အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေး
Vol. 10 Ch. 92
"မဖြစ်နိုင်တာ.. ဒါ လုံးဝ မဖြစ်နိုင်ဘူး"
ရှန်ယုသည် မိမိကိုယ်ကိုယ် လုံးဝ အဖိနှိပ်ခံထားရပြီး အသိစိတ်များပင် ဝေဝါးလာသည်ကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်။
"အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူလေးက ငါ့ရဲ့ ဝိညာဉ်အာရုံကို ဘယ်လိုလုပ်ပြီး ချေမှုန်းနိုင်မှာလဲ"
ရှန်ယုသည် အစွမ်းကုန် ရုန်းကန်ရင်း ဟိန်းဟောက်လိုက်ရာ အသာစီးပြန်ရရန် အခွင့်အရေး အနည်းငယ် ရရှိသွားသည်။ထို့အခါ အလွန် ဝမ်းသာသွားပြီး မုန့်ဝမ်၏ ဝိညာဉ်အာရုံကို တစ်ချက်တည်းဖြင့် မောင်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ဝိညာဉ်အာရုံ စွမ်းအားက ရုတ်တရက် ပြန်လည် မြင့်တက်လာပြီး သူ့ကို တစ်ဖန် ပြန်လည် ဖိနှိပ်လိုက်ပြန်သည်။
"မလုပ်နဲ့"
ရှန်ယု၏ မျက်လုံးများတွင် မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသော်လည်း ဖြစ်ပျက်လာသမျှကို တားဆီးရန် သူ မတတ်နိုင်တော့ချေ။
"ရပ်လိုက်စမ်း.. ငါ့ကို ဒီလိုလုပ်လို့ မရဘူး၊ ငါက ရှန်မိသားစုက.."
သူ့အသံမှာ တဖြည်းဖြည်း တိုးညှင်းသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ရှန်ယု၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး မျက်လုံးများမှာ အရောင်အဝါ ကင်းမဲ့ကာ အခွံလွတ်ကြီးတစ်ခုသာ ကျန်ရှိတော့ပေသည်။
မုန့်ဝမ်၏ မျက်နှာမှာ ပြာနှမ်းနေပြီး ခန္ဓာကိုယ်မှာလည်း ယိုင်တိယိုင်တိုင် ဖြစ်နေသည်။
သို့သော် သူမ၏ မျက်လုံးများတွင်မူ စိတ်လှုပ်ရှားမှုများ ရောယှက်နေပြီး သူမ အောင်မြင်ခဲ့ချေပြီ။ ရှန်ယုကို သင့်တော်သော ရုပ်သေးတစ်ရုပ်အဖြစ် သူမ အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပေပြီ။
လက်ရှိတွင် သူမ၏ ဝိညာဉ်အာရုံမှာ အလွန် အားနည်းနေသဖြင့် ဤရုပ်သေးကို ထိန်းချုပ်ရန် ဝိညာဉ်အစိတ်အပိုင်း တစ်ခု ထုတ်ယူဖို့ရာ မဖြစ်နိုင်သေးသည်မှာ နှမြောစရာပင်။
မုန့်ဝမ်သည် ရှန်စီဟန်၏ အလောင်းကို ဆင့်ခေါ်ကာ သန့်စင်လိုက်မှသာ သူမ၏ ခေါင်းထဲမှ အသံများ အနည်းငယ် သက်သာသွားတော့သည်။
သူမသည် တိုက်ပွဲဝင် ပစ္စည်းများကို သိမ်းဆည်းကာ စစ်မြေပြင်ကို အမြန် ရှင်းလင်းလိုက်ပြီးနောက် နောက်ဆုံး လက်ကျန် အင်အားကို သုံး၍ လေသင်္ဘောကို ဆင့်ခေါ်ကာ ထိုနေရာမှ ထွက်ခွာခဲ့သည်။
လေသင်္ဘောပေါ်တွင် မုန့်ဝမ်သည် တဒိတ်ဒိတ် ခုန်နေသော နားထင်ကို ဖိထားရင်း ဆေးလုံးအချို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် ယခင်က ပြိုင်ပွဲစင်မြင့်မှ ရရှိခဲ့သော 'သွေးအနှစ်ကျောက်' ကို ထုတ်ယူလိုက်သည်။
ဤကျောက်တုံးမှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး အတွင်း၌ သွေးများ စီးဆင်းနေသကဲ့သို့ ရှိကာ ထူထပ်သော သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေပေသည်။ ၎င်းမှာ အမှန်တကယ်ပင် သွေးအဆီအနှစ်ကျောက် ဖြစ်သည်။
သွေးအဆီအနှစ်ကျောက်သည် လတ်ဆတ်သော သွေးများကို စုပ်ယူပြီးမှ ဖြစ်တည်လာသော ထူးခြားသည့် သတ္တုရိုင်းဖြစ်ပြီး လက်နက်သွန်းလုပ်ခြင်း၊ ကျင့်ကြံခြင်းနှင့် သွေးစွမ်းအင် ပြန်လည်ဖြည့်တင်းခြင်းတို့တွင် အသုံးပြုနိုင်သည်။
မုန့်ဝမ်သည် သွေးအဆီအနှစ်ကျောက်ကို ကိုင်ကာ ကျင့်စဉ်ကို လည်ပတ်စေပြီး အတွင်းရှိ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူလိုက်သည်။
သွေးအနှစ်ကျောက်မှ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ လျင်မြန်စွာ စီးဝင်သွားပြီး ကုန်ခမ်းသွားသော သွေးများကို ပြန်လည် ဖြည့်တင်းပေးသည်။
သွေးအဆီအနှစ်ကျောက် တစ်တုံးလုံးကို စုပ်ယူပြီးနောက်တွင် မုန့်ဝမ်၏ မျက်နှာမှာ တဖြည်းဖြည်း သွေးရောင် ပြန်တက်လာပြီး အသက်ရှူသံလည်း တည်ငြိမ်သွားသည်။
ကုန်ခမ်းသွားသော သွေးစွမ်းအင်များ အားလုံး ပြန်မပြည့်သေးသော်လည်း မုန့်ဝမ်သည် စဉ်းစားမနေဘဲ သွေးယဇ်ပူဇော်ခြင်း အတတ်ကို ထပ်မံ အသုံးပြုလိုက်သည်။
သွေးများကို ယဇ်ပူဇော်၍ ဝိညာဉ် စွမ်းအားအဖြစ် ပြောင်းလဲကာ ပြိုလဲလုနီးပါး ဖြစ်နေသော စိတ်ဝိညာဉ်ကို ပြန်လည် ကျင့်ကြံလိုက်သည်။
သွေးယဇ်ပူဇော်ခြင်း အတတ်ကို လည်ပတ်စေသည်နှင့်အမျှ မုန့်ဝမ်၏ သွေးရောင် လွှမ်းစပြုနေသော မျက်နှာမှာ ပြန်လည် ဖြူဖျော့သွားပြန်သည်။ သို့သော် သူမ၏ ဝိညာဉ်အာရုံမှာမူ ဝိညာဉ်စွမ်းအားများ၏ အထောက်အပံ့ကြောင့် တဖြည်းဖြည်း ပြန်လည် ခိုင်မာလာသည်။
မုန့်ဝမ်သည် လက်ကို မြှောက်ကာ နောက်ထပ် သွေးအနှစ်ကျောက် တစ်တုံးကို ကိုင်လိုက်ပြန်သည်။ သူမသည် သွေးအနှစ်ကျောက်မှ စွမ်းအားကို စုပ်ယူရင်း တစ်ဖက်မှလည်း သွေးယဇ်ပူဇော်ခြင်း အတတ်ကို အသုံးပြုကာ ခက်ခဲစွာဖြင့် မျှခြေကို ထိန်းထားသည်။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက်တွင် မုန့်ဝမ်၏ လက်ထဲရှိ သွေးအနှစ်ကျောက်မှာ အမှုန့်အဖြစ် ကြေမွသွားတော့သည်။ သူမသည် မျက်လုံးကို ဖွင့်ကာ ဝိညာဉ်အာရုံ ပြန်လည် ကောင်းမွန်လာမှုကို ခံစားကြည့်ပြီးနောက် အနည်းငယ် ကျေနပ်သွားသည်။
ကုန်ခမ်းသွားသော သွေးစွမ်းအင်များ ပြည့်ဝသွားပြီး ပျက်စီးသွားသော ဝိညာဉ်အာရုံမှာလည်း ကိုးဆယ် ရာခိုင်နှုန်းခန့် ပြန်လည် ကောင်းမွန်လာသဖြင့် ရုပ်သေးကို ထိန်းချုပ်ရန် ဝိညာဉ်ခွဲ ထုတ်ယူဖို့ လုံလောက်သွားချေပြီ။
မုန့်ဝမ်သည် 'သွေးမိစ္ဆာကောင်းကင်ဘုံကျင့်စဉ်' ထဲရှိ 'ဝိညာဉ်ခွဲခြင်း အခန်း' ကို စတင် လည်ပတ်လိုက်သည်။ ဝိညာဉ်အာရုံ အနက်ရှိုင်းဆုံးမှ စုတ်ဖြဲခံရသကဲ့သို့ နာကျင်မှုကြောင့် သူမ၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားပြီး ချွေးများမှာလည်း မိုးပေါက်ကဲ့သို့ စီးကျလာသည်။
မုန့်ဝမ်သည် အံကြိတ်ကာ ကျင့်စဉ်ကို အရှိန်မြှင့်လိုက်ပြီး ပိတ်စကို ဆွဲဖြဲလိုက်သကဲ့သို့ ဝိညာဉ်အာရုံ၏ အစိတ်အပိုင်း တစ်ခုကို အတင်းအကျပ် ဆွဲဖဲ့လိုက်သည်။ ခွဲထုတ်လိုက်သော ဝိညာဉ်အစိတ်အပိုင်းကို သင့်တော်သော ကျင့်စဥ်နည်းလမ်းဖြင့် မကျင့်ကြံနိုင်လျှင် ြဖစ်စေ၊ သင့်တော်သော ကိုယ်ထည်ကို မရှာနိုင်ခဲ့လျှင် ြဖစ်စေ ခဏအတွင်း၌ပင် သေဆုံးသွားပေလိမ့်မည်။
အခြေခံတည်ဆောက်ခြင်းအဆင့် သုံး ရှိသော ရှန်ယုသည် သူမကို အကြီးအကျယ် ဖိအားပေးနိုင်ခဲ့သည်။ ထို့ကြောင့် ယခင်က အခြားရုပ်သေးများကို သန့်စင်စဉ်ကကဲ့သို့ ဝိညာဉ်ဝိညာဉ်အစိတ်အပိုင်းကို ကြိုတင် ခွဲမထုတ်ထားဘဲ မိမိ၏ အင်အားကို မလျှော့ချခဲ့ပေ။
သူမသည် နာကျင်မှုကို အောင့်အည်းကာ သွေးများကို လမ်းညွှန်အဖြစ် အသုံးပြုပြီး ထိုဝိညာဉ်အစိတ်အပိုင်းကို ရှန်ယု၏ ရုပ်သေးကိုယ်ထည်အတွင်းသို့ ထည့်သွင်းလိုက်သည်။ ရုပ်သေးကိုယ်ထည်က ဝိညာဉ်အစိတ်အပိုင်းကို လက်ခံရရှိသည်နှင့် တပြိုင်နက် မျက်လုံးများ ပြန်လည် ပွင့်လာတော့သည်။
ဤသို့ဖြင့် ဤရုပ်သေးကိုယ်ပွားမှာ သန့်စင်ပြီးသား ဖြစ်သွားချေပြီ။ မုန့်ဝမ်သည် လေသင်္ဘောပေါ်တွင် မှီထိုင်ရင်း အသက်ကို ပြင်းပြင်းရှူကာ သူမအတွက် ရရှိလာသော ရုပ်သေးအသစ်ကို ကြည့်ပြီး အလွန် ကျေနပ်နေပေသည်။
ယခုတစ်ကြိမ်တွင် ရှန်မိသားစု မောင်နှမများ၏ အသက်နှင့် ပိုင်ဆိုင်မှုများကို ရရှိခဲ့ရုံသာမက မထင်မှတ်ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးတစ်ရုပ်ကိုပါ ရရှိခဲ့သည်။ ထို့ပြင် ဤရုပ်သေးမှာ နောက်ခံအင်အား ကောင်းမွန်ပြီး မိမိထက် ကျင့်စဉ်အဆင့် မြင့်သူကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဓားကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ရှန်ယု၏ စွမ်းအားမှာ ရုပ်သေးအဖြစ် သန့်စင်ခံရပြီးနောက် အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း တူညီသောအဆင့်ရှိ ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် အလွန် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်ပေသည်။
မုန့်ဝမ်သည် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး ဝိညာဉ်ခွဲကို အသုံးပြုကာ ရှန်မိသားစု၏ နောက်ခံအကြောင်းအရာများကို အသေးစိတ် စစ်ဆေးလိုက်သည်။ ထို့နောက် ရှန်မိသားစုမှ ဦးလေးနှင့် တူနှစ်ယောက်၏ သိုလှောင်လက်စွပ်၊ သိုလှောင်အိတ်များကို အသေအချာ ရှာဖွေလိုက်သည်။
အဖိုးတန်သမျှ အရာအားလုံးကို သူမထံသို့ ပြောင်းရွှေ့လိုက်ပြီး ရုပ်သေးရှန်ယုအတွက်မူ ပုံမှန် ဝိညာဉ်လက်နက် ဓားတစ်စင်း၊ ဒဏ်ရာပျောက်ဆေးလုံး အချို့နှင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်တို့ကိုသာ အမြင်ကောင်းရုံ ထည့်ပေးထားလိုက်သည်။
ရှန်မိသားစု၏ ဘိုးဘေးများတွင် တစ်ချိန်က နက်နဲသော ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး ရှိခဲ့ဖူးသဖြင့် နှစ်ပေါင်းများစွာအတွင်း အနည်းငယ် ဆုတ်ယုတ်သွားသော်လည်း သာမန် အင်အားစုအသေးစားများနှင့်တော့ မနှိုင်းယှဉ်သာပေ။
အနည်းဆုံးတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တစ်ဦးတည်းဖြင့် ထောက်တိုင်လုပ်ထားရသော မုန့်မိသားစုသည် ရှန်မိသားစုကဲ့သို့ အင်အားကြီး မိသားစုနှင့် မယှဉ်နိုင်ေပ။
အဆင့်မြင့် ဝိညာဉ်လက်နက်များပင်လျှင် ထိုဦးလေးနှင့် တူသုံးယောက်ထံ၌ လေးငါးခုခန့် ရှိနေပြီး အခြားသော ပစ္စည်းကောင်းများကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။
ဝိညာဉ်ဖမ်းခေါင်းလောင်း၊ ရှန်စီဟန် အသုံးပြုခဲ့သော လက်ရာမြောက်သည့် သစ်သားအိမ်လေးနှင့် ရှန်ကျီရွှမ်၏ ဝိညာဉ်လက်နက် ဓားတို့ကို မုန့်ဝမ်က ပြုံးရွှင်စွာ သိမ်းဆည်းလိုက်သည်။
ရှန်ယုထံ၌ ပစ္စည်းကောင်းများ ပို၍ပင် များပြားလှသည်။ မုန့်ဝမ်သည် သူ၏ သိုလှောင်အိတ်ထဲမှ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲအလောင်း နှစ်ခုကိုပင် တွေ့ရှိခဲ့ရသည်။
နှမြောစရာကောင်းသည်မှာ ထိုသုံးယောက်၏ သိုလှောင်ပစ္စည်းများထဲတွင် ကျောက်စိမ်းပြားများနှင့် ကျင့်စဉ်အချို့ ပါရှိသော်လည်း ၎င်းတို့မှာ သာမန်ပစ္စည်းများသာ ဖြစ်ပြီး အဖိုးတန်ခြင်း မရှိပေ။
ရှန်စီဟန် ယခင်က အသုံးပြုခဲ့သော ရွှေရောင်လက်ဝါးကြီးနှင့် ရှန်ကျီရွှမ် အသုံးပြုခဲ့သော ကောင်းကင်လျှပ်စီးအဆောင်တို့ကိုမူ ရှာမတွေ့ခဲ့ပေ။
ရှန်ယုကို သန့်စင်စဉ်က သူ၏ အသိစိတ်က အပြင်းအထန် ခုခံခဲ့သဖြင့် သေဆုံးခါနီး မှတ်ဉာဏ်အများစုမှာ ပျက်စီးသွားခဲ့သည်။ သို့မဟုတ်ပါက တစ်ခုခုကို တူးဆွနိုင်ကောင်းပေလိမ့်မည်။
ဤအတွေးမှာ မုန့်ဝမ်၏ စိတ်ထဲတွင် ခဏမျှ ပေါ်လာပြီးနောက် ချက်ချင်းပင် ဖယ်ထုတ်လိုက်သည်။ ၎င်းတို့မှာ လျှို့ဝှက်အတတ် နှစ်ခုမျှသာ ဖြစ်သဖြင့် မရရှိခဲ့သော်လည်း ပြဿနာ မရှိပေ။
အကျိုးအမြတ်အားလုံးကို သိမ်းဆည်းပြီးနောက် မုန့်ဝမ်သည် လေသင်္ဘောကို မောင်းနှင်ကာ ဆင်းသက်ရန် နေရာတစ်ခု ရှာလိုက်ပြီး ရှန်ယုနှင့်အတူ တစ်ဦးနောက်တစ်ဦး ကျင့်ကြံခြင်းဂူကို ဆက်လက် စူးစမ်းရန် ထွက်ခွာခဲ့သည်။
ရှန်ယုက ရှေ့မှ လျှောက်ကာ ကင်းထောက်ခြင်းနှင့် သတိထား စောင့်ကြည့်ခြင်းများကို တာဝန်ယူရသည်။ သူမကမူ ဂျူနီယာတစ်ဦးကဲ့သို့ နောက်မှ လိုက်ပါလာသည်။
သူမ၏ စိတ်ထဲမှ အသံမှာ ခဏတာ ငြိမ်သက်နေသဖြင့် မုန့်ဝမ်ကပင် စတင် စကားပြောလိုက်သည်။
"စီနီယာ.. ရှိနေသေးရဲ့လား"
အချိန်အတော်ကြာသည့်တိုင် မုန့်ဝမ်၏ မေးခွန်းကို မည်သည့် တုံ့ပြန်မှုမျှ မရရှိဘဲ သစ်ပင်များကြားမှ တိုက်ခတ်လာသော တောင်လေညင်းသံကိုသာ ကြားနေရသည်။
"စီနီယာက ကျွန်မရဲ့ လမ်းပြလို့ ပြောခဲ့တယ် မဟုတ်လား"
မုန့်ဝမ်က စိတ်ထဲမှ ဆက်လက် ပြောနေပြန်သည်။
"စီနီယာက ဒီမှာ အကြာကြီး စောင့်နေခဲ့တာ ပါရမီထူးချွန်တဲ့ ဆက်ခံသူကို စောင့်နေတာလို့ ပြောခဲ့တယ်လေ၊ အဲဒီလူက ကျွန်မပဲလို့လည်း စီနီယာက ရွေးချယ်ခဲ့တာ မဟုတ်လား......
ကျွန်မရဲ့ အရိုးတည်ဆောက်ပုံက ထူးခြားပြီး တစ်သောင်းမှာ တစ်ယောက်သာရှိတဲ့ ကျင့်ကြံခြင်း ပါရမီရှင်လို့လည်း စီနီယာ ပြောခဲ့ပြီး.........
စီနီယာရဲ့ အစစ်အမှန် အမွေအနှစ်ကိုသာ ရရင် နောင်တစ်ချိန်မှာ စီနီယာရဲ့ ဂုဏ်သရေကို ပြန်လည် ဖော်ဆောင်နိုင်လိမ့်မယ်လို့လည်း ပြောခဲ့တယ်လေ"
မုန့်ဝမ်က ခဏမျှ ထပ်မံ စောင့်ကြည့်သော်လည်း စိတ်ထဲမှ အသံမှာ လုံးဝ ပြန်မဖြေတော့ပေ။
"စီနီယာ.. စီနီယာ.. စီနီယာ စကားမပြောရင် ကျွန်မ လာရှာတော့မှာနော်"
စိတ်ထဲတွင် မည်သည့် အသံမျှ ထပ်မံ ထွက်ပေါ်မလာတော့ဘဲ မုန့်ဝမ် ယခင်က ကြားခဲ့ရသော စကားများမှာ စိတ်ကူးယဉ် အာရုံမှားမှုများ ဖြစ်ခဲ့သည့်အလား ငြိမ်သက်နေတော့သည်။
မုန့်ဝမ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ထို 'စီနီယာ' ပြောခဲ့သော အမွေအနှစ်ရှိရာ နေရာသို့ ရှန်ယုနှင့်အတူ ဦးတည်သွားလိုက်သည်။