လူသတ်သမားဆိုတာ သူများပြန်သတ်တာကိုခံရမှာပဲ
Vol. 13 Ch. 141
ခုန်မင်၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။
သူက ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအား(၃)မျိုးကို လှည့်ပတ်ကာ တန်ခိုးစွမ်းအား အထွတ်ထိပ်သို့ရောက်ရှိအောင် လျှို့ဝှက်ပြင်ဆင်နေခြင်း ဖြစ်၏။
ခုန်မင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်က ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် အထွတ်ထိပ်ဖြစ်သော်လည်း သစ်သား-မီး-မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားသည့်အတွက် သူ၏ဒြပ်စင်စွမ်းအား လည်ပတ်မှုက သာမန်လူများထက် များစွာသာလွန်သည်။
ထို့ကြောင့် သူ၏တိုက်ခိုက်နိုင်စွမ်းကို သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ပေ။
ထို့ပြင် ခုန်မင်က ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်စဉ်နှစ်ခုဖြစ်သော "မီးလျှံဖီးနစ်လွင်ပြင်ကျင့်စဉ်" နှင့် “စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်” တို့ကို ကျင့်ကြံထားပြီး ဖြစ်သည်။
သူက အခြေခံအဆင့်မျှသာ ကျင့်ကြံထားခြင်းဖြစ်သော်လည်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ပြိုင်ဘက်များကိုတော့ အလွန်ကြီးမားသည့်စွမ်းအားဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။
ခုန်မင်အတွက်တော့ မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်သူများကို အဆင့်ကျော်တိုက်ခိုက်ခြင်းမှာ ထူးဆန်းသည့်အရာ မဟုတ်ပေ။
ဘန်နီမျိုးနွယ်စုမှ ဂယ်ရီကိုပင် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ခဲ့သည်ဖြစ်ရာ ယခု သူ့အရှေ့မှ ဒြပ်စင်စွမ်းအားဆရာသခင် အဆင့်ရှိသည့် ကြေးစားလူသတ်သမားကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။
သို့သော် ယခင်က အဆင့်ကျော်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင် ခုန်မင်က အဋ္ဌဂံဝင်္ကပါဗျူဟာ သို့မဟုတ် ယွမ်ရုန်ဒူးလေးကို အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင်စွမ်းအားစစ်စစ်ဖြင့် တစ်ခါမှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိသေးပေ။
ယခု ဤအရိပ်ဓားကြေးစားလူသတ်သမား သူ့ရှေ့သို့ရောက်လာသည်ဖြစ်ရာ ကိုယ်ပိုင်စွမ်းအားဖြင့် နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်ကို သတ်ဖြတ်နိုင်မည်လား စမ်းသပ်ကြည့်ရပေမည်။
ထိုအချိန်မှာပင် အရိပ်ဓားလူသတ်သမားက လှံရှည်တစ်စင်းပမာ ခုန်မင်ထံသို့ ဝင်ရောက်လာသည်။ သူ့လက်ထဲမှ သံမဏိဆူးချွန်(၂)ခုက အပြာရောင်အလင်းတန်းများဖြင့် လွှမ်းခြုံသွားသည်။
သူ့ထံမှ စွမ်းအားရောင်ဝါများက လှိုင်းလုံးကြီးတစ်ခုပမာ အရှိန်အဟုန်ပြင်းစွာဖြင့် ခုန်မင်ထံသို့ ဝင်ရောက်လာသည်။
ခုန်မင်က ရှောင်တိမ်းခြင်းမပြုဘဲ လူသတ်သမား၏တိုက်ကွက်ကို စူးစိုက်ကြည့်နေသည်။
ခုန်မင်က မြေဝါရောင်နှင့် အနီရောင် ခံစစ်စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်ပြီး လက်ဟန်တစ်ချက်ပြလိုက်ရုံဖြင် သူ့ကိုဝန်းရံထားသည့် မီးတောက်မီးလျှ့(၄)ခုက မီးလျှံဥက္ကာခဲများပမာ အရိပ်ဓားကြေးစားလူသတ်သမားထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
အရိပ်ဓားလူသတ်သမား နှာတစ်ချက်မှုတ်လိုက်သည်။
သူ့လိုလူတစ်ယောက်က တိုက်ခိုက်သည်ကို မရှောင်တိမ်းဘဲ တန်ပြန်တိုက်ခိုက်သည်က ကိုယ့်သေတွင်းကိုယ် တူးခြင်းသာပင်။
ဒီကောင်လေး သိပ်ကို ကလေးဆန်ပါလား...။
သူ့လက်ထဲမှ သံမဏိဆူးချွန်နှစ်ခုက ထိပ်တန်းအဆင့်ဒြပ်စင်စွမ်းအားလက်နက်များထဲတွင် အကောင်းဆုံးစာရင်းဝင် လက်နက်များဖြစ်၏။
ဤလက်နက်များက ရေဒြပ်စင်စွမ်းအားကို ကြမ်းတမ်းခက်ထန်သည့် ရေခဲစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်ပြီး ရန်သူ၏ခန္ဓာကိုယ်ထဲ အအေးဓာတ်စိမ့်ဝင်စေကာ သွေးကြောများကို အေးခဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
သူ့အနေဖြင့် ခုန်မင်ပစ်လွှတ်လိုက်သည့် မီးတောက်မီးလျှံ(၄)ခုကို အသာရှောင်တိမ်းပြီး ခုန်မင်၏ ခံစစ်အလွှာများကိုထိုးဖောက်လိုက်ရုံဖြင့် တိုက်ပွဲအနိုင်ရပေမည်။
သို့သော် ခုန်မင်၏ စစ်မှန်သောခံစစ်စွမ်းအားက "သံမဏိမြေသားကျင့်စဉ်" နှင့် "မီးလျှံနဂါးကျင့်စဉ်" (၂)ခုတည်းသာ မဟုတ်ပေ။
ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျင့်စဉ်ဖြစ်သော "စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်" က ဝှက်ဖဲတစ်ချပ်အဖြစ် ရှိနေသေးသည်။
လူသတ်သမားက ခုန်မင်ပစ်လွှတ်လိုက်သည့် မီးတောက်မီလျှံ(၄)ခုကို ရှောင်တိမ်းလိုက်ပြီး သံမဏိရေခဲဆူးချွန်များဖြင့် ခုန်မင်၏ မြေ-မီး ခံစစ်စွမ်းအားကို ထိုးဖောက်လိုက်သည်။
သံမဏိဆူးချွန်များက ခုန်မင်၏ခန္ဓာကိုယ်အား ထိုးစိုက်ချတော့မည့်အချိန်တွင် ခုန်မင်၏ခန္ဓာကိုယ်ထက်၌ အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အသားအရေက ညှိုးခြောက်သွားပြီး ကြမ်းတမ်းမာကျောသော သစ်ခေါက်များအဖြစ် ပြောင်းလဲသွားသည်။
ထိုသစ်ခေါက်အရေပြားကို အထင်သေး၍ မရပေ။
ထိုအရာက ခုန်မင်၏တစ်ကိုယ်လုံးအား သံချပ်ကာဝတ်လိုက်သည့်ပမာ မာကျောသွားစေပြီး သံမဏိရေခဲဆူးချွန်များ ထိုးဖောက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
ထို့ပြင် ဆူးချွန်များက ညှိုးခြောက်နေသော သစ်ခေါက်အရေပြားထဲတွင် မြဲမြံစွာညှပ်မိသွားပြီး ပြန်ဆွဲယူ၍မရတော့အောင် ငြိတွယ်သွားလေသည်။
ဤအခြေအနေက အရိပ်ဓားကြေးစားလူသတ်သမားကို လုံးဝ အခက်တွေ့သွားစေသည်။
သူက တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း နောက်ပြတ်ဆုတ်ရန် ရည်ရွယ်ထားသော်လည်း သံမဏိရေခဲဆူးချွန်များက သစ်ခေါက်များတွင် ချိတ်မိနေပေသည်။
လူသတ်သမားအနေဖြင့် သူ၏အဖိုးတန်လက်နက်ကို အဆုံးရှုံးမခံနိုင်သဖြင့် တုံ့ဆိုင်းသွားရသည်။
ထိုအချိန်မှာပင် ခုန်မင်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော မီးလျှံဥက္ကာခဲ(၄)ခုက ကျယ်လောင်သည့်အသံများဖြင့် ပြန်ကွေ့လာပြီး လူသတ်သမားထံသို့ တစ်ခုပြီးတစ်ခု ဆင့်ကာထိမှန်သွားတော့သည်။
ဥက္ကာခဲတစ်ခုချင်းစီ၏အစွမ်းက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်နှင့် ညီမျှသည်ဖြစ်ရာ လူသတ်သမားကို ဒဏ်ရာအပြင်းအထန်ရအောင် မလုပ်နိုင်သော်လည်း စွမ်းအားစီးဆင်းမှု ကမောက်ကမဖြစ်ပြီး ခေါင်းများမူးဝေသွားအောင်တော့ ပြုလုပ်နိုင်ပေသည်။
ရန်သူအားနည်းသွားသည်နှင့် ခုန်မင်၏ လက်ဖဝါးနှစ်ဖက်မှ အစိမ်းရောင်အလင်းတန်းများထွက်ပေါ်လာပြီး လူသတ်သမား၏ရင်ဝတည့်တည့်သို့ ရိုက်ချလိုက်သည်။
ဤတိုက်ကွက်က ခွန်းကာမြို့ ၊ ခုန်အိမ်တော် အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော "လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်" ပင် ဖြစ်၏။
"လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်" က အရှင်သခင်အဆင့် သစ်သားဒြပ်စင်ကျင့်စဉ်များထဲတွင် တိုက်စစ်အကောင်းဆုံးဟု ကျော်ကြားသည်မှာ အလကားမဟုတ်ပေ။
လူသတ်သမားမှာ လက်ဝါးရိုက်ချက်ထိမှန်သွားသည်နှင့် ခန္ဓာကိုယ်ထဲသို့ မီးနဂါးတစ်ကောင် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည့်ပမာ ခံစားလိုက်ရသည်။
ဤသစ်သားဒြပ်စင်စွမ်းအားက သာမန်သစ်သားဒြပ်စင်စွမ်းအားများထက် သာလွန်သည်ဖြစ်ရာ ခန္ဓာကိုယ်ထဲတွင် မီးလောင်ကျွမ်းသည့်ပမာ ခံစားရစေပေမည်။
"လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်" ၏ စွမ်းအားက ကိုယ်တွင်းသွေးကြောများကို ဖျက်ဆီးလိုက်သဖြင့် အရိပ်ဓားလူသတ်သမားမှာ မအောင့်နိုင်ဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။
တိုက်ပွဲက တစ်ချီမျှသာဖြစ်သည့်တိုင် လူသတ်သမားမှာ ခုန်မင်ကို အရှုံးကြီး ရှုံးနိမ့်သွားပေပြီ။
သူတို့နှစ်ယောက်ကြားတွင် ကျင့်ကြံခြင်းအဆင့် လုံးဝ ကွာခြားခြင်းမရှိဟု ထင်မှတ်ရပေ၏။
အရှုံးတရားနှင့်အတူ အရိပ်ဓားလူသတ်သမား နားလည်သွားသည်မှာ ခုန်မင်က ဒြပ်စင်စွမ်းအား(၂)မျိုး ကျင့်ကြံသူမဟုတ်ဘဲ ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံထားသူ ဖြစ်နေခြင်းပင်။
ထိုအချက်ကို သူ လုံးဝ ကြိုတင်တွက်ဆနိုင်ခြင်း မရှိခဲ့ပေ။
ဤတောရိုင်းဒေသတွင် ဒြပ်စင်စွမ်းအား(၃)မျိုး ကျင့်ကြံနိုင်သည့်ပါရမီရှင်မျိုး ဘယ်တုန်းက ထွက်ပေါ်လာခဲ့ပါသနည်း။
သူ အံ့သြတုန်လှုပ်စွာဖြင့် ခုန်မင်ကို စူးစိုက်ကြည့်နေမိသည်။
အရိပ်ဓားမျိုးနွယ်စုမှ ကြေးစားလူသတ်သမားက ခုန်မင်ကို ရှုံးနိမ့်သွားပြီဖြစ်သည့်တိုင် ဤအတိုင်း လည်စင်းပြီး အသက်ပေးရန် ဆန္ဒမရှိပေ။
ကြေးစားလောက လက်စွဲဥပဒေများတွင် “မည်သူ့ကိုသတ်ဖြတ်ပါစေ တူညီသောအင်အားသုံးရမည်” ဆိုသော စည်းမျဉ်းရှိသကဲ့သို့ “တစ်ချက်တည်းဖြင့် မအောင်မြင်ပါက ခြေရာဖျောက်ရှောင်တိမ်းရမည်” ဆိုသော စည်းမျဉ်းလည်း ရှိသည်။
လက်ရှိတွင် အရိပ်ဓားလူသတ်သမားက သူ၏ သံမဏိရေခဲဆူးချွန်လက်နက်ကို မခွဲနိုင်မခွာရက်ဖြစ်နေသော်လည်း လက်လွှတ်ရပေတော့မည်။
သူက နောက်သို့ အရှိန်အဟုန်ဖြင့် ခုန်ဆုတ်လိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ သူ့ရှေ့မှ ကြောက်စရာလူငယ်နှင့် အဝေးဆုံးသို့ ပြေးရပေမည်။
သို့သော် ခုန်မင်က အေးဆေးစွာ ပြုံးလိုက်ပြီး...
“ထွက်ပြေးမလို့လား... အဲဒီလောက်လွယ်မယ် မထင်နဲ့”
စကားဆုံးသည်နှင့် မြေပြင်ထက်တွင် ကျောက်တိုင်(၁၀)ခုကျော် ထွက်ပေါ်လာပြီး အရိပ်ဓားကြေးစားလူသတ်သမားကို လှောင်အိမ်သဖွယ် ပိတ်လှောင်လိုက်သည်။
ခုန်မင်က 'ကျောက်တုံးထိန်းချုပ်နည်းစနစ်' ကို အသုံးပြုလိုက်ခြင်းပင်။
ခုန်မင်က သာမန် ဒြပ်စင်(၃)မျိုး ကျင့်ကြံထားသူ မဟုတ်ပေ။
ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သူဖြစ်လေရာ ဒြပ်စင်စွမ်းအားများကို တစ်ခုမှတစ်ခုသို့ အပြစ်ဆိုစရာမရှိအောင် ချောမွေ့စွာ ကူးပြောင်းထိန်းချုပ်နိုင်သည်။
ကြေးစားလူသတ်သမားမှာ မထင်မှတ်ဘဲ “ကျောက်တုံးကို ခြေထောက်ဖြင့်ကန်မိပြီ” ဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး အံတင်းတင်းကြိတ်ရင်း ထွက်ပြေးရန်သာ နည်းလမ်းရှာရတော့၏။
သူ့ခန္ဓာကိုယ်မှ ပါးလွှာသော ရေဒြပ်စင် အပြာရောင် အလင်းဓားစက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်တိုင်များကို ခုတ်ပိုင်းပစ်လိုက်သည်။
အပြာရောင်ရေခဲအလင်းဓားစက်ဝန်းက ကြေးစားလူသတ်သမား၏လမ်းကို ပိတ်ဆို့ထားသည့် ကျောက်တိုင်များကို ပဲပြားလှီးဖြတ်သည့်ပမာ တိကနဲ ပိုင်းဖြတ်ပစ်လိုက်သည်။
ထို့နောက် လူသတ်သမားက အံတင်းတင်းကြိတ်ရင်း လစ်ဟာသွားသည့်နေရာမှ ထိုးဖောက်ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ခုန်မင်၏ခန္ဓာကိုယ်ထက် အစိမ်းရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး ဝတ်ရုံတစ်ခုပေါ်လာကာ သူ၏ အရှိန်အဟုန်က (၁၀)ဆခန့် မြင့်တက်လာသည်။
သားရဲထိန်းမျိုးနွယ်စုမှ လက်ဆောင်ပေးလိုက်သော 'လင်းယုန်တောင်ပံဝတ်ရုံ' မှ အရှိန်မြှင့်တင်ပေးစွမ်းအားကို အသုံးပြုလိုက်ခြင်းပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အရိပ်ဓားလူသတ်သမား၏ နောက်ကျောသို့ ရောက်ရှိသွားပြီး ကျောရိုးဗဟိုချက်နေရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤသည်က 'လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်' မှတိုက်ကွက်ကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုလိုက်ခြင်း ဖြစ်၏။
အငိုက်မိသွားသော လူသတ်သမားမှာ ယခင်အကြိမ်ကထက်ပင် ပိုမိုပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ မြေပြင်ထက်သို့ပြုတ်မကျခင်မှာပင် သွေးများကိုအန်ထုတ်လိုက်ရာ လေထုထဲမှာပင် သွေးမှုံများ ပျံ့နှံ့သွားရသည်။
ခုန်မင်၏တိုက်စစ်က ရပ်တန့်မသွားဘဲ လေထုထဲတွင် မီးဒြပ်စင်စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး မီးလျှံဥက္ကာခဲ(၄)ခု ထွက်ပေါ်လာကာ အရိပ်ဓားလူသတ်သမား၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်ပေါက်ကွဲသွားသည်။
လူသတ်သမားမှာ မည်သို့မှခံနိုင်ရည်မရှိတော့ဘဲ မြေပြင်ထက်သို့ အရှိန်ဖြင့် ပြုတ်ကျလာလေသည်။
ထိုအချိန် ခုန်မင်က လေထဲသို့ ခုန်ဝင်လိုက်ပြီး လူသတ်သမား၏ကျောပြင် နှလုံးတည်ရှိရာနေရာသို့ လက်ဝါးဖြင့် ထပ်မံရိုက်ချလိုက်၏။
တစ်ချိန်တည်းမှာပင် လေထုထဲတွင နောက်ထပ် မီးလျှံဥက္ကာခဲ (၄)ခု ထပ်မံထွက်ပေါ်လာပြီး အရိပ်ဓားလူသတ်သမားထံသို့ အသင့်တိုက်ခိုက်ရန် ချိန်ရွယ်ထားလိုက်သည်။
အရိပ်ဓားလူသတ်သမားမှာ မြေပြင်ထက်သို့ပြုတ်ကျသွားသည်နှင့် သွေးသုံးပွက်ခန့်အန်ထုတ်လိုက်ပြီး မချိပြုံးတစ်ချက်ပြုံးလိုက်သည်။
သူက အသက်ကို အပြင်းအထန်ရှူရင်း...
"မင်းက တကယ်ပဲ... ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်လား...”
ခုန်မင်က အေးစက်စွာဖြင့်...
“မင်းမြင်တဲ့အတိုင်းပဲလေ...”
စကားသံဆုံးသွားသည်နှင့် ကောင်းကင်ထက်မှ မီးလျှံဥက္ကာခဲ(၄)ခုက လူသတ်သမားခန္ဓာကိုယ်ထက်သို့ တည့်တည့်မတ်မတ် ကျရောက်ပေါက်ကွဲသွားသည်။
အပြတ်အသတ်အသာစီးရထားသော ခုန်မင်က အရိပ်ဓားလူသတ်သမားကို အသက်ရှူချောင်ခွင့် အနည်းငယ်ပင် မပေးခဲ့ပေ။
ရန်သူ့ဘက်မှ ပြန်ရုန်းထလာနိုင်ခြင်းမရှိစေရန် ပြင်းထန်သောတိုက်ကွက်များ ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။
အရိပ်ဓားလူသတ်သမားမှာလည်း ခုန်မင်က ဤမျှရက်စက်ပြတ်သားစွာ တိုက်ခိုက်မည်ဟု ထင်မထားခဲ့ပေ။
လူသတ်သမား မြေပြင်ထက်လဲကျနေပြီး သူ့လက်ထဲမှ သံမဏိရေခဲဆူးချွန်နှစ်ခုသည်လည်း လွတ်ကျသွားပြီ ဖြစ်၏။
ခုန်မင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ရေခဲဆူးချွန်များကို ဆွဲယူလိုက်သည်။ ထို့နောက် အရှိန်အဟုန်ဖြင့် လူသတ်သမားထံသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။
ဆူးချွန်များက သံမှိုနှစ်ချောင်းပမာ အရိပ်ဓားလူသတ်သမား၏ပခုံးနှစ်ဖက်ကို ဖောက်ဝင်သွားပြီး မြေပြင်ထက်တွင် သံနှင့်ရိုက်ထားသည့်ပမာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
အရိပ်ဓားလူသတ်သမားက ခဏမျှရုန်းကန်နေသေးသော်လည်း နောက်ဆုံးတော့ လက်လျှော့လိုက်ရသည်။
သူက ခုန်မင်ကို စောင်းကြည့်လိုက်ရာ နှုတ်ခမ်းထောင့်မှ သွေးစအကြွင်းအကျန်များ စီးကျလာသည်။
သူက နာကျည်းခါးသက်စွာဖြင့်...
“မင်းက လူသတ်တဲ့နေရာမှာ ဒီလောက်ပြတ်သားမယ်လို့ ထင်မထားမိဘူး ၊ မင်းနာမည်ဘယ်သူများလဲ သိပါရစေ ၊ ငါ ဘယ်သူ့လက်ချက်နဲ့သေရတာလဲဆိုတာသိရမှ အေးအေးချမ်းချမ်း ဘဝကူးနိုင်မှာပါ”
ခုန်မင်က ခေါင်းခါယမ်းလိုက်ပြီး...
“လူသတ်သမားဆိုတာ သူများပြန်သတ်တာကို ခံရမှာပဲ ၊ မင်းသတ်လိုက်တဲ့သူတွေက မင်းဘယ်သူလဲဆိုတာ မသိခဲ့သလို... မင်းကိုသတ်တဲ့သူ ဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး”
ထို့နောက် ခုန်မင်က မီးဒြပ်စင်စွမ်းအားကို လှည့်ပတ်လိုက်ပြီး မီးလျှံဥက္ကာခဲ(၄)ခု ထပ်မံဖန်ဆင်းကာ အရိပ်ဓားလူသတ်သမား၏ ဦးခေါင်းထက်သို့ ဗုံးကျဲသလို ကျဲချလိုက်သည်။
မီးလျှံဥက္ကာခဲများက တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားလေရာ လူသတ်သမား၏ လည်ပင်းအထက်ပိုင်း ဦးခေါင်းတစ်ခုလုံး မီးလောင်ကျွမ်းလျှက် ပုံပျက်ပန်းပျက်ဖြစ်သွားသည်။
သို့တိုင် လူသတ်သမားက အလွန်အသက်ပြင်းသည်ဖြစ်ရာ အသက်မထွက်သေးဘဲ နောက်ဆုံးအကြိမ် ရုန်းကန်နေသေးသည်။
ခုန်မင်က တစ်ချက်ပင်မတွေဝေဘဲ ရှေ့သို့တက်လိုက်ပြီး ထိုသူ၏ဝမ်းဗိုက်ထက်သို့ အဆုံးသတ်လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
အစိမ်းရောင်သစ်သားဒြပ်စင်စွမ်းအားက လူသတ်သမားခန္ဓာကိုယ်ထဲ အရှိန်အဟုန်ဖြင့် စီးဆင်းဝင်ရောက်သွားပြီး သူ၏နှလုံးသားမှာ အပိုင်းပိုင်းအစစ ကြေမွသွားလေတော့၏။