘာလို့ ဒီကောင်က ဒီလောက်အစွမ်းထက်ရတာလဲ”
အလစ်တိုက်ခိုက်သူ အတွေးများရှုပ်ထွေးသွားသည်။
သို့သော် သူတို့နှစ်ယောက်က ကျင့်ကြံခြင်းအဆင့် အလွန်ကွာခြားသည်ဖြစ်ရာ ဤကောင်လေးအနေဖြင့် သူ့ကို မည်မျှအချိန်ကြာအောင် ခုခံနိုင်ပါမည်နည်း။
အလစ်တိုက်ခိုက်သူက သူ့ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားကို ထပ်မံလှည့်ပတ်လိုက်ပြီး အရည်ပျော်စပြုနေသော လက်ထဲမှဆူးချွန်ကို ပိုမိုခိုင်မာလာအောင် သိပ်သည်းစေလိုက်ပြီး ခုန်မင်ထံသို့ အားကုန်သုံး ထိုးစိုက်ချလိုက်သည်။
နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် အားကုန်သုံးတိုက်ခိုက်လိုက်သည့်အခါ ထွက်ပေါ်လာသည့် စွမ်းအားပေါက်ကွဲမှုက အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ခုန်မင်၏ "သံမဏိမြေသားကျင့်စဉ်" က ထူးခြားသည့်ခံစစ်စွမ်းအား ပေးစွမ်းနိုင်သော်လည်း ၊ ဤကျင့်စဉ်က အခြေခံအားဖြင့် “ဆရာသခင်အဆင့်” ကျင့်စဉ်တစ်ခုသာ ဖြစ်နေသေးသည်။
သို့ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသူတစ်ယောက်က အားကုန်သုံးတိုက်ခိုက်လာသည်ကို အပြည့်အဝခုခံကာကွယ်ရန် မဖြစ်နိုင်သေးပေ။
ပါးလွှာသော ရေခဲဆူးချွန်က အရှိန်အဟုန်နှေးကွေးသွားသည့်တိုင် ရှေ့ဆက်တိုးဝင်လာဆဲ ဖြစ်၏။
နောက်ဆုံးမှာတော့ ထိုဆူးချွန်က ခုန်မင်၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားသော မြေဝါရောင်မြူခိုးအလွှာ ထိုးဖောက်သွားနိုင်ခဲ့လေသည်။