အသိဟောင်း
Vol. 10 Ch. 93
မုန့်ဝမ်သည် အခြေခံစွမ်းအင်ထိန်းချုပ်ခြင်းအတတ်ကို အသုံးပြုကာ သူမ၏ကျင့်စဉ်အဆင့်ကို အခြေခံစွမ်းအင်အဆင့် ခုနစ် တွင်သာ ထိန်းထားလိုက်သည်။ ထို့နောက် ရှန်ယု၏နောက်မှ လိုက်ပါရင်း ဦးတည်ချက်တစ်ခုသို့ အပြေးအလွှား သွားကြပေသည်။
နာရီဝက်ခန့် ခရီးနှင်ပြီးနောက် ရှေ့ရှိ ထူထပ်သော တောအုပ်အတွင်းမှ လူစကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သို့သော် အကွာအဝေးမှာ အလှမ်းဝေးနေသေးသဖြင့် ရှင်းရှင်းလင်းလင်းတော့ မကြားရချေ။
"ဘယ်သူလဲ"
မုန့်ဝမ်က တောအုပ်အတွင်းမှ လှုပ်ရှားမှုကို သတိပြုမိသကဲ့သို့ တစ်ဖက်လူကလည်း သူမကို သတိထားမိသွားသည်။ တောအုပ်ထဲတွင် ပုန်းကွယ်နေသော လူသုံးဦးမှာ သတိကြီးစွာဖြင့် လှည့်ကြည့်လာကြသည်။
ရောက်လာသူများမှာ ရှန်ယုနှင့် အခြေခံစွမ်းအင်အဆင့် မိန်းမပျိုတစ်ဦးဖြစ်ကြောင်း မြင်လိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာတွင် အံ့ဩဝမ်းသာရိပ်များ ပေါ်လာသည်။
"အစ်ကိုရှန်.. တိုက်ဆိုင်လိုက်တာ၊ ဒီမှာ ဆုံမယ်လို့ မထင်ထားဘူးဗျာ"
ချွေယွီချန်က ပထမဆုံး တုံ့ပြန်လိုက်ပြီး မျက်နှာထက်မှ သံသယများကို ဖယ်ရှားကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ မုန့်ဝမ်က ထိုလူကို မျက်လုံးထောင့်မှ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လွှဲလိုက်သည်။
ရှန်ယု၏ ကန့်သတ်ထားသော မှတ်ဉာဏ်များအရ ဤလူ၏အမည်မှာ ချွေယွီချန်ဖြစ်ပြီး အင်အားစုအသေးစားတစ်ခုမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ကြောင်း သိရသည်။ ရှန်ယုနှင့် ရင်းနှီးလှသည်မဟုတ်သော်လည်း အကြိမ်အနည်းငယ် ဆုံဖူးသူ ဖြစ်ပေသည်။
"တာအိုရောင်းရင်းချွေ.. နေကောင်းပါလား"
ရှန်ယုက ယဉ်ကျေးပျူငှာသော အပြုံးဖြင့် လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်သည်။
"ဒါက............"
ချွေယွီချန်၏ အကြည့်က မုန့်ဝမ်ထံသို့ ကျရောက်သွားပြီး ဇဝေဇဝါဖြစ်သွားဟန် ရှိသည်။
"ဒါက ကျွန်တော့်မိသားစုက ဂျူနီယာ ရှန်ဝမ်အာ ပါ"
ရှန်ယုက ခပ်ပေါ့ပေါ့ပင် မိတ်ဆက်ပေးလိုက်သည်။ မုန့်ဝမ်ကလည်း ဂျူနီယာတစ်ဦး၏ အမူအရာအတိုင်း "စီနီယာချွေကို ဂါရဝပြုပါတယ်" ဟု နှုတ်ဆက်လိုက်သည်။
"ဩော်.. အစ်ကိုရှန်ရဲ့ ဂျူနီယာကိုး၊ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ၊ အစ်ကိုရှန်ရဲ့ ဂျူနီယာက ကျွန်တော့်ရဲ့ နားမလည်တဲ့ တပည့်နှစ်ယောက်ထက် အများကြီး ပိုပြီး အလားအလာရှိတာပဲ"
ချွေယွီချန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး မုန့်ဝမ်ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် သူ၏ တပည့်နှစ်ဦးကို စိုက်ကြည့်လိုက်သည်။
"တင့်ကွီ၊ တင့်ကျဲ.. မင်းတို့ ဦးလေးရှန်ကို ဘာလို့ နှုတ်မဆက်ကြသေးတာလဲ"
ချွေယွီချန်၏ နောက်ကွယ်တွင် ရပ်နေသော လူနှစ်ဦးမှာ ရှန်ယုကို အလျင်အမြန်ပင် အလေးပြုလိုက်ကြသည်။
"စီနီယာရှန်ကို ဂါရဝပြုပါတယ်"
ခေတ္တမျှ အပြန်အလှန် နှုတ်ဆက်ပြီးနောက် ချွေယွီချန်က ပြုံး၍ ပြောလိုက်သည်။
"အခုလို အစ်ကိုရှန်နဲ့ ဆုံရတာ ကံတရားပဲဗျ၊ ခင်ဗျားရော ကျွန်တော်ရော တစ်ယောက်တည်း ဖြစ်နေတာဆိုတော့ အတူတူ သွားကြရင် မကောင်းဘူးလား"
ရှန်ယုက ဝေခွဲမရဟန်ဖြင့် "အမှန်အတိုင်း ပြောရရင် ကျွန်တော်က ဒီကို အတွေ့အကြုံယူဖို့ လာတာပါ၊ ပထမက မိသားစုက ဂျူနီယာကို အမြင်ကျယ်အောင် လုပ်ပေးဖို့ဖြစ်ပြီး ဒုတိယကတော့ ကံစမ်းကြည့်ဖို့ပါပဲ၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ပါဘူး"
"ဟားဟား.. အစ်ကိုရှန်က တကယ်ကို ပွင့်လင်းတာပဲ၊ အစ်ကိုရှန်ရဲ့ စိတ်ကူးက ကျွန်တော်နဲ့ ထပ်တူပါပဲဗျာ၊ အခွင့်အရေးက အရေးကြီးပေမဲ့ ကိုယ့်အသက်က ပိုပြီး အရေးကြီးတာပေါ့"
ချွေယွီချန်က သဘောတူဟန်ဖြင့် ရယ်မောလိုက်သည်။ ၎င်းကို ကြားသောအခါ ရှန်ယုက ဖိတ်ခေါ်မှုကို လက်ခံလိုက်တော့သည်။
"ဒါဆိုရင်လည်း ကျွန်တော်တို့ အတူတူ သွားကြတာပေါ့၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးလို့ ရတာပေါ့"
နှစ်ဖွဲ့စလုံး အတူတူ ခရီးစတင်ခဲ့ကြသည်။ ရှန်ယုနှင့် ချွေယွီချန်တို့က ရှေ့မှ လျှောက်ရင်း အသံတိုးတိုးဖြင့် သတင်းအချက်အလက်များ ဖလှယ်နေကြသော်လည်း နောက်မှ လိုက်ပါလာသော လူငယ်သုံးဦးကိုတော့ ဖုံးကွယ်ထားခြင်း မရှိပေ။
"ဒီကျင့်ကြံခြင်းဂူရဲ့ ပိုင်ရှင်က သူ့သက်တမ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ကျွန်တော်ရတဲ့ သတင်းအရတော့ ဂူပိုင်ရှင်က မိစ္ဆာကျင့်ကြံသူ ဖြစ်ဖို့ များတယ်ဗျ"
"ဟုတ်တယ်"
ချွေယွီချန်က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး "အစစ်အမှန် အမွေအနှစ်နေရာက ပေါ်လာပြီလို့ ကျွန်တော် သတင်းရထားတယ်၊ ကောလာဟလ ကြားတဲ့ ကျင့်ကြံသူ အများအပြားလည်း အဲဒီကို အလုအယက် သွားနေကြပြီ"
"ဒီလောက် မြန်မြန်လား"
ရှန်ယု အနည်းငယ် အံ့ဩသွားသည်။ ဂူပွင့်တာ တစ်ရက်ပဲ ရှိသေးသည် မဟုတ်ပါလား။
"တကယ်ကို ထင်ထားတာထက် ပိုမြန်နေတယ်"
ချွေယွီချန်က ခါးသက်သက် ပြုံးလိုက်ပြီး "အမှန်အတိုင်း ပြောရရင် အစ်ကိုရှန်နဲ့ မဆုံခဲ့ရင် ဒီကိစ္စထဲ ပါသင့်မပါသင့် ကျွန်တော် တွန့်ဆုတ်နေဦးမှာပဲ၊ မဟုတ်ရင် ကျွန်တော် တစ်ယောက်တည်း အင်အားစု အများအပြားကြားထဲကနေ လုဖို့ ယုံကြည်ချက် မရှိဘူးဗျ"
ရှန်ယုကလည်း ထပ်တူ ခံစားရဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"စကားတွေ အများကြီး မပြောနေတော့ဘဲ မြန်မြန် သွားကြရအောင်၊ နောက်ကျသွားရင် ဘာမှ ရမှာ မဟုတ်ဘူး"
အဖွဲ့သားများ အရှိန်မြှင့်ကာ ချွေယွီချန် ပြောသော ဦးတည်ချက်သို့ ပြေးသွားကြသည်။
တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည်ဖြစ်စေ ချွေယွီချန် သွားသော လမ်းကြောင်းမှာ သူမ၏ စိတ်ထဲမှ အသံက ညွှန်ပြခဲ့သော လမ်းကြောင်းနှင့် တစ်ထပ်တည်း ဖြစ်နေပေသည်။
နှစ်နာရီခန့် ကြာပြီးနောက် အားလုံးသည် တောင်ကြားတစ်ခု၏ ရှေ့သို့ ရောက်ရှိလာကြသည်။
"ဒီနေရာပဲ"
ချွေယွီချန်က တောင်ကြား အနက်ရှိုင်းဆုံးဆီသို့ လက်ညှိုးညွှန်လိုက်ရာ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ လက်ယှက်နေသည်။
အားလုံးက လိုက်ကြည့်လိုက်သောအခါ တောင်ကြားအတွင်း၌ ရှေးဟောင်း နန်းတော် အဆောက်အဦးများကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။ ထို့ပြင် ထိုနန်းတော်ဆီမှ တိုက်ခိုက်သံများနှင့် ဟိန်းဟောက်သံများလည်း ထွက်ပေါ်လာနေသည်။
ချွေယွီချန်နှင့် ရှန်ယုတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် နန်းတော်ဆီသို့ အမြန် လျှောက်သွားကြသည်။ မုန့်ဝမ်နှင့် ချွေယွီချန်၏ တပည့်နှစ်ဦးမှာလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။
နန်းတော်သို့ သွားရာလမ်းမှာ ထင်ထားသကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်မနေဘဲ ရှုပ်ထွေးနေသော စစ်မြေပြင်တစ်ခု ဖြစ်နေသည်။ လေထုထဲတွင် ပျို့အန်ချင်စဖွယ် သွေးညှီနံ့များ ဖုံးလွှမ်းနေပေသည်။
မခြောက်သေးသော သွေးစွန်းရာများနှင့် ဝိညာဉ်လက်နက် အပိုင်းအစများက ဤနေရာတွင် မကြာသေးမီကပင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။
"ကျွန်တော်တို့ နောက်ကျသွားပြီ ထင်တယ်၊ တစ်ယောက်ယောက်က ဦးသွားပြီပဲ"
ချွေယွီချန်က ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး နှမြောတသဟန်ဖြင့် ပြောလိုက်သည်။
ရှန်ယုကမူ နှုတ်ဆိတ်နေပြီး ကျန်ရှိနေသော အမှတ်အသားများမှတစ်ဆင့် တိုက်ပွဲတွင် ပါဝင်သည့် အင်အားစုများနှင့် အခြေအနေကို သိရှိနိုင်ရန် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။
ကျဉ်းမြောင်းသော တောင်လမ်းလေးကို ဖြတ်ကျော်ပြီးနောက် ရှေးကျပြီး ခန့်ညားထည်ဝါသော ပင်မဆောင်ကြီးတစ်ခု အားလုံး၏ ရှေ့တွင် ပေါ်လာတော့သည်။
သူတို့နှစ်ဦးသည် ဂျူနီယာများကို ခေါ်ဆောင်၍ ပင်မဆောင်ရှေ့သို့ သတိကြီးစွာ ရောက်ရှိလာကြရာ ပင်မဆောင် အလယ်ဗဟိုတွင် လွင့်မြောနေပြီး အလင်းရောင်ဖျော့ဖျော့ ထုတ်လွှတ်နေသော ရိုးရှင်းသည့် ကျောက်စိမ်းပြား တစ်ခုကို ချက်ချင်းပင် မြင်လိုက်ရသည်။
ကျောက်စိမ်းပြား ဘေးပတ်လည်တွင် နက်နဲသော အက္ခရာအချို့ စီးဆင်းနေသဖြင့် ၎င်းကို ပို၍ပင် ဆန်းကြယ်နေစေသည်။
ပင်မဆောင် အတွင်း၌ ကျင့်ကြံသူ တစ်ဒါဇင်ခန့်မှာ အုပ်စုအသီးသီး ခွဲနေကြပြီး ကျောက်စိမ်းပြားကို လောဘတကြီး စိုက်ကြည့်နေကြသော်လည်း မည်သူမျှ မဆင်မခြင် မလှုပ်ရှားရဲကြချေ။
ထိုကျင့်ကြံသူများထဲတွင် ဟိန်ယွဲ့မြို့မှ အင်အားစုကြီး၊ အငယ်များမှ ကျင့်ကြံသူများသာမက ကျော်ကြားသော လေလွင့်ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများလည်း ပါဝင်သည်။
သူတို့ တစ်ဦးချင်းစီတွင် အလွန် အားကောင်းသော အရှိန်အဝါများ ရှိနေကြပြီး အားလုံးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အချို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပိုင်းတွင်ပင် ရှိနေကြချေပြီ။
ချွေယွီချန်နှင့် ရှန်ယုတို့ အတူတူ ရောက်လာသည်ကို မြင်သောအခါ တင်းမာနေသော ကျင့်ကြံသူများ အားလုံးက သတိကြီးစွာ လှည့်ကြည့်လာကြသည်။
"ဒါ.. ရွှမ်ယင်ဂိုဏ်းက 'သွေးလက်ဝါး သားသတ်သမား' ပဲ"
"ဟိုဘက်ကတော့ ထာဝရရှင်သန်ခြင်းမဟာမိတ်က 'ရွှေဓား' ကျန်းထျန်းဖန်း မဟုတ်လား"
ချွေယွီချန်၏ တပည့်တစ်ဦးက ပင်မဆောင်အတွင်းရှိ ကျင့်ကြံသူအချို့ကို မှတ်မိသဖြင့် အသံတိုးတိုးဖြင့် ရေရွတ်လိုက်ရာ သူ၏ အသံတွင် ထိတ်လန့်မှုများ ပါဝင်နေသည်။
"ချွေယွီချန်.. မင်းလည်း ရောက်လာတာလား"
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်သော အမူအရာရှိသည့် အမျိုးသမီးကျင့်ကြံသူ တစ်ဦးက ပင်မဆောင်အပြင်ဘက်ကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
"ဘာလဲ.. မင်းလည်း ဒီပစ္စည်းကို လာလုမလို့လား"
ချွေယွီချန်၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ ဤနေရာတွင် ရန်သူနှင့် ဆုံလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ဩော်.. ဝိညာဉ်ရိပ်ဂိုဏ်းက ကျင့်ကြံသူရှဲ့ ကိုး၊ ဒီအမွေအနှစ်နေရာက မင်းတို့ ဝိညာဉ်ရိပ်ဂိုဏ်း တစ်ခုတည်း ပိုင်တာ မဟုတ်ဘူးနော်"
မျိုးရိုးအမည် ရှဲ့ ဟု ခေါ်သော အမျိုးသမီးကျင့်ကြံသူက ဘာမှ ပြန်မပြောဘဲ လှောင်ပြုံးသာ ပြုံးနေသော်လည်း သူမ၏ မျက်လုံးများထဲတွင်တော့ မကောင်းသော အကြံအစည်များ လက်ယှက်နေပေသည်။
"အကိုရှန်.. ဒီနေ့တော့ ဒီရတနာကို ရဖို့ မလွယ်ဘူး ထင်တယ်ဗျ"
ချွေယွီချန်က မျက်နှာ ပျက်ပျက်ဖြင့် အသံတိုးတိုး ပြောလိုက်သည်။ ရှန်ယုက အသာအယာ ခေါင်းညိတ်လိုက်ပြီး ချွေယွီချန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ "အခြေအနေ ကြည့်ပြီးမှ လုပ်ကြတာပေါ့" ဟု ဆိုလိုက်သည်။
ပင်မဆောင်အတွင်းရှိ ကျင့်ကြံသူများမှာ အားလုံးက ခက်ခဲသော ပြိုင်ဘက်များ ဖြစ်ကြသဖြင့် တကယ်တမ်း တိုက်ပွဲဖြစ်ပွားပါက သူတို့နှစ်ဦးအတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။
"ဒီအမွေအနှစ်နေရာက အရမ်း အန္တရာယ်များတယ်၊ မင်းတို့ရဲ့ ကျင့်စဉ်အဆင့်က နိမ့်သေးတော့ စွန့်စားမနေကြနဲ့ဦး၊ အားလုံးပဲ ပင်မဆောင် အပြင်ဘက်မှာ စောင့်နေကြ၊ ဒီနေရာနဲ့ ဝေးဝေးမှာ နေဖို့ မမေ့နဲ့ဦး"
ချွေယွီချန်က လှည့်၍ သူ၏ တပည့်နှစ်ဦးနှင့် မုန့်ဝမ်ကို မှာကြားလိုက်သည်။ ၎င်းတို့ သုံးဦးမှာ စပ်စုချင်စိတ် ရှိသော်လည်း အမိန့်ကို မဖီဆန်ရဲသဖြင့် အဝေးသို့ ဆုတ်ခွာသွားကြသည်။
ထိုအချိန်မှာပင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ် ထပ်မံ ရောက်ရှိလာပြီး ပင်မဆောင်အတွင်းသို့ ဝင်သွားကြသည်။ ပင်မဆောင်အတွင်းရှိ အခြေအနေမှာ ပေါက်ကွဲလုနီးပါး တင်းမာလာစဉ် -
ထွားကျိုင်းသော ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ကျောက်စိမ်းပြားဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
"ဒီလျှို့ဝှက်ရတနာကို ငါ လိုချင်တယ်"