နတ်မိမယ်လေး
Vol. 13 Ch. 144
စကားသံများကိုနားထောင်ရင်း ခုန်မင် ဆွံ့အသွားရသည်။
ဟုတ်ပေ၏။
ခုန်မင် အာရုံခံမိသလောက် ယောကျ်ားလေး(၂)ယောက်က အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်များဖြစ်ပြီး မိန်းမပျိုက နှောင်ပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင်ဖြစ်သည်။
နှောင်ပိုင်းအဆင့် ဒြပ်စင်စွမ်းအား ဆရာသခင် မိန်းကလေးတစ်ယောက်ကို ထိုယောကျ်ားလေးများက ကာကွယ်ပေးရန် လိုအပ်ပါမည်လား။
ထိုသူနှစ်ယောက်ပေါင်းလျှင်ပင် မိန်းကလေးကို နိုင်အောင်တိုက်နိုင်မည် မဟုတ်ပေ။
ကြည့်ရသည်မှာ ထိုယောကျ်ားလေးနှစ်ယောက်က စမူကြောင်ပြီး အမှောင်ဖုံးသွားပုံရသည်။
ခုန်မင် မှတ်မိသလောက် ဖီးနစ်ကျဆုံးတောင်ကြားသို့ ဝင်ရောက်လာသည့် မိန်းမပျိုများတွင် 'ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်' သို့ ရောက်ရှိသူ နှစ်ယောက်သာ ရှိသည်။
တစ်ယောက်က ဖီးနစ်နားခိုရာမျိုးနွယ်စု၏ သူရဲကောင်း(၃)ယောက်ထဲမှ ဆံပင်တိုတိုနှင့် ယောကျ်ားလေးဆန်သော မိန်းမပျို ဖြစ်သည်။
ကျန်တစ်ယောက်ကတော့ ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းကလေး(၇)ယောက်၏ ခေါင်းဆောင်မိန်းမပျို ဖြစ်သည်။
စောစောက စကားဆိုရာတွင် မိန်းမပျိုက “ကျွန်မတို့ ပြာလွင်တောင်ပံမျိုးနွယ်စု” ဟု ထည့်သွင်းပြောကြားထားလေရာ သူမက ပြာလွင်တောင်ပံမျိုးနွယ်စု မိန်းမပျို(၇)ယောက်၏ ခေါင်းဆောင်သာ ဖြစ်ရပေမည်။
ခုန်မင်က သူ၏ စွမ်းအားရောင်ဝါကို ဖုံးကွယ်ရင်း ထိုအုပ်စုရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလေရာ မကြာမီ ထိုအုပ်စုအား တွေ့မြင်လိုက်ရလေ၏။
ထင်သည့်အတိုင်းပင် ဆွဲဆောင်မှုရှိသောအသံပိုင်ရှင်က 'ပြာလွင်တောင်ပံမျိုးနွယ်စု' မှ ခေါင်းဆောင်မိန်းမပျို ဖြစ်သည်။
သူမက သေးသွယ်လှပသည့်ခန္ဓာကိုဘ် ၊ ကျောက်စိမ်းကဲ့သို့ဖြူစင်သော အသားအရေနှင့် အလွန်တရာချောမောလှပသော မျက်နှာကို ပိုင်ဆိုင်ထားသည်။
ပြုံးလိုက်လျှင်ပင် ပါးချိုင့်လေးများခွက်ဝင်သွားလေရာ အလွန်မှပင် ချစ်စရာကောင်းသည့် မိန်းမပျိုလေး ဖြစ်လေသည်။
သူမ စကားပြောသည့်ဟန်ပန်ကလည်း အလွန်မိန်းကလေးဆန်ကာ အသံလေးသည်လည်း သာယာနာပျော်ဖွယ်ရှိပြီး ညှို့ဓာတ်ပြင်းထန်လွန်းသည်။
ဤသို့ ထူးခြားလှပသည့်မိန်းကလေးမျိုးက မွေးရာပါ “ပြုစားနိုင်သည့်စွမ်းအား” ပိုင်ဆိုင်ထားသူဟုပင် တင်စားရပေမည်.
အပြင်ပန်းတွင် ဖြူစင်ရိုးသားဟန်ရှိပြီး အတွင်းစိတ်က မီးလျှံပမာ ပူလောင်ပြင်းပြသည့် ဤကဲ့သို့သော မိန်းကလေးမျိုးက ယောကျ်ားလေးတိုင်း၏ အိပ်မက်နတ်သမီးပင် ဖြစ်ပေလိမ့်မည်။
တောရိုင်းဒေသမှ လူငယ်နှစ်ယောက် စမူကြောင်ပြီး အသိဉာဏ်လွတ်သွားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
လူငယ်နှစ်ယောက်က မည်သည့်မျိုးနွယ်စုကမှန်း မသိရပေ။ သို့သော် သူတို့ကိုကြည့်ရသည်မှာ မျောက်ဝံကြီးများနှင့် ဆင်တူလှသည်။
သူတို့နှစ်ယောက်နှင့် ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းမပျိုလေး ယှဉ်ကြည့်လိုက်လျှင် “အလှလေးနှင့်သားရဲ” ပမာ ကွက်တိတူညီနေပေသည်။
မျောက်ဝံနှစ်ကောင်မှ မိန်းမလှလေးပြုစားသည်ကိုခံလိုက်ရပြီး သူတို့ကိုယ်သူတို့ ကိုယ်ရံတော်များအဖြစ်သတ်မှတ်ကာ ရှေ့မှဦးဆောင်ပြီး မိန်းမလှလေး တောင်ပေါ်သို့တက်နိုင်ရန် လမ်းရှင်းပေးနေကြတော့သည်။
မိန်းမလှလေးက သူတို့နောက်မှလိုက်ပါသွားပြီး ချစ်စဖွယ်ပြုံးလိုက်ရင်း...
“အစ်ကိုကြီးတို့... ပင်ပန်းသွားကြပြီ”
ဟုပင် ပြောလိုက်သေး၏။
မြူခိုးတိမ်တိုက်တောင်ပေါ်ရှိ မြူခိုးများက အလွန်ထူပ်သိပ်သည်းလေရာ လူတစ်ယောက်အတွက် ပေ(၃၀)အထိသာ မြင်နိုင်စွမ်း ရှိသည်။
ထို့ပြင် ခုန်မင်က 'ဖုံးကွယ်ခြင်းအတတ်' ကို အသုံးပြုထားသည်ဖြစ်ရာ ထိုလူ(၃)ယောက်မှာ ခုန်မင် နောက်မှလိုက်လာသည်ကို သတိပြုမိခြင်း မရှိကြပေ။
အနှစ်(၂၀)လျှင်တစ်ကြိမ် ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်တိုင်း ပြာလွင်တောင်ပံမျိုးနွယ်စုမှ မိန်းကလေးများ၏တာဝန်မှာ မရမနေ မြူခိုးမြက်ပင်ကို ခူးယူရန် ဖြစ်သည်။
ယခု မိန်းမပျိုက သူ့ရှေ့မှကာကွယ်ပေးမည့် လူငယ်နှစ်ယောက်ကိုခေါ်ဆောင်ကာ တောက်ပေါ်သို့ ကျော့ကျော့မော့မော့လေး လှမ်းတက်သွားလေသည်။
အကယ်၍ အန္တရယ်တစ်ခုခုကြုံတွေ့ပါက ဤကိုယ်ရံတော်နှစ်ယောက်က သူမအတွက် လူသားဒိုင်းအဖြစ် အသုံးတော်ခံကြပေမည်။
မြူခိုးများကြား ပေ(၃၀၀)ခန့် ခရီးဆက်ပြီးနောက် အရှေ့ဆီမှ ဒြပ်စင်စွမ်းအားလှိုင်းလုံးများ ရုတ်တရက် ပြင်းထန်လာလေသည်။
'ပြာလွင်တောင်ပံမျိုးနွယ်စု' မှ မိန်းမပျိုက ဝမ်းသသာအားရဖြင့်...
“အစ်ကိုကြီးတို့... ရှေ့နားမှာ မြူခိုးမြက်ပင်တွေ ရှိနေပြီထင်တယ် ၊ သတိထားကြနော်... တကယ်လို့ အစ်ကိုကြီးတို့ တစ်ခုခုဖြစ်သွားရင် ကျွန်မလည်း စိတ်အေးနိုင်မှာမဟုတ်ဘူး”
မိန်းမပျို၏ နူးညံ့သိမ်မွေ့သောအသံကိုကြားသည်နှင့် ကိုယ်ရံတော်မျောက်ဝံနှစ်ကောင်မှာ စိတ်ကြွဆေးသောက်လိုက်သည့်အလား တက်ကြွဖျတ်လတ်စွာဖြင့် ရှေ့ဆက်ချီတက်သွားကြတော့၏။
နောက်မှလိုက်လာသော ခုန်မင်ကတော့ မြင်ကွင်းကိုကြည့်ရင်း နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
ဤမျောက်ဝံနှစ်ကောင်က ကိုယ့်အသက်ကိုယ်ပင် နှမျောကြဟန် မရှိတော့ပေ။
ကိုယ်ရံတော်မျောက်ဝံနှစ်ကောင် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီးနောက် ပတ်ဝန်းကျင်မြူထုက အနည်းငယ်ပါးလျသွားပြီး မြင်ကွင်းသည်လည်း ကြည်လင်လာသည်။
အရှေ့ ပေအနည်းငယ်အကွာတွင် အပြာရောင်သမ်းနေသည့် မြက်ပင်ရှည်အုပ်လိုက်ကြီးကို တွေ့လိုက်ရသည်။
ထိုမြက်ပင်ရှည်များက မြူခိုးမြက်ပင်များပင်ဖြစ်သည်။
ထိုမြက်ပင်များက ဒြပ်စင်စွမ်းအားကို အဆက်မပြတ်စုပ်ယူလိုက် ထုတ်လွှတ်လိုက်ပြုလုပ်လျှက် မြူခိုးများကိုဖန်တီးပေးနေခြင်းဖြစ်သည်။
နေရောင်ခြည်နှင့်ထိတွေ့ခဲလှသဖြင့် သူတို့၏အရောင်က ထူးခြားစွာ အပြာရောင်သမ်းနေခြင်း ဖြစ်ပေသည်။
မျောက်ဝံတစ်ကောင်က နောက်သို့လှည့်ကြည့်လိုက်ပြီး...
“နတ်မိမယ်လေး... စိတ်မပူနဲ့ ၊ ကျုပ် မြက်ပင်တွေသွားခူးပေးမယ်”
ကျန်တစ်ယောက်ကလည်း ဝမ်းသာအားရဖြင့်....
“နတ်မိမယ်လေး... ကျုပ်လည်း သွားခူးပေးမယ်...”
ထို့နောက် သူတို့က ခြေလှမ်းများကို ပိုမိုမြန်ဆန်လိုက်ပြီး မိန်းမလှလေးထံ အရင်ဆုံး မြူခိုးမြက်ပင်ဆက်သနိုင်ရန် အပြိုင်အဆိုင် ကြိုးစားကြတော့သည်။
ထိုအချိန်မှာပင်...
မြူခိုးမြက်ပင်များနောက်ကွယ်ရှိ သိသည်းသောမြူထုအလယ်မှ ရေပုံးတစ်လုံးခန့်လုံးပတ်ရှိပြီး ပေ(၃၀)ခန့် ရှည်လျားသော အရိပ်မည်းကြီးတစ်ခုက မြားတစ်စင်းအလား ပြေးထွက်လာပြီး ၊ မျောက်ဝံကိုယ်ရံတော်နှစ်ယောက်ကို တိုက်ခိုက်ရန်ကြိုးစားလိုက်သည်။
အနောက်ဘက် ခပ်လှမ်းလှမ်းမှစောင့်ကြည့်နေသည့် ခုန်မင်ကတော့ ထိုသတ္တဝါကြီးကို သေချာတွေ့မြင်လိုက်ရသည်။
ထိုအရိပ်ကြီးက ပေ(၃၀)ကျော်ရှည်လျားသည့် မြွေကြီးတစ်ကောင်ပင် ဖြစ်၏။
သူ၏ဦးခေါင်းက ကြိတ်ဆုံကျောက်တုံးကြီးပမာ အလွန်ကြီးမားပြီး ဦးခေါင်းထိပ်တွင် ဦးချိုတစ်ချောင်းလည်း ပါရှိသည်။
မြွေကြီး၏မျက်လုံးများက ကြေးနီခေါင်းလောင်းကြီးများပမာဖြစ်ပြီး မြူထူထူထဲတွင် မီးလုံးကြီးနှစ်လုံးပမာ ကြောက်မက်ဖွယ်ရာ တောက်ပလျှက် ရှိ၏။
ထိုမြွေကြီးထံမှထွက်ပေါ်နေသော ဒြပ်စင်စွမ်းအားလှိုင်းလုံးများက အလွန်ပြင်းထန်လေရာ အနည်းဆုံး အဆင့်(၄) မှော်ဝင်သားရဲတစ်ကောင် ဖြစ်နိုင်သည်။
အဆင့်(၄) မှော်ဝင်သားရဲဆိုသည်က ဒြပ်စင်စွမ်းအားဆရာသခင် အဆင့်ရှိ ကျင့်ကြံသူများအတွက် အလွန်ခက်ခဲသော ပြိုင်ဘက်ဖြစ်သည်။
မြွေကြီးတိုက်ခိုက်လာသည်နှင့် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်၏ခန္ဓာကိုယ်မှ ဒြပ်စင်စွမ်းအား အလင်းတန်းများတောက်ပလာပြီး မြွေကြီးအား ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
မျောက်ဝံကိုယ်ရံတော်တစ်ယောက်က မိန်းမပျိုလေးအား လှည့်ကြည့်လိုက်ပြီး...
“နတ်မိမယ်လေး... ဒီသားရဲကြီးကို ကိုယ်တို့တာဝန်ထားလိုက် ၊ မင်းက မြူခိုးမြက်ပင်တွေကို သွားခူးတော့”
သူ၏စကားသံမဆုံးခင်မှာပင် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်က ဦးချိုပါမြွေနဂါးကြီးနှင့် အပြင်းအထန် တိုက်ပွဲဝင်ကြတော့သည်။
နတ်မိမယ််လေးက နူးညံ့သောအသံဖြင့်...
"အစ်ကိုကြီးတို့... ခဏလောက် ထိန်းထားပေးကြပါဦးနော် ၊ ကျွန်မ မြူခိုးမြက်ပင်တွေခူးပြီးတာနဲ့ အစ်ကိုကြီးတို့နဲ့အတူ ဝိုင်းကူတိုက်ပေးပါ့မယ်”
ထို့နောက် နတ်မိမယ်လေးက သွယ်လျသောလက်ချောင်းများထက် အပြာရောင်လက်အိတ်တစ်စုံကိုစွပ်လိုက်ပြီး မြူခိုးမြက်ပင်တောကြီးထဲသို့ဝင်ရောက်သွားကာ စတင်ခူးဆွတ်တော့သည်။
ထိုအပြာရောင်လက်အိတ်က မြူခိုးမြက်ပင်များကိုခူးဆွတ်ရန် သီးသန့်ပြုလုပ်ထားသည့်လက်အိတ်ဖြစ်သည်။
သူမက အသာအယာဆွဲယူလိုက်သည်နှင့် အပြာရောင်ဒြပ်စင်စွမ်းအားအလင်းတန်းများက မြက်ပင်များကိုလွှမ်းခြုံသွားပြီး လက်ထဲသို့ အမြစ်ပါမကျန် အကောင်းပကတိအတိုင်း ပါလာလေသည်။
နတ်မိမယ်လေး၏ လှုပ်ရှားမှုများက လျှပ်စီးပမာ လျှင်မြန်လှသည်။
တစ်ခဏအတွင်းမှာပင် သူမက အကောင်းဆုံး မြူခိုးမြက်ပင် (၁၀)ပင်ကျော်ကို ခူးဆွတ်ကာ ခါးတွင်ချိတ်ထားသည့် အိတ်ငယ်ထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် သူမက လက်ကောက်ဝတ်ကိုတစ်ချက်ခါယမ်းလိုက်ရာ အပင်များပြည့်နေသည့် အိတ်ငယ်ပျောက်ကွယ်သွားပြီး နောက်ထပ်အိတ်အလွတ်တစ်ခု ခါးထက်တွင် အစားထိုးထွက်ပေါ်လာသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် နတ်မိမယ်လေးတွင် သိုလှောင်ရတနာတစ်ခုပါလာပြီး ကြိုတင်ပြင်ဆင်မှုများအားလုံး ပြုလုပ်လာဟန် ရှိသည်။
မြက်ခင်းက အတော်အတန်ကြီးမားပြီး အနည်းဆုံး အပင်(၁၀၀) ခန့် ရှိလေသည်။
အိတ်တစ်အိတ်လျှင် (၁၀)ပင်နှုန်းဖြင့်ဆိုပါက နတ်မိမယ်လေးအနေဖြင့် အားလုံးကို သိမ်းကျုံးယူရန် အချိန်အတော်ကြာပေမည်။
ထိုအချိန်ထိ မျောက်ဝံကိုယ်ရံတော်နှစ်ယောက်က တောင့်ခံနိုင်ပါမည်လား မသေချာပေ။
နတ်မိမယ်လေးမှာလည်း မြက်ပင်များခူးဆွတ်ရင်း အလုပ်များနေသဖြင့် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်ကို စကားချိုချိုလေးများဖြင့်နှစ်သိမ့်ရန် မအားလပ်တော့ပေ။
ကိုယ်ရံတော်နှစ်ယောက်မှ အစွမ်းကုန်အားထုတ်ကြသော်လည်း အင်အားချင်းမမျှသဖြင့် ဦးချိုပါမြွေနဂါးကြီးကို တဖြည်းဖြည်း ရှုံးနိမ့်လာကြတော့သည်။
အထူးသဖြင့် နတ်မိမယ်လေးက မြူခိုးမြက်ပင်များကို ခူးဆွတ်နေကြောင်း ဦးချိုပါမြွေနဂါးတွေ့သွားသည့်အခါ သူ၏ အဖိုးတန်သောဆေးပင်များကိုကာကွယ်ရန် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်ကို အစွမ်းကုန် တိုက်ခိုက်တော့သည်။
လက်ရှိအချိန်က ပွဲလန့်တုန်းဖျာခင်းရန် အကောင်းဆုံးဖြစ်လေရာ ခုန်မင်လည်း တွေဝေမနေတော့ဘဲ ပုန်းအောင်နေရာမှ ထွက်လာပြီး မြက်ပင်များရှိရာသို့ တဟုန်ထိုးပြေးဝင်သွားကာ နတ်မိမယ်လေးနှင့်အပြိုင် ဆေးပင်များ လုယက်ခူးဆွတ်တော့၏။
နတ်မိမယ်လေး “.........”
ရုတ်တရက် လူတစ်ယောက်ရောက်လာပြီး သူမနှင့်အပြိုင် မြက်ပင်များခူးဆွတ်မည်ဟု နတ်မိမယ်လေး လုံးဝ ထင်မထားခဲ့ပေ။
သို့သော် လက်ရှိတွင် အချိန်က အလွန်တန်ဖိုးရှိသည်။
ထို့ကြောင့် သူမက ခုန်မင်နှင့် ထိပ်တိုက်ရင်ဆိုင်မည့်အစား သူမတတ်နိုင်သမျှ အရှိန်မြှင့်ကာ မြက်ပင်များကို အမိအရ ခူးဆွတ်လိုက်သည်။
သူမ ဝတ်ဆင်ထားသောလက်အိတ်က မြူခိုးမြက်ပင်များ၏ ဒြပ်စင်စွမ်းအားသဘာဝနှင့် ပေါင်းစပ်လှုပ်ရှားနိုင်စွမ်း ရှိလေရာ သူမ၏ခူးဆွတ်နှုန်းက သာမန်လူများထက် များစွာမြန်ဆန်သည်။
ရုတ်တရက်ရောက်လာသည့် အခွင့်အရေးသမားက သူမကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
မြက်ပင်များအားလုံး ခူးဆွတ်ပြီး အချိန်ပိုနေလျှင်တော့ ဤမျှအတင့်ရဲသည့် ငမိုက်သားကို သေချာပေါက် သင်ခန်းစာပေးရမည်ဟုလည်း နတ်မိမယ်လေး စိတ်ထဲတေးမှတ်ထားလိုက်သည်။
သို့သော် နတ်မိမယ်လေး လုံးဝ ထင်မထားသည့်လုပ်ရပ်ကို ခုန်မင်က ပြုလုပ်လိုက်လေသည်။
ခုန်မင်က မြူခိုးမြက်ပင်များကို တစ်ခုမကျန် ပြောင်သလင်းခါဆောင် ခူးဆွတ်သည့်နည်းလမ်း အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူက မြေပြင်ထက်သို့ လက်နှစ်ဖက်ဖြင့်ဖိချလိုက်ရာ မြေဝါရောင်အလင်းတန်းတစ်ချက် တောက်ပသွားပြီး မြူခိုးမြက်ပင်များပေါက်ရောက်နေသည့် မြေသားထုကြီးတစ်ခုလုံး အထက်သို့မြင့်တက်လာသည်။
ခုန်မင် ဘာလုပ်သည်ကို နတ်မိမယ်လေး နားမလည်နိုင်ခင်မှာပင် သူက သူမကို တစ်ချက်ပြုံးပြလိုက်ပြီး လေထဲတွင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ မြင့်တက်လာသည့် မြေသားထုမြက်ခင်းကြီးတစ်ခုလုံး သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။
နတ်မိမယ်လေး “........”
ခုန်မင်၏ လုပ်ရပ်ကိုကြည့်ပြီး နတ်မိမယ်လေး ဒေါသထွက်သွားသည်။
ခုန်မင်က မြက်ခင်းကြီးတစ်ခုလုံးကို သိုလှောင်ရတနာထဲသို့ သိမ်းဆည်းလိုက်သည် မဟုတ်လား။ ဤလူငယ်၏သိုလှောင်ရတနာက အလွန်ပင် နေရာကျယ်ဝန်းရပေမည်။
သူမ၏ သိုလှောင်အိတ်သာ ထိုမျှကြီးမားကျယ်ဝန်းပါက သူမသည်လည်း တစ်ပင်ချင်း အချိန်ကုန်ခံကာ လိုက်ခူးနေမည် မဟုတ်ပေ။
သူမ တစ်လျှောက်လုံးကြိုးစားခဲ့သမျှ ဤလူငယ်က ကြားထဲက အမြတ်ထွက်သွားသည်ဖြစ်ရာ နတ်မိမယ်လေး သည်းခံနိုင်စွမ်းမရှိတော့ပေ။
သူမက အေးစက်ခက်ထန်စွာဖြင့်...
“ရှင်က ဘယ်သူလဲ ၊ ကျွန်မရဲ့ မြူခိုးမြက်ပင်တွေကို လုယူရဲတယ်ပေါ့လေ ၊ ပြာလွင်တောင်ပံမျိုးနွယ်စုရဲ့ လက်စားချေခံရမှာကို မကြောက်ဘူးလား”
ခုန်မင်က ပြုံးလိုက်ပြီး....
“မြူခိုးမြက်ပင်တွေက ပိုင်ရှင်မှမရှိတာ ၊ မြူခိုးတိမ်တိုက်တောင်ပေါ်မှာ မြက်ပင်တွေ အများကြီးရှိသေးတယ် ၊ အစွမ်းရှိတဲ့သူက ရမှာပဲ ၊ ဒါကို လုယူတယ်လို့ ပြောလို့မရဘူး ၊ တကယ်လို့ ကျုပ်က အားနာရမယ်ဆိုရင်တောင်... ပင်ပင်ပန်းပန်းတိုက်ခိုက်ပေးနေတဲ့ ဟို အစ်ကိုကြီးနှစ်ယောက်ကိုပဲ အားနာမှာပေါ့”
ခုန်မင်က “အစ်ကိုကြီးနှစ်ယောက်” ဟု ပြောလိုက်ချိန် လှောင်ပြောင်သရော်သည့်လေသံ သိသိသာသာ ပါဝင်နေသည်။
ထိုစကားကြားတော့ နတ်မိမယ်လေး၏မျက်နှာက ပိုမိုတင်းမာအေးစက်သွားပြီး စိတ်ထဲတွင်လည်း ဒေါသများ အလိပ်လိုက်ထွက်လာတော့သည်။
ဤကောင်လေးက သူမနောက်သို့ တစ်ချိန်လုံး နောက်ယောင်ခံလိုက်လာပြီး မျောက်ဝံနှစ်ယောက်ကို သူမ လှည့်စားခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ဟန် ရှိသည်။
သို့သော် စောစောက မြက်ပင်များကိုသိမ်းယူလိုက်စဉ် အသုံးပြုလိုက်သော တန်ခိုးစွမ်းအားကိုကြည့်ခြင်းအားဖြင့် ဤကောင်လေးက အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သာ ဖြစ်နိုင်သည်။
သူမနောက်သို့ တစ်လျှောက်လုံးလိုက်လာသည်ကို သူမ လုံးဝမသိအောင် မည်သို့ဖုံးကွယ်ခဲ့ပါသနည်း။
ဤသည်က အမှန်တကယ် ထူးဆန်းလွန်းပေသည်။