ကြီးမားသည့်အကျိုးအမြတ်များ
Vol. 13 Ch. 142
ယခု...
အရိပ်ဓားမျိုးနွယ်စုဝင် ကြေးစားလူသတ်သမား အသက်ပျောက်သွားပြီ ဖြစ်သည်။
ခုန်မင်ကို စတင်တိုက်ခိုက်စဉ်က ဤသို့ ပြန်လည်အသတ်ခံရမည်ဟု လုံးဝ တွေးထင်ထားခဲ့မည် မဟုတ်ပေ။
ကြေးစားလူသတ်သမားကဲ့သို့ အန္တရယ်များသည့်လူများကို ကိုင်တွယ်ရာတွင် ခုန်မင်က တစ်ချက်လေးပင် သနားညှာတာခြင်း မရျီခဲ့ပေ။
ထို့ပြင် ဤအရိပ်ဓားလူသတ်သမားက ကိုယ်ယောင်ဖျောက်နိုင်စွမ်း အလွန်ကျွမ်းကျင်သည်ဖြစ်ရာ ၊ သူ့ကိုလွှတ်ပေးလိုက်မည်ဆိုပါက ဖီးနစ်ကျဆုံးတောင်ကြားတွင် ရန်မီးတစ်စမွေးသလို ဖြစ်သွားပေမည်။
ထိုသူက ဘယ်အချိန် ဘယ်နေရာတွင် ထပ်မံချောင်းမြောင်းတိုက်ခိုက်မည်လဲ မပြောနိုင်ပေ။ ထို့ကြောင့် ခုန်မင်က တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်ခြင်း ဖြစ်၏။
သူက အရိပ်ဓားလူသတ်သမား၏အလောင်းကို ငုံ့ကြည့်လိုက်ပြီး အလောင်းတွင်စိုက်ဝင်နေသည့် သံမဏိရေခဲဆူးချွန်နှစ်ချောင်းကို လက်တစ်ဖက်ဝှေ့ယမ်းကာ ပြန်လည်သိမ်းယူလိုက်သည်။
ဤသံမဏိဆူးချွန်နှစ်ခုက အလွန်တရာလက်ရာမြောက်ပြီး ထူးခြားသည့်ကုန်ကြမ်းကို အသုံးပြုထားသော ထိပ်တန်းအဆင့် ဒြပ်စင်စွမ်းအားလက်နက် ဖြစ်သည်။
ခုန်မင်အနေဖြင့် ကိုယ်တိုင်အသုံးမပြုလျှင်ပင် လေလံပွဲများတွင် ပြန်လည်ရောင်းချပါက စျေးကောင်းရနိုင်ပေမည်။
ထို့ပြင် သူ့ကိုတိုက်ခိုက်ရန် သံမဏိဆူးချွန်များကို ထုတ်လိုက်စဉ်က အရိပ်ဓားလူသတ်သမား၏ခန္ဓာကိုယ်ထက်တွင် သိုလှောင်ရတနာတစ်ခုရှိကြောင်း ခုန်မင် ရိပ်မိထားသည်။
ဤလူက ကြေးစားလူသတ်သမားဖြစ်လေရာ သူ၏ပိုင်ဆိုင်မှုက နည်းပါးမည် မဟုတ်ပေ။
ခုန်မင်က အရိပ်ဓားလူသတ်သမား၏အလောင်းကို သေချာစစ်ဆေးကြည့်လိုက်ရာ ဘယ်ဘက်လက်တွင် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ဝတ်ထားသည်ကိုတွေ့လိုက်ရသည်။
အကြမ်းပတမ်းလူသတ်သမားတစ်ယောက်က အဘယ့်ကြောင့် မိန်းကလေးများဝတ်ဆင်လေ့ရှိသည့် လက်ဝတ်တန်ဆာကို ဝတ်ဆင်ထားရပါသနည်း။
ခုန်မင်က လက်ကောက်ကိုချွတ်ယူပြီး လေ့လာကြည့်လိုက်သည်။
လက်ကောက်က အလွန်ပင်သပ်ရပ်လှပပြီး ချောမွေ့ပြောင်လက်နေ၏။ ထို့ထက်ပိုပြီးထူခြားသည်မှာ လက်ကောက်ကွင်းတစ်လျှောက် အကန့်(၅)ခုပါရှိသည့် သိုလှောင်ရတနာတစ်ခု ဖြစ်နေသည်။
အကန့်တစ်ခုကိုဖွင့်လိုက်သည်နှင့် (၃)ပေပတ်လည်ကျယ်သော သိုလှောင်နေရာတစ်ခုကို တွေ့ရသည်။
အကန့်တစ်ခုချင်းစီ၏ သိုလှောင်နေရာက သိပ်မကြီးမားသော်လည်း သီးခြားအကန့်(၅)ကန့်ပါရှိသဖြင့် ပစ္စည်းများကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားသိမ်းဆည်းနိုင်လေသည်။
ထို့ပြင် ဤသိုလှောင်လက်ကောက်က ချောင်တတိယသခင်လေး၏ သိုလှောင်အိတ်ထက်ပင် အဆပေါင်းများစွာ ပိုမိုတန်ဖိုးရှိသည်။
ခုန်မင်က လက်ကောက်ထဲမှပစ္စည်းများကို နောက်မှစစ်ဆေးကြည့်ရှုရန်ဆုံးဖြတ်လိုက်ပြီး လက်ကောက်ကို တိုရီယာလက်စွပ်ထဲ ထည့်သွင်းသိမ်းဆည်းလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးကြည့်လိုက်ရာ လူသတ်သမား အလစ်တိုက်ခိုက်ရန် ပုန်းအောင်းနေသည့် ကျောက်တုံးကြီးနောက်တွင် တောရိုင်းဒေသမျိုးနွယ်စုဝင် လူငယ်(၄)ယောက်၏ ရုပ်အလောင်းများကို တွေ့လိုက်ရသည်။
သူတို့သည်လည်း ခုန်မင်ကဲ့သို့ပင် ဤနေရာရှိ စွမ်းအားလမ်းကြောင်းဝင်ပေါက်မှတဆင့် ရောက်ရှိလာပြီး ကံဆိုးစွာပင် အရိပ်ဓားလူသတ်သမားလက်ချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်နိုင်သည်။
ခုန်မင်က သူတို့ခန္ဓာကိုယ်ထက် ရှာဖွေကြည့်လိုက်တော့ မည်သည့်ရတနာပစ္စည်းမှ မတွေ့ရပေ။ ကြည့်ရသည်မှာ အရိပ်ဓားလူသတ်သမားက သူတို့ထံမှ ရတနာပစ္စည်းများကို သိမ်းယူပြီး ဖြစ်ဟန်တူသည်။
ခုန်မင်က အရိပ်ဓားလူသတ်သမား၏အလောင်းကို ဆွဲယူလာပြီး တောရိုင်းဒေသမှ လူငယ်(၄)ယောက်၏အလောင်းများနှင့်အတူ ထားရှိလိုက်သည်။
ထို့နောက် မီးဒြပ်စင်စွမ်းအားကိုအသုံးပြုပြီး မီးတောက်မီးလျှံများဖန်ဆင်းကာ အလောင်းအားလုံးကို ပြာကျသည်အထိ လောင်ကျွမ်းစေလိုက်သည်။
ဤသည်မှာ ဖီးနစ်ကျဆုံးတောင်ကြားတွင် အလောင်းများ ပုံပျက်ပန်းပျက်မကျန်ရစ်စေရန် ခုန်မင် ပြုလုပ်ပေးလိုက်သည့် သက်ညှာမှုလေးတစ်ခုသာ ဖြစ်၏။
ဤအချိန်အတောအတွင်း တောင်ကုန်းငယ်ထိပ်မှ စွမ်းအားလမ်းကြောင်းဝင်ပေါက်သည်လည်း ငြိမ်သက်လျှက် ရှိ၏။ တောင်ကြားသို့ဝင်ရောက်လာသည့် နောက်ဆုံးအသုတ်တွင် မည်သူမှ ဤဝင်ပေါက်သို့ ရောက်ရှိလာဟန် မတူပေ။
ထို့နောက် ခုန်မင်က နေရာမှထွက်ခွာလာပြီး တောအုပ်တစ်ခုအတွင်း ရောက်ရှိလာသည်။
တောအုပ်အတွင်းပိုင်းတစ်နေရာတွင် သာမန် သဘာဝကျောက်ဂူတစ်ခုကို တွေ့ရသဖြင့် ၊ ခုန်မင်က ကျောက်ဂူထဲသို့ဝင်ရောက်ပြီး ဘေးကင်းမှု ရှိ မရှိ စစ်ဆေးလိုက်သည်။
ဘေးကင်းကြောင်းသေချာတော့မှ သူက လူသတ်သမား၏ သိုလှောင်လက်ကောက်ထဲမှပစ္စည်းများကို စတင်စစ်ဆေးကြည့်လိုက်သည်။
ပထမဆုံး သိုလှောင်အကန့်မှာတော့ တန်ဖိုးအမျိုးမျိုးရှိသည့် ရွှေငွေရတနာများအပြင် ရွှေဒင်္ဂါးများ ၊ ငွေစက္ကူများဖြင့် ပြည့်နက်နေသည်။
ဤပစ္စည်းများ၏ ခန့်မှန်းခြေတန်ဖိုးမှာ ခွန်းကာမြို့ ၊ ခုန်အိမ်တော်၏ တစ်နှစ်စာ အသတင်ဝင်ငွေနီးပါးပင် ရှိသည်။ ဤသည်က မယုံကြည်နိုင်စရာ ကြွယ်ဝမှုပင်။
ကြေးစားလူသတ်သမားအလုပ်က အတော်လေး ဝင်ငွေကောင်းပုံရသည်။
ဒုတိယ သိုလှောင်အခန့်ထဲမှာတော့ ဆေးလုံးများနှင့် ဆေးရည်ပုလင်းများ ရာနှင့်ချီပြီး ရှိနေသည်။ ဆေးအမျိုးအစားများ စုံလင်လှသဖြင့် ဆေးဆိုင်ပင် ဖွင့်၍ရနိုင်သည်။
ဤဆေးဝါးအများစုမှာ အရိပ်ဓားလူသတ်သမား သတ်ဖြတ်လုယက်ပြီး ရယူထားခြင်း ဖြစ်နိုင်သည်။ ကိုယ်တိုင် ဆေးလုံးဖော်စပ်တတ်သော ခုန်မင်သည်ပင် ထိုမျှများပြားသော ဆေးဝါးများကို စုစည်းနိုင်ခြင်း မရှိပေ။
ဆေးလုံးအများစုက စိတ်တည်ငြိမ်ဆေး ၊ အသက်ဓာတ်စွမ်းအားမြှင့်တင်ဆေးလုံးကဲ့သို့ အဆင့်နိမ့်ဆေးလုံးများဖြစ်သော်လည် အရေအတွက်များပြားလှသဖြင့် စုစုပေါင်းတန်ဖိုးက အလွန်ပင်ကြီးမားသည်။
ဤဆေးဝါးများဖြင့်ဆိုလျှင် ခုန်အိမ်တော်အတွက် (၁၀)စုနှစ်တစ်ခုစာပင် ဆေးဝါးများလိုအပ်တော့မည် မဟုတ်ပေ။
အဆင့်နိမ့်ဆေးဝါးများ ဖော်စပ်စရာမလိုတော့သဖြင့် ခုန်မင်အနေဖြင့် အလယ်ဆင့်ဆေးလုံးနှင့် ဆေးရည်များဖော်စပ်ရန်သာ အာရုံစိုက်ပြီး သုတေသနပြုလုပ်နိုင်ပေတော့မည်။
လူသတ်သမား၏ဆေးဝါးများထဲတွင် အဆင့်နိမ့်ဆေးလုံးများသာ မဟုတ်ဘဲ အလယ်ဆင့်နှင့် အဆင့်မြင့်ဆေးလုံးများလည်း ရှိနေသေးသည်။
ဥပမာ - ဒြပ်စင်စွမ်းအားပြုပြင်ဆေး (၁၀)ပုလင်းကျော်နှင့် ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေး(၃)ပုလင်း ရှိနေပေသည်။
ဤဆေးလုံးများကို စားသုံးပြီး တိုက်ခိုက်မည်ဆိုပါက အချိန်ဆွဲတိုက်ခိုက်မည်ဆိုလျှင် ခုန်မင်အနေဖြင့် သက်လုံကောင်းခြင်းတွင် ဤအရိပ်ဓားလူသတ်သမားကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။
သို့သော် သူတို့နှစ်ယောက်တိုက်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားသည်ဖြစ်ရာ လူသတ်သမားမှာ ဤဆေးလုံးများကိုပင် ထုတ်သုံးရန် အခွင့်အရေး မရလိုက်ပေ။
ကျန်ရှိနေသော ဆေးပုလင်းများထဲမှ ဆေးလုံးများကိုတော့ ခုန်မင် အမျိုးအစားခွဲခြားနိုင်ခြင်း မရှိသေးပေ။
သို့သော် ဆေးလုံး(၃)လုံးတည်းပါသော ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို တွေ့လိုက်ရချိန်မှာတော့ ခုန်မင့်စိတ်ထဲ အတိုင်းမသိ ဝမ်းသာသွားရသည်။
ထိုဆေးလုံး(၃)လုံးက ပဲစိမ်းလုံးအရွယ်အစးရှိပြီး အရောင်က မြကျောက်ပမာစိမ်းမြနေသည်။ ထိုဆေးလုံး၏ အမည်ကိုကြားသိပါက မည်သည့်ကျင့်ကြံသူမဆို လိုချင်လွန်းသဖြင့် ရူးပင်ရူးသွားနိုင်၏။
ထိုဆေးလုံးအမည်က “အဆင့်ဖြတ်ကျော်ဆေးလုံး” ဖြစ်၏။
ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်အောက် ကျင့်ကြံသူများ ကျင့်ကြံခြင်းတစ်ဆို့နေချိန်တွင် ဤဆေးလုံးကိုသောက်သုံးပါက ကျင့်ကြံခြင်းအဆင့်တက်ရန် (၃၀)ရာနှုန်းအထိ မြှင့်တင်ပေးသည်။
ပြောရမည်ဆိုလျှင် “အဆင့်ဖြတ်ကျော်ဆေးလုံ” (၃)လုံးရှိပါက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင်တစ်ယောက်အနေဖြင့် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်သို့ ချောမွေ့စွာတက်လှမ်းသွားနိုင်ပေမည်။
“အဆင့်ကျော်ဖြတ်ဆေးလုံး” က အလွန်တရာ တန်ဖိုးကြီးမားသည်ဖြစ်ရာ အဆင့်မြင့်ကျင့်ကြံသူများသည်ပင် သူတို့၏ တပည့်သားမြေးများအတွက် စုဆောင်းသိမ်းဆည်းထားလေ့ ရှိကြ၏။
အရိပ်ဓားလူသတ်သမားက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်ဖြစ်လေရာ ဤဆေးလုံးများက သူ့အတွက် အသုံးမဝင်တော့ပေ။
ကြည့်ရသည်မှာ အခြားသူများထံမှ လုယက်ယူင်ထားခြင်းသာ ဖြစ်နိုင်သည်။
မိစ္ဆာချီများကင်းစင်နေချိန်တွင် ဖီးနစ်ကျဆုံးတောင်ကြားက ဝိညာဉ်စွမ်းအား အလွန်တရာထူထပ်သိပ်သည်းလှသည်။
ထို့ကြောင့် ဤဆေးလုံးများသာပိုင်ဆိုင်ထားမည်ဆိုလျှင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အနေဖြင့် နှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် ခက်ခဲတော့မည် မဟုတ်ပေ။
ခုန်မင်မှာ ဆေးလုံးများ၏ မူလပိုင်ရှင်ကိုပင် သနားသွားမိသည်။
ထိုသူမှာ ဆေးလုံးများကိုပင် အသုံးမပြုလိုက်ရဘဲ သေဆုံးသွားရသည် မဟုတ်ပါလား။
ခုန်မင်၏မွေးရပါ ပါရမီစွမ်းအားအရ ကျင့်ကြံခြင်းအဆင့်တက်ရန် အဆင့်ဖြတ်ကျော်ဆေးလုံးကို အားကိုးရန် မလိုအပ်ပေ။
သို့သော် အစ်ကိုဖြစ်သူ ခုန်ကျောင်းအတွက်တော့ ဤဆေးလုံးများက အလွန်ပင် အသုံးဝင်ပေမည်။
ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိလာပြီးနောက် ဤဆေးလုံး(၃)လုံး ရရှိသည်ကပင် အလွန်တရာ အကျိုးအမြတ်များနေပြီ ဖြစ်သည်။
ခုန်မင်က သိုလှောင်လက်ကောက် တတိယအကန့်ကို ဆက်ပြီးဖွင့်ကြည့်လိုက်သည်။
ထိုအကန့်မှာတော့ ရှားပါးဆေးဖက်ဝင်အပင်များ ၊ သတ္တုရိုင်းများနှင့် မှော်ဝင်သားရဲအမြုတေများ ရှိနေသည်။
ဆေးပင်များနှင့် သတ္တုရိုင်းများက အလွန်နေရာယူသည်ဖြစ်ရာ (၃)ပေပတ်လည် သိုလှောင်နေရာက သိပ်မကျယ်ဝန်းသဖြင့် အကောင်းဆုံး အရည်အသွေးမြင့်ပစ္စည်းများကိုသာ ရွေးချယ်သိမ်းဆည်းထားခြင်း ဖြစ်၏။
ထို့ကြောင့် ဤအကန့်ထဲရှိ ဆေးဖက်ဝင်ပင်များနှင့် သတ္တုရိုင်များမှာ အပြင်လောကစျေးကွက်တွင် အလွန်တရာ ရှားပါးအဖိုးတန်သည့် ပစ္စည်းများ ဖြစ်ကြသည်။
ထိုပစ္စည်းများထဲတွင် ခုန်မင်အတွက် အဂ္ဂိရတ်ပညာနှင့် ပန်းပဲပညာတွင် အသုံးပြုနိုင်မည့်ပစ္စည်းအချို့ ပါဝင်နေသည်သာမက အဆင့်(၅) မှော်ဝင်သားရဲအမြုတေတစ်ခုပင် ပါဝင်နေသေးသည်။
အကြမ်းဖျင်းတွက်ချက်ကြည့်လျှင် ဤဆေးပ်ငများ ၊ သတ္တုရိုင်းများနှင့် အမြုတေများ၏တန်ဖိုးမှာ ပထမအကန့်ရှိ ရွှေငွေ ရတနာပစ္စည်းများထက်ပင် တန်ဖိုး(၃)ဆခန့် ပိုမိုမြင့်မားပေသည်။
သိုလှောင်လက်ကောက်၏ ပထမအကန့်(၃)ခုရှိ ပစ္စည်းများသည်ပင် မျိုးနွယ်စုအချို့၏ စုစုပေါင်းကြွယ်ဝမှုထက် ပိုမိုများပြားနေပေပြီ။
သို့ဆိုလျှင် ကျန်ရှိသော အကန့်နှစ်ခုတွင် မည်သို့သော ရတနာပစ္စည်းများ ပုန်းကွယ်နေဦးမည်နည်း။
ခုန်မင် စိတ်လှုပ်ရှားစွာဖြင့် စတုတ္ထုမြောက် အကန့်ကိုဖွင့်ကြည့်လိုက်သည်။
မထင်မှတ်စွာပင် ဤအကန့်က အလွန်တရာရှင်းလင်းနေပြီး ကျင့်စဉ်စာအုပ်အနည်းငယ်သာလျှင် ရှိသည်။
အရေအတွက်မများသော်လည်း နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် ဤမျှအထိ စနစ်တကျသိမ်းဆည်းထားသည့်ကျင့်စဉ်များမှာ သာမန်တော့ မဖြစ်နိုင်ပေ။
ခုန်မင် စာအုပ်များကို ခပ်သွက်သွက်ပင် ကြည့်ရှုလိုက်သည်။
အခြားစာအုပ်များကို အသေးစိတ်လေ့လာရန် အချိန်မရသေးသော်လည်း ကျင့်စဉ်တစ်ခုကတော့ သူ၏စိတ်အာရုံကို ချက်ချင်းဖမ်းစားသွားသည်။
ထိုစာအုပ်က အလွန်ပါးလွှာပြီး ဘာမှမထူးခြားသည့် စာအုပ်ငယ်တစ်အုပ်သာ ဖြစ်သည်။
သို့သော် ဟောင်းနွမ်းပြီး ဝါကျင့်ကျင့်ဖြစ်နေသော စာအုပ်အဖုံးထက် ရေးသားထားသည့်စာလုံးများက ခုန်မင်ကို ချက်ချင်းပင် စိတ်ဝင်စားသွားစေသည်။
“ဖုံးကွယ်ခြင်းအတတ်”
ထိုစာလုံးများကိုတွေ့သည်နှင့် အရိပ်ဓားလူသတ်သမား သူ၏တည်ရှိမှုကိုဖုံးကွယ်ရာတွင် မည်မျှကျွမ်းကျင်ကြောင်း ခုန်မင် ပြန်လည် အမှတ်ရသွားသည်။
ဝိညာဉ်စွမ်းအား အားကောင်းလွန်းသော ခုန်မင်သည်ပင် ထိုလူ၏တည်ရှိမှုကို မသိရှိနိုင်သလောက် ဖြစ်ခဲ့သည် မဟုတ်ပါလား။
ဤ "ဖုံးကွယ်ခြင်းအတတ်" မှာ အရိပ်ဓားလူသတ်သမား အသုံးပြုခဲ့သည့် ထိုလျှို့ဝှက်ပညာရပ်ပင် ဖြစ်ရပေမည်။
ဤကျင့်စဉ်က ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားရောင်ဝါနှင့် တည်ရှိမှုကို အမှန်တကယ်ပင်ဖုံးကွယ်ထားနိုင်သည်ဆိုလျှင် ကျင့်ကြံရန် လုံးဝထိုက်တန်သည့် ကျင့်စဉ်တစ်ခုပင်။
ဒြပ်စင်စွမ်းအားကျင့်ကြံသူများက အာရုံခံနိုင်စွမ်း အလွန်ထက်မြက်သည်ဖြစ်ရာ ပတ်ဝန်းကျင်မှ အသေးငယ်ဆုံးသော လှုပ်ရှားမှုများကိုပင် သိရှိနိုင်စွမ်းရှိသည်။
သို့ပေသိ ကျင့်ကြံသူများက သူတို့၏ အသက်ရှူသံ ၊ ခြေသံ ၊ နှလုံးခုန်သံတို့ကို အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအားကျင့်ကြံသူအများစုက တစ်ဖက်လူ၏တည်ရှိမှုကို သိရှိနိုင်ရန် စွမ်းအားရောင်ဝါကိုသာ အဓိကထားပြီး အာရုံခံလေ့ရှိကြ၏။
ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားရောင်ဝါ အတက်အကျအပေါ် မူတည်၍လည်း ကျင့်ကြံခြင်းအဆင့် အနိမ့်အမြင့်ကို ခွဲခြားသိမြင်နိုင်ကြသည်။
သို့ဖြစ်ရာ ကျင့်ကြံသူတစ်ယောက်မှာ အသက်ရှူသံ ၊ ခြေသံ ၊ နှလုံးခုန်သံများကို ထိန်းချုပ်နိုင်ကြသော်လည်း စွမ်းအားရောင်ဝါကို ဖုံးကွယ်ရန်ကတော့ အလွန်ပင် ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများဆိုသည်က မိုးမြေစွမ်းအားများကို အမြဲမပြတ် စုပ်ယူနေကြသည်ဖြစ်ရာ သူတို့၏ စွမ်းအားရောင်ဝါက သဘောဝအလျောက် ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေလေ့ရှိသည်။
ထိုစွမ်းအားရောင်ဝါများကို ခန္ဓာကိုယ်တွင်းသို့ပြန်လည်ရုပ်သိမ်းရန်မှာ အလွန်ပင်ခက်ခဲနက်နဲလှသည်။
သို့သော် ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများကတော့ “ကိုယ်တွင်းဒြပ်စင်စွမ်းအားအဆင့်” သို့ ဝင်ရောက်သွားပြီဖြစ်ရာ ခန္ဓာကိုယ်တွင်းမှာပင် ဒြပ်စင်စွမ်းအားကို ထုတ်လုပ်နိုင်ကြသည်။
ထို့ကြောင့် အပြင်လူများ ခြေရာမခံမိစေရန် သူတို့၏ စွမ်းအားရောင်ဝါကို အပြည့်အဝ ရုပ်သိမ်းထားနိုင်စွမ်း ရှိကြ၏။
ထိုအဆင့်ရောက်ရှိသည့် ကျွမ်းကျင်သူများမှာ ပတ်ဝန်းကျင်ကို အာရုံခံရာတွင်လည်း အဆင့်နိမ့်ကျင့်ကြံသူများ စိတ်ပင်မကူးနိုင်သည့် ထူးခြားသော ကိုယ်ပိုင်နည်းလမ်းများကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။
သို့ရာတွင် အလယ်ဆင့်နှင့် အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ စွမ်းအားရောင်ဝါကို ဖုံးကွယ်နိုင်သည့်နည်းစနစ်က သေချာပေါက် အသုံးဝင်ပေသည်။
အနည်းဆုံးတော့ တိတ်တဆိတ်လုပ်ဆောင်ရမည့်အလုပ်များကို ပိုမိုအဆင်ပြေစေပေမည်။
ဟုတ်ပေ၏။
အကယ်၍ 'ဖုံးကွယ်ခြင်းအတတ်' သာ မရှိခဲ့ပါက အရိပ်ဓားမျိုးနွယ်စုအနေဖြင့် ကြေးစားလူသတ်သမားလောကတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အောင်မြင်ကျော်ကြားမှုကို မည်သို့ရရှိနိုင်ပါမည်နည်း။