← Chapters

အက္ခရာများ ပြောင်းလဲမှု

Vol. 10 Ch. 98

အက္ခရာများ ပြောင်းလဲမှု

Vol. 10 Ch. 98

ကျောက်ဝေ ညွှန်ပြလိုက်သော ချန်မျိုးရိုးအမည်ရှိ ကျင့်ကြံသူသည် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်.. ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ၊ ဂျူနီယာညီမလေးက စပ်စုချင်စိတ်နဲ့ ကျောက်နံရံပေါ်က အက္ခရာတွေကို သွားထိမိတာနဲ့ သူမရဲ့ ဝိညာဉ်စွမ်းအင်တွေ ခမ်းခြောက်ပြီး သေဆုံးသွားခဲ့ရတာပါ"

"အစ်ကိုချန်.. ခင်ဗျားရဲ့ ဂျူနီယာညီမလေးအတွက် ကလဲ့စားချေပေးချင်လား"

ချန်မျိုးရိုးရှိ ကျင့်ကြံသူမှာ တွန့်ဆုတ်သွားပြီး "ဂျူနီယာညီမလေးနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေပါ၊ သေချာပေါက် ကလဲ့စားချေပေးချင်တာပေါ့၊ ဒါပေမဲ့..."

သူက စကားကို ရပ်လိုက်သော်လည်း လူတိုင်းက သူ၏ဆိုလိုရင်းကို နားလည်ကြသည်။ စိတ်ရှိသော်လည်း အင်အားမရှိခြင်းပင် ဖြစ်ပေသည်။

ထို့ပြင် ဤအက္ခရာများမှာ ဂူပိုင်ရှင် ချန်ထားခဲ့သော အရာများ ဖြစ်ဖို့ များလှသည်။ ဂူပိုင်ရှင်မှာ သေဆုံးသွားသည်မှာ ကြာပြီဖြစ်ရာ ကလဲ့စားချေချင်လျှင်ပင် မည်သူ့ကို သွားတိုက်ခိုက်ရမည်နည်း။

ကျောက်ဝေက အသာအယာ ပြုံးလိုက်သည်။ "အစ်ကိုချန်ကလည်း အားမနာပါနဲ့၊ ခင်ဗျားညီမလေး သေဆုံးရတာက ဒီထူးဆန်းတဲ့ အက္ခရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာပဲ၊ ခင်ဗျား ဒီအက္ခရာတွေကို တိုက်ရိုက်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်နိုင်မလားဆိုတာ စမ်းကြည့်လိုက်ပါလား၊ အကယ်၍ ခင်ဗျား ဖျက်ဆီးနိုင်ခဲ့ရင် ပထမအချက်အနေနဲ့ ကောင်းကင်ဘုံက ညီမလေးရဲ့ ဝိညာဉ်ကို နှစ်သိမ့်ပေးရာရောက်မယ်၊ ဒုတိယအချက်အနေနဲ့ကတော့ ကျွန်တော်တို့အတွက် အတွေ့အကြုံတစ်ခု ရတာပေါ့"

ချန်မျိုးရိုးရှိ ကျင့်ကြံသူ၏ မျက်လုံးများ ပြူးကျသွားတော့သည်။ ကျောက်ဝေ၏ စကားများမှာ နားထောင်ကောင်းသော်လည်း သူ၏ ဆိုလိုရင်းမှာ သူ့ကို စမ်းသပ်ခိုင်းနေခြင်း ဖြစ်ကြောင်း သိသာလှပေသည်။ အကယ်၍ ဤအက္ခရာများက ရုတ်တရက် တုံ့ပြန်တိုက်ခိုက်လာပါက သူသာ ကံဆိုးသူ ဖြစ်သွားပေလိမ့်မည်။

သူ၏ မျက်လုံးများ ကစားသွားပြီးနောက် "အစ်ကိုကျောက်.. ကျွန်တော် ပြန်စဉ်းစားကြည့်တော့လည်း ဂျူနီယာညီမလေးနဲ့ ကျွန်တော်က အဲဒီလောက်ကြီး မရင်းနှီးပါဘူး၊ သူက ငယ်ငယ်တုန်းက ကျွန်တော့်ကို အမြဲ နှိပ်စက်ခဲ့တာလေ..."

ကျောက်ဝေ၏ နှုတ်ခမ်းများမှာ ချက်ချင်းပင် တင်းမာသွားသည်။ သူက ထိုကျင့်ကြံသူကို အေးစက်စွာ စိုက်ကြည့်ရင်း စကားဖြတ်ပြောလိုက်သည်။

"အစ်ကိုချန်.. ခင်ဗျားစကားက မှားနေပြီ၊ ခင်ဗျားနဲ့ ညီမလေးက ငယ်သူငယ်ချင်းတွေပဲ၊ သံယောဇဉ်က နက်ရှိုင်းလှပါတယ်၊ သူမ အခုလို ကံဆိုးမိုးမှောင်ကျနေတာကို စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ခင်ဗျားက ဒီအတိုင်း ကြည့်နေမှာလား၊ ဒီလို အပြုအမူမျိုးက သူတစ်ပါးကို စိတ်ပျက်စေတာပေါ့"

ထိုကျင့်ကြံသူမှာ ကျောက်ဝေ၏ စကားများကြောင့် အကြပ်ရိုက်သွားပြီး မျက်နှာတွင် ရုန်းကန်နေရသည့် အမူအရာ ပေါ်လာသည်။ ထိုအက္ခရာများကို သူ တကယ် မထိချင်ပေ၊ သို့သော် လက်ရှိ အခြေအနေတွင် သူသာ ငြင်းဆန်ပါက ကျောက်ဝေကို စိတ်ဆိုးအောင် လုပ်မိသကဲ့သို့ ဖြစ်ပေလိမ့်မည်။

သူက အံကြိတ်ကာ သဘောတူရန် ပြင်လိုက်စဉ်မှာပင် ကျောက်ဝေ၏ လက်အင်္ကျီအတွင်းမှ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ သူ ထိတ်လန့်တကြား ခုခံရန် ပြင်သော်လည်း ထိုအလင်းတန်း၏ အရှိန်က ပိုမိုမြန်ဆန်လှသဖြင့် သူ၏ လည်ပင်းကို အလွယ်တကူပင် ဖြတ်တောက်သွားတော့သည်။

ခဏအတွင်းမှာပင် ထိုကျင့်ကြံသူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားချေပြီ။ ကျောက်ဝေက သူ၏ လက်အင်္ကျီပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"အစ်ကိုချန်က သူ့ညီမလေးနဲ့ သံယောဇဉ် မရှိဘူးလို့ ပြောနေမှတော့ ကလဲ့စားချေပေးဖို့လည်း မလိုတော့ဘူးပေါ့၊ တာအိုရောင်းရင်းတို့.. ဘယ်လို ထင်ကြသလဲ"

လူတိုင်းက ဤမြင်ကွင်းကို ကြည့်ရင်း စိတ်ထဲတွင် ဒေါသရော၊ ကြောက်ရွံ့မှုပါ ခံစားနေရသည်။ ကျောက်ဝေသည် တကယ့်ကို ရက်စက်သောသူ ဖြစ်ပေသည်။

သူ၏ တိုက်ခိုက်မှု အရှိန်မှာလည်း အလွန်မြန်လှရာ လက်အင်္ကျီထဲမှ အလင်းတန်း ထွက်လာချိန်မှ ဦးခေါင်း မြေခချိန်အထိ အသက်တစ်ရှူစာပင် မရှိချေ။

ထို့ပြင် လက်ရှိကျင့်ကြံသူများထဲတွင် လေလွင့်ကျင့်ကြံသူမဟာမိတ်မှ လူအင်အား အများဆုံး ဖြစ်သည်။ တကယ်တမ်း တိုက်ပွဲဖြစ်ပါကလည်း တစ်ဦးချင်းစီ ကွဲပြားနေသော သူတို့မှာ ကျောက်ဝေတို့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ပတ်ဝန်းကျင်မှာ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ အားလုံးက သူတို့၏ အခြေအနေကို သိရှိသွားကြပြီးနောက် ခေါင်းငုံ့ထားကြကာ သေဆုံးသွားသော ကျင့်ကြံသူ၏ မျက်နှာကို မကြည့်ရဲကြတော့ချေ။

မုန့်ဝမ်၏နောက်မှ လိုက်ပါလာသော တင့်ကွီနှင့် တင့်ကျဲ ညီအစ်ကိုနှစ်ဦးပင် တံတွေးကို ခိုးမြိုချရင်း ငြိမ်သက်သွားကြသည်။

ကျောက်ဝေသည် သူ၏ တိုက်ခိုက်မှု ရလဒ်ကို အလွန်သဘောကျသွားသည်။ သူ၏ အကြည့်မှာ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် မည်သည့် အင်အားစုနောက်ခံမျှ မရှိသော လေလွင့်ကျင့်ကြံသူ တစ်ဦးထံတွင် ရပ်တန့်သွားသည်။

"တာအိုရောင်းရင်းဝမ်.. ခင်ဗျားကော အစ်ကိုချန်ရဲ့ ဂျူနီယာညီမလေးအတွက် ကလဲ့စားချေပေးပြီး ဒီအက္ခရာတွေကို တိုက်ခိုက်ပေးချင်လား"

အမည်အ‌ေခါ်ခံလိုက်ရသော ဝမ်မျိုးရိုးအမည်ရှိ ကျင့်ကြံသူမှာလည်း ထိတ်လန့်သွားတော့သည်။ သို့သော် ရှေ့ကလူ၏ နမူနာ ရှိနေသဖြင့် သူသာ ငြင်းဆန်ပါက ချက်ချင်း သေရမည်ကို သိနေသည်။ သူက အံကြိတ်ကာ ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် စမ်းကြည့်ပါ့မယ်" ဟု ဆိုလိုက်သည်။

ကျောက်ဝေ၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

"တာအိုရောင်းရင်းဝမ်က တကယ့်ကို သတ္တိရှိတာပဲ၊ စိတ်မပူပါနဲ့.. ငါတို့အားလုံး ခင်ဗျားကို ကာကွယ်ပေးပါ့မယ်၊ အကယ်၍ အက္ခရာတွေက ထူးထူးခြားခြား လှုပ်ရှားလာရင် ငါတို့ အစွမ်းကုန် ကူညီပေးပါ့မယ်"

ကျင့်ကြံသူဝမ်သည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းလိုက်သည်။ သူသည် သတိကြီးစွာဖြင့် အနည်းငယ် နောက်ဆုတ်လိုက်ပြီး အဝေးထိန်း ကျင့်စဉ်အတတ်တစ်ခုကို အသုံးပြု၍ မြားအချို့ကို ဖန်တီးကာ ကျောက်နံရံပေါ်ရှိ အက္ခရာများဆီသို့ ပစ်လွှတ်လိုက်သည်။

ဂူတစ်ခုလုံးရှိ လေထုမှာ အလွန်တင်းမာသွားသည်။ လူတိုင်းက အသက်အောင့်ကာ မြားများကို စိုက်ကြည့်နေကြသည်။

မြားများ၏ တိုက်ခိုက်မှုအောက်တွင် ကျောက်နံရံပေါ်မှ အက္ခရာများမှာ အလင်းဖျော့ဖျော့ ထွက်ပေါ်လာပြီး ပြင်ပတိုက်ခိုက်မှုကို ခုခံနေသည့်အလား ရှိနေသည်။

မကြာမီ ရေမြှားများ၏ စွမ်းအား ကုန်ဆုံးသွားပြီး အက္ခရာများပေါ်မှ အလင်းလည်း ပျောက်ကွယ်သွားသည်။

ကျင့်ကြံသူဝမ်က မျက်နှာမှ ချွေးများကို သုတ်လိုက်သည်။ သူ စိတ်သက်သာရာရသွားသည့် အမူအရာ မပြနိုင်ခင်မှာပင် အသံတစ်ခု ကြားလိုက်ရသည်။

"ဆက်ပြီး တိုက်ခိုက်"

ကျောက်ဝေက အက္ခရာများ၏ အပြောင်းအလဲကို အသေအချာ စောင့်ကြည့်နေရင်း ခေါင်းမလှည့်ဘဲ အမိန့်ပေးလိုက်သည်။

ကျင့်ကြံသူဝမ်လည်း မတတ်နိုင်တော့ဘဲ ပိုမိုအားကောင်းသော ကျင့်စဉ်အတတ်များကို အသုံးပြု၍ ထိုအက္ခရာများကို ဆက်လက် တိုက်ခိုက်ရတော့သည်။

ကျောက်ဝေက ခဏမျှ ထပ်မံ စောင့်ကြည့်ပြီး အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် လူတိုင်းကို အတူတူ တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်။

"အားလုံးပဲ.. အတူတူ တိုက်ခိုက်ကြစို့၊ တာအိုရောင်းရင်းဝမ်ကို ကူညီပေးလိုက်ကြ"

လူတိုင်းက စိုးရိမ်နေကြသော်လည်း ကျင့်ကြံသူဝမ် တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်သော်လည်း အန္တရာယ် မရှိသည်ကို မြင်ရသဖြင့် စိတ်အေးသွားကြပြီး ကျောက်နံရံပေါ်ရှိ အက္ခရာများကို စုပေါင်း တိုက်ခိုက်ကြတော့သည်။

မုန့်ဝမ်သည် လူအုပ်၏ နောက်ဆုံးတွင် ရောနှောနေပြီး အားစိုက်နေသည့်ပုံစံ ပြနေသော်လည်း အမှန်တကယ်တွင်မူ အချောင်ခိုနေခြင်း ဖြစ်သည်။ သူမသည် အက္ခရာများ၏ အပြောင်းအလဲကိုသာ အာရုံစိုက်နေပြီး အခြေအနေ မဟန်ပါက ချက်ချင်း ထွက်ပြေးရန် ပြင်ထားသည်။

လူတိုင်း၏ တိုက်ခိုက်မှုကြောင့် ကျောက်နံရံပေါ်မှ အက္ခရာများမှာ ပိုမိုတောက်ပလာပြီး ဂူတစ်ခုလုံးကို ထူးဆန်းသော အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေသည်။

အတိုက်ခိုက်ခံနေရသော အက္ခရာများမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီး မကြာခင် ပျက်စီးတော့မည့်ပုံ ပေါ်နေသည်။

ကျောက်ဝေ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ လက်ခနဲ ဖြစ်သွားပြီး သူက အကျယ်ကြီး အော်လိုက်သည်။

"အရှိန်မြှင့်လိုက်ကြ.. ဒီအက္ခရာတွေ ပျက်တော့မယ်၊ မကြာခင် ငါတို့ ဒီနေရာကနေ ထွက်သွားနိုင်တော့မယ်"

ကျောက်ဝေ၏ အမိန့်အောက်တွင် လူတိုင်း၏ တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာသည်။ နောက်ဆုံးတွင် ကျောက်နံရံပေါ်မှ အက္ခရာများတွင် အက်ကြောင်းများ ပေါ်လာပြီး အချိန်မရွေး ကြေမွသွားနိုင်သည့်အလား ရှိနေပေသည်။

သို့သော်လည်း ထိုအချိန်မှာပင် ဂူတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ဂူအနက်ရှိုင်းဆုံးဆီမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်းကို အသက်ရှူရ ခက်ခဲသွားစေသည်။

"မကောင်းတော့ဘူး.. ဒါ အစီအရင် ရဲ့ အရှိန်အဝါပဲ၊ ဂူရဲ့ အစီအရင်က နိုးထလာပြီ"

ကျောက်ဝေ၏ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး သူက အသည်းအသန် အော်လိုက်သည်။ "မြန်မြန် နောက်ဆုတ်ကြ"

သို့သော် အချိန်နှောင်းသွားခဲ့ချေပြီ။ အက္ခရာများမှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး လူတိုင်းကို ဖိနှိပ်လိုက်တော့သည်။

"အား.."

လူတိုင်းသည် သူတို့ထံသို့ ပြေးဝင်လာသော အားကောင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး မတုံ့ပြန်နိုင်ခင်မှာပင် ထိုစွမ်းအားကြောင့် လွင့်ထွက်သွားကြကာ ြကိုးပြတ်နေသော စွန်များကဲ့သို့ နောက်သို့ လွင့်ကျသွားကြသည်။

ကျယ်လောင်သော အသံများနှင့်အတူ အပြေးနှေးသော လူသုံးဦးမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့၏ ကျင့်စဉ်အဆင့်မှာ လျင်မြန်စွာ ကျဆင်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အားလုံး ခဏချင်း ခမ်းခြောက်သွားကာ အသက်ရှူရပ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် လူတိုင်း ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် ကြေမွလုနီးပါး ဖြစ်နေသော အက္ခရာ သုံးလုံးမှာ ပြန်လည် လင်းလက်လာပြီး သူတို့၏ မစွမ်းသာမှုကို လှောင်ပြောင်နေသည့်အလား ရှိနေပေတော့သည်။

ကျောက်ဝေ၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်သွားသည်။ အက္ခရာများကို ဖျက်ဆီးလုနီးပါး အချိန်တွင် ယခုကဲ့သို့ ပြင်းထန်သော တုံ့ပြန်မှုကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤစမ်းသပ်မှုကြောင့် လူလေးဦး၏ အသက်ကို တိုက်ရိုက် ပေးလိုက်ရချေပြီ။

သို့သော်လည်း.. လုံးဝ အချည်းနှီး ဖြစ်သွားသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ ဤအက္ခရာများကို အင်အားသုံး၍ ဖျက်ဆီးခြင်းမှာ မဖြစ်နိုင်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပေသည်။

All Chapters