← Chapters

ကောင်းကင်ကို ဖြိုခွဲခြင်း

Vol. 1 Ch. 499

ကောင်းကင်ကို ဖြိုခွဲခြင်း

Vol. 1 Ch. 499

“အမျိုးသားတစ်ယောက်မှာ အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်ဝိညာဉ်၊ မယိမ်းယိုင်တဲ့ စိတ်ဆန္ဒနဲ့ အလျော့မပေးတဲ့ စိတ်ဝိညာဉ်ရှိသင့်တယ်”

ယင်းက ကျန်းယွမ်ဟိုင်သည် ကျန်းရီကို သင်ပေးခဲ့သည့် အရာဖြစ်သည်။ ကျန်းရီသည် ငယ်စဉ်တည်းက သူ့အဘိုး၏ လွှမ်းမိုးမှုခံခဲ့ရပြီး သူ၏ အကျင့်စရိုက်ကို အလွန်ခိုင်မြဲစေ၏။ ကောင်းကင်တောင်ပံမြို့ရှိ ကျန်းဂိုဏ်း၌ သူက ကျန်းယုဖူကဲ့သို့ လူများ အနိုင်ကျင့်တာ ခံခဲ့ရသည်။ သို့သော်ငြား သူ ဘယ်တော့မှ အလျော့မပေးဘဲ သူ၏ ခြေလက်များ ကျိုးသည်အထိ အချိုးခံရသည့်တိုင် ကြံ့ကြံ့ခံခဲ့သည်။

သူသည် သန်မာသည့်သူတစ်ယောက်နှင့် တွေ့သည့် အချိန်၌ ပိုသန်မာလာသည့် အကျင့်စရိုက်ရှိသူ ဖြစ်သည်။ သူ ခံစားရသည့် ဖိအားက ပိုများလေလေ ပြန်ကန်အားက ပိုတောင်မာကျောလေ ဖြစ်သည်။

ဝိညာဉ်သားရဲကျောင်းတော်တွင် ကျန်းယွီလျိုနှင့် ကျန်းစွမ်းဝူကျိတို့ သူ့ကို ဖြေရှင်းချင်ခဲ့စဉ်က သူသည် ထိုနှစ်ယောက်သတ်တာ ခံရလုနီးပါး ဖြစ်ခဲ့သည်။ ယခင် တိုင်းပြည်စစ်ပွဲပြီးနောက် ရှားဝူဟိုင်သည် သူပိုင်ဆိုင်သည့် ဝိညာဉ်ယဉ်ပါးခြင်း ဆေးပင်ကို ယူသွားခဲ့ပြီး ရှန်းဝူတိုင်းပြည်ကိုတောင် သစ္စာဖောက်မှု ကျူးလွန်ကာ တိုက်ခိုက်ရဲခဲ့သည်။

ကျန်းရီသည် သေရမှာကို မကြောက်သည့်သူ ဖြစ်၏။ တစ်စုံတစ်ယောက်က သူ့ကို ရန်စခဲ့ပါက သူသည် ဧကရာဇ်ကို နန်းချဖို့အတွက် အရာအားလုံးကို စတေးမည့်သူ ဖြစ်သည်။ သူက နတ်ဘုရားမကိုတောင် ကိုယ်တိုင် သတ်မှာပဲ ဖြစ်သည်။

နတ်ဆိုးဧကရီ မထွက်သွားခင်က သိုင်းပညာခန်းမကို ဘယ်တော့မှ ရန်မစရန် ပြောခဲ့သည်။ သူသည် ကုန်းပြင်မြင့်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များအားလုံးကို သတ်ဖြတ်နိုင်သည်ဟု သူမ ဆိုခဲ့သည်။ သို့သော် သူသည် သိုင်းပညာခန်းမကို တစ်ခါမှ ရန်မစခဲ့ပေ။

ယွမ်ချင်းထျန်းကလည်း ငွေပန်းပွင့်အဘွားအိုကို သတင်းစကား ပို့ခိုင်းခဲ့၏။ သိုင်းခန်းမ၏ တောင်းဆိုချက်များက လွန်ကျူးလျှင် သူက ခေါင်းငုံ့ခံပြီး အလျော့ပေးရန်သာ ဖြစ်သည်။ အချက်အလက်က သက်သေပြသွားခဲ့ပြီ ဖြစ်၏။

သိုင်းခန်းမသည် အမှန်တကယ် နက်နဲလွန်းပြီး ကျန်းရီ ရန်မစနိုင်သော အင်အားစုတစ်ခုဖြစ်သည်။ သူတို့ကို ရန်စခြင်း၏ နောက်ဆက်တွဲက သူ၏ တပ်ဖွဲ့တစ်ဖွဲ့လုံး သူနှင့်အတူ သေဆုံးရမှာပဲ ဖြစ်၏။

သူက အညံ့မခံခဲ့လျှင် သူ သေဆုံးရပေမည်။ စုလော့ရွှယ်နှင့် ကျန်းရှောင်နူလည်း သေဆုံးရပေမည်။ ဧကရီနန်းတော်အတွင်းရှိ လူများအားလုံး သေဆုံးပေမည်။ မြေပြင်ပေါ်ရှိ အသက်ရှင်ကျန်ရစ်သော စစ်သားအားလုံး သေဆုံးမှာ ဖြစ်၏။

သူက အညံ့ခံခဲ့လျှင် သူသည် ဝိညာဉ်ချိပ်ပိတ်မှုကို ပေးအပ်ရပြီး သိုင်းခန်းမ၏ ကျွန်ဖြစ်လာလိမ့်မည်။ သူက သိုင်းခန်းမကို သူ့ဘဝနှင့် သေခြင်းတရားကို ထိန်းချုပ်ခွင့် ပေးရပေမည်။ သူ့တစ်ဘဝလုံး ခွေးတစ်ကောင်ကဲ့သို့ ရှင်သန်ရမှာ ဖြစ်၏။ ယင်းက ခက်ခဲသည့် ရွေးချယ်မှု တစ်ခု ဖြစ်သည်။

ကျန်းရီ၏ စိတ်တစ်ခုလုံး၌ ပေါက်ကွဲလုနီးပါး ခက်ခဲနေတော့၏။ သူ့မျက်နှာက ရှုံ့တွနေပြီး အင်မတန် ရက်စက်ကြမ်းကြုတ်အကြင်နာမဲ့လာတော့သည်။ သူ၏ စိတ်ဝိညာဉ်က အပိုင်းပိုင်း ကွဲထွက်သွားတော့မယောင် ဖြစ်နေ၏။

“အား.. အား အား..”

သူ့ခေါင်းကို ကိုင်ထားပြီးနောက် ကောင်းကင်ကို မျက်နှာမူလျက် အော်လိုက်တော့သည်။ သူ့အော်သံများက ကြောက်မက်ဖွယ်ရာ ကျယ်လောင်လှပြီး လူတိုင်း၏ နားထဲ ပဲ့တင်သံ ထပ်သွားတော့သည်။ အော်သံက နာကျင်လွန်းပြီး တည်ကြည်နေကာ ဒေါသအမျက်ချောင်းချောင်းတို့ အလျော့မပေးလိုစိတ်တို့ ပြည့်နေသည်။

သူ၏ဒေါသက မီးများစတင် ပေါ်ပေါက်လာစဉ်က ကောင်းကင်ကြယ်တာရာမြို့တစ်မြို့လုံးသည် အမျက်ဒေါသမီးလျှံများဖြင့် လောင်ကျွမ်းခံရတော့မည်။

သူ့မျက်လုံးများက ရဲတောက်နေပြီး အနီရောင်ဆံနွယ်များကလည်း ကောင်းကင်ထဲသို့ပင် အနီရောင်မြွေများသဖွယ် လူးလွန့်နေ၏။ သတ်ဖြတ်လိုသော ဆန္ဒကလည်း သက်တံတစ်စင်းပမာ ပေါက်ကွဲထွက်လာပြီးနောက် သူ့ရန်သူများအားလုံးနှင့် ကောင်းကင်တစ်ခုလုံးကို ချေမွပစ်ချင်စိတ် ရန်သူအားလုံးကို သတ်ဖြတ်ပစ်လိုစိတ်တို့ ပြည့်နေ၏။

“မရဘူး မလုပ်ဘူး အညံ့မခံဘူး ဘယ်တော့မှ အရှုံးမပေးဘူး လက်မလျှော့ဘူး၊ ဒါက ငါ ကျန်းရီရဲ့ ကံကြမ္မာသာဆိုရင် ဒီကံကြမ္မာကွင်းဆက်ကို ငါ ပိုင်းဖြတ်ပစ်မယ်၊ ကောင်းကင်ဘုံက ငါနဲ့ ဆော့ကစားချင်တယ် ဆိုရင် ကောင်းကင်ဘုံကို ဖြိုခွဲမယ်.. သတ် သတ် သတ်”

ကျန်းရီသည် ကောင်းကင်ကို မျက်နှာမူလျက် ဒေါသတကြီးအော်ဟစ်လိုက်၏။ သူက နောက်ဆုံးတွင် သတ်ဟူသော စကားကို အော်သည့် အချိန်၌ ထူးဆန်းသည့် အရာတစ်ခု ဖြစ်သွား၏။ ကောင်းကင်ထဲရှိ ကောင်းကင်ထဲရှိ ဆယ်ကီလိုမီတာခန့် ရှိသော တိမ်တိုက်များအားလုံးက ရုတ်တရက်တွင် ရောင်စုံအလင်းများဖြင့် ဆန်းကြယ်စွာ အရပ်မျက်နှာအနှံ့ ကွေ့ပတ်သွားတော့၏။ ဘုံကိုးဘုံအထက်တွင် နတ်မိုးကြိုးလျှပ်စီးက ကောင်းကင်ကို ခွင်းလျက် ကျန်းရီဆီ ဝင်ရောက်လာတော့သည်။

“အမ်..”

ကောင်းကင်ကြယ်တာရာမြို့၏ လေဟာနယ် နယ်မြေတစ်ခုလုံး ခဲသွားပုံရသည်။ နတ်ဆိုးဘုရင် အကောင်ကိုးဆယ်ကျော်က သူတို့ သတ်ဖြတ်တာ ရပ်တန့်ပြီး ကောင်းကင်နတ်လျှပ်စီးကို ကြောက်လန့်တကြား ကြည့်နေကြ၏။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းဆောင်ရည်က နတ်ဆိုးဘုရင်များအားလုံးနှင့် သိုင်းပညာရှင်များအားလုံး၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေ၏။

“ရောင်စုံဆန်းကြယ်တိမ်တိုက် ကောင်းကင်နဲ့မြေကြီး မူမမှန်ဘူး.. ဒါ ဒါက..”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့၏ မျက်လုံးထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နေပြီး ကောင်းကင်ကို မယုံနိုင်စွာ ကြည့်နေကြသည်။ သိုင်းပညာခန်းမထဲတွင် ကောင်းကင်နှင့်မြေကြီး မူမမှန်သည့် မှတ်တမ်းများစွာ ဖြစ်ခဲ့ဖူး၏။ ထိုသို့ ဖြစ်ပေါ်လာသည့် အချိန်တိုင်းတွင် တစ်စုံတစ်ယောက်က ကောင်းကင်ဧကရာဇ်အဆင့်သို့ ချိုးဖျက်တက်သွားတာပဲ ဖြစ်သည်။

ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခြင်းက တာအိုကို အဆင့်တစ်ခုအထိ နားလည်သဘောပေါက်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။ သူတို့က ကောင်းကင်နှင့် မြေကြီး၏ အသိအမှတ်ပြုခြင်း ခံထားရသောကြောင့် ဘုံကိုးဘုံကြယ်၏ စွမ်းအား ချီးမြှင့်ခြင်း ခံရသူများ ဖြစ်သည်။ ကျန်းရီက ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသနှင့် ရုတ်တရက်ဆက်နွယ်နိုင်ခဲ့သည်။ ဆိုလိုသည်က သူသည် ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖျက်တက်သွားသည်လော။

တုကူချိုး၏ အမူအရာတွင်တောင် လှိုင်းဂယက်ထလာပြီး သူ၏တည်တင်းသော မျက်ခုံးတို့က အနည်းငယ် စုကျုံ့သွား၏။ သူသည် တည်ကြည်လေးနက်သည့် အမူအရာ ရှိနေသည်။ အနည်းငယ် ကြည့်ပြီးနောက် သူက အံ့ကြိတ်ကာ ပြောလိုက်တော့၏။

“ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒရဲ့ ပဥ္စမအဆင့်ကို နားလည်သွားပြီး ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်သွားတာ ဖြစ်နိုင်တယ်၊ သိုင်းတာအိုဆန္ဒက တာအိုပုံစံတစ်မျိုးပဲ၊ အကန့်အသတ်အထိ နားလည်သဘောပေါက်သွားရင် ကောင်းကင်နဲ့မြေကြီးက ကျင့်ကြံသူကို ဘုံကိုးဘုံကြယ်ရဲ့စွမ်းအား ချီးမြှင့်တယ်”

“သတ်ဖြတ်ခြင်းဆန္ဒရဲ့ ပဥ္စမအဆင့်လား..”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းက တစ်ယောက်ကို တစ်ယောက် ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။ သမိုင်းကြောင်းထဲတွင် သတ်ဖြတ်ခြင်းကောင်းကင်ဧကရာဇ်က သတ်ဖြတ်ခြင်းဆန္ဒ၏ ပဥ္စမအဆင့်ကို နားလည်သဘောပေါက်စဉ်က သူသည် ကျင့်ကြံဆင့်တူသည့် သိုင်းပညာရှင်များအားလုံးကို အေးဆေးဖိနှိပ်ခဲ့၏။ ကျန်းရီ၏ အတွင်းအားက ဗာဂျရာနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ အမှန်အတိုင်းသာ ဆိုလျှင် သူတို့အားလုံး ပြဿနာကြီးတက်ပြီ ဖြစ်၏။

“သတ်..”

သူတို့နှစ်ယောက်က အံကြိတ်ကာ လှုပ်ရှားရန် ဆုံးဖြတ်လိုက်တော့၏။ ကောင်းကင်ထဲရှိ ဆန်းကြယ်သော တိမ်တိုက်များက ဖြည်းဖြည်းချင်း ပြိုကွဲသွားပြီးနောက် ဘုံကိုးဘုံမှ နတ်လျှပ်စီးကလည်း ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ကျန်းရီ၏ ခန္ဓာကိုယ်က တည်ငြိမ်နေသည့် အခြေအနေ ရှိနေပုံရကာ ချုံခိုတိုက်ခိုက်ရန် သူတို့အတွက် အကောင်းဆုံး အခြေအနေ ဖြစ်နေသည်။ မဟုတ်လျှင် ကျန်းရီ နိုးထလာပါက မည်သို့ဖြစ်မည်ကို မည်သူက သိမည်နည်း။

ဝှစ်.. ဝှစ်..

သူတို့နှစ်ယောက်သည် ပုံရိပ်ယောင်များအသွင် ပြောင်းလဲသွားပြီးနောက် ကျန်းရီဆီသို့ ပျံသန်းသွားတော့သည်။ တုကူချိုးက မျက်ခုံးပင့်သွားသော်ငြား သူတို့ကို မတားခဲ့ချေ။ အခြေအနေကို ဖြေရှင်းရန် သူတို့နှစ်ယောက်ကို ဦးစွာ ထောက်လှမ်းခိုင်းတာ ကောင်းပေမည်။ အတွင်းအားတို့က လက်ထဲတွင် စုဝေးလာပြီးနောက် အချိန်မရွေး အမြင့်ဆုံးတိုက်ကွက်ကို တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

“အရှင်ကိုယ်စားအုပ်ချုပ်သူ ဂရုစိုက်ပါ”

မဟာရှတိုင်းပြည်မှ စစ်သားများသည် လေထဲတွင် ကျန်းရီက မျက်လုံးမှိတ်လျက် ရစ်ဝဲနေသည်ကို မြင်လျှင် အော်ဟစ်လိုက်ကြသည်။ အကြီးအကဲနှစ်ယောက် သူ့အားကို ချဉ်းကပ်လာတာကို သတိမပြုမိပုံရ၏။

သုံးကီလိုမီတာ၊ နှစ်ကီလိုမီတာ၊ တစ်ကီလိုမီတာ..

အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့က သူတို့နှင့် ကျန်းရီကြား အကွာအဝေး သိပ်မရှိတော့သော်လည်း သူတို့က ထိုအကွာအဝေးမှ မတိုက်ခိုက်ခဲ့ဘဲ သူတို့ပိုနီးကပ်သွားလျှင် ကျန်းရီကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ရန် အခွင့်အရေး ပိုမြင့်သွားမှာဘဲ ဖြစ်သည်။

သူတို့သည် မီတာသုံးရာ အကွာအဝေးသို့ ရောက်ချိန်၌ ကျန်းရီ သတိမဝင်သေးကြောင်း မြင်သောအခါ သူတို့ မျက်လုံးများက လက်သွားပြီး လက်ကလည်း မြောက်တက်လာတော့သည်။ သူတို့က အစွမ်းအထက်ဆုံး တာအိုသိုင်းကွက်ကို ထုတ်ဖော်တော့မှာ ဖြစ်သည်။

ဘီး..

ထိုစဉ် ကျန်းရီ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာ၏။ ဧရာမသားရဲကြီးတစ်ကောင်က သူ့မျက်လုံးကို ဖွင့်လိုက်သည့်နှယ် ကျန်းရီ၏ သွေးနီရောင်မျက်ဝန်းများက သူတို့နှစ်ဦးကို နှလုံးတုန်သွားစေသည်။ ခဏကြာပြီးနောက် ရှေးဟောင်းနတ်သားရဲကဲ့သို့ အရှိန်အဝါတည်ရှိမှုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အကြီးအကဲလုနှင့် အကြီးအကဲကျန်းကို ရစ်သိုင်းသွားတော့၏။

တုကူချိုးက အော်ဟစ်လိုက်ပြီးနောက် လျှပ်စီးတဖွယ် တိုးဝင်သွားတော့သည်။ လက်တစ်ဝက်တွင် သူ့အော်တာ မပြီးသေးခင် သူ့ခန္ဓာကိုယ်က လေထဲ ရပ်တန့်သွား၏။ ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုက သူ့နားတစ်ဝိုက်ကို ကာဆီးထားသောကြောင့် သူ့မျက်လုံးထဲ အကြောက်တရားများ ပေါ်လာတော့သည်။

“အမ်..”

ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုက ကောင်းကင်ကြယ်တာရာတစ်မြို့လုံးကို လွှမ်းခြုံသည့် လေပြေနှယ် လျင်မြန်စွာ ပြန့်ကားလာတော့သည်။ ယခုအချိန်တွင် တစ်မြို့လုံး၏ လေဟာနယ်ဇုံက အကျဉ်းချခံလိုက်ရသလို ခံစားနေရ၏။

တစ်မြို့လုံး တိတ်ဆိတ်နေပြီး ပင်အပ်ကျသံကိုတောင် ကြားနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်လေခြင်း၊

“သတ်ဖြတ်ခြင်းဆန္ဒရဲ့ပဥ္စမအဆင့်က အဲလောက် ကြောက်ဖို့ကောင်းတာလား..”

သိုင်းပညာခန်းမ၏ အဆောက်အဦးထဲတွင် ရှိနေသည့် ကျီထင်ယွီက ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး တစ်ချိန်တည်းတွင် သူမ သွားချင်း ရိုက်နေမိသည်။ သလင်းလုံးထဲကို ကြောက်လန့်တကြား ကြည့်ရင်း ကျန်းရီ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေတာကိုမြင်ချိန်၌ ခါးသက်သည့် အမူအရာ ပေါ်လာသည်။

ကျန်းရီက ကောင်းကင်ထဲရှိ မြင့်မားသည့် တစ်နေရာတွင် ရပ်နေပြီး သိုင်းခန်းမနှင့် အလွန်ဝေးကွာသည့် နေရာတွင် ရှိနေ၏။ သို့သော် ထိုကြောက်မက်ဖွယ် အရှိန်အဝါ တည်ရှိမှုကို ခံစားမိသေးသည်။ ကျန်းရီက ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးနှယ် သူ့ကို ရင်ဆိုင်ရန် ရည်ရွယ်ချက်များကိုတောင် ပပျောက်စေ၏။

သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သိုင်းပညာရှင်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို ရင်ဆိုင်နေရသကဲ့သို့ပင်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က အရှိန်အဝါ တည်ရှိမှု ပေါက်ကွဲလာချိန်၌ သဏ္ဌာန်အသွင်ပြောင်းခြင်း သိုင်းပညာရှင်သည် သူ့၌ဆေဘာဓား ရှိနေလျှင်တောင် ပိုင်းဖြတ်ဝံံ့မည်လော။

“သိုင်းခန်းမခေါင်းဆောင် မြန်မြန်နောက်ဆုတ်ပါ..”

ကျီထင်ယွီ၏ ရင်ထဲ အကြောက်တရားများ ပြည့်နေပြီး ဖိအားအောက်တွင် အသက်ရှုကျပ်နေသော်ငြား သူက အံကြိတ်ထားပြီး သလင်းလုံးကို ကြည့်ကာ အော်လိုက်သည်။ သူမ လက်၌ အတွင်းအားများ ဖြာထွက်လာပြီးနောက် သလင်းလုံးကို ခွန်အားဖြင့် အမြန်ရိုက်ချလိုက်တော့သည်။

ဘီး..

သလင်းလုံးက လင်းလာပြီး သိုင်းခန်းမဆောင်တစ်ခုလုံးကလည်း တောက်ပလာတော့၏။ အစွမ်းထက်သည့် အရှိန်အဝါ တည်ရှိမှုက သိုင်းခန်းမဆောင်ထဲမှ ပေါ်ထွက်လာပြီးနောက် အဖြူရောင်အလင်းလှိုင်းများက လိုက်ပါလာပြီး အမိုးထဲမှ ပေါ်ထွက်လာကာ ကျန်းရီဆီ ဦးတည်သွားတော့သည်။

“ဟမ့်..”

ကျန်းရီသည် မျက်နှာသေဖြင့် ရှိနေသေးဆဲ ဖြစ်ကာ သူသည် နှစ်တစ်သောင်း ရေခဲမြစ်နှယ် ဖြစ်နေ၏။ ဘုံကိုးဘုံ၏ နဂါးမီးလျှံများက အကြီးအကဲလုနှင့် အကြီးအကဲကျန်းဆီကို ပစ်ထုတ်ပြီးနောက် သူ ပျောက်ကွယ်သွားတော့သည်။

“အား..”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းက ကျန်းရီနှင့် မီတာသုံးရာအကွာတွင် ရှိနေ၏။ ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒလွှမ်းခြုံခံရပြီးနောက် သူတို့၏ အတွင်းအားများ ချုပ်နှောင်ခံလိုက်ရကာ ခွန်အားများအားလုံးက မကျန်တော့ပေ။ သူတို့ မည်သို့ တုံ့ပြန်ရမည်နည်း။ ရွေးချယ်စရာ မရှိဘဲ မီးလျှံပင်လယ် သူတို့ဆီ ဦးတည်လာတာကိုသာ ကြည့်နေရသည်။

ဝှစ်..

ကျန်းရီက နေရာရွှေ့ပြောင်းသည့် အချိန်တွင် ထိုကြောက်မက်ဖွယ် ဖိအားက ပျောက်ကွယ်သွားပြီး တုကူချိုးကို လှုပ်ရှားခွင့် ပေးလိုက်သည်။ သူသည် တွေဝေမနေဘဲ အကြီးအကဲ နှစ်ယောက်ကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံပေ။ သူက ကောင်းကင်ထဲတွင် ရစ်ဝဲနေသည့် သားရဲတစ်ထောင်စေတီကိုတောင် အမှုမထားဘဲ သိုင်းပညာခန်းမဆောင်ဆီသို့ အမြန်ပြန်ဆုတ်လိုက်သည်။

“အား အား..”

အကြီးအကဲလုနှင့် အကြီးအကဲကျန်းက ထွက်ပြေးချင်သည်။ သို့သော် ကျန်းရီက ဖြတ်ခနဲ ပျောက်သွားပြီး သူတို့နှင့် မလှမ်းမကမ်းတွင် ပြန်ပေါ်လာ၏။ သတ်ဖြတ်ခြင်းဆန္ဒက သူတို့ကို ဆက်လက်ဖိနှိပ်နေရာ သူတို့ခန္ဓာကိုယ်များက လျင်မြန်စွာ မီးစွဲပြီး ပြာဖြစ်သွားသည်အထိ် လောင်ကျွမ်းကာ ပြာမှုန်များက ကောင်းကင်ကြယ်တာရာမြို့၏ ကောင်းကင်မှ ကျလာတော့သည်။

“ခင်ဗျားတို့က ထွက်ပြေးချင်တာလား”

ကျန်းရီသည် သိုင်းခန်းမဆောင်ကို တစ်ချက်ကြည့်ပြီး သူ့ပါးစပ်မှ အေးစက်သည့် ဆန္ဒအရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး သိုင်းခန်းမဆောင်ဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်မှု လင်းရွှယ်နှင့် ကျန်သည့်သူများကို ရပ်တောင် ရပ်မနေနိုင်စေပေ။ သူတို့အားလုံးက လဲပြိုကာ ဒူးထောက်ချတော့၏။

***

All Chapters