အရိပ်ဓားမျိုးနွယ်စုမှ ကြေးစားလူသတ်သမား
Vol. 13 Ch. 140
အလစ်တိုက်ခိုက်သူ ဝမ်းသာအားရဖြစ်သွားပြီး ရေခဲဆူးချွန်ဖြင့် ခုန်မင်၏နောက်ကျောကို တစ်ချက်တည်းထိုးစိုက်ချရန် ဟန်ပြင်လိုက်သည်။
သို့သော် မြေဝါရောင်မြူခိုးအလွှာအောက်မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မီးတောက်မီးလျှံများအဖြစ်ပြောင်းလဲသွားကာ ခုန်မင်၏ခန္ဓာကိုယ်အား ဒုတိယအလွှာအဖြစ် ကာကွယ်ပေးထားလိုက်သည်။
အလစ်တိုက်ခိုက်သူ အံ့သြမှင်တက်သွားရသလို အကြပ်လည်းရိုက်သွားသည်။
သူက "သံမဏိမြေသားကျင့်စဉ်" ၏ ခံစစ်စွမ်းအားကို ထိုးဖောက်ရန်အတွက် စွမ်းအားကုန်အသုံးပြုခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပစ်မှတ်ကိုတိုက်ခိုက်နိုင်ပြီဟု စိတ်ချလိုက်ချိန်တွင် သူ၏စွမ်းအားက အားကုန်နေသည့်မြားတစ်စင်းပမာ ဖြစ်သွားခဲ့သည်။
ထိုသို့အရေးကြီးသောအချိန်တွင် ခုန်မင်၏ခန္ဓာကိုယ်ထက်တွင် ဒုတိယမြောက် ခံစစ်စွမ်းအားတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
“အရှင်သခင်အဆင့်” ကျင့်စဉ်တစ်ခုဖြစ်သော "မီးလျှံနဂါးကျင့်စဉ်" က “ဆရာသခင်အဆင့်” ကျင့်စဉ်ဖြစ်သော "သံမဏိမြေသားကျင့်စဉ်" ထက် ပိုမိုအဆင့်မြင့်မားသည်။
ထို့ပြင် မီးလျှံနဂါးကျင့်စဉ်က ခံစစ်သက်သက်မဟုတ်ဘဲ "ပိုးသားပုဝါထဲတွင် ဝှက်ထားသော အပ်တစ်ချောင်း" ကဲ့သို့ တန်ပြန်တိုက်ခိုက်နိုင်စွမ်းလည်း ရှိ၏။
မထင်မှတ်စွာပင် ခုန်မင်ထံမှ ဒုတိယမြောက် ခံစစ်စွမ်းအားထွက်ပေါ်လာသည်ကိုတွေ့ရသည့်အခါ အလစ်တိုက်ခိုက်သူမှာ အံ့သြမှင်တက်သွားရပြီး သူ၏အခြေအနေမှာလည်း မတိုးသာမဆုတ်သာအခြေအနေသို့ ရောက်ရှိသွားသည်။
မည်သို့မှ မတတ်နိုင်တော့ပေ။
သူ့အနေဖြင့် ကျန်ရှိသည့်စွမ်းအားကိုစုစည်းကာ ခုန်မင်၏ ဒုတိယမြောက် ခံစစ်အလွှာကို အရှိန်အဟုန်ဖြင့်ထိုးဖောက်ရန်သာ ရွေးချယ်နိုင်တော့သည်။
သို့သော် "မီးလျှံနဂါးကျင့်စဉ်" က တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည့် ခံစစ်အလွှာဖြစ်ကြောင်း ထိုသူ မသိရှိခဲ့ပေ။
အပြာရောင်ဆူးချွန်က အနီရောင်မီးလျှံများထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့် အနီရောင်မီးလျှံတစ်စက မြွေတစ်ကောင်ပမာ ဆူးချွန်ထက်သို့ရစ်ပတ်တက်လာသည်။
ထိုနောက် မီးတောက်မီးလျှံများ တဟုန်းဟုန်းတောက်လောင်လာပြီး ရေခဲဆူးချွန်ကို ဝါးမျိုသွားတော့သည်။
ရေခဲဆူးချွန်က ရေဒြပ်စင်စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ မီးဒြပ်စင်စွမ်းအားနှင့် ဆန့်ကျက်ဘက် ဖြစ်သည်။
တစ်ခဏအတွင်း ဆန့်ကျင်ဘက်စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့သွားပြီး အချင်းချင်း အပြင်းအထန် ချေမှုန်းရန် ကြိုးစားတော့သည်။
အလစ်တိုက်ခိုက်သူနှင့် ခုန်မင်က ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်ပင်ကွာသည်ဖြစ်ရာ ပုံမှန်ဆိုလျှင် စွမ်းအားသိုလှောင်မှုတွင် ခုန်မင်က သိသိသာသာ နိမ့်ပါးမည်ဖြစ်၏။
သို့သော် ခုန်မင်က သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်သည်။
သူ၏ဒြပ်စင်စွမ်းအား အသုံးပြုနိုင်စွမ်းက ကျင့်ကြံခြင်းအဆင့်တူညီသူများထက် များစွာသာလွန်သည်။
သို့ဖြစ်ရာ ဒြပ်စင်စွမ်းအားအသုံးပြုနိုင်စွမ်းကို သီးသန့်ယှဉ်ပြိုင်မည်ဆိုပါက ခုန်မင်၏အရည်အချင်းသည်လည်း အလစ်ချောင်းတိုက်ခိုက်သူထက် များစွာနိမ့်ကျခြင်း မရှိပေ။
အလစ်တိုက်ခိုက်သူက "သံမဏိမြေသားကျင့်စဉ်" ၏ ခံစစ်စွမ်းအားကိုထိုးဖောက်ရန်အတွက် သူ၏စွမ်းအားများကို အားကုန်ထုတ်သုံးခဲ့သည်။
ထို့ကြောင့် ခံစစ်ပမထမအလွှာကို ထိုးဖောက်နိုင်ချိန်တွင် သူ၏ရေဒြပ်စင်စွမ်းအားမှာ တစ်ဝက်မျှ ကုန်ခမ်းနေပေပြီ။
ထိုအချိန်တွင် "သံမဏိမြေသားကျင့်စဉ်" ထက် ပိုမိုအစွမ်းထက်သော "မီးလျှံနဂါးကျင့်စဉ်" နှင့် ရင်ဆိုင်ရသည့်အခါ ၊ အရှိန်ကုန်နေပြီဖြစ်သော ရေခဲဆူးချွန်မှာ ပြင်းထန်သော မီးစွမ်းအားလောင်မြိုက်မှုအောက်တွင် ကန့်သတ်ချက်သို့ရောက်ရှိသွားပြီး တဖြည်းဖြည်းအက်ကွဲကြေမွကာ လေထဲတွင် သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။
တစ်ချိန်တည်းမှာပင် မီးလျှံတစ်စင်းက မြွေတစ်ကောင်ပမာ အလစ်တိုက်ခိုက်သူ၏လက်ကိုပင် ရစ်ပတ်တိုက်ခိုက်လာသည်။
သူက “တိုက်ခိုက်မှုမအောင်မြင်ပါက ချက်ချင်းဆုတ်ခွာပါ” ဆိုသောစကားကို လက်ကိုင်ထားသူပင်။
တိုက်ခိုက်သူက ရှုံးနိမ့်ပြီဖြစ်ကြောင်းသိရှိသည်နှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ လက်ကိုပြန်ရုတ်သိမ်းကာ နောက်သို့ ပေ(၃၀)ခန့် ခုန်ဆုတ်သွားသည်။
ထို့နောက် ရေစွမ်းအားအသုံးပြုပြီး သူ့လက်တွင်ရစ်ပတ်နေသည့် မီးလျှံစီးကြောင်းကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအချိန်ရောက်မှ ခုန်မင်က တည်ငြိမ်စွာဖြင့် နောက်သို့လှည့်ပြီး အလစ်တိုက်ခိုက်သူအား မျက်နှာချင်းဆိုင်လိုက်သည်။
တိုက်ခိုက်သူက အလွန်ပိန်ပါးသောခန္ဓာကိုယ်ရှိပြီး အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ဖြစ်သည်။ မေးစေ့ချွန်ချွန် ၊ ပါးပြင်ချိုင့်ချိုင့်နှင့် ထင်ရှားသည့်ရုပ်သွင်မျိုး ပိုင်ဆိုင်ထားသည်။
မီးနစ်နားခိုရာတောင်ထွတ် ၊ ရေခဲရင်ပြင်ရှိစင်မြင့်ထက်တွင် ပါရမီစွမ်းအားပြသသည့် လူငယ်များထဲတွင် ထိုသူပါဝင်ခြင်းမရှိပေ။
မဟုတ်ပါက ထူးခြားသောရုပ်ရည်ပိုင်ဆိုင်သည့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို ခုန်မင် သေချာပေါက် သတိပြုမိမည်ပင်။
တိုက်ခိုက်သူက ခုန်မင်ကို စူးစိုက်ကြည့်လိုက်ပြီး...
“မင်းက မြေနဲ့မီး ဒြပ်စင်စွမ်းအား(၂)မျိုး ကျင့်ကြံထားတာပဲ... တောရိုင်းဒေသမှာတောင် ဒီလိုပါရမီရှင်မျိုး ရှိနေတာလား ၊ မင်းက ဘယ်မျိုးနွယ်စုကလဲ ၊ သတ္တိရှိရင် မင်းနာမည်ကို အမှန်အတိုင်းပြောလိုက်”
ခုန်မင်က တည်ငြိမ်အေးဆေးစွာရှိသည်။
သူက မေးခွန်းကိုပြန်မဖြေသည့်အပြင် တန်ပြန်မေးခွန်းဖြင့်ပင် တုန့်ပြန်လိုက်၏။
“မင်းက အရိပ်ဓားမျိုးနွယ်စုက မဟုတ်လား ၊ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်တာ ဒီလောက်တော်နေမှတော့ တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာမှာ ကြေးစားလူသတ်သမားမျိုးနွယ်စုဆိုတဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်”
ဖီးနစ်ကျဆုံးတောင်ကြားသို့ မဝင်ရောက်ခင်က တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာအကြောင်းကို မော့ဖေးနှင့် ရှန်ရှင်းယွင်က သူ့အား အကြမ်းဖျင်းပြောပြခဲ့ဖူးသည်။
ထိုမျိုးနွယ်စုများထဲတွင် ‘အရိပ်ဓားမျိုးနွယ်စု’ ဆိုသော မျိုးနွယ်စုတစ်ခုလည်း ပါရှိသည်။
သူတို့က လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လျှို့ဝှက်ပုန်းကွယ်ခြင်းများတွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့မျိုးနွယ်စုအမည်ကိုကြားသည်နှင့် တောရိုင်းဒေသမှလူတိုင်း သွေးပျက်ကြောက်ရွံ့ကြရသည်ပင်။
အရိပ်ဓားမျိုးနွယ်စုက တောရိုင်းဒေသတွင်သာမဟုတ်ဘဲ အပြင်လောကမှ လုပ်ကြံသတ်ဖြတ်ရန် ငှားရမ်းမှုများကိုလည်း မကြာခဏ လက်ခံလေ့ရှိသည်။
တောရိုင်းဒေသ ပြင်ပမှာပင် အရိပ်ဓားမျိုးနွယ်စုကို သေမင်းတမန်များပမာ ပြောဆိုလေ့ရှိကြ၏။
ယခု ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ဝင်ချင်းမှာပင် ခုန်မင် ပထမဆုံး ရင်ဆိုင်လိုက်ရသည်က နာမည်ဆိုးဖြင့်ကျော်ကြားသည့် အရိပ်ဓားမျိုးနွယ်စုမှ လူသတ်သမားတစ်ယောက် ဖြစ်နေပေသည်။
တောရိုင်းဒေသခရီးစဉ်တစ်လျှောက် ခုန်မင်က အတော်လေး သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။ သူ့နာမည်ရင်းကိုပင် အသုံးမပြုဘဲ ‘ခုန်အော့’ ဟုသာ ပြောဆိုသုံးစွဲခဲ့သည်။
ဤမျှအထိ လူမသိအောင်နေထိုင်ခဲ့ပါလျှက် သူ့နောက်သို့ လူသတ်သမားက အဘယ့်ကြောင့် လိုက်လာရပါသနည်း။
မဟုတ်သေးပေ ၊ တစ်ခုခုလွဲနေပေသည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ပို့ဆောင်ပေးသည့် စွမ်းအားလမ်းကြောင်းက ရောက်ချင်သည့်နေရာသို့ ကျပန်းရောက်ရှိခြင်းဖြစ်သည်။
ဤလူသတ်သမားက ခုန်မင်ကို ပစ်မှတ်ထားခြင်း မဟုတ်ပေ။
သူက ဤဝင်ပေါက်မှ ဝင်ရောက်လာသူတိုင်းကို အလစ်ချောင်းတိုက်ခိုက်ပြီး သူတို့နှင့်အတူယူဆောင်လာသည့် ရတနာပစ္စည်းများကို လုယက်နေခြင်း ဖြစ်၏။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိသည်နှင့် မည်သူမဆို ဥပဒေမဲ့ သတ်ဖြတ်ခွင့် ရရှိသွားကြသည်။ သဲလွန်စမကျန် သတ်ဖြတ်နိုင်သည်ဖြစ်ရာ အပြင်လောကသို့ရောက်လျှင်လည်း လက်စားချေခံရမည်ကို စိတ်ပူစရာမရှိပေ။
ထို့ကြောင့် ဖီးနစ်ကျဆုံးတောင်ကြားစမ်းသပ်ပွဲတွင် လူငယ်(၁၀၀)ကျော်လောက်မှ ဘယ်လိုအသတ်ခံရသည်ကိုပင်မသိဘဲ သေဆုံးသွားကြရသည်ပင်။
ဖီးနစ်ကျဆုံးတောင်ကြားက ရှားပါးရတနာပစ္စည်းများပေါများသော်လည်း ကိုယ်တိုင်ရှာဖွေခြင်းက ကံတရားအပေါ်တွင် မူတည်သည်။
အခြားသူများကိုလုပ်ကြံသတ်ဖြတ်ပြီး ရတနာပစ္စည်းများလုယက်ခြင်းက ပို၍စိတ်ချရသော နည်းလမ်းဖြစ်သည်။
ခုန်မင်မတိုင်ခင် ဤဝင်ပေါက်မှ ဝင်ရောက်လာသူများမှာလည်း ဤလူသတ်သမားလက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြပြီ ဖြစ်နိုင်သည်။
ထိုသို့တွေးမိသည်နှင့် ခုန်မင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
အရိပ်ဓားမျိုးနွယ်စုမှ လူသတ်သမားက အချိန်မရွေး ဒုက္ခပေးလာနိုင်သူဖြစ်လေရာ သူ့ကို အသက်ရှင်ခွင့် မပေးသင့်ပေ။
ခုန်မင်ထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို အာရုံခံမိသည်နှင့် လူသတ်သမားစိတ်ထဲ သံသယများယှက်သန်းသွားသည်။
သူ့ကိုမြင်သည်နှင့် အရိပ်ဓားမျိုးနွယ်စုဝင်ဖြစ်ကြောင်း တန်းသိနေခြင်းကိုကြည့်ခြင်းအားဖြင့် သူ့ရှေ့မှလူငယ်က သူတို့မျိုးနွယ်စုအကြောင်း အတန်အသင့် သိရှိထားသူ ဖြစ်ရမည်။
သို့တိုင် ဤလူငယ်က ကြောက်ရွံ့ခြင်းမရှိသည့်အပြင် သတ်ဖြတ်လိုသည့်အငွေ့အသက်များပင် ထုတ်ဖော်ပြသလာသည်။
ပြီးတော့ ဤလူငယ်က ဒြပ်စင်စွမ်းအား(၂)မျိုး ကျင့်ကြံထားသူဖြစ်သော်လည်း သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည်။
သို့တိုင် တောရိုင်းဒေသမျိုနွယ်စုဝင်များ အမည်ကြားရုံဖြင့် ကြောက်ဒူးတုန်ရသည့် အရိပ်ဓား ကြေးစားလူသတ်သမားတစ်ယောက်ရှေ့တွင် ဤကောင်လေးက သတ်ဖြတ်လိုသည့်အငွေ့အသက် ထုတ်ဖော်ရဲသည်လား။
“ဒီကောင် ရူးများနေတာလား ၊ ဒြပ်စင်စွမ်းအားနှစ်မျိုးကျင့်ကြံနိုင်တာ ဘာများထူးခြားလို့လဲ ၊ လူသတ်တဲ့ပညာမှာ ငါတို့ အရိပ်ဓားမျိုးနွယ်စုကို ဘယ်သူကယှဉ်နိုင်မှာတဲ့လဲ”
ဤလူသတ်သမားက ငယ်ရွယ်သေးသော်လည်း သူ့လက်ဖြင် လူပေါင်း(၁၀၀)ကျော်ခန့် သတ်ဖြတ်ပြီးပြီ ဖြစ်သည်။
ခုန်မင်ကိုမတိုက်ခိုက်မီ ဤနေရာမှ နယ်မြေကူးပြောင်းဝင်ရောက်လာသည့် ကျင့်ကြံသူ(၄)ယောက်ကိုလည်း သတ်ဖြတ်ပြီးပြီ ဖြစ်၏။
သူတို့(၄)ယောက်လုံးမှာ ခုန်မင်ထက် ကျင့်ကြံခြင်းအဆင့်နိမ့်သူများမဟုတ်သည့်တိုင် မျက်စိတစ်မှိတ်အတွင်း သူ့လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်ပင်။
ခုန်မင်က ဒြပ်စင်စွမ်းအားနှစ်မျိုး ကျင့်ကြံထားသဖြင့် အထင်ကြီးစရာဖြစ်သော်လည်း သူကဲ့သို့ ထိပ်တန်းလူသတ်သမားတစ်ယောက်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။
ပို၍ မခံချင်စရာကောင်းသည်မှာ ဤကောင်လေးက သူကဲ့သို့သော လူသတ်သမားတစ်ယောက်ရှေ့တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်ဖော်ပြသရဲခြင်း ဖြစ်သည်။
ဤသည်က သူ၏မာနကိုထိခိုက်စေသည်ဖြစ်ရာ ခုန်မင်ကိုသာ အပြတ်မရှင်းနိုင်ပါက သူ့စိတ်ထဲ ဆူးတစ်ချောင်းစူးနေသည့်ပမာ တနုံ့နုံ့ခံစားနေရပေမည်။
လူသတ်သမားက ချက်ချင်းပင် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထုတ်ဖော်လိုက်ပြီး...
“မင်းက ငါတို့ အရိပ်ဓားမျိုးနွယ်စုအကြောင်းကို သိနေမှတော့... အသက်ကိုဖက်နဲ့ထုပ်ထားပေတော့...”
အရိပ်ဓား ကြေးစားလူသတ်သမားက သတ်ဖြတ်လိုသည့်အငွေ့အသက်များ အပြည့်အဝ ထုတ်ဖော်လိုက်သည်ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားတော့မည်အလား အေးစိမ့်သွားသည်။
ထို့နောက် အရိပ်ဓားလူသတ်သမားက လက်ဖဝါးနှစ်ဖက်ကိုလှန်လိုက်ရာ သူ့လက်ထဲတွင် ပါးလွှာသည့် သံမဏိဆူးချွန်နှစ်ခု ထွက်ပေါ်လာသည်။
ထိုဆူးချွန်များ၏ပုံစံက စောစောက ရေဒြပ်စင်စွမ်းအားဖြင့် ဖန်တီးခဲ့သော ဆူးချွန်နှင့် တစ်ပုံစံတည်း ဖြစ်သည်။
ထိုသံမဏိဆူးချွန်တစ်စုံက ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်မဟုတ်သော်လည်း ထူးခြားသောကုန်ကြမ်းဖြင့်ပြုလုပ်ထားသည့် ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားလက်နက်များ ဖြစ်သည်။
လက်နက်များထုတ်လိုက်သည်ကိုကြည့်ခြင်းအားဖြင့် အရိပ်ဓားလူသတ်သမားက သူသေကိုယ်သေ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ပြသနေသည်။
ခုန်မင်ကတော့ လူသတ်သမားကို တိတ်ဆိတ်စွာ အကဲခတ်နေလေသည်။
လူသတ်သမားက လက်ဖဝါးဖြန့်လိုက်ရုံဖြင့် လက်ထဲသို့လက်နက်များရောက်လာသည်ဖြစ်ရာ သူ့တွင် သိုလှောင်ပစ္စည်းတစ်ခု သေချာပေါက် ရှိနေပေမည်။
ကြည့်ရသည်မှာ ဤလူသတ်သမား၏ပိုင်ဆိုင်မှုက အတော်လေးများပြားနိုင်၏?
ခုန်မင်က ခေါင်းတစ်ချက်ညိတ်ရင်း တည်ငြိမ်စွာဖြင့်...
“မင်း မှတ်ထားရမယ့် အချက်တစ်ခုရှိတယ် ၊ ကြေးစားလူသတ်သမားဆိုတာ သူများလက်ချက်နဲ့ပဲ အသက်ပျောက်ရတတ်တယ်ဆိုတာပဲ”
စကားဆုံးသွားသည်နှင့် ခုန်မင်၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မီးလျှံစွမ်းအားများ ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ဖရဲသီးအရွယ်ခန့် မီးတောက်မီးလျှံ (၄)ခု ဖြစ်တည်လာကာ သူ့ပတ်ပတ်လည်တွင် ပျံဝဲလျှက် ရှိလေသည်။
အရိပ်ဓားလူသတ်သမား၏မျက်ဝန်းများ မှေးစင်းသွားသည်။
“ဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်ပြင်ပမှာ ပုံဖော်နိုင်တာလား ၊ ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်က ဒါမျိုး ဘယ်လိုလုပ်တတ်နိုင်ရတာလဲ”
အရိပ်ဓားလူသတ်သမား၏ မျက်ဝန်းများက ခုန်မင်ကိုစူးစိုက်ကြည့်နေပြီး စိတ်ထဲမှာလည်း အခြေအနေကို အပြင်းအထန် တွက်ချက်နေသည်။
ဒြပ်စင်စွမ်းအားကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ပြီး ဒြပ်သားတစ်ခုအဖြစ် ပုံဖော်နိုင်ရန်မှာ အနည်းဆုံး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ဖြစ်ရန်လိုအပ်သည်။
သူ့ရှေ့မှလူငယ်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်အဆင့်သာ ရှိသေးသည်။
ဒြပ်စင်စွမ်းအားနှစ်မျိုး ကျင့်ကြံထားသည်ဆိုဥးတော့ ဤသို့သောလုပ်ရပ်မျိုးကို မည်သို့မှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
“ဒီကောင်က ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခု ကျင့်ကြံထားတာလား... ဒါမှမဟုတ် မျက်လှည့်ပြသလိုမျိုး အမြင်မှားအောင် လှည့်စားနေတာလား”
မည်သို့ပင်ဖြစ်စေ သူက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ယောက်ဖြစ်ရာ ထိုကောင်လေးကို ကြောက်နေစရာမလိုပေ။
ထိုသို့တွေးမိသည်နှင့် အရိပ်ဓားလူသတ်သမားက သံသယများကို ဘေးဖယ်ထားလိုက်သည်။
ထို့နောက် သံမဏိဆူးချွန်(၂)ချောင်းကို ခိုင်မာစွာဆုပ်ကိုင်ရင်း သတ်ဖြတ်လိုသည့်အငွေ့အသက်များအားလုံးကိုစုစည်းကာ ခုန်မင်အား ပစ်မှတ်ထားတိုက်ခိုက်လိုက်လေတော့သည်။