← Chapters

ကြီးမားသည့်ချောက်နက်ကြီး

Vol. 13 Ch. 146

ကြီးမားသည့်ချောက်နက်ကြီး

Vol. 13 Ch. 146

နတ်မိမယ်လေးက မိန်းကလေးဆန်သော မိန်းမလှလေးတစ်ယောက်ဖြစ်လေရာ သူမခန္ဓာကိုယ်သည်လည်း အမွှေးနံ့သာများဖြင့် မွှေးပျံ့လျှက်ရှိသည်။

သို့ဖြစ်ရာ အနံ့ခံသားရဲအတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေတော့သည်။

ထို့ကြောင့် နတ်မိမယ်လေး တိမ်မြူမြက်ခင်းပြင်ဆီသို့ အတင်းဝင်ရောက်လာသည့်အခါ အိမ်တံခါးဝသို့ရောက်လာသည့် မွှေးကြိုင်သည့်အစာကို အနံ့ခံသားရဲက မည်သို့လွှတ်ပေးပါမည်နည်း။

ထို့ကြောင့် ခုန်မင်ကဲ့သို့ ယောကျ်ားလေးတစ်ယောက်ကို အရေးမစိုက်ဘဲ မိန်းမလှလေးကိုအသာ မတင်းလိုက်လံတိုက်ခိုက်နေခြင်းသာပင်။

ခုန်မင်က ဖီးနစ်ငှက်မွှေးမြေပုံမှတစ်ဆင့် ဖီးနစ်ကျဆုံးတောင်ကြား၏ မြေမျက်နှာပြင်အားလုံးကို လေ့လာမှတ်သားထားပြီး ဖြစ်သည်။

သူက မြူခိုးတိမ်တိုက်တောင်၏ ပထဝီဝင်အနေအထားကို ပြာလွင်တောင်ပံမျိုးနွယ်စုဝင်များထက်ပင် ပို၍နှံ့နှံ့စပ်စပ် သိရှိနေခဲ့သည်။

ထို့ကြောင့် နတ်မိမယ်လေး သူ့နောက်သို့လိုက်လာသည်နှင့် သူက အနံ့ခံသားရဲများကျက်စားသည့် နယ်မြေဘက်သို့ တမင်သက်သက် ဦးတည်သွားခဲ့ခြင်း ဖြစ်၏။

ဤသတ္တဝါများ၏ သဘာဝအရ နတ်မိမယ်လေးကဲ့သို့ မွှေးရနံ့သင်းပျံနေသော မိန်းမလှလေးများကို သေချာပေါက် မလွတ်တမ်း တိုက်ခိုက်ပေမည်။

ဤသည်က ခုန်မင် သူမကို သင်ခန်းစာပေးလိုက်ခြင်းသာပင်။

သူမက ယောကျ်ားလေးများကို အသုံးချခံသတ္တဝါများအဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။

ယခု အခြေအနေပြောင်းပြန်ဖြစ်ပြီး သူမက ယောကျ်ားလေးတစ်ယောက်၏အသုံးချခြင်းကို ခံလိုက်ရသည်ဖြစ်ရာ သူမအနေဖြင့် ထိုခံစားချက်ကို တစ်သက်လုံးမေ့နိုင်တော့မည် မဟုတ်ပေ။

ယနေ့ သူမခံစားခဲ့ရသော အရှက်ရမှုအတွက် ခုန်မင်ကို လက်စားမချေနိုင်ပါက သူမတစ်ဘဝလုံး စိတ်အေးချမ်းနိုင်တော့မည် မဟုတ်ပေ။

သို့သော် ခုန်မင်က သူမရှေ့မှာပင် အေးအေးလူလူ ထွက်ခွာသွားပြီဖြစ်ရာ သူမ၏ဒေါသများက အနံ့ခံသားရဲအပေါ်သို့ ပုံကျသွားသည်။

သာမန် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်အတွက် အဆင့်(၄) မှော်ဝင်သားရဲတစ်ကောင်ကို အနိုင်ယူရန်မှာ အလွန်ခက်ခဲသည်။

သို့သော် ပြာလွင်တောင်ပံမျိုးနွယ်စုရှိ မျိုးဆက်သစ်မိန်းမပျိုများ၏ ခေါင်းဆောင်ဖြစ်သော နတ်မိမယ်လေးအတွက်တော့ ထိုသတ္တဝါကို အပြတ်ရှင်းပစ်နိုင်မည့် လျှို့ဝှက်လက်နက်များ ရှိနေခဲ့သည်။

သူမက စူးရှပြတ်သားသောအသံဖြင့် ကြိမ်းဝါးလိုက်လေ၏။

"တိရစ္ဆာန်စုတ်... နင် သေချင်နေတာပဲ..."

ချက်ချင်းဆိုသလိုပင် သူမ၏လက်ထဲ၌ အပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး (၁)ပေပတ်လည်ရှိသော အပြာရောင် လက်ကိုင်ပုဝါလေးတစ်ထည် လေထုထဲတွင် ထွက်ပေါ်လာသည်။

ထိုလက်ကိုင်ပုဝါလေးက သာမန် မိန်းကလေးအသုံးအဆောင်တစ်ခုဟု ထင်မှတ်ရသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော ဒြပ်စင်စွမ်းအားလှိုင်းလုံးများက အလွန်ပင် အားကောင်းလှသည်။

ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်မှာ သေချာသည်။

တောရိုင်းဒေသ မျိုးနွယ်စုတစ်ရာတွင် ပြာလွင်တောင်ပံမျိုးနွယ်စုက အဓိကအင်အားကြီးအုပ်စု(၃)ခုတွင် တစ်ခုအပါအဝင်ဖြစ်လေရာ နတ်မိမယ်လေးတွင် ဤသို့သော လက်နက်တစ်ခုရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။

အဆင့် (၄) မှော်သားရဲဖြစ်သော အနံ့ခံသားရဲ၏ဉာဏ်ရည်ကလည်း သာမန်လူတစ်ယောက်ထက် နိမ့်ကျခြင်း မရှိပေ။

နတ်မိမယ်လေးက အပြာရောင်ပဝါကို ထုတ်လိုက်သည်နှင့် ထိုအရာသည် သာမန်မဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် လက်ကိုင်ပုဝါက အလွန်မွှေးပျံ့နေသည်ဖြစ်ရာ မြွေပျံကြီးမှာ လုံးဝ လက်မလွှတ်နိုင် ဖြစ်နေရသည်။

မှော်ဝင်သားရဲဆိုသည်က မည်မျှပင် ဉာဏ်အလင်းပွင့်သည်ဆိုဦးတော့ တိရိစ္ဆန်တစ်ကောင်ပင်ဖြစ်လေရာ လူသားတို့၏လက်နက်များထဲတွင်ပါဝင်သည့် နက်နဲသည့်လျှို့ဝှက်ချက်များကို နားလည်နိုင်စွမ်း မရှိပေ။

ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်တစ်ခု၏စွမ်းအားကို အဆင့်(၄)မှော်ဝင်သားရဲတစ်ကောင်က တောင့်ခံနိုင်မည် မဟုတ်ပေ။

နတ်မိမယ်လေး၏ ချောမောလှပသော မျက်နှာလေးက ရေခဲပမာ အေးစက်သွားသည်။

သူမလက်ထဲတွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး အပြာရောင်လက်ကိုင်ပုဝါလေးသည်လည်း လေထဲသို့ပျံတက်သွားကာ အပြာရောင်လေမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အနံ့ခံသားရဲကို တိုက်ခိုက်လိုက်တော့၏။

အနံ့ခံသားရဲ၏ပင်ကိုယ်သိစိတ်အရ အပြာရောင်လေမုန်တိုင်းက အလွန်အန္တရာယ်များကြောင်း အာရုံခံမိသည်။

သူက‌ ပေါ့ဆ၍မရကြောင်း သိလိုက်သည်နှင့် လေမုန်တိုင်းကိုဟန့်တားရန်အတွက် ရောင်စုံအဆိပ်မြူခိုးများကို အစွမ်းကုန် မှုတ်ထုတ်လိုက်သည်။

သို့သော် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်၏ စွမ်းအားမှာ အနံ့ခံသားရဲ၏စိတ်ကူးထားသည်ထက် များစွာ သာလွန်နေသည်။

အဆိပ်မြူခိုးများနှင့် အပြာရောင်မုန်တိုင်းတို့ထိတွေ့လိုက်သည်နှင့် မြူခိုးများမှာ ရောင်စုံရေခဲပွင့်များအဖြစ် ချက်ချင်းအေးခဲသွားပြီး မြေပြင်ထက်သို့ကြွေကျပျက်ဆီးကုန်တော့သည်။

အနံ့ခံသားရဲ ထိတ်လန့်တုန်လှုပ်သွားသည်။

ဤ အပြာရောင်မုန်တိုင်းက သူ၏မြူခိုးများကို အေးခဲပစ်နိုင်သည်အထိ အစွမ်းထက်မည်ဟု ထင်မထားခဲ့ပေ။

ကြောက်စိတ်ဝင်လာသည်နှင့် မြွေပျံကြီးက နောက်ဆုတ်ထွက်ပြေးရန် ကြိုးစားလိုက်၏။

သို့သော် နတ်မိမယ်လေးက ထိုသတ္တဝါးကို အလွတ်ပေးရန် ဆန္ဒမရှိပေ။

သူမက လက်နှစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ အပြာရောင်လက်ကိုင်ပုဝါမှ အလင်းရောင်များပိုမိုတောက်ပလာပြီး အေးစက်သောလေလှိုင်းများက မိုးမြေတစ်ခွင်လွှမ်းခြုံသွားကာ အနံ့ခံသားရဲအား လေးဘက်လေးတန်မှ လွတ်လမ်းမရှိအောင် အဆက်မပြတ် ပိတ်ဆို့ထားလိုက်သည်။

ရွေးစရာလမ်းမရှိတော့သဖြင့် အနံ့ခံသားရဲက အေးစက်သည့်လေပြင်းများကို အတင်းတိုးဝှေ့ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် ရေဒြပ်စင်စွမ်းအား၏ အသွင်ပြောင်းစွမ်းအားဖြစ်သော “ရေခဲစွမ်းအား” ကို အသုံးပြုထားသည့် 'အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်' ကို ရောင်စုံမြွေပျံ လုံးဝ မယှဉ်နိုင်ခဲ့ပေ။

သူ၏အကြေးခွံများထက်မှာပင် ရေခဲများ တဖြည်းဖြည်း ဖုံးလွှမ်းလာပြီး လှုပ်ရှားမှုများမှာလည်း နှေးကွေးလာသည်။

နောက်ဆုံး အနံ့ခံသားရဲ၏အတောင်ပံများ လုံးဝ အေးခဲသွားပြီး ကောင်းကင်ထက်မှ အရှိန်ဖြင့် ပြုတ်ကျလာတော့၏။

“ဘုတ်...”

နတ်မိမယ်လေးက သူမ၏လက်ညှိုးလက်ခလယ်ထိပ်တွင် ရေခဲမြားတစ်စင်းဖန်ဆင်းကာ အနံ့ခံသားရဲထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။

ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ အဆင့် (၄) မှော်သားရဲမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး နေရာမှာပင် အသက်ပျောက်သွားတော့သည်။

ထိုသတ္တဝါ၏ရုပ်အလောင်းထဲမှ တောက်ပသော အစိမ်းရောင် ဒြပ်စင်စွမ်းအားအမြုတေတစ်ခု လိမ့်ထွက်လာသည်။

အဆင့် (၄) ဒြပ်စင်စွမ်းအားပုံဆောင်ခဲအမြုတေက တန်ဖိုးကြီးမားသည်မှန်သော်လည်း နတ်မိမယ်လေး ဤနေရာသို့ရောက်လာသည်က မြူခိုးမြက်ပင်များ ခူးဆွတ်ရန်သာဖြစ်ပြီး အနံ့ခံသားရဲတစ်ကောင်ကို သတ်ဖြတ်ရန် မဟုတ်ပေ။

ခုန်မင် အေးအေးဆေးဆေးထွက်ခွာသွားချိန်တွင် သူမကတော့ ဤမြွေပျံကြီးကို အပြတ်ရှင်းရန် အစွမ်းကုန်ကြိုးစားခဲ့ရပြီး လျှို့ဝှက်လက်နက်ကိုပါ ထုတ်သုံးတိုက်ခိုက်ခဲ့ရသည်။

ထိုအကြောင်းစဉ်းစားမိတော့ နတ်မိမယ်လေး ‌ဒေါသများအလိပ်လိုက်ထွက်လာတော့၏။

သူမက ဒေါသတကြီးဖြင့်...

“အသည်းနှလုံးမရှိတဲ့ ကောင်စုတ်လေး... ငါ နာယီရှို့ နင့်ကို သင်ခန်းစာ ကောင်းကောင်းမပေးနိုင်လို့ကတော့ ငါ့ကိုယ်ငါ ပြာလွင်တောင်ပံမျိုးနွယ်စုရဲ့ အတော်ဆုံးပန်းတစ်ပွင့်လို့ မခေါ်နေတော့ဘူး”

နတ်မိမယ်လေး၏ အမည်ရင်းက နာ့ယီရှို့ ဖြစ်သည်။

သူမက ဒေါသတကြီးအော်ဟစ်နေသည့်တိုင် အလယ်ဆင့် ဒြပ်စင်စွမ်းအား ဝိညာဉ်လက်နက်ဖြစ်‌‌သော “နှင့်မုန်တိုင်းလက်ကိုင်ပုဝါ” ကို အသုံးပြုလိုက်ကာ နှင်းမုန်တိုင်းတစ်ခုထုတ်ဖော်ပြီး တရစပ်တိုက်ခိုက်ခဲ့ရသဖြင့် သူမခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားတစ်ဝက်ကျော်ခန့် ကုန်ခမ်းသွားပြီ ဖြစ်သည်။

ယခုကဲ့သို့အခြေအနေမျိုးတွင် မြူခိုးတိမ်တိုက်တောင်အတွင်း ဆက်လက်စွန့်စားနေခြင်းက အလွန်အန္တရယ်များကြောင်း နာ့ယီရှို့ သဘောပေါက်လိုက်သည်။

ထို့ပြင် သူမကိုကာကွယ်ပေးမည့် ‘ပန်းစောင့်ကိုယ်ရံတော်’ များလည်း အနားတွင်မရှိတော့လေရာ လောလောဆယ်မှာတော့ ပြန်လည်ဆုတ်ခွာရန်သာ တတ်နိုင်တော့သည်။

မိန်းမပျိုလေး မကျေမနပ်ဖြင့် ခြေတစ်ချက်ဆောင့်လိုက်ပြီး မြူခိုးတိမ်တိုက်တောင်၏ ထူထပ်သောမြူခိုးများကြားသို့ တိုးဝင်ပျောက်ကွယ်ကာ ထွက်ခွာသွားလေတော့၏။

***

ခုန်မင်ကတော့ နာ့ယီရှို့ကို အရူးလုပ်ခဲ့ပြီးနောက် မြူခိုးတိမ်တိုက်တောင်အတွင်း ဝင်ရောက်သွားပြီး မြူခိုးမြက်ပင်များကို ရသ‌လောက် ခူးယူလေသည်။

သူ၏ တိုရီယာလက်စွပ်က အလွန်နေရာကျယ်ဝန်းသည်ဖြစ်ရာ ခုန်မင်က ဆေးပင်များကို သိမ်းကျုံးခူးယူနေတော့သည်။

ခုန်မင်၏လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် မြူခိုးမြက်ပင်များကို စောင့်ကြပ်နေသည့် မှော်ဝင်သားရဲများမှာလည်း သူ့ကိုတိုက်ခိုက်ရန် အချိန်ပင် မရလိုက်ပေ။

သားရဲများက တိုက်ခိုက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် ခုန်မင်က မြက်ပင်များခူးဆွတ်ပြီးရုံသာမက အဝေးသို့ပင် ရောက်ရှိသွားပေပြီ။

သို့သော် ခုန်မင်က လမ်းကြုံသဖြင့် ဆေးပင်ဝင်ခူးခြင်းသာဖြစ်သည်။

မြက်ပင်များအားလုံးကို ခူးယူလိုက်ပါက တိမ်တိုက်မြူခိုးတောင်၏ ဂေဟစနစ် ပျက်ဆီးသွားနိုင်သည်။ သဘာဝပတ်ဝန်းကျင်မပျက်ဆီးအောင် ခူးသင့်သလောက်သာခူးရမည်ဖြစ်ကြောင်း ခုန်မင် နားလည်ထား၏။

ထို့ပြင် မြူခိုးတိမ်တိုက်တောင် နက်ရှိုင်းရာနေရာတွင် အဆင့်(၆)မှော်ဝင်သားရဲများနေထိုင်လေသည်။

ထိုသားရဲများကို သွားရောက်နှိုးဆွမိပါက သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် သူတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ကံကောင်းသည်မှာ ဖီးနစ်ကျဆုံး‌တောင်ကြားတွင် အင်အားအကြီးဆုံးသားရဲများက အဆင့်(၆) မှော်ဝင်သားရဲများဖြစ်ကြပြီး အရေအတွက်လည်း အလွန်နည်းပါးသည်။

မဟုတ်ပါက စမ်းသပ်ပွဲပါဝင်သည့် လူငယ်များအားလုံး သားရဲများ၏အစာ ဖြစ်သွားပေမည်။

ခုန်မင်က မြူခိုးမြက်ပင်တစ်ထောင်ခန့် ခူးဆွတ်ပြီးနောက် မြူခိုးတိမ်တိုက်တောင်မှထွက်ခွာကာ အရှေ့တောင်ဘက်သို့ ခရီးဆက်ခဲ့သည်။

အခြားသူများအတွက် အလွန်အန္တရယ်များသည်ဆိုသော ဖီးနစ်ကျဆုံးတောင်ကြားက ခုန်မင်အတွက်တော့ အတော်လေး ချောမွေ့နေခဲ့သည်။

သို့သော် ဖီးနစ်ငှက်မွှေးမြေပုံအဆုံးတွင် ဖော်ပြထားသည့် ဖီးနစ်သစ်ပင်ဆီသို့ အရောက်သွားမည်ဆိုလျှင် မည်သို့သောအန္တရယ်များက စောင့်ကြိုနေမည်လဲ မပြောနိုင်ပေ။

ပြီးတော့ ဤတောင်ကြားတွင် မီးလျှံဖီးနစ် ပြန်လည်မွေးဖွားလာသည့် ဇာမဏီငှက်ဥတစ်လုံး တကယ်ပဲ ရှိနေနိုင်ပါသလား။

ဖီးနစ်ကျဆုံးတောင်ကြား၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်မိနေပြီဟု ခုန်မင် ခံစားနေရသည်။

ခုန်မင် စတင်ရောက်ရှိလာသည့် စွမ်းအားလမ်းကြောင်းဝင်ပေါက်က တောင်ကြားဗဟိုချက်နှင့် သိပ်မဝေးလှပေ။

မြူခိုးတိမ်တိုက်တောင်မှ ထွက်ခွာလာပြီးနောက် (၃)ရက်မပြည့်မီမှာပင် ခုန်မင် တောင်ကြားဗဟိုချက်သို့ ရောက်ရှိလာခဲ့သည်။

ခုန်မင်က ခရီးသွားရင်း တွေ့ရှိရသည့် ဝိညာဉ်ဆေးပင်များ ၊ အဖိုးတန်သတ္တုရိုင်းများကိုလည်း လမ်းကြုံယူဆောင်ခဲ့သေးသည်။

ဖီးနစ်ကျဆုံးတောင်ကြားသို့ ရောက်ရှိပြီးနောက်ပိုင်း ခုန်မင်ကတော့ အတော်လေး အကျိုးအမြတ်များ ရရှိနေပေပြီ။

တောင်ကြားဗဟိုချက်နေရာက နယ်မြေတစ်ခုလုံးတွင် အရေးကြီးဆုံးနေရာ ဖြစ်၏။

တကယ်တော့ “ဖီးနစ်ကျဆုံးတောင်ကြား” ဆိုသောအမည်တွင် “တောင်ကြား” ဆိုသည့်အသုံးအနှုန်းမှာ ဤဗဟိုချက်နေရာကို ရည်ညွှန်းခြင်း ဖြစ်သည်။

ဖီးနစ်ကျဆုံးတောင်ကြား ဗဟိုချက်တွင် မိုင်ပေါင်းတစ်ထောင်နီးပါး ရှည်လျားပြီး ပျမ်းမျှ (၁၀)မိုင်ခန့်ကျယ်ဝန်းကာ ပေပေါင်းရာနှင့်ချီ နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီးတစ်ခု တည်ရှိသည်။

ဖီးနစ်ကျဆုံးတောင်ကြား ဖွင့်လှစ်သည့်ကာလအတွင်း နေရောင်ခြည်ကျရောက်သည်မှန်သော်လည်း ဤချောက်နက်ကြီးထဲမှာတော့ နေရာတိုင်းသို့ နေရောင်ခြည် မကျရောက်နိုင်ပေ။

ထို့ကြောင့် ဤချောက်နက်ကြီးက နယ်မြေတစ်ခုလုံးတွင် လျှို့ဝှက်ချက်အကြီးမားဆုံးနေရာအဖြစ် အစဉ်အမြဲ တည်ရှိနေခဲ့သည်။

စမ်းသပ်ပွဲခရီးစဉ်များ၏ သမိုင်းကြောင်းတစ်လျှောက် လူပေါင်းများစွာတို့က ဤချောက်ကမ်းပါးကြီးကို စူးစမ်းလေ့လာခဲ့ကြသော်လည်း မည်သူမှ အတိအကျ မြေပုံရေးဆွဲနိုင်ခြင်း မရှိခဲ့ပေ။

ဤချောက်ကမ်းပါးပတ်ဝန်းကျင်က အန္တရာယ်ကြီးမားသလောက် အခွင့်အရေးများစွာလည်း ကိန်းအောင်းနေသည်ပင် ဖြစ်၏။

ဖီးနစ်ကျဆုံးတောင်ကြားမှ ပြင်ပလောကသို့ ယူဆောင်သွားနိုင်ခဲ့သည့် အနှိုင်းမဲ့ရတနာ အများစုမှာလည်း ဤချောက်ကမ်းပါးကြီးအတွင်းမှပင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။

ထို့ပြင် ဤချောက်ကမ်းပါးကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ဖီးနစ်ကျဆုံးတောင်ကြားတစ်ခုလုံး၏ အလျှို့ဝှက်ဆုံးသောနေရာဖြစ်သော 'မြေအောက်နန်းတော်' လည်း တည်ရှိပေသည်။

ရည်မှန်းချက်ကြီးမားပြီး တောင်ကြားမှ အကြီးမားဆုံး ကံကော်းခြင်းအခွင့်အလမ်းများကို ရှာဖွေလိုသည့် လူငယ်တိုင်းက ဤလျှို့ဝှက်နေရာအား စူးစမ်းလေ့လာရန် သေချာပေါက် အားထုတ်ကြပေသည်။

ခုန်မင် ဖီးနစ်ကျဆုံးတောင်ကြား၏ မြေပုံကိုလေ့လာစဉ်က ဤချောက်ကမ်းပါးကြီးကို ကောင်းကင်ယံမှ ငုံ့ကြည့်သည့်အမြင်ဖြင့်သာ တွေ့မြင်ခဲ့ရသည်။

ခုန်မင်အနေဖြင့် ထိုချောက်နက်ကြီး၏အသွင်အပြင်ကို ခန့်ညားထည်ဝါပြီး အံ့မခန်းဖြစ်သည်ဟုသာ သတ်မှတ်နိုင်ခဲ့သည်။

ယခု ချောက်ကမ်းပါးအစွန်းတွင် ကိုယ်တိုင်ရပ်ကြည့်ရချိန်မှာတော့ ကမ္ဘာလောကကြီး၏ အံ့သြဖွယ်ရာ သဘာဝတရားများနှင့်နှိုင်းယှဉ်လျှင် လူသားတစ်ယောက် မည်မျှပင်သေးငယ်ကြောင်း ကိုယ်တိုင်လက်တွေ့ ခံစားလိုက်ရ၏။

ဖီးနစ်နားခိုရာမျိုးနွယ်စုကတော့ ဤဖီးနစ်ကျဆုံးတောင်ကြားမှာ မီးလျှံဖီးနစ်တစ်ကောင် ပြုတ်ကျလာရာမှ ဖြစ်ပေါ်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ ထူးခြားသည့်နေရာမျိုးတွင် လျှို့ဝှက်ချက်များစွာ ကိန်းအောင်းနေမည်ဟု ခုန်မင်ကတော့ ယုံကြည်ထားလေသည်။

ဤချောက်ကမ်းပါးကြီး၏ ထူးခြားသော မြေမျက်နှာသွင်ပြင်က မီးလျှံဖီးနစ်၏ အတောင်ရိုက်ခတ်မှုကြောင့် ဖြစ်နိုင်ခြေ ရှိသည်။

အထွတ်ထိပ်သို့ရောက်ရှိသွားသည့် တန်ခိုးစွမ်းအားရှင်များဆိုသည်က ကောင်းကင်ကို တုန်လှုပ်စေပြီး မြေပြင်ကို ဖျက်ဆီးနိုင်စွမ်းရှိသည့် နတ်ဘုရားစွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်ထားကြသည်သာပင်။

All Chapters