← Chapters

အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်

Vol. 13 Ch. 143

အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်

Vol. 13 Ch. 143

'ဖုံးကွယ်ခြင်းအတတ်' ကျင့်စဉ်စာအုပ်ကိုသိမ်းဆည်းပြီးနောက် ခုန်မင်က လက်ကောက်၏ ငါးခုမြောက်အကန့်ကို ဖွင့်ကြည့်လိုက်သည်။

အံ့သြစရာကောင်းစွာပင် ထိုအကန့်ထဲတွင် အရိပ်ဓားလူသတ်သမား၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများ ၊ ဟောင်းနွမ်းနေသည့် ကဗျာလင်္ကာစာအုပ်များနှင့် ပန်းချီကားချပ်များ ရှိနေလေသည်။

ခုန်မင် ခေါင်းခါယမ်းလိုက်မိသည်။

လူသတ်သမားတစ်ယောက်တွင် အနုပညာလက်ရာများကို စုဆောင်းတတ်သည့်ဝါသနာမျိုးရှိမည်ဟု လုံးဝ ထင်မထားခဲ့မိပေ။

ဤကဗျာလင်္ကာများ ၊ လက်ရေးစာလုံးများနှင့် ပန်းချီကားများသာ အစစ်အမှန်များဆိုပါက လေလံတင်ရောင်းချလျှင် သေချာပေါက် စျေးကောင်းရနိုင်၏။

ကြေးစားလူသတ်သမားအလုပ်သည်ကား အလွန်ပင် ဝင်ငွေကောင်းလှသည်။

ကြည့်ရသည်မှာ ဤလူသတ်သမားက အရိပ်ဓားမျိုးနွယ်စုတွင် ထိပ်တန်းအဆင့် ကြေးစားတစ်ယောက် ဖြစ်နိုင်သည်။

သူသာ ခုန်မင်နှင့်မတွေ့ရှိဘဲ ဖီးနစ်ကျဆုံးတောင်ကြားတွင် ဤအတိုင်း ဆက်လက်ချောင်းမြောင်းလုယက်နေမည်ဆိုပါက သူရရှိမည့်အကျိုးအမြတ်က မှန်းဆ၍မရနိုင်ပေ။

ဤလူသတ်သမားကို အပြတ်ရှင်းလိုက်ခြင်းက ဖီးနစ်တောင်ကြားသို့ဝင်လာသည့် လူငယ်များအတွက် အန္တရယ်တစ်ခု ဖယ်ရှားပေးလိုက်ခြင်းသာပင်။

ဖီးနစ်ကျဆုံးတောင်ကြားက နတ်ဘုံနတ်နန်း မဟုတ်ပေ။ ငရဲဘုံတစ်ခုသာ ဖြစ်၏။

ယခုဆိုလျှင် စမ်းသပ်ပွဲတွင်ပါဝင်မည့် လူငယ်များအားလုံး ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိနေကြပြီဖြစ်ရာ အားပြိုင်မှုများ စတင်နေပြီဟု ဆိုရမည်။

ခုန်မင် ခဏမျှစဉ်းစားပြီး လက်ကိုအသာဝှေ့ယမ်းလိုက်ရာ မီးလျှံဖီးနစ်ငှက်မွှေးဖြင့် ပြုလုပ်ထားသော ဖီးနစ်ကျဆုံးတောင်ကြားမြေပုံက သူ့လက်ထဲသို့ ရောက်ရှိလာသည်။

ဖီးနစ်နားခိုရာမျိုးနွယ်စုက စမ်းသပ်ပွဲတွင် ပါဝင်သူအားလုံးကို ဖီးနစ်ကျဆုံးတောင်ကြား၏ အကြမ်းဖျင်းမြေပုံတစ်ခုပေးထားသော်လည်း ခုန်မင်ပိုင်ဆိုင်ထားသည့် အသေးစိတ်ကျသောမြေပုံနှင့် လုံးဝ မယှဉ်နိုင်ပေ။

ခုန်မင်က မီးဒြပ်စင်စွမ်းအားအနည်းငယ်ကို မြေပုံထဲပို့လွှတ်လိုက်ရာ တောင်ကြားတစ်ခုလုံး၏ အသေးစိတ်မြေပြင်အနေအထားက သူ၏စိတ်အာရုံထဲသို့ အတိအကျ ဝင်ရောက်လာသည်။

အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်ဆုံးသွားပြီးနောက် ခုန်မင်က မြေပုံကို ပြန်လည်သိမ်းဆည်းလိုက်သည်။

ခုန်မင်က တောင်ကြားဗဟိုချက်ရှိ စွမ်းအားလမ်းကြောင်းထွက်ပေါက် တည်နေရာတွင် ရှန်ရှင်းယွင်နှင့်တွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။

ယခု သူရောက်ရှိနေသည့် တောအုပ်ငယ်က ဖီးနစ်ကျဆုံးတောင်ကြားအလယ်ဗဟိုသို့ ဦးတည်နေပေသည်။

အချိန်ရသေးသည်ဖြစ်ရာ ခုန်မင်က ဤကျောက်ဂူငယ်ထဲတွင် ရက်အနည်းငယ်မျှ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ကျောက်တုံးကြီးအချို့ဖြင့် ကျောက်ဂူဝင်ပေါက်ကို ပိတ်ဆို့လိုက်၏။

ခုန်မင်က ဤသို့သောအချိန်မျိုးတွင် တံခါးပိတ်ကျင့်ကြံရန် အဘယ့်ကြောင့် ဆုံးဖြတ်ရပါသနည်း။

ခုန်မင် အရိပ်ဓားလူသတ်သမားနှင့် တိုက်ခိုက်စဉ်က မည်သည့်လက်နက်ပစ္စည်းအကူအညီမှမယူဘဲ ကိုယ်ပိုင်စွမ်းအား သီးသန့်အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲက ခဏအတွင်းပြီးဆုံးသွားခဲ့သော်လည်း ခုန်မင်၏ခန္ဓာကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားများ အရှိန်အဟုန်ဖြင့် တက်ကြွလာအောင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

တိုက်ပွဲအပြီးတွင် သူ့တစ်ကိုယ်လုံးမှ အသက်ဓာတ်စွမ်းအားများ လှိုင်းတံပိုးပမာ မြင့်တက်လာပြီး မကုန်ခမ်းနိုင်သော ဒြပ်စင်စွမ်းအားများ ပေါက်ကွဲထွက်တော့မည့်ပမာ ခံစားနေရသည်။

ဤသည်က ခုန်မင်အနေဖြင့် ကျင့်ကြံခြင်းအဆင့်တက်ရန် အချိန်ကျလာပြီဆိုသော အဓိပ္ပါယ်ပင်။

ယခင်တစ်ခေါက် တံခါးပိတ်ကျင့်ကြံစဉ်ကတည်းက ခုန်မင်က 'ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်' အထွတ်ထိပ်သို့ ရောက်ရှိနေခဲ့ပြီး အချိန်မရွေး နောက်တစ်ဆင့်သို့တက်လှမ်းရန် အသင့်ဖြစ်နေခဲ့သည်။

မထင်မှတ်စွာပင် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်ပြီးနောက် အရိပ်ဓားလူသတ်သမားနှင့် တိုက်ခိုက်ခဲ့ရသည်ဖြစ်ရာ သူ့အတွက် ကျင့်ကြံခြင်းအဆင့်တက်ရန်အချိန်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။

ထို့ကြောင့် ခုန်မင်က ဤကျောက်ဂူထဲတွင် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေ၏။

ကံကောင်းသည်မှာ အဆင့်ကြီးတစ်ဆင့်သို့ တက်ရောက်ရသည်မဟုတ်ဘဲ အဆင့်ငယ်တစ်ဆင့်သို့ တက်ရောက်ရသဖြင့် အလွန်တရာ ခက်ခဲခြင်းမရှိသလို အချိန်လည်းကြာမြင့်မည် မဟုတ်ပေ။

ထို့ကြောင့် ရှန်ရှင်းယွင်နှင့် ချိန်းဆိုထားသည်ကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။

***

ထိုသို့ဖြင့်...

ခုန်မင် တံခါးပိတ်ကျင့်ကြံခြင်း(၅)ရက်မြောက်သောနေ့...။

ရုတ်တရက်ပင် ကျောက်ဂူအဝတွင်ပိတ်ဆို့ထားသည့် ကျောက်တုံးကြီးများမှာ ပြင်းထန်သော စွမ်းအားလှိုင်းလုံးများဖြင့် ရိုက်ခတ်ခံရသည့်ပမာ ပေါက်ကွဲလွင့်စင်ထွက်သွားသည်။

ထို့နောက် ကျောက်ဂူအတွင်းမှ တည်ငြိမ်သောမျက်နှာထားဖြင့် ခုန်မင် ထွက်ပေါ်လာလေသည်။

သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် စွမ်းအားရောင်ဝါများကို အာရုံခံကြည့်မည်ဆိုလျှင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်၏ အငွေ့အသက်များကို ခံစားရမည် ဖြစ်၏။

ယခုတစ်ကြိမ် ကျင့်ကြံခြင်းအဆင့်တက်ရသည်က ခုန်မင် မျှော်လင့်ထားသည်ထက် အများကြီးပိုပြီး ချောမွေ့လွယ်ကူခဲ့သည်။

တံခါးပိတ်ကျင့်ကြံမှုစတင်သည်နှင့် ဝါးပင်ကိုဓားဖြင့် အလယ်မှပိုင်းခြားလိုက်သည့်ပမာ အဆင်ပြေစွာပင် ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်သို့ အခက်အခဲမရှိ တက်လှမ်းသွားနိုင်ခဲ့သည်။

သို့ပေသိ အဆင့်တက်လှမ်းမှု ချောမွေ့ခဲ့သော်လည်း ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် သိသိသာသာ ပြောင်းလဲမှုမျိုး မဖြစ်ပေါ်ခဲ့ပေ။

တစ်ခုတည်းသောပြောင်းလဲမှုမှာ သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်အတွင်းရှိ 'ထိုက်ကျိယင်ယန်သင်္ကေတ' က ပိုမိုလျှင်မြန်စွာဖြင့် မနားမတမ်းလည်ပတ်နေခြင်း ဖြစ်သည်။

ဤသို့ဖြစ်ခြင်းက သူ၏ ဒြပ်စင်စွမ်းအား(၃)မျိုးနှင့် နတ်ဘုရားစွမ်းအားတို့ကို (၃)ဆမက ပိုမိုမြင့်တက်လာစေခဲ့သည်။

ထူးဆန်းနက်နဲသည့် ကြယ်စင်စွမ်းအားများကတော့ မည်သည့်ပြောင်းလဲမှုမှမရှိဘဲ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စီးဝင်နေဆဲဖြစ်ကာ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” အလိုအလျောက် တိုးတက်လာစေရန် ကူညီပေးနေ၏။

ကံကောင်းသည်မှာ ခုန်မင်၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် အခြားသောကျင့်ကြံသူများကဲ့သို့ အဆင့်တက်ပြီးနောက် ကျင့်ကြံခြင်းစွမ်းအားတည်ငြိမ်စေရန် အချိန်အကြာကြီး ပေးနေစရာမလိုခဲ့ပေ။

သူက (၃)ရက်အတွင်းမှာပင် ကျင့်ကြံခြင်းစွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။

ကျန်ရှိသည့် အချိန်(၂)ရက်မှာတော့ သူက 'ဖုံးကွယ်ခြင်းအတတ်' ကို အေးဆေးစွာလေ့လာပြီး ကျွမ်းကျင်ပိုင်နိုင်သွားအောင် ကျင့်ကြံနိုင်ခဲ့သည်။

'ဖုံးကွယ်ခြင်းအတတ်' ဆိုသည်က ဒြပ်စင်စွမ်းအားကျင့်စဉ်တစ်ခုမဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားရောင်ဝါကို မည်သို့ဖုံးကွယ်ဖိနှိပ်ရမည်ကို လေ့ကျင့်ရသည့် အထူးကျင့်စဉ်တစ်ခု ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်၏ ဒြပ်စင်စွမ်းအားရောင်ဝါကို ထိန်းချုပ်ရန်မှာ လွယ်ကူသည်မဟုတ်ပေ။ ဤကျင့်စဉ်ကို အတော်လေး ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်သည်။

သို့သော် ခုန်မင်က ဝိညာဉ်စွမ်းအားကောင်းသူဖြစ်သလို ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာပိုင်ဆိုင်သူဖြစ်လေရာ သာမန်ကျင့်ကြံသူများ (၁၀)စုနှစ်တစ်ခုကြာ ကျင့်ကြံရမည့်ကျင့်စဉ်ကို (၂)အရက်အတွင်း အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့၏။

တံခါးပိတ်ကျင့်ကြံရာမှထွက်လာသည်နှင့် ခုန်မင်က သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော စွမ်းအားရောင်ဝါများကို ရုပ်သိမ်းလိုက်သည်။

သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် စွမ်းအားရောင်ဝါများ ပျောက်ဆုံးသွားပြီး သာမန်လူတစ်ယောက်ပမာ ပြောင်းလဲသွားသည်။

မည်သည့်ကျင့်ကြံသူမှ သူ၏တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်တော့ပေ။

ကျောက်ဂူထဲမှထွက်လာပြီးနောက် ခုန်မင်က လမ်းကြောင်းကိုခဏမျှစစ်ဆေးလိုက်ပြီး အရှေ့တောင်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

ယခု ဆရာသခင် အလယ်ဆင့်သို့ တက်လှမ်းသွားပြီဖြစ်ရာ ခုန်မင်၏ခရီးသွားနှုန်းက သိသိသာသာပင်မြန်ဆန်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဝေးတစ်နေရာသို့ရောက်ရှိသွားကာ ပျောက်ကွယ်သွားလေသည်။

***

“ဖီးနစ်ကျဆုံးတောင်ကြား” က တောင်ကြားတစ်ခုဆိုသော်ငြားလည်း ကျဉ်းမြောင်းခြင်းမရှိပေ။

စတုရန်းကီလိုမီတာ သောင်းနှင့်ချီပြီးကျယ်ပြန့်သည်။

ထို့ကြောင့် ဤနေရာကို တောင်ကြားဟုခေါ်ဆိုရန်ပင် အလွန်ခက်ခဲ၏။

ဖီးနစ်ကျဆုံးတောင်ကြားတွင် တောင်တန်းများ ၊ မြစ်ချောင်းများ ၊ ရေရန်များ အစုံအလင်ရှိသည်ဖြစ်ရာ သီးခြားကမ္ဘာငယ်တစ်ခုဟုပင် မှတ်ယူနိုင်သည်။

တကယ်တော့ ဤတောင်ကြားတည်ရှိနေခြင်းမှ ရှေးဟောင်းပညာရှင်ကြီးများ၏ ဗလာနယ်ဆိုင်ရာ အစီအရင်တစ်ခုခုကြောင့် ဖြစ်ဟန်တူသည်။

မဟုတ်ပါက ဤနေရာ ဤမျှကျယ်ဝန်းနိုင်မည် မဟုတ်ပေ။

ဖီးနစ်ကျဆုံးတောင်ကြားတွင် ‘မြူခိုးတိမ်တိုက်တောင်” ဆိုသည့် နေရာတစ်ခုရှိသည်။

ထိုတောင်က ပေ(၃၀၀၀)ကျော်မြင့်မားပြီး တောင်တစ်ခွင်လုံးအား မြူခိုးနှင့် တိမ်တိုက်များ ဖုံးလွှမ်းလျှက် ရှိသည်။

သို့သော် မြူခိုးတိမ်တိုက်တောင်ထက်ရှိ မြူခိုးများနှင့် တိမ်တိုက်များမှ လေထုထဲရှိ အစိုဓာတ်ကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

တောင်ပေါ်တွင် ထူးခြားစွာပေါက်ရောက်နေသည့် ‘မြူခိုးမြက်ပင်’ များကြောင့် ဖြစ်သည်။

ထိုမြူခိုးမြက်ပင်များမှ မြူခိုးများနှင့် တိမ်ခိုးတိမ်ငွေ့များက ထွက်ပေါ်နေပြီး တောင်တစ်ခွင်လုံးအား မြူခိုးတိမ်တိုက်များဖြင့် လွှမ်းခြုံထားခြင်း ဖြစ်၏။

မြူခိုးမြက်ပင်များက မြူခိုးတိမ်တိုက်တောင်တွင်သာ သီးသန့်ပေါက်ရောက်သည် ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်သည်။

မည်သည့်ဆေးကိုဖော်စပ်ပါစေ မြူခိုးမြက်ပင်အနည်းငယ် ထည့်သွင်းလိုက်ရုံဖြင့် ဆေးဖော်စပ်မှုအောင်မြင်မှုနှုန်းကို မြင့်တက်လာစေနိုင်သည်။

ထို့ကြောင့် ဆေးဖော်စပ်သူတိုင်းက မြူခိုးမြက်ပင်ကို လိုချင်ကြသည်။

သို့သော် ဖီးနစ်ကျဆုံးတောင်ကြားက အနှစ်(၂၀)မှတစ်ကြိမ်သာ ဖွင့်လှစ်ပြီး မြူခိုးမြက်ပင်များကို အောင်မြင်စွာဆွတ်ခူးပြီး စမ်းသပ်ပွဲပြီးဆုံးချိန်အထိ အသက်ရှင်လျက် လွတ်မြောက်နိုင်သူမှာ အလွန်နည်းပါးလှသည်။

ထို့ကြောင့် မြူခိုးမြက်ပင်က အမြဲတမ်းရှားပါးပြီး စျေးကွက်တွင်လည်း မယုံနိုင်လောက်အောင် ‌စျေးကောင်းရရှိပေသည်။

ဖီးနစ်ကျဆုံးတောင်ကြားတွင် မြူခိုးတိမ်တိုက်တောင်က လူသိများသော နေရာတစ်ခုဖြစ်သည်။ သို့သော် မြူခိုးမြက်ပင်ကို ခူးဆွတ်ရန်ကတော့ လုံးဝ မလွယ်ကူလှပေ။

မြူခိုးမြက်ပင်များက အသက်ရှူထုတ်လိုက်သည့်အခါ သူတို့က မိုးနှင့်မြေမှ ဒြပ်စင်စွမ်းအားများကို စုပ်ယူပြီး ပြန်လည်ထုတ်လွှတ်ခြင်းဖြစ်သည်။

ထို့ကြောင့် မြူခိုးတိမ်တိုက်တောင်ထက်မှ မြူခိုးနှင့် တိမ်ခိုးတိမ်ငွေ့များက အခြားနေရာများထက် ပိုမိုသန့်စင်ပြီး ဝိညာဉ်စွမ်းအားလည်း ပေါကြွယ်ဝသည်။

သို့ဖြစ်ရာ မှော်ဝင်သားရဲအမြောက်အမြားက သူတို့၏ပင်ကိုယ်အသိအရ မြူခိုးတိမ်တိုက်တောင်တွင် လာရောက်စုဝေးနေထိုင်လေ့ရှိကြသည်။

နောက်တစ်ချက်မှာ မြူခိုးတိမ်တိုက်တောင်တွင်နေထိုင်သည့် မှော်ဝင်သားရဲများက သိသာထင်ရှားသော အစွမ်းအစများကို ပိုင်ဆိုင်ထားကြသည်။

ထို့ကြောင့် သားရဲများမသိအောင် မြူခိုးမြက်ပင်များကို ခူးဆွတ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

မြူခိုးတိမ်တိုက်တောင်တွင် ဝိညာဉ်စွမ်းအားပေါများရခြင်းမှာ မြူခိုးမြက်ပင်များကြောင့်ဖြစ်ကြောင်း မှော်ဝင်သားရဲများအားလုံးက နားလည်ထားကြသည်။

ထို့ကြောင့် မြူခိုးမြက်ပင်များကို လာရောက်ခူးယူပါက တောင်ပေါ်ရှိ သားရဲအားလုံး၏ ဘုံရန်သူ ဖြစ်သွားပေမည်။

သို့ပေသိ မြူခိုးမြက်ပင်က ထူးခြားပြီး အလွန်တန်ဖိုးကြီးသည်ဖြစ်ရာ လူအများအပြားက အန္တရယ်ကိုမကြောက်ရွံ့နိုင်ဘဲ မြူခိုးတိမ်တိုက်တောင်သို့လာရောက်ပြီး အပင်တူးလေ့ရှိကြသည်။

ခုန်မင် အရှေ့တောင်ဘက်သို့ ခရီးနှင်လာရင်း မြူခိုးတိမ်တိုက်တောင်အား ဖြတ်သွားရလေသည်။

ဆေးလုံးဖော်စပ်သူတစ်ယောက်ဖြစ်သည့် ခုန်မင်သည်လည်း မြူခိုးမြက်ပင်များကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ လမ်းကြုံဝင်ပြီး ဆေးပင်တူးရန် ဆုံးဖြတ်လိုက်၏။

ခုန်မင်က အဝေးတစ်နေရာတွင်မြင်နေရသည့် မြူခိုးတိမ်တိုက်တောင်ဆီသို့ အရှိန်အဟုန်ဖြင့် ခရီးနှင်လာခဲ့သည်။

ပုံမှန်ဆိုလျှင် သူ့အနေဖြင့် ဤတောင်ပေါ်သို့တက်ရန် အနည်းငယ် တွန့်ဆုတ်နေမိမည် ဖြစ်သည်။

ယခုတော့ 'ဖုံးကွယ်ခြင်းအတတ်' ကို ကျွမ်းကျင်နေပြီဖြစ်ရာ သူ့အတွက် သွားလာလှုပ်ရှားရန် ပိုမိုလွယ်ကူလျှက် ရှိသည်။

သို့သော်...

ခုန်မင် တောင်ခြေနားသို့ရောက်လာချိန် အရှေ့ဆီမှ စကားပြောဆိုသံများကိုကြားလိုက်ရသည်။

အသံက မိန်းကလေးတစ်ယောက်၏အသံ ဖြစ်၏။

သူမအသံက ငွေဆည်းလည်းလေးများတီးခတ်သည့်ပမာ အလွန်ပင် ကြည်လင်သာယာလှသည်။

“အစ်ကိုကြီးတို့... ဒီတောင်ပေါ်က မြူခိုးမြက်ပင်တွေက ဆေးဖော်စပ်တဲ့နေရာမှာ အရမ်းတန်ဖိုးရှိတယ် ၊ ကျွန်မတို့ ပြာလွင်တောင်ပံမျိုးနွယ်စုက ဒီဆေးပင်တွေကိုသုံးပြီး ရုပ်ပျိုကိုယ်နုဆေးတို့ ၊ အသားအရေကိုလှပစေတဲ့ ကျောက်စိမ်းဆေးတို့ ဖော်စပ်နိုင်မယ်ဆိုရင် အရမ်းကို အဆင်ပြေမှာပါ ၊ အစ်ကိုကြီးတို့သာ ကူညီပေးမယ်ဆိုရင် ကျွန်မတို့ မျိုးနွယ်စုတစ်ခုလုံးက တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”

ခုန်မင်က အသံသာကြားရသော်လည်း စကားပြောသူကိုမမြင်ရသေးပေ။

သို့ပေသိ ထိုမိန်းကလေး၏အသံက ပုရိသတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစေလောက်အောင် ဆွဲဆောင်မှုအပြည့် ရှိလေသည်။ အသံကြားသည်ဖြင့်ပင် ရုပ်ဆင်းအင်္ဂါလည်း အလွန်ပင်‌ ချောမောလှပမည်ဟု ခံစားမိပေမည်။

ခုန်မင်ကတော့ စိတ်လှုပ်ရှားခြင်း မရှိပေ။

သူက ဤကဲ့သို့ ဆွဲဆောင်မှုရှိသည့်အရာများနောက်သို့ အလွယ်တကူ ပါသွားတတ်သူ မဟုတ်ပေ။

ထိုအချိန်မှာပင် ယောကျ်ားလေးသံများ ထွက်ပေါ်လာသည်။

မိန်းကလေးက “အစ်ကိုကြီးတို့” ဟု ခေါ်လိုက်သည့် အမျိုးသားများက စကားပြန်ပြောလိုက်ခြင်းသာပင်။

“နတ်မိမယ်လေး... ဘာမှမပူပါနဲ့ ၊ နတ်မိမယ်လေး ဆေးပင်တွေခူးနိုင်ဖို့ ကျုပ် အပြည့်အဝကူညီပေးပါ့မယ်”

နောက်ထပ်အသံတစ်သံက...

“နတ်မိမယ်လေး... စိတ်ချလက်ချသာ ဆေးပင်ခူးပါ ၊ ဘာ ဘေးအန္တရယ်မှမကျအောင် ကျုပ် စောင့်ရှောက်ပေးပါ့မယ်”

ခုန်မင် “...........”

All Chapters