တစ်ဂိုဏ်းတည်းဂိုဏ်းသားပါ
Vol. 10 Ch. 100
ကျန်းထျန်းဖန်းနှင့် ကျောက်ဝူကျီတို့၏ ရှေ့နောက်ညှပ်တိုက်ခိုက်မှုကို ‘သွေးလက်ဝါး သားသတ်သမား’ မှာ ခက်ခဲစွာ ရှောင်တိမ်းနေရပြီး သူမ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။
ဤဆန်းကြယ်ကျောက်တုံးမှာ ရှေးဟောင်းမိစ္ဆာကျင့်ကြံသူ၏ ရတနာတစ်ခုဖြစ်ရာ ၎င်းမှာ အမှန်တကယ် ဘာဖြစ်သည်ကို မည်သူမျှ မသိကြချေ။ ဤအရာ၏ ဇစ်မြစ်ကို သေချာမသိဘဲ အသည်းအသန် လုယူတိုက်ခိုက်နေကြခြင်းမှာ လူအခြင်းမဟုတ်ဘဲ အဘယ်နည်း။
သို့သော် ယခုအချိန်တွင် လူတိုင်း၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီး တိုက်ပွဲမှာ ပိုမိုပြင်းထန်လာသည်။
ဝုန်း---
အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပိုင်း ကျင့်ကြံသူတစ်ဦးမှာ တိုက်ရိုက် လွင့်ထွက်သွားပြီး ကျောက်ခေါင်းနှင့် ဆောင့်မိကာ ဓားဖြင့် လည်ပင်းလှီးဖြတ်ခြင်း ခံလိုက်ရသည်။
ဘုန်း---
ချွေယွီချန်မှာလည်း တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး အသားစများနှင့် သွေးများ နေရာအနှံ့ ပျံ့ကျဲသွားတော့သည်။
တိုက်ပွဲမှာ ပို၍ပို၍ ကြေကွဲစရာကောင်းလာပြီး နောက်ဆုံးတွင် ကျန်းထျန်းဖန်း၊ သွေးလက်ဝါး သားသတ်သမားနှင့် ကျောက်ဝူကျီ သုံးဦးသာ ကျန်ရှိတော့သည်။
သားသတ်သမားမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး ကျန်းထျန်းဖန်းနှင့် ကျောက်ဝူကျီတို့တွင်လည်း ဒဏ်ရာများစွာ ရှိနေသည်။ သူတို့ သုံးဦးမှာ တြိဂံပုံစံ ရပ်နေကြပြီး အခြားနှစ်ဦးကို ရန်လိုစွာ စောင့်ကြည့်နေကြသည်။
“အစ်ကိုကျန်း.. အရင်ဆုံး ဒီမိစ္ဆာကျင့်ကြံသူကို အတူတူ ရှင်းထုတ်ကြရအောင်”
ကျန်းထျန်းဖန်းက အသာအယာ ခေါင်းညိတ်လိုက်ပြီး ကျောက်ဝူကျီနှင့်အတူ သားသတ်သမားကို တိုက်ခိုက်လိုက်သည်။ သို့သော် သားသတ်သမားမှာ ကျန်းထျန်းဖန်းနှင့် လုံးထွေးနေစဉ် ကျောက်ဝူကျီက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရိပ်ခနဲဖြစ်သွားသော အရှိန်ဖြင့် ဆန်းကြယ်ကျောက်တုံးဆီသို့ ပြေးဝင်သွားသည်။ သူ၏လက်က ဆန်းကြယ်ကျောက်တုံးကို တိကျစွာ ဆုပ်ကိုင်လိုက်နိုင်ပြီဖြစ်သည်။
“ကျောက်ဝူကျီ.. မင်း သေချင်နေတာပဲ”
ကျန်းထျန်းဖန်းက ဟိန်းဟောက်လိုက်ပြီး သားသတ်သမားကို ထားခဲ့ကာ ကျောက်ဝူကျီထံသို့ ဓားကဲ့သို့ ထက်မြက်သော လက်ဝါးစွမ်းအားဖြင့် ရိုက်ချလိုက်သည်။ ၎င်းမှာ သူ့ကို နှစ်ပိုင်းပိုင်းဖြတ်ရန် ရည်ရွယ်ပုံရသည်။ ကျောက်ဝူကျီ၏ မျက်လုံးထဲတွင် ရက်စက်သော အလင်းများ လက်သွားသည်။ သူက ရှောင်တိမ်းခြင်း မပြုဘဲ ဆန်းကြယ်ကျောက်တုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်ရန် ကြိုးစားလိုက်သည်။
သို့သော် ကျောက်တုံးကို သိမ်းဆည်းရန် ကြိုးစားလိုက်သည်နှင့် ပြင်းထန်သော ခုခံမှုကို ကြုံတွေ့လိုက်ရသည်။ တစ်စုံတစ်ခုသော စွမ်းအားက သူ၏ လုပ်ဆောင်မှုကို တားဆီးနေသကဲ့သို့ပင်။ ကျောက်ဝူကျီ၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ စဉ်းစားနေရန် အချိန်မရှိသဖြင့် သူက ကျောက်ခေါင်းကို အားကုန် ကန်ထုတ်လိုက်သည်။
ဝုန်း---
ကျောက်ခေါင်းမှာ သူ၏အရှိန်ကြောင့် လွင့်ထွက်သွားပြီး ကျန်းထျန်းဖန်းထံသို့ ပြေးဝင်သွားသည်။
“တောက်..”
ကျန်းထျန်းဖန်း၏ မျက်နှာ မည်းမှောင်သွားသည်။ သူသည် ကျောက်ဝူကျီကို တိုက်ခိုက်မည့် လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ရပြီး ပြေးဝင်လာသော ကျောက်ခေါင်းတလားကိုသာ ခုခံလိုက်ရတော့သည်။
ကျောက်ဝူကျီက ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပေါက်ဆီသို့ ပြေးထွက်သွားသည်။ သူ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှရာ အလင်းတန်းတစ်ခုအလားပင်။
“သူ့ကို တားကြ”
သားသတ်သမားက အော်လိုက်သော်လည်း ကျောက်ဝူကျီ၏ အရှိန်မှာ မြန်လွန်းလှသဖြင့် သူမနှင့် ကျန်းထျန်းဖန်းတို့ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ ကျောက်ဝူကျီသည် ကျောက်ခန်းမအပြင်သို့ ပြေးထွက်သွားပြီး ဆက်လက် ထွက်ပြေးရန် ပြင်စဉ်မှာပင် ကြယ်ပျံတူ တစ်ခုက သူ့ထံသို့ ပျံဝဲလာသည်။
သူ ထိတ်လန့်သွားရသည်။ အခြားကျင့်ကြံသူတွေက အနားမှာ ပုန်းနေကြတာလား။ စဉ်းစားနေရန် အချိန်မရှိဘဲ သူက ကြယ်ပျံတူကို အမြန်ရှောင်လိုက်သည်။ သို့သော် ငွေရောင်ချိတ် တစ်ခုက ထိုအခွင့်အရေးကို အသုံးချ၍ တိတ်တဆိတ် တိုက်ခိုက်လိုက်ရာ သူ၏ လက်ချောင်းကို ဖြတ်တောက်သွားပြီး လက်ထဲမှ ဆန်းကြယ်ကျောက်တုံးကို ချိတ်ယူသွားတော့သည်။
“ဘယ်သူလဲ”
ကျောက်ဝူကျီ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျသွားသည်။ သူက ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝေ့ကြည့်လိုက်ရာ အဝေးတွင် ထိတ်လန့်နေသော အမူအရာဖြင့် ပုန်းနေသည့် ရှန်ယုကို ကျော်ဖြတ်ပြီး ထောင့်တစ်ခုရှိ အမှောင်ရိပ်တစ်ခုထံတွင် အကြည့်က ရပ်တန့်သွားသည်။
“ဟဲဟဲဟဲ.. ရတနာလေးပဲ၊ ငါ့အတွက်ပေါ့...”
ထိုအမှောင်ရိပ်မှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးရန် လှည့်လိုက်သည်။
ထိုအခါမှသာ အခြားသူများက အမှောင်ရိပ်မှာ တစ္ဆေမျက်နှာဖုံးစွပ်ထားသော ကျင့်ကြံသူဖြစ်ကြောင်း အသေအချာ မြင်လိုက်ရသည်။ သူသည် ကြည်လင်နေသော ဆန်းကြယ်ကျောက်တုံးကို လက်ထဲတွင် ကိုင်ထားပြီး အေးစက်စက် လှောင်ပြုံးတစ်ခု ပြုံးနေသည်။
“အဲဒါ တစ္ဆေခြေလှမ်း ပဲ”
ကျန်းထျန်းဖန်းက ထိုမိစ္ဆာကျင့်ကြံသူ၏ မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိသဖြင့် အော်လိုက်သည်။ တစ္ဆေခြေလှမ်းသည် ဝိညာဉ်ရိပ်ဂိုဏ်း၏ အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဂိုဏ်းကို သစ္စာဖောက်ကာ ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်ခြင်းတွင် နာမည်ကြီးသူ ဖြစ်သည်။
သူလည်း ဤနေရာသို့ ခိုးဝင်လာပြီး အရေးကြီးသော အချိန်တွင် ကျောက်ဝူကျီ၏ လက်ထဲမှ ဆန်းကြယ်ကျောက်တုံးကို လုယူသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဆန်းကြယ်ကျောက်တုံးကို ရရှိပြီးနောက် တစ္ဆေခြေလှမ်းမှာ တိုက်ခိုက်ရန် ဆန္ဒမရှိချေ။ သူ၏ ကိုယ်ဟန်မှာ ဝေဝေဝါးဝါး ဖြစ်သွားပြီး အရိပ်များအတွင်းသို့ ပျောက်ကွယ်၍ တိုက်ရိုက် ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။
သူ အရိပ်များအတွင်းသို့ တိုးဝင်လိုက်သည့် ခဏမှာပင် သိုလှောင်အိတ်ထဲ ထည့်၍မရသော ထိုဆန်းကြယ်ကျောက်တုံးမှ ပြင်းထန်သော အဖြူရောင် အလင်းတန်းများ ထွက်ပေါ်လာသဖြင့် အရိပ်နှင့် ပေါင်းစပ်နေရမည့် တစ္ဆေခြေလှမ်းမှာ အထင်အရှား မြင်နေရတော့သည်။
ကျန်းထျန်းဖန်းနှင့် ကျောက်ဝူကျီတို့မှာ ဝမ်းသာသွားကြသည်။ ဆန်းကြယ်ကျောက်တုံးက ဘာကြောင့် အလင်းထွက်လာသည်ကို သူတို့ စဉ်းစားမနေတော့ဘဲ တစ္ဆေခြေလှမ်းကို အလျင်အမြန် တိုက်ခိုက်လိုက်ကြသည်။
သားသတ်သမားကမူ အဝေးမှ ရှန်ယုကို လိုချင်တပ်မက်သော အကြည့်ဖြင့် လျှာသပ်ကာ ကြည့်နေသည်။ သူမသည် ခုနက တိုက်ပွဲတွင် များစွာ ဆုံးရှုံးခဲ့ရရာ ပြန်လည် နာလန်ထူရန်အတွက် ဒဏ်ရာပျောက်ဆေး အချို့ လိုအပ်နေပေသည်။
မုန့်ဝမ်သည် သားသတ်သမား၏ အကြည့်ကို သတိပြုမိသွားပြီး ကြောက်လန့်ဟန်ဖြင့် အထပ်ထပ် နောက်ဆုတ်ရင်း သားသတ်သမားထံသို့ အလျင်အမြန် လျှို့ဝှက်အသံ လွှတ်လိုက်သည်။
“စီနီယာအစ်မ.. ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော်ကလည်း ရွှမ်ယင်ဂိုဏ်းကပါ”
သားသတ်သမား၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး ရှန်ယုကို ထပ်မံ အကဲခတ်လိုက်သည်။
“မင်းက ရွှမ်ယင်ဂိုဏ်းကဆိုတာ ဘာသက်သေရှိလဲ”
“စီနီယာအစ်မ ဟိန်ယွဲ့မြို့ကို လာရတဲ့ အကြောင်းရင်းအမှန်ကို ကျွန်တော် သိတယ်”
မုန့်ဝမ်သည် သူမ ဂိုဏ်းအတွင်း၌ ကြားခဲ့သော သတင်းအချက်အလက်အားလုံးကို အလျင်အမြန် ပြောပြလိုက်သည်။
“စီနီယာအစ်မနဲ့ သွေးကြာပွင့် တို့ နှစ်ယောက်လုံးက သွေးတာအို ကျွမ်းကျင်သူတွေပဲ၊ ပြီးတော့ သွေးတာအို လျှို့ဝှက်ကျင့်စဉ်တစ်ခုကြောင့် အငြင်းပွားခဲ့ကြတယ်။ သွေးကြာပွင့်က မရိုးသားတဲ့ နည်းလမ်းတွေ သုံးပြီး စီနီယာ့ကို အနိုင်ယူခဲ့တာ၊ စီနီယာက မကျေနပ်လို့ ဒေါသနဲ့ အပြင်ဘက် တာဝန်တစ်ခုကို ယူပြီး ရွှမ်ယင်ဂိုဏ်းကနေ ထွက်လာကာ ဒီဟိန်ယွဲ့မြို့အထိ ရောက်လာတာ မဟုတ်လား”
၎င်းကို ကြားသောအခါ သားသတ်သမားသည် မုန့်ဝမ်၏ စကားကို အတော်အတန် ယုံကြည်သွားသည်။ အကယ်၍ သူမသည် ရွှမ်ယင်ဂိုဏ်းမှ မဟုတ်လျှင် ဤအတွင်းရေး သတင်းများကို သိနိုင်မည် မဟုတ်ပေ။ သို့သော် သားသတ်သမားသည် သံသယကို လုံးဝ မဖျောက်သေးဘဲ ရှန်ယုကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
“မင်းက ရှန်မိသားစုကလို့ ငါ မှတ်မိတယ်၊ ဟုတ်တယ်မလား။ ရှန်မိသားစုက ဆုတ်ယုတ်နေပြီ ဆိုပေမဲ့လည်း မိသားစု အစဉ်အလာကတော့ ရှိနေသေးတာပဲ။ မင်းရဲ့ လူကြီးတွေက မင်းကို ရွှမ်ယင်ဂိုဏ်းထဲ ဝင်ခိုင်းပါ့မလား”
မုန့်ဝမ်က ခါးသီးစွာ ခေါင်းခါပြလိုက်သည်။ “သေချာပေါက် မခိုင်းပါဘူး။ ဒါပေမဲ့ ရှန်မိသားစုရဲ့ ဓားကျင့်စဉ်တွေအကြောင်း စီနီယာ ကြားဖူးမှာပါ။ တကယ်တော့.. ကျွန်တော့်ရဲ့ ချစ်ရသူကို ကျွန်တော်ကိုယ်တိုင် သတ်မိခဲ့ကတည်းက ကျွန်တော့်စိတ်ထဲမှာ အတွင်းမိစ္ဆာ က အမြစ်တွယ်နေခဲ့တာ။ ဖြစ်နိုင်တာက ရွှမ်ယင်ဂိုဏ်းကပဲ ကျွန်တော့်ကို ကယ်တင်နိုင်ပြီး အတွင်းမိစ္ဆာရဲ့ နှိပ်စက်မှုကနေ လွတ်မြောက်စေမှာပါ”
၎င်းကို ကြားသောအခါ သားသတ်သမား၏ မျက်လုံးထဲတွင် မထင်မဲ့မြင်ပြုသည့် အရိပ်အယောင်များ ပေါ်လာသည်။ ချစ်ရသူကို သတ်ပြီး အတွင်းမိစ္ဆာဖြစ်ရသည်အထိ ဤလူမှာ တကယ့်ကို အသုံးမကျသောသူ ဖြစ်ပေသည်။
သို့သော် ဤကဲ့သို့ အသုံးမကျသောလူမှာ လက်ရှိ အခြေအနေတွင် သူမအတွက် အခွင့်အရေးအချို့ ရရှိရန် ကူညီပေးနိုင်ပေသည်။
“ဒီဆန်းကြယ်ကျောက်တုံးကို ရဖို့ မင်းရဲ့အကူအညီ ငါ လိုအပ်တယ်။ ကိစ္စပြီးသွားရင် မင်းကို ဆုလာဘ်တွေ အများကြီး ပေးမယ်။ အခု ငါ မင်းကို တိုက်ခိုက်မယ်၊ ငါ မင်းကို လိုက်ဖမ်းနေတဲ့ ပုံစံမျိုး ဟန်ဆောင်ရမယ်။ မင်း သေမသွားအောင် ငါ အင်အားကို လျှော့ထားမယ်။ မင်း ပါးပါးနပ်နပ် နေရမယ်၊ နားလည်လား”
“ဟုတ်ကဲ့ပါ စီနီယာအစ်မ”
သားသတ်သမားသည် သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရှန်ယုကို တိုက်ခိုက်လိုက်တော့သည်။ ‘ရှန်ယု’ ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး သားသတ်သမား၏ တိုက်ခိုက်မှုများကို လူးသာလဲသာ ရှောင်တိမ်းနေခဲ့သည်။
သားသတ်သမားမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး ဝိညာဉ်စွမ်းအင်များလည်း ကုန်ခန်းလုနီးပါး ဖြစ်နေသော်လည်း မုန့်ဝမ်မှာမူ တိုက်ပွဲတွင် လုံးဝ မပါဝင်ခဲ့သဖြင့် အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်သည်။
တစ်ယောက်က လိုက်၍ တစ်ယောက်က ပြေးရင်း သူတို့နှစ်ဦးမှာ ထူးဆန်းစွာဖြင့် အခြေအနေ တည်ငြိမ်နေခဲ့သည်။ အုပ်စုလိုက် တိုက်ခိုက်နေကြသော သုံးဦးမှာ သူတို့နှစ်ဦးကို တစ်ချက်ကြည့်ပြီးနောက် ဂရုမစိုက်တော့ချေ။
သားသတ်သမားနှင့် မုန့်ဝမ်တို့၏ သရုပ်ဆောင်မှုနှင့် မတူဘဲ ထိုလူများမှာမူ တစ်ဖက်လူ၏ အသက်ကို နုတ်ယူရန် တကယ့် လက်နက်အစစ်များဖြင့် အသေအလဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မကြာမီ တစ္ဆေခြေလှမ်းမှာ ဒဏ်ရာများစွာ ရရှိသွားပြီး ကျန်းထျန်းဖန်းနှင့် ကျောက်ဝူကျီတို့မှာလည်း ပိုမို ဒဏ်ရာရလာကြသည်။ ဤအတောအတွင်း တစ္ဆေခြေလှမ်းမှာ အရိပ်အတွင်းသို့ ပုန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူ လှုပ်ရှားရန် ပြင်တိုင်း ဆန်းကြယ်ကျောက်တုံးက အဖြူရောင်အလင်းများ ထုတ်လွှတ်နေသဖြင့် ထိုအတွေးကို လက်လျှော့လိုက်ရတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ထဲမှ ဆန်းကြယ်ကျောက်တုံးကို သံသယဝင်လာသည်။
ဤအရာမှာ အနည်းငယ် မိစ္ဆာဆန်လှပေသည်။ သိုလှောင်အိတ်ထဲ ထည့်၍လည်း မရ၊ ယူထားလျှင်လည်း ပုန်းလျှိုးကွယ်လျှိုး သွား၍မရသဖြင့် ၎င်းမှာ တကယ့်ကို ပူလောင်လှသော အရာတစ်ခု ဖြစ်နေချေပြီ။
ကျန်းထျန်းဖန်းနှင့် ကျောက်ဝူကျီတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် တစ္ဆေခြေလှမ်းသည် နောက်ဆုံး၌ သူ၏ လက်ထဲမှ ဆန်းကြယ်ကျောက်တုံးကို စွန့်လွှတ်လိုက်ရတော့သည်။ သို့သော် လက်မလွှတ်မီ သူက လှည့်ကွက်တစ်ခု သုံးလိုက်ပြီး ဆန်းကြယ်ကျောက်တုံးကို အနားတွင်ရှိသော ကျန်းထျန်းဖန်းထံသို့ တိုက်ရိုက် ပစ်ပေါက်လိုက်သည်။ ကျန်းထျန်းဖန်းမှာ ဆွံ့အသွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားကာ ဆန်းကြယ်ကျောက်တုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ ခုန်အုပ်လိုက်တော့သည်။