သူ၏နှလုံးသား ကြေကွဲသွားခဲ့ပြီ
Vol. 9 Ch. 90
“စီနီယာ၊ ခဏလောက် စောင့်ပေးပါဦး။ ကျွန်မရဲ့ စွမ်းအားက နည်းပါသေးတယ်။ အခုချက်ချင်း အဖွဲ့ထဲကနေ တိတ်တဆိတ် ထွက်သွားမယ်ဆိုရင် တခြားသူတွေရဲ့ သံသယကို ဖြစ်စေပါလိမ့်မယ်”
မုန့်ဝမ်သည် သူမ၏ စိတ်ထဲရှိ ဆန်းကြယ်သောအသံကို ရိုသေသော လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “အခွင့်အရေးတစ်ခု ရတာနဲ့ စီနီယာပြောတဲ့နေရာကို ကျွန်မ အရောက်လာခဲ့ပါ့မယ်”
“ကောင်းပြီ၊ ငါ မင်းကို စောင့်နေမယ်” ထိုအသံမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။
မုန့်ဝမ်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ရှန်မိသားစုဝင် ၃ ဦးနောက်မှ ဆက်လက် လိုက်ပါသွားခဲ့လေသည်။ ဤရှေးဟောင်းဂူမှာ အပြင်ပန်းတွင် သာမန်နန်းတော်တစ်ခုကဲ့သို့ ထင်ရသော်လည်း အတွင်းသို့ ရောက်သောအခါမှ သီးခြားကမ္ဘာငယ်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း တွေ့ရလေသည်။ လမ်းတစ်လျှောက်တွင် စက်ကွင်းထောင်ချောက်အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ဖြစ်သော ရှန်ရီ ရှိနေသဖြင့် အားလုံးကို လွယ်လွယ်ကူကူပင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။
နောက်တစ်နေ့တွင် အားလုံးမှာ တိတ်ဆိတ်သော အခန်းတစ်ခုကို ရှာတွေ့ကာ ခဏတာ အနားယူကြလေသည်။ ရှန်ရီသည် ကင်းလှည့်သည့် အကြောင်းပြချက်ဖြင့် ရှန်စီရွှမ်ကို အပြင်သို့ ခေါ်ထုတ်ကာ အသံလွှင့်၍ မေးလိုက်သည်။
“စီရွှမ်၊ မင်း ဘာဆုံးဖြတ်လိုက်ပြီလဲ”
ရှန်စီရွှမ်က ဘာမှ ပြန်မပြောဘဲ သူ၏ လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီးကို အဝတ်အစားပေါ်မှနေ၍ အသာအယာ ပွတ်သပ်နေသည်။ ကျောက်စိမ်းဆွဲသီး၏ နွေးထွေးမှုကို ခံစားရင်း မုန့်ဝမ်၏ နူးညံ့သိမ်မွေ့သော အမူအရာများကို သူ ပြန်လည် မြင်ယောင်နေမိကာ........
“စီရွှမ်၊ မင်း ဘာတွေကို တွန့်ဆုတ်နေတာလဲ” ရှန်ရီက သူ၏ အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ “အဲဒီ ကျန်းဝမ်အာ ဆိုတာ မင်းအတွက် လှေကားထစ်တစ်ခုထက် မပိုပါဘူး၊ ဘယ်ဟာက အရေးကြီးတယ်ဆိုတာကို မင်း ခွဲခြားသိရမယ်”
ရှန်စီရွှမ်မှာ ဘာမှ ပြန်မပြောနိုင်ဘဲ လက်ကို အောက်ချလိုက်လေသည်။ သူ၏ မျက်နှာတွင် နာကျင်မှုနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့ချေပြီ။
“မင်း စိတ်မကောင်းဖြစ်နေတာကို ငါ သိပါတယ်၊ ဒါပေမဲ့ မင်း နားလည်ထားရမှာက...” ရှန်ရီ၏ အသံမှာ ပို၍ လေးနက်လာခဲ့လေသည်။ “စီရွှမ်၊ မင်းက သံယောဇဉ်ကြီးတဲ့ ကလေးတစ်ယောက်ဆိုတာ ငါ သိတယ်၊ ဒါပေမဲ့ တစ်ခါတလေမှာ သံယောဇဉ်ကြီးလွန်းတာက မင်းအတွက် အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မယ်”
“တတိယဦးလေး ပြောတာတွေကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့...” ရှန်စီရွှမ်သည် တွန့်ဆုတ်နေခဲ့ချေ၏။ သူ အမှန်တကယ်ပင် လက်မရဲဘဲ ဖြစ်နေခဲ့လေသည်။
“ဟူး...”
ရှန်ရီက သက်ပြင်းချလိုက်ပြီး လေသံကို အနည်းငယ် လျှော့ကာ ေြပာလိုက်သည်။ “ဦးလေးက မင်းကို အတင်းအကျပ် လုပ်နေတာ မဟုတ်ပါဘူး၊ ဒီဂူထဲမှာ မသိနိုင်တဲ့ အန္တရာယ်တွေ အများကြီး ရှိနေသေးတယ်။ ငါ့ရဲ့ အင်အားကလည်း အကန့်အသတ်ရှိတာမို့ မင်းနဲ့ စီဟန်ကို စောင့်ရှောက်ဖို့တောင် တော်တော် ခက်ခဲနေပြီ။
အဲဒီ ကျန်းဝမ်အာ ရဲ့ အင်အားက ဒီဂူထဲမှာ အနှောင့်အယှက် တစ်ခုပဲ ဖြစ်လိမ့်မယ်။ ငါတို့ ရှေ့ဆက်သွားလေလေ သူမကြောင့် အင်အားတွေ ပိုကုန်လေလေ ဖြစ်မှာပဲ၊ မင်း မြန်မြန် ဆုံးဖြတ်ချက် ချရမယ်...”
ရှန်စီရွှမ်မှာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နောက်ဆုံးတွင် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်လေသည်။ “တတိယဦးလေး၊ ကျွန်တော် နားလည်ပါပြီ”
ရှန်ရီက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး “မနက်ဖြန်ကျရင် မင်းနဲ့ ကျန်းဝမ်အာ နှစ်ယောက်တည်း ရှိနေမယ့် အခွင့်အရေးတစ်ခုကို ငါ ဖန်တီးပေးမယ်၊ အားလုံးပြီးသွားရင် ငါ့ဆီ အသံလွှင့်လိုက်ပါ” ဟု ဆိုလိုက်လေသည်။
ရှန်စီရွှမ်သည် အခန်းထဲသို့ ပြန်ရောက်သောအခါ မျက်လုံးမှိတ် တရားထိုင်နေသော မုန့်ဝမ်ကို တစ်ချက် ကြည့်လိုက်လေသည်။ သူ၏ စိတ်ထဲတွင် မုန်တိုင်းထန်နေခဲ့ချေပြီဖြစ်၏။
တတိယဦးလေး၏ စကားများမှာ ထက်မြက်သော ကျောက်ခဲများကဲ့သို့ သူ၏ နှလုံးသားကို တစ်စစီ ခြေမွနေသကဲ့သို့ ခံစားနေရလေသည်။
နောက်တစ်နေ့တွင် အားလုံးသည် ခရီးဆက်ခဲ့ကြပြန်လေသည်။ ပစ်ပယ်ထားသော ဝိညာဉ်သစ်ပင် ဥယျာဉ်တစ်ခုအပြင်ဘက်သို့ ရောက်သောအခါ အကြောင်းရင်းမသိရဘဲ အစီအရင်တစ်ခုမှာ ရုတ်တရက် ပွင့်လာခဲ့ပြီး သူတို့ ၄ ဦးမှာ လူစုကွဲသွားခဲ့ကြလေသည်။
မုန့်ဝမ်သည် ရှန်စီရွှမ်၏ လက်စကို တင်းကျပ်စွာ ဆွဲကိုင်ထားရင်း “အစ်ကိုစီရွှမ်၊ ဘာဖြစ်တာလဲ၊ ရှန်တတိယဦးလေးနဲ့ စီဟန်ကော ဘယ်ရောက်သွားကြပြီလဲ” ဟု ထိတ်လန့်တကြား မေးလိုက်လေသည်။
ရှန်စီရွှမ်မှာမူ ဤသည်မှာ တတိယဦးလေး ဖန်တီးပေးလိုက်သော အခွင့်အရေးမှန်း သိနေခဲ့ချေပြီ။ သူသည် ဘာမှမသိဘဲ မိမိကိုသာ ယုံကြည်အားကိုးနေသော မုန့်ဝမ်ကို ကြည့်ကာ စကားစလိုက်လေသည်။
“သူတို့က... အစီအရင်ကြောင့် တခြားနေရာကို ရောက်သွားကြတာ ဖြစ်မှာပါ”
“ဒါဆိုရင် သူတို့နဲ့ ပြန်ဆုံအောင် ငါတို့ မြန်မြန် သွားရမယ်” မုန့်ဝမ်က စိုးရိမ်တကြီး ပြောလိုက်လေသည်။
ရှန်စီရွှမ်ကမူ ဘာမှ ပြန်မပြောဘဲ မုန့်ဝမ်ကို ဥယျာဉ်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဆွဲခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် သူသည် မုန့်ဝမ်နှင့် အတူရှိခဲ့သော အချိန်များကိုသာ တရစပ် မြင်ယောင်နေခဲ့မိလေသည်။ ဒီနေ့ပြီးလျှင် ဤပတ်သက်မှုမှာ သူ၏ လက်ဖြင့်ပင် အဆုံးသတ်သွားတော့မည် ။
အချိန်အတော်ကြာ လျှောက်လှမ်းပြီးနောက် ရှန်စီရွှမ်သည် နောက်ဆုံးတွင် ရပ်တန့်လိုက်လေသည်။ သူသည် မုန့်ဝမ်ဘက်သို့ လှည့်လိုက်ရာ သူ၏ အသံမှာ အက်ရှနေခဲ့ချေ၏။ “ဝမ်အာ၊ မင်းကို ငါ ပြောစရာ အချို့ ရှိတယ်”
ထိုစဉ် မုန့်ဝမ်၏ စိတ်ထဲတွင် ထိုဆန်းကြယ်သောအသံမှာ အချိန်ကိုက်ပင် ထွက်ပေါ်လာခဲ့လေသည်။ “မိန်းကလေး၊ သတိထားစမ်း။ အခုနက စက်ကွင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို လုံးဝ မတားဆီးနိုင်ဘူး။ မင်းရှေ့က လူမှာ ပြဿနာ တစ်ခုခု ရှိနေပြီ”
မုန့်ဝမ်မှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း စိတ်ထဲမှ သတိပေးချက်ကို လျစ်လျူရှုကာ ရှန်စီရွှမ်ကို ကြည့်လိုက်လေသည်။ “အစ်ကိုစီရွှမ်၊ ပြောစရာ ရှိရင် ပြောပါ”
သူမ၏ အပြုအမူကြောင့် ထိုအသံမှာ အလွန်ပင် စိတ်ဆိုးသွားခဲ့လေသည်။ “ဟေ့၊ ငါပြောတာ မကြားဘူးလား။ ဒီလူငယ်ရဲ့ အပြင်ပန်းကို ကြည့်ပြီး အရူးမလုပ်နဲ့။ သူက မင်းအပေါ် အရမ်း သံယောဇဉ်ကြီးနေတာ၊ အခုကြည့်ရတာ သူက သံယောဇဉ်မဲ့ဓားကို ကျင့်ကြံနေတာ ဖြစ်ဖို့ ၈၀၊ ၉၀ ရာခိုင်နှုန်း သေချာတယ်။ အဲဒီဓားကို ကျင့်တဲ့သူတွေက သံယောဇဉ်မဲ့ လမ်းစဉ်ကို ရဖို့ သူတို့ အချစ်ဆုံးလူကို ကိုယ်တိုင် သတ်ရတာ မင်း မသိဘူးလား...”
ထိုဆန်းကြယ်သောအသံက တတွတ်တွတ် ပြောနေစဉ်မှာပင် ရှန်စီရွှမ်သည် မုန့်ဝမ်ကို မျက်လုံးအိမ်များ နီရဲလျက် ကြည့်နေခဲ့လေသည်။ သူ၏ နှလုံးသားမှာ ကြေကွဲတော့မတတ် ခံစားနေရချေပြီ။
“ဝမ်အာ...”
“ဒုန်း”
နောက်တစ်စက္ကန့်တွင် ရှန်စီရွှမ်၏ လည်ပင်းရှိ ကျောက်စိမ်းဆွဲသီးမှ တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ပွင့်ထွက်လာခဲ့လေသည်။ သူ၏ နှလုံးသားမှာ အမှန်တကယ်ပင် ပေါက်ကွဲသွားခဲ့ချေပြီ။ ရှန်စီရွှမ်သည် သူ၏ ရင်ဘတ်တွင် ပေါ်လာသော အပေါက်ကြီးကို မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်မိလေသည်။
သွေးများမှာ ပန်းထွက်လာပြီး သူ၏ ဝတ်စုံကို နီရဲသွားစေခဲ့လေသည်။ သူ၏ နှလုံးသားမှာ အပိုင်းပိုင်း ပြတ်သွားခဲ့ချေပြီ။ အသက်ဓာတ်များ ဆုံးရှုံးသွားခြင်းနှင့်အတူ သတိမှာ တဖြည်းဖြည်း ဝေဝါးလာသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာခဲ့လေတော့သည်။
မုန့်ဝမ်၏ စိတ်ထဲမှ အသံမှာလည်း ရုတ်တရက် ဖြစ်ပျက်သွားသော ဤမြင်ကွင်းကြောင့် တိတ်ဆိတ်သွားခဲ့လေသည်။ ရှန်စီရွှမ်သည် ရင်းနှီးသော်လည်း စိမ်းသက်နေသော ဤမျက်နှာလေးကို ငေးကြည့်ရင်းမှ သူသည် ဤအမျိုးသမီးကို တစ်ခါမျှ အမှန်တကယ် နားမလည်ခဲ့ကြောင်း သဘောပေါက်သွားခဲ့လေသည်။
“မင်း... ဘာလို့...” သူသည် စကားပြောရန် ကြိုးစားသော်လည်း အက်ရှသောအသံများသာ ထွက်ပေါ်လာခဲ့လေသည်။
သူသည် ပြင်းထန်သော နာကျင်မှုကို အံတုရင်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံး ကျန်ရှိသော ဝိညာဉ်စွမ်းအင်များကို စုစည်းကာ တားမြစ်ကျင့်စဉ်တစ်ခုကို သုံးရန် ပြင်လိုက်လေသည်။ သူ သေရင်တောင် သူမကိုပါ တစ်ပါတည်း ခေါ်သွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်ခြင်း ဖြစ်၏။
သို့သော်လည်း သူ၏ လှုပ်ရှားမှုငယ်လေးမှာ မုန့်ဝမ်၏ မျက်လုံးများမှ လွတ်မြောက်ခြင်း မရှိပေ။ မုန့်ဝမ်သည် ထိုင်ချလိုက်ပြီး သူမ၏ လက်ချောင်းလေးဖြင့် ရှန်စီရွှမ်၏ ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ သွေးများကို စုပ်ယူကာ သူ ပြင်ဆင်နေသော တားမြစ်ကျင့်စဉ်ကို ဖျက်ဆီးပစ်လိုက်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“ဘာလို့လဲဆိုတာ မရှိပါဘူး၊ ဒါက အသက်ရှင်ခြင်းနဲ့ သေခြင်းရဲ့ နိယာမပဲလေ”
“အား”
ရှန်စီရွှမ်သည် ကျင့်စဉ် ပြန်ကန်ခြင်းကြောင့် အော်ဟစ်လိုက်ရလေသည်။ သူ၏ သွေးများကို မုန့်ဝမ်က အငမ်းမရ စုပ်ယူနေခြင်းကို ခံစားရသောအခါ သူ၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားလေသည်။
“မင်း...” သူ၏ အသံမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး မျက်ဝန်းများမှာလည်း ဝေဝါးလာခဲ့လေသည်။ သို့သော် သူသည် အသံမထွက်ဘဲ တောင့်ခံထားနေသည်။
“မင်း ငါ့ကို လိမ်ခဲ့တာပဲ၊ တစ်ချိန်လုံး လိမ်ခဲ့တာ။ မင်းရဲ့ နူးညံ့မှုတွေ၊ သံယောဇဉ်တွေ အားလုံးက အတုတွေပဲ၊ အတုတွေ...”
“လိမ်တယ် ဟုတ်လား” မုန့်ဝမ်က တစ်ဖက်လူ၏ နိုးကြားမှုမရှိခြင်းကို လှောင်ပြောင်သည့်အလား ရယ်မောလိုက်လေသည်။
“ကျင့်ကြံခြင်းလောကမှာ သန်မာသူက အနိုင်ယူစတမ်းပဲလေ။ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ် သုံးကြတာပဲ၊ လိမ်ညာတယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ”
သူမ၏ ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးတက်လာသည်ကို ခံစားရသောအခါ မုန့်ဝမ်မှာ ကျေနပ်သွားပြီဖြစ်၏။
အလောင်းခြောက်ဖြစ်သွားသော ရှန်စီရွှမ်ကို ငုံ့ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကျွမ်းကျင်စွာ ဖယ်ရှားလိုက်လေသည်။ ထို့နောက် မုန့်ချင်းရွှယ်၏ အလောင်းကို ထုတ်ယူကာ ဆက်လက် စုပ်ယူရန် ပြင်လိုက်လေတော့သည်။
ထိုစဉ် မုန့်ဝမ်၏ စိတ်ထဲမှ အသံမှာ ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
“တောက်၊ တကယ်ကို သံယောဇဉ်မဲ့တာပဲ။ ဒီလူငယ်က မင်းအပေါ် စိတ်ရင်းရှိခဲ့တာတောင် မင်းက တကယ် လုပ်ရက်တယ်”
မုန့်ဝမ်သည် နားထဲမှ တတွတ်တွတ် ပြောနေသံကို လျစ်လျူရှုကာ ဆက်လက် ကျင့်ကြံနေသည်။
“ဟန်ဆောင်မနေပါနဲ့တော့၊ ငါပြောတာကို မင်း ကြားနေရမှန်း ငါ သိပါတယ်။ မင်းကတော့ ဒီလူငယ်နဲ့ တကယ်ကို ကွာခြားတာပဲ။ မင်းမှာ ငါ ငယ်ငယ်တုန်းကလို ရက်စက်မှုမျိုးတွေ ရှိနေတာပဲ”