← Chapters

စီနီယာများ၏ လမ်းညွှန်မှု

Vol. 10 Ch. 95

စီနီယာများ၏ လမ်းညွှန်မှု

Vol. 10 Ch. 95

၎င်းကို တွေးမိသည်နှင့် တင့်ကွီက ချက်ချင်းပင် ငြင်းပယ်လိုက်တော့သည်။

"သခင်လေးကျောက်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အစွမ်းက နိမ့်ပါးလွန်းလို့ အကူအညီဖြစ်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ကိုယ့်လမ်းကိုယ်ပဲ သွားကြတာပေါ့"

"ဟမ့်.. သခင်လေးက ကိုယ်တိုင် ဖိတ်ခေါ်နေတာတောင် မင်းတို့က ငြင်းရဲတယ်ပေါ့၊ ပြဿနာရှာချင်နေတာလား"

ကျောက်ဝေ၏ နောက်ကွယ်မှ အဘွားအိုတစ်ဦးက နှာခေါင်းရှုံ့ကာ မကျေမနပ် ပြောဆိုလိုက်သည်။

"ငါတို့ရဲ့ လေလွင့်ကျင့်ကြံသူမဟာမိတ်က ဟိန်ယွဲ့မြို့ရဲ့ ထိပ်တန်းအင်အားစုတွေထဲက တစ်ခုပဲ၊ ငါတို့မဟာမိတ်ကို စော်ကားပြီး ဒီအတိုင်း လွတ်သွားမယ်လို့ မင်းတို့ တကယ်ပဲ ထင်နေတာလား"

၎င်းကို ကြားသောအခါ တင့်ကွီနှင့် တင့်ကျဲတို့၏ မျက်နှာများမှာ အလွန်ပင် ဆိုးရွားသွားတော့သည်။ သူတို့သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကျောထောက်နောက်ခံပြုထားသဖြင့် ပုံမှန်အားဖြင့် ဟိန်ယွဲ့မြို့တွင် အခြေအနေကောင်းကောင်းနှင့် နေထိုင်နိုင်ကြသူများ ဖြစ်ပေသည်။

သို့သော် ယခုအခါ တစ်စုံတစ်ဦးက သူတို့၏ မျက်နှာချင်းဆိုင်တွင်ပင် ရဲရဲတင်းတင်း ခြိမ်းခြောက်နေချေပြီ။

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ၎င်းတို့အနေဖြင့် ထိုခြိမ်းခြောက်နေသူကို အမှန်တကယ်ပင် မပြိုင်ဆိုင်ရဲခြင်း ဖြစ်ပေသည်။

ထို့ကြောင့် သူတို့သည် မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ဘေးတွင်ရှိနေသော မုန့်ဝမ်ကို ကြည့်ကာ မီးလောင်ရာလေပင့်လိုက်ကြသည်။

"ညီမလေးရှန်.. ဒီလူက ကျွန်တော်တို့ကို တကယ်ပဲ ခြိမ်းခြောက်နေတာဗျ"

"ဟုတ်တယ်.. ဒီအဘွားကြီးက ဒီလိုစကားမျိုး ပြောတာဟာ ညီမလေးကိုရော၊ ရှန်မိသားစုကိုရော မျက်ကွယ်ပြုလိုက်တာပဲ"

တင့်ကွီနှင့် တင့်ကျဲတို့မှာ တကယ်တမ်းတွင် မကောင်းသော စိတ်ထားရှိသူများ မဟုတ်ကြဘဲ ကျောက်ဝေ၏ နယ်ရုပ်အဖြစ် အသုံးချမခံချင်ကြခြင်းသာ ဖြစ်သည်။

သူတို့သည် မုန့်ဝမ်၏ အဆင့်အတန်းကို အသုံးပြု၍ သူတို့ကို အတင်းအကျပ် အုပ်စုဖွဲ့ခိုင်းနေသော ကျောက်ဝေကို ဟန့်တားနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူတို့ မြင်တွေ့လိုက်ရသည်မှာ ဝေခွဲမရဖြစ်နေပြီး တုံ့ဆိုင်းနေသော မျက်လုံးတစ်စုံသာ ဖြစ်သည်။

"ဒါပေမဲ့.. ကျွန်မ မထွက်လာခင်က ဦးလေးက အထပ်ထပ် မှာထားတယ်၊ အပြင်မှာ စကားပြောတာ၊ လှုပ်ရှားတာတွေကအစ သတိထားရမယ်၊ မိသားစုအတွက် ရန်သူမရှာမိစေနဲ့တဲ့"

သူတို့ သုံးဦးကို အကဲခတ်နေသော ကျောက်ဝေသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ဤညီမလေးရှန်တွင် တစ်စုံတစ်ရာသော နောက်ခံရှိပုံရသည်ဟု သူ ယူဆလိုက်သည်။ သူက မုန့်ဝမ်ကို မသိမသာ ထပ်မံ အကဲခတ်လိုက်ပြီးနောက် ကြားဝင်စေ့စပ်ပေးလိုက်သည်။

"ကဲပါ.. အဒေါ်စန်း၊ ငါတို့ရဲ့ သူငယ်ချင်းတွေကို မခြောက်ပါနဲ့"

ကျောက်ဝေက အဘွားအိုကို ဆူပူလိုက်ပြီးနောက် မုန့်ဝမ်တို့ သုံးဦးကို ကြည့်ကာ ပြုံးလျက် မေးမြန်းလိုက်သည်။

"တကယ်ပဲ ကျွန်တော့်အဖွဲ့ထဲ မဝင်ချင်ကြဘူးလား၊ ကျွန်တော့်မှာ မကောင်းတဲ့ စိတ်ရည်ရွယ်ချက် မရှိပါဘူး၊ လူများလေ အင်အားရှိလေဆိုတော့ အတူတူ သွားကြရင် လွတ်မြောက်ဖို့ အခွင့်အရေး ပိုများမယ်လို့ ထင်လို့ပါ"

တင့်ကွီ၏ မျက်နှာမှာ ပျက်ယွင်းနေပေသည်။ ကျောက်ဝေ၏ စကားများမှာ နားထောင်ကောင်းသော်လည်း သူ၏ နားထဲတွင်မူ အဘွားအိုက လူဆိုးလုပ်၍ ကျောက်ဝေက လူကောင်းလုပ်ကာ သူတို့ကို အတင်းအကျပ် နာခံခိုင်းနေခြင်းသာ ဖြစ်သည်။

သူက ညီဖြစ်သူနှင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မုန့်ဝမ်ကို ထပ်မံ မေးမြန်းလိုက်သည်။

"ညီမလေးရှန်.. ဘယ်လိုသဘောရသလဲ"

မုန့်ဝမ်က ခေါင်းလေးစောင်းကာ ခဏမျှ စဉ်းစားလိုက်ပြီး "လက်ရှိတော့ သခင်လေးကျောက်နဲ့ပဲ အတူတူ လိုက်သွားကြတာပေါ့" ဟု ဆိုလိုက်သည်။

တင့်ကွီမှာ မကျေနပ်သော်လည်း ကျောက်ဝေကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရန် သတ္တိမရှိပေ။ သူက ဒေါသကို မျိုသိပ်ကာ ပြောလိုက်ရတော့သည်။

"ဒါဆိုရင်လည်း ကျွန်တော်တို့ လက်ခံပါတယ်၊ ဒါပေမဲ့ သခင်လေးကျောက် သတိရပေးပါ၊ ကျွန်တော်တို့က နောက်ခံမရှိတဲ့ လေလွင့်ကျင့်ကြံသူတွေ မဟုတ်ပါဘူး"

တင့်ကွီ၏ မျက်လုံးထဲတွင် သတိပေးရိပ်များ လက်သွားပြီး "ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က မီးလျှံခန်းမရဲ့ ဒုတိယခန်းမသခင် ချွေယွီချန်ရဲ့ တပည့်တွေပါ၊ ဒီညီမလေးရှန်ရဲ့ နောက်ခံက ပိုပြီးတော့တောင် ကြီးမားပါသေးတယ်၊ ဒါကြောင့် သခင်လေးကျောက် အမှားမလုပ်မိဖို့ မျှော်လင့်ပါတယ်"

ကျောက်ဝေ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသော်လည်း မျက်နှာပေါ်မှ အပြုံးမှာမူ နူးညံ့နေဆဲ ဖြစ်သည်။ သူမ၏ နောက်ခံအစစ်အမှန်ကို မသိရသေးမီအထိ ထိုညီမလေးရှန်ကို သူ လှုပ်ရှားဦးမည် မဟုတ်ပေ။

သို့သော် မင်းတို့နှစ်ယောက်က ဘာကောင်တွေမို့လို့လဲ။ မီးလျှံခန်းမဆိုတာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်တည်းပဲ ရှိတာ မဟုတ်လား။ အဲဒီလို အင်အားစုအသေးစားလေးတွေက ဟိန်ယွဲ့မြို့မှာ အများကြီးပဲ။

"တာအိုရောင်းရင်းတို့ကလည်း ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် ကျောက်ဝေက ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အားလုံး အဆင်ပြေပြေ လွတ်မြောက်အောင် ဦးဆောင်ပေးတာပါ၊ ခင်ဗျားတို့ကို ဒုက္ခပေးမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး"

ကျောက်ဝေ၏ စီစဉ်မှုအောက်တွင် အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်ခန့် ပါဝင်သော ယာယီအဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ပြီး ဂူ၏ အနက်ရှိုင်းဆုံးဆီသို့ လျှောက်လှမ်းသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ဂူ၏ ပိုမိုနက်ရှိုင်းသော နေရာ၌ -

အစီအရင်၏ စွမ်းအားကြောင့် ဤနေရာသို့ ရောက်ရှိလာကြသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ သူတို့၏ အခြေအနေကို သိရှိသွားပြီးနောက် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် လူတိုင်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်ပေါက်လာကြသည်။

"တကယ့်ကို 'ရှာပုံတော်မဖွင့်ဘဲ အလိုလိုတွေ့၊ အပင်ပန်းမခံဘဲ အလွယ်တကူရ' တဲ့ ကိစ္စပဲ၊ ဒီနေရာက ကျင့်ကြံခြင်းဂူပိုင်ရှင်ရဲ့ အသိုက်အမြုံ ဖြစ်နေတာပဲ"

"ဒါပေမဲ့ ဒီမိစ္ဆာကျင့်ကြံသူက တကယ်ကို ရက်စက်တာပဲ၊ ဒီနေရာကို ဝင်ဖို့ အစီအရင်ကို နှိုးဆော်ဖို့အတွက် အသက်ပေါင်းများစွာကို ယဇ်ပူဇော်ရတာကိုး"

ရှန်ယု၏ ကိုယ်ထည်ကို အသုံးပြုထားသော မုန့်ဝမ်သည် မည်သည့်ခံစားချက်မျှ မပြဘဲ လူတိုင်း၏ ဆွေးနွေးမှုများကို နားထောင်နေရင်း ယခင်က သူမစိတ်ထဲတွင် ပေါ်လာခဲ့သော အသံကို ပြန်လည် စဉ်းစားနေမိသည်။

ရဲတင်းသော အတွေးတစ်ခု သူမ၏ ခေါင်းထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။

အခု ဖြစ်ပျက်နေသမျှ အရာအားလုံးက ထိုအသံရှင်ရဲ့ စီစဉ်ထားမှုတွေ ဖြစ်နေနိုင်မလား။ ဖြစ်နိုင်တာက.. ဒီဂူရဲ့ ပိုင်ရှင်က လုံးဝ သေဆုံးမသွားသေးတာပဲ။

မုန့်ဝမ်သည် မျက်လုံးထဲမှ အတွေးများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။ ၎င်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ မိစ္ဆာကျင့်ကြံသူများတွင် ဝိညာဉ်အာရုံ မပျက်စီးစေရန် ထူးဆန်းသော နည်းလမ်းများစွာ ရှိကြသည်။

မည်သို့ပင်ဖြစ်စေ 'သေတာထက်စာရင် အသက်ရှင်နေတာက ပိုကောင်းသည်' မဟုတ်ပါလား။ အကယ်၍ အချိန်အတော်ကြာ အသက်ရှင်နေနိုင်ပါက တစ်နေ့တွင် ကောင်းကင်နဲ့မြေကြီးရတနာ သို့မဟုတ် ပူးကပ်ခြင်း ပြုလုပ်ရန် သင့်တော်သော ကိုယ်ထည်တစ်ခုခုနှင့် တွေ့ဆုံပြီး ပြန်လည်မွေးဖွားနိုင်ပေလိမ့်မည်။

သေချာသည်မှာ ဤဂူပိုင်ရှင်သည် အံ့ဩဖွယ်ကောင်းလောက်အောင် မသေဆုံးသေးလျှင်တောင် သူသည် အလွန်အားနည်းနေပြီး သေလုနီးပါး အခြေအနေတွင်သာ ရှိနေပေလိမ့်မည်။ ဂူအတွင်းရှိ အစီအရင်များနှင့် ယန္တရားများကို အားကိုးနေရလျှင်တောင် ဤမျှများပြားသော ကျင့်ကြံသူများကို သူ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

"အစ်ကိုရှန်.. သူတို့တွေ စတင် လှုပ်ရှားနေကြပြီ၊ ငါတို့လည်း သွားရအောင်"

ချွေယွီချန်က ရှန်ယုကို တိုက်တွန်းလိုက်ရာ သူ၏ မျက်လုံးများတွင် ရူးသွပ်သော လောဘရိပ်များ ပေါ်နေသည်။ မုန့်ဝမ်က ခေါင်းညိတ်ပြလိုက်သော်လည်း တမင်တကာ ခြေလှမ်းကို နှေးလိုက်ပြီး အခြားသူများ၏ နောက်တွင် ကျန်ရစ်နေစေကာ စိတ်ထဲမှ အသံကို ရူးသွပ်စွာ မေးမြန်းလိုက်သည်။

"စီနီယာ.. ရှိနေသေးရဲ့လား"

"စီနီယာ.. ကျွန်မ အမွေအနှစ်ကို လက်ခံဖို့ လာခဲ့ပြီ၊ အမွေအနှစ်က ဘယ်မှာလဲ"

"စီနီယာ မပြောရင် ကျွန်မ ဆက်ပြီး မေးနေမှာနော်"

"ပါးစပ်ပိတ်ထားစမ်း"

နှောင့်ယှက်မှုကို မခံနိုင်တော့သည့်အလား စိတ်ထဲမှ အသံက ဒေါသတကြီး ထွက်ပေါ်လာသည်။ "အော်မနေနဲ့တော့"

မုန့်ဝမ်သည် စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။ "စီနီယာ.. နောက်ဆုံးတော့ ကျွန်မကို စကားပြောပြီပေါ့၊ စီနီယာ ခိုင်းတဲ့အတိုင်း ကျွန်မ လာခဲ့ပြီ၊ အမွေအနှစ်က ဘယ်မှာလဲ"

ထိုအသံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဘာတွေ လောနေတာလဲ၊ မင်းက အမွေအနှစ်ရှိရာ မြေအတွင်းကို ရောက်နေပြီပဲ၊ အမွေအနှစ် မရမှာ ကြောက်နေတာလား"

"စီနီယာကလည်း မသိဘူးလား၊ ကျွန်မက စီနီယာ့ကို ဂါရဝပြုဖို့ စိတ်စောနေတာပါ"

စိတ်ထဲမှ အသံမှာ ပြန်လည် ငြိမ်သက်သွားပြန်သည်။ မုန့်ဝမ်သည်လည်း စိတ်မလောတော့ဘဲ ချွေယွီချန်၏ နောက်မှ လိုက်လာရင်း လမ်းခွဲတစ်ခုသို့ ရောက်ရှိသွားသည်။

သူတို့နှစ်ဦး လမ်းခွဲသို့ ရောက်သည်နှင့် လမ်းကြောင်းတစ်ခု၏ အနက်ရှိုင်းဆုံးဆီမှ အံ့ဩတကြား အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများ၊ ဝိညာဉ်လက်နက်များ ထိခိုက်မိသည့် အသံများကို ကြားလိုက်ရသည်။ သေချာသည်မှာ တစ်စုံတစ်ဦး ပြဿနာနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။

"အစ်ကိုရှန်.. ဘယ်လမ်းက သွားကြမလဲ"

ရှေ့ရှိ လမ်းခွဲနှစ်ခုကို ကြည့်ကာ ချွေယွီချန်က ဝေခွဲမရဖြစ်လျက် မျက်မှောင်ကြုတ်နေသည်။

"မလောပါနဲ့ဦး.. ကျွန်တော် စဉ်းစားပါရစေ"

မုန့်ဝမ်သည် အလေးအနက် စဉ်းစားနေသည့် ပုံစံကို ဟန်ဆောင်ကာ စိတ်ထဲမှ မေးလိုက်သည်။ "စီနီယာ.. ဘယ်လမ်းက သွားရမလဲ"

"ညာဘက်လမ်းက သွား"

ယခုတစ်ကြိမ်တွင် စိတ်ထဲမှ အသံက အတော်ပင် လျင်မြန်စွာ ပြန်ဖြေသည်။

"ကျွန်တော် စဉ်းစားပြီးပြီ၊ ဘယ်ဘက်လမ်းက သွားရအောင်"

မုန့်ဝမ်က အသာအယာ ပြုံးလိုက်သည်။ "ခုနက ကျွန်တော် ကြည့်လိုက်တာ ဘယ်ဘက်လမ်းကို လူပိုများများ ရွေးသွားကြပုံရတယ်"

စိတ်ထဲမှ အသံမှာ ဒေါသထွက်သွားသည်။ "ဒီအဖိုးကြီးက မင်းကို ညာဘက်သွားဖို့ ပြောနေတာလေ၊ ညာဘက်ကို"

ချွေယွီချန်မှာ အနည်းငယ် ဆွံ့အသွားသည်။ "အစ်ကိုရှန်.. ခင်ဗျား သိပ်ပြီး အလျင်စလို ဖြစ်နေတာ မဟုတ်ဘူးလား၊ ခုနက တိုက်ခိုက်သံတွေက အဲဒီဘက်က ထွက်လာတာလေ"

"ဟဲဟဲ.. ရတနာရှိတဲ့နေရာမှာ တိုက်ပွဲရှိတာပဲ၊ မဟုတ်ရင် သူတို့က ဘာလို့ ရုတ်တရက်ကြီး တိုက်ခိုက်နေကြမှာလဲ"

၎င်းကို ကြားသောအခါ ချွေယွီချန်က တွေးတောပြီး ခေါင်းညိတ်လိုက်သည်။ "အဲဒါလည်း ဟုတ်တာပဲ"

သူတို့နှစ်ဦး ဘယ်ဘက်လမ်းထဲသို့ ဝင်ရောက်လိုက်ကြပြီး မုန့်ဝမ်က စိတ်ထဲမှ အသံကို ပြန်လည် ချော့မြှောက်ပင့်လိုက်သည်။

"စီနီယာ.. ကျွန်မက စီနီယာ့စကားကို နားမထောင်တာ မဟုတ်ပါဘူး၊ ကျွန်မက စိန်ခေါ်မှု ရှိတဲ့အရာတွေကို ပိုပြီး သဘောကျလို့ပါ"

All Chapters