← Chapters

ကြေးဝါတံခါးကြီး

Vol. 10 Ch. 96

ကြေးဝါတံခါးကြီး

Vol. 10 Ch. 96

"ဟမ့်.. လျှာအရိုးမရှိ နေနဲ့လျှောက်ပြောမ၊ ဒီအဖိုးကြီးသာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကို ပြန်သွားလို့ရရင်တောင် မင်းရဲ့ လှည့်ကွက်တွေထဲ လုံးဝ ကျဆင်းမှာ မဟုတ်ဘူး"

မုန့်ဝမ်သည် စိတ်ထဲတွင် ရှက်ပြုံးလေး ပြုံးလိုက်ပြီးနောက် ချွေယွီချန်၏နောက်မှ လိုက်ပါရင်း လမ်းသွယ်ထဲမှတစ်ဆင့် သဘာဝကျောက်ခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သို့သော် သူတို့ ရောက်ရှိချိန်တွင် တိုက်ပွဲမှာ ပြီးဆုံးနေပြီဖြစ်ရာ ပရမ်းပတာ ဖြစ်နေသည့် အပိုင်းအစများနှင့် သွေးကွက်များကိုသာ တွေ့ရတော့သည်။

ချွေယွီချန်သည် ထိုမြင်ကွင်းကို ကြည့်ကာ ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။

"အစ်ကိုရှန်.. ငါတို့ အရှိန်မြှင့်မှ ဖြစ်တော့မယ်၊ မဟုတ်ရင် ဒီလို နှေးကွေးနေရင် ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး"

"အစ်ကိုချွေ ပြောတာ မှန်ပါတယ်"

မုန့်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး ခြေလှမ်းကို သွက်သွက်လှမ်းကာ ချွေယွီချန်နှင့်အတူ နောက်ထပ် လမ်းသွယ်တစ်ခုသို့ လိုက်သွားပြန်သည်။

"အစ်ကိုရှန်.. ဒီတစ်ခါရော ဘယ်လမ်းက သွားမလဲ"

တစ်ချိန်တည်းမှာပင် မုန့်ဝမ်ကလည်း သူမ၏ စိတ်ထဲမှ ဆန်းကြယ်သော အသံကို မေးမြန်းလိုက်သည်။

"စီနီယာ.. ဒီတစ်ခါတော့ ဘယ်ဘက်ကို ရွေးရမလဲ"

"မင်းက စိန်ခေါ်မှုကို ကြိုက်တာဆိုတော့ ဘယ်ဘက်လမ်းကိုပဲ ရွေးလိုက်တော့"

"ကောင်းပါပြီ"

မုန့်ဝမ်က လိမ္မာစွာဖြင့် ဘယ်ဘက်လမ်းကို ရွေးလိုက်သည်။ "အစ်ကိုချွေ.. ကျွန်တော် ထင်တာတော့ ဒီလမ်းက ဘေးကင်းလိမ့်မယ်"

၎င်းက ထိုအသံရှင်ကို တစ်ဖန် ဒေါသထွက်သွားစေပြန်သည်။ "အာ.."

မုန့်ဝမ်က ဇဝေဇဝါ ဖြစ်သွားပြီး "စီနီယာ.. ဘာဖြစ်လို့လဲ၊ ကျွန်မ စီနီယာ ခိုင်းတဲ့အတိုင်း ဘယ်ဘက်လမ်းကိုပဲ ရွေးခဲ့တာ မဟုတ်ဘူးလား"

"ဘာမှမဟုတ်ဘူး၊ ဒီအဖိုးကြီးက မင်းကို အမွေအနှစ်တွေ ပေးအပ်ဖို့ သိပ်ပြီး စိတ်စောနေလို့ပါ"

ထိုအသံက အံကြိတ်ကာ ပြောလိုက်သည်။

မုန့်ဝမ်ကလည်း အလွန်ကျေးဇူးတင်ဟန်ဖြင့် "ဒါဆိုရင်တော့ ဂျူနီယာက စီနီယာ့ကို ကြိုတင် ကျေးဇူးတင်ပါတယ်" ဟု ဆိုလိုက်သည်။

လမ်းသွယ်သစ်ကို ဖြတ်ကျော်ပြီးနောက် မုန့်ဝမ်နှင့် ချွေယွီချန်တို့သည် တိုက်ခိုက်သံများနောက်သို့ လိုက်ပါရင်း ကျောက်ခန်းမသစ်တစ်ခုအတွင်းသို့ ရောက်ရှိသွားကြရာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးလေးဦးမှာ ရှေးဟောင်းစာအုပ်တစ်အုပ်အတွက် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။

ချွေယွီချန်နှင့် ရှန်ယုတို့ ဝင်လာသည်ကို မြင်သောအခါ ထိုကျင့်ကြံသူများမှာ ချက်ချင်းပင် တင်းမာသွားကြပြီး တိုက်ခိုက်မှုများကို အရှိန်မြှင့်လိုက်ကြသည်။ ချွေယွီချန်မှာ မျက်စိရှင်သူဖြစ်သဖြင့် ထိုရှေးဟောင်းစာအုပ်၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိသွားပြီး လောဘစိတ်များ တဖွားဖွား ပေါ်လာတော့သည်။

သူက ရှန်ယုထံသို့ လျှို့ဝှက်သံလွှတ်လိုက်သည်။ "အစ်ကိုရှန်.. ဒီစာအုပ်က တကယ့်ကို ထူးခြားပုံရတယ်၊ ငါတို့ ဝင်လုကြမလား၊ ရခဲ့ရင် အတူတူ လေ့လာကြတာပေါ့"

သို့သော် မုန့်ဝမ်ကမူ စိတ်ဝင်စားပုံမရဘဲ လျှို့ဝှက်သံ ပြန်လွှတ်လိုက်သည်။

"ကျွန်တော်ကတော့ ဒီစာအုပ်ကို စိတ်မဝင်စားဘူး၊ အစ်ကိုချွေ လိုချင်ရင်တော့ ဝင်လုလိုက်ပါ"

ချွေယွီချန်က အံကြိတ်ကာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားတော့သည်။ တိုက်ခိုက်နေကြသော ကျင့်ကြံသူများမှာ ရောက်ရှိလာသူ နှစ်ဦးကို အနည်းငယ် သတိထားနေကြသော်လည်း ရှန်ယုမှာ တိုက်ပွဲဝင်ရန် ရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ အတော်အတန် စိတ်အေးသွားကြသည်။

မုန့်ဝမ်က အနည်းငယ် နောက်ဆုတ်ပေးလိုက်ခြင်းဖြင့် သူမ စိတ်မဝင်စားကြောင်း ပြသလိုက်ပြီး ထိုကျင့်ကြံသူများ၏ ကျင့်စဉ်အတတ်များကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ စွမ်းအားမှာ နှိုင်းယှဉ်၍မရအောင် သာလွန်လှပေသည်။

သူတို့၏ ရန်သူကို ခုခံကာကွယ်ပုံနှင့် သတ်ဖြတ်ပုံ နည်းလမ်းများမှာလည်း ဆန်းကြယ်ပြီး အမျိုးမျိုးသော ဝိညာဉ်လက်နက်များ၊ ကျင့်စဉ်အတတ်များမှာ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးက ရှေးဟောင်းစာအုပ်ကို လုယူနိုင်ခဲ့ပြီး ကျောက်ခန်းမ၏ အခြားထွက်ပေါက်တစ်ခုမှတစ်ဆင့် ထွက်ပြေးသွားတော့သည်။

ချွေယွီချန်မှာ စာအုပ်ကို မရရှိခဲ့သဖြင့် စိတ်ပျက်သွားပြီး ရှန်ယုကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"အစ်ကိုရှန်.. မင်းနဲ့ ငါနဲ့သာ ပူးပေါင်းခဲ့ရင် အဲဒီစာအုပ်ကို ရဖို့ အနည်းဆုံး ခုနစ်ဆယ် ရာခိုင်နှုန်း သေချာတာဗျ"

မုန့်ဝမ်ကမူ ချွေယွီချန်၏ ညည်းတွားမှုကို မကြားသည့်အလား ပြုံးလျက် ဆိုလိုက်သည်။

"မလောပါနဲ့ အစ်ကိုချွေရယ်၊ ငါတို့ ဒီနေရာကို ခုမှ ဝင်လာတာပဲ ရှိသေးတာ၊ ဒီလို ပစ္စည်းကောင်းတွေနဲ့ တွေ့နေရပြီပဲ၊ ပိုပြီး အတွင်းကျကျ ရောက်သွားရင်တော့ ပစ္စည်းကောင်းတွေ အများကြီး ရှိဦးမှာ သေချာပါတယ်"

ချွေယွီချန်က စိတ်ကို ပြန်ထိန်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"အဲဒါလည်း ဟုတ်တာပဲ၊ ရှေးဟောင်းကျင့်ကြံသူရဲ့ ဂူထဲမှာ ဒီလိုစာအုပ်မျိုး တစ်အုပ်တည်း ရှိမှာ မဟုတ်ဘူး၊ ဒီနေရာမှာ အင်အားတွေ အများကြီး ကုန်ခမ်းမခံသင့်ဘူး"

သူတို့နှစ်ဦး ကျောက်ခန်းမမှ ထွက်ခွာ၍ ဆက်လက် လျှောက်လှမ်းလာကြသည်။ အချည်းနှီး ဖြစ်နေသော ကျောက်ခန်းမ အချို့ကို ဖြတ်ကျော်ပြီးနောက် လမ်းသွယ်သစ်တစ်ခုသို့ ရောက်ရှိလာကြပြန်သည်။

"စီနီယာ.. ဒီတစ်ခါရော ဘယ်လမ်းက သွားရမလဲ"

သို့သော် ယခုတစ်ကြိမ်တွင် မုန့်ဝမ် မည်မျှပင် မေးစေကာမူ စိတ်ထဲမှ အသံမှာ လုံးဝ ပြန်မဖြေတော့ချေ။ မုန့်ဝမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ညာဘက်လမ်းကိုသာ ကျပန်းရွေးချယ်လိုက်သည်။

သူတို့နှစ်ဦး လမ်းသွယ်အတွင်းသို့ ဝင်လိုက်သည်နှင့် ယန္တရားတစ်ခုကို ထိမိသွားပြီး အရပ်မျက်နှာ အနှံ့အပြားမှ မာကျောသော မြှားတိုများစွာသည် သူတို့ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

"မကောင်းတော့ဘူး"

ချွေယွီချန်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး ဝိညာဉ်စွမ်းအင်များကို အလျင်အမြန် လှုံ့ဆော်ကာ ကာကွယ်ရေး ဝိညာဉ်လက်နက်ကို အသုံးပြု၍ ထိုမြှားတိုများကို ခုခံလိုက်သည်။

မုန့်ဝမ်ကမူ ခါးမှ ဝိညာဉ်ဓားကို ဆွဲထုတ်ကာ ဓားကွက်များကို ကျွမ်းကျင်စွာအသုံးပြုသဖြင့် မြှားတိုတစ်စမျှ သူမအနားသို့ မကပ်နိုင်ချေ။

မြှားတိုတိုက်ခိုက်မှု မပြီးဆုံးသေးမီမှာပင် ကျောက်နံရံပေါ်ရှိ အက္ခရာများမှာ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး လမ်းသွယ်တစ်ခုလုံး ရုတ်တရက် တုန်ခါလာတော့သည်။

"ဒုက္ခပဲ.. ဒီလမ်းသွယ်က ပြိုကျတော့မယ်"

ချွေယွီချန်၏ မျက်နှာ ပျက်သွားပြီး "အစ်ကိုရှန်.. ဒီမြှားတွေကို ဂရုမစိုက်နဲ့တော့၊ အမြန်ဆုံး ပြေးထွက်ကြရအောင်"

မုန့်ဝမ်က နားလည်သွားပြီး ချွေယွီချန်၏နောက်မှ ပြေးထွက်ခဲ့သည်။ သူတို့နှစ်ဦးမှာ ကိုယ်စီနည်းလမ်းများဖြင့် အပြင်းအထန် ပြေးခဲ့ကြရာ လမ်းကြောင်းတစ်ခုလုံး လုံးဝ မပြိုကျမီမှာပင် လမ်းသွယ်မှ လွတ်မြောက်ခဲ့ကြပေသည်။

"ဟူး.. သီသီလေးပဲ"

ချွေယွီချန်က မျက်နှာမှ ချွေးများကို သုတ်လိုက်ရင်း ထိတ်လန့်နေဆဲ ဖြစ်ပေသည်။ အနည်းငယ်သာ နှေးသွားခဲ့လျှင် သူတို့ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

"ဒီရှေးဟောင်းကျင့်ကြံသူရဲ့ ဂူက သာမန်ပဲလို့ ငါ ထင်ထားတာ၊ ပထမ နှစ်ကြိမ်တုန်းကတော့ ငါတို့ ကံကောင်းလို့ လမ်းမှန် ရွေးမိတာ ဖြစ်ရမယ်"

ချွေယွီချန်က ကြောက်ရွံ့စွာ ပြောလိုက်သည်။ မုန့်ဝမ်ကလည်း ထိတ်လန့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမှ ဆန်းကြယ်သော အသံရှင်ကို ရူးသွပ်စွာ ခေါ်လိုက်သည်။

"စီနီယာ.. ခုနက ဘာလို့ လမ်းမပြတာလဲ၊ စီနီယာ အသည်းအသန် စောင့်နေခဲ့ရတဲ့ ဆက်ခံသူလေး ခုနက သေတော့မလို့နော်"

ထိုအသံက အနည်းငယ် လှောင်ပြောင်သလို အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"မင်းက ဒီအဖိုးကြီးရဲ့ ဆက်ခံသူ ဖြစ်ချင်တာဆိုတော့ စမ်းသပ်မှုတွေကို ခံနိုင်ရည် ရှိရမှာပေါ့၊ ဒီလို ယန္တရားအသေးလေးကိုတောင် မကျော်လွှားနိုင်ရင် ဒီအဖိုးကြီးကို လာတွေ့နေဖို့ မလိုတော့ဘူး"

ထိုအသံရှင်က မုန့်ဝမ် ဒေါသထွက်သွားလိမ့်မည်ဟု ထင်ထားသော်လည်း သူမ၏ ရုတ်တရက် နားလည်သွားသည့် အသံကို ကြားလိုက်ရသည်။

"စီနီယာ ပြောတာ လုံးဝ မှန်ပါတယ်၊ စီနီယာ စိတ်ချပါ၊ စီနီယာ ရွေးချယ်ထားတဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ စီနီယာ့ရှေ့ကို ရောက်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်"

"ဟဲဟဲ.. ရောက်လာမှပဲ ကြည့်ကြသေးတာပေါ့"

ခဏမျှ အနားယူပြီးနောက် မုန့်ဝမ်နှင့် ချွေယွီချန်တို့သည် ပိုမိုနက်ရှိုင်းသော နေရာသို့ ဆက်လက် သွားကြသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ကြီးမားသော ကျောက်ဂူကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားကြရာ ကြေးဝါတံခါးကြီး တစ်ခုက သူတို့၏ လမ်းကို ပိတ်ဆို့ထားပေသည်။

ထိုတံခါးကြီးပေါ်တွင် ရက်စက်ကြမ်းကြုတ်သော ပုံစံများကို ထွင်းထုထားပြီး အသက်ရှူကျပ်စေသော ဖိအားများကို ထုတ်လွှတ်နေပေသည်။ ကျောက်ဂူအတွင်း၌ ကျင့်ကြံသူ ငါးဦး၊ ခြောက်ဦးခန့် ရောက်နှင့်နေကြပြီဖြစ်သော်လည်း သူတို့၏ အခြေအနေမှာ မကောင်းလှချေ။ အရှိန်အဝါများ အားနည်းနေရုံသာမက အချို့တွင် ဒဏ်ရာများပင် ရနေကြသည်။

ရှန်ယုနှင့် ချွေယွီချန် ရောက်လာသည်ကို မြင်သောအခါ လူအုပ်ကြီး၏ ရန်လိုသော အကြည့်များက သူတို့ထံသို့ ကျရောက်လာသည်။

"နောက်ထပ် နှစ်ယောက် ရောက်လာပြန်ပြီ၊ ဒီထက် ပိုစောင့်နေရင် လူတွေ ပိုများလာတော့မှာပဲ"

တစ်ဦးမှာ စိတ်မရှည်တော့ဘဲ ပြင်ပအားကို အသုံးပြု၍ ကြေးဝါတံခါးကြီးကို အတင်းအကျပ် ချိုးဖျက်ရန် ကြိုးစားလိုက်သည်။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်နိုင်စွမ်းရှိသော ထိုစွမ်းအားမှာ တံခါးကြီးကို အနည်းငယ် တုန်ခါသွားစေရုံမျှသာ တတ်နိုင်သည်။

ထို့နောက်တွင် နောက်ထပ် လူအနည်းငယ်က တံခါးကို ချိုးဖျက်ရန် ကြိုးစားကြသော်လည်း ခြွင်းချက်မရှိ အားလုံး ကျရှုံးခဲ့ကြသည်။ ၎င်းကို မြင်သောအခါ စမ်းသပ်ရန် စိတ်အားထက်သန်နေသော ချွေယွီချန်မှာလည်း ထိုအတွေးကို ချက်ချင်းပင် လက်လျှော့လိုက်တော့သည်။

တံခါးကို ချိုးဖျက်ရန် ကြိုးစားခဲ့ကြသူများထဲတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပိုင်းမှ နာမည်ကျော် ကျွမ်းကျင်သူ အချို့ပင် ပါဝင်နေပေသည်။

သူတို့တောင် မတတ်နိုင်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းမှ သူအနေဖြင့် ဤတံခါးကို ချိုးဖျက်နိုင်ရန် အခွင့်အရေး ပို၍ပင် နည်းပါးလှပေသည်။

မုန့်ဝမ်သည် လူတိုင်း၏ တုံ့ပြန်မှုကို အကဲခတ်နေရင်း စိတ်ထဲမှ ဆန်းကြယ်သော အသံကို မေးမြန်းလိုက်သည်။

"စီနီယာ.. ကျွန်မ ကြေးဝါတံခါးကြီး ရှေ့ကို ရောက်နေပြီ၊ စီနီယာက အတွင်းထဲမှာ ပိတ်မိနေတာလား၊ စိတ်မပူပါနဲ့.. ကျွန်မ မကြာခင်မှာ စီနီယာ့ကို ကယ်ထုတ်ပါ့မယ်"

"ကယ်ထုတ်မယ် ဟုတ်လား.. ဒီအဖိုးကြီးက မင်းရဲ့ ကယ်တင်မှုကို လိုအပ်နေလို့လား"

ထိုအသံက အလွန်ပင် မထင်မဲ့မြင် ပြုနေပုံရသည်။ "မင်း ကိုယ့်အသက်ကိုကိုယ် ဘယ်လိုကယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားထားလိုက်ပါဦး"

All Chapters