← Chapters

ကျွန်မအချစ်ဆုံးအမျိုးသား

Vol. 1 Ch. 500

ကျွန်မအချစ်ဆုံးအမျိုးသား

Vol. 1 Ch. 500

“ကျစ် ကျစ်..”

ကျန်းရီသည် လေထဲတွင် ရစ်ဝဲလျက် ရှိနေပြီး သိုင်းခန်းမဆောင်ကို မီးနဂါးဓားဖြင့် ပိုင်းဖြတ်ချလိုက်သည်။ သတ်ဖြတ်ခြင်းဆန္ဒအောက်တွင် ကောင်းကင်ကြယ်တာရာမြို့ထဲရှိ မည်သူမျှ မလှုပ်နိုင်ကြတော့ပေ။ သူတို့က မလှုပ်ရှားနိုင်သောကြောင့် တုကူချိုးသည် မည်သည်ကို သုံးပြီး ထွက်ပြေးလွတ်မြောက်ရန်အတွက် သိုင်းခန်းမဆောင်ထဲ ဝင်သွားသနည်း။

ဖုန်း ဖုန်း..

သိုင်းခန်းမဆောင်၌ အရံအတားတစ်ခု ရှိပြီး ကျန်းရီ၏ မီးနဂါးဓားက အရံအတားကို ထိမိသွားချိန်၌ ပေါက်ကွဲမှုကြီးတစ်ခု ပေါ်ပေါက်လာပြီး အရံအတားကို ချက်ချင်း ပွင့်သွားစေ၏။ သို့သော် အရံအတားက မယိမ်းယိုင်သွားပေ။ ကျန်းရီသည် သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့သည်။ သို့သော် အရံအတားက အကောင်းပကတိ ရှိနေသေးဆဲ ဖြစ်သည်။

သူက အကြံရသွားပြီးနောက် မြို့အနောက်ဘက်တွင် ရှိသော အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်များကို သွေးနီရောင် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး၊ သိုင်းခန်းမဆောင်သည် အချိန်တိုအတွင် ပြိုကွဲနိုင်မည် မဟုတ်သောကြောင့် သူသည် နတ်ဆိုးဘုရင်များအားလုံးကို ဦးစွာ သတ်ဖြတ်ပေမည်။ မည်သည့်နည်းနှင့်မဆို သိုင်းခန်းမသခင်က သတ်ဖြတ်ခြင်းဆန္ဒကြောင့် လွမ်းခြုံခံရပြီးနောက် မလှုပ်ရှားနိုင်ပေ။ သူ ထွက်ပြေးရဲမှာ မဟုတ်ချေ။

ထိုနတ်ဆိုးဘုရင်များက ကြောက်မက်ဖွယ် ကောင်းလွန်း၏ မတော်တဆ ဖြစ်သွားခဲ့လျှင် ကျန်သည့်တပ်သားများအားလုံး သုတ်သင်ခံရနိုင်သည်။ ဖြေရှင်းလျှင် ပိုကောင်းပေ၏။ နတ်ဆိုးဘုရင်များကို ဦးစွာ ဖြေရှင်းရန် သူ ဆုံးဖြတ်လိုက်တော့သည်။

ဝှစ်..

သူသည် နေရာရွှေ့ပြောင်းမှုကို အသုံးမပြုရဲချေ။ သတ်ဖြတ်ခြင်းဆန္ဒ ပျောက်ကွယ်သွားပေမည်။ ပြီးနောက် တုကူချိုး ထွက်ပြေးသွားနိုင်သည်။ သူ့ခန္ဓာကိုယ်က ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး မြို့အနောက်ဘက်ခြမ်းဆီသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။ မီးနဂါးဓားက ပုံရိပ်ယောင်ပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီးနောက် နတ်ဆိုးဘုရင်၏ ခေါင်းကို ပိုင်းဖြတ်တော့သည်။

ဘန်း..

နတ်ဆိုးဘုရင်သည် အစွမ်းထက်သော ခုခံမှုရှိသည်။ မီးနဂါးဓားက နတ်ဆိုးဘုရင်ကို ပေပေါင်းများစွာအထိ လွင့်ထွက်သွားစေနိုင်၏။ သို့သော် ဒဏ်ရာကမူ မတိမ်မနက်ပေ။ မဟာရှတိုင်းပြည်မှ စစ်သားအချို့သာလျှင် နတ်ဆိုးဘုရင်ကြောင့် ထိခိုက်သွားသည်။ သို့သော် ကံကောင်းသည်မှာ သူတို့က မသေသွားပေ။

ဝှစ် ဝှစ်..

ကျန်းရီသည် မီးနဂါးဓားကို ဆက်လက် ကိုင်ဆောင်ထားပြီး မဟာရှတိုင်းပြည်မှ သိုင်းပညာရှင်များအားလုံးကို သဲအိတ်နှယ် ပစ်ထုတ်နေ၏။ သူ့လက်များထဲမှ တစ်ဖက်က နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားတော့သည်။

ကျွီ.. ကျွီ..

မီးဝိညာဉ်ပုလဲက တစ္ဆေမီးလျှံများကိုထုတ်ဖော်ပေးပြီးနောက် နတ်ဆိုးဘုရင်ကို ကြောက်မက်ဖွယ်ရာ မြင့်မားသည့် အပူချိန်ဖြင့် ချက်ချင်း လောင်ကျွမ်းသွားစေတော့သည်။ နတ်ဆိုးဘုရင်က အော်ညည်းလိုက်သော်ငြား ထိုအသံက ပါးစပ်နား မရောက်သေးခင် အသံတိုးသဲ့သဲ့ ဖြစ်သွားတော့သည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်က ပကတိမျက်လုံးဖြင့် မြင်နိုင်သည့် အရှိန်ဖြင့် ပြာဖြစ်သွားတော့သည်။

တမလွန်လောက တစ္ဆေမီးလျှံများ၏ အပူချိန်သည် သူတော်စင်လက်နက်များကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိပေ၏။ မျက်တောင်တစ်ခတ်စာအတွင်း ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည် ရှိသည်ကပင် ချီးကျူးစရာကောင်းနေပြီ ဖြစ်သည်။

ဝှစ် ဝှစ်..

ကျန်းရီသည် ထိုအတိုင်း ဆက်လက် ဆောင်ရွက်နေပြီး မြို့၏ အနောက်ဘက်ဆီသို့ ဦးတည်သွားတော့သည်။ စစ်သားများအားလုံးကို ဖယ်ရှားပြီးနောက် တစ္ဆေမီးလျှံများကို သုံးပြီး နတ်ဆ်ိုးဘုရင်များကို မီးရှို့ပစ်တော့သည်။

“ကိုယ်စားအုပ်ချုပ်သူ”

မဟာရှတိုင်းပြည်မှ စစ်သားအများစုသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး အချို့က ပြိုလဲနေပြီး အချို့က ပိုးကောင်များတဖွယ် တုန်ယင်နေတာ့သည်။ သူတို့က ကျန်းရီကို ကြောက်လန့်တကြား ကြည့်နေကြ၏။ ကျန်းရီ ပြန်လာသည့် အချိန်တွင် သူတို့ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သူတို့ ပြုံးချင်ကြသည်။ သို့သော်လည်း အကြောက်တရားဖြင့်သာ အဆုံးသတ်သွားကြသည်။ သူတို့ ပြုံးနေတာက ငိုသည့် အချိန်ထက်တောင် ပိုရုပ်ဆိုးပေ၏။

နတ်ဆိုးဘုရင်များ မြို့၏ အနောက်ဘက်ပိုင်းတစ်ခုလုံး၌ လောင်ကျွမ်းသွားသည်ကို မြင်လိုက်ရသည့် အချိန်၌ သူတို့ ချွေးစေးများ ပျံလာတော့သည်။ သူတို့သည် စိတ်ခြောက်ခြားနေသော်ငြား စိတ်ဝိညာဉ်၌ ပျော်ရွှင်မှုတို့ ပြည့်နေလေ၏။ သူတို့ဘုရင်က သူတို့ကို အမှန်တကယ် စိတ်မပျက်စေခဲ့ပေ။ သေရေးရှင်ရေးအခြေအနေ၌ သူသည် နတ်ဘုရားတစ်ပါးသဖွယ် ပေါ်လာပြီး ရက်စက်ယုတ်မာသည့် ရန်သူများအားလုံးကို ဖိနှိပ်ပြီး သတ်ဖြတ်ခဲ့သည်။

ဝူး ဝူး..

နတ်ဆိုးဘုရင်တစ်ပါးက သူတို့၏ အဖော်အပေါင်းများ မီးရှို့ခံလိုက်ရတာကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ အကြောက်တရားများ ပြည့်နေသည်။ သို့သော် မည်သူမျှ စကားမပြောနိုင်ပေ။ မည်သည့်နတ်ဆိုးဘုရင်ကမှ သက်ညှာပေးရန် သို့မဟုတ် အလျော့ပေးကြောင်း မတောင်းဆိုကြပေ။ အချို့သော နတ်ဆိုးဘုရင်များက သူတို့ သေခါနီးသည့် အချိန်၌ လက်လျှော့လိုသည့် စိတ်များ ပေါ်လာသည်။

ထိုနတ်ဆိုးဘုရင်များအားလုံး လိုလိုလားလား သေဆုံးချင်ရအောင် ထိုသားရဲတစ်ထောင်စေတီသည် မည်မျှ နက်နဲသနည်း။ သူတို့အားလုံးက စိတ်သက်သာရာရသည့် အမူအရာမျိုးတောင် ဖြစ်နေသည်။

သားရဲတစ်ထောင်စေတီထဲမှာ နေရတာက ညှင်းပန်းနှိပ်စက်ခံရတာလား။ ဟမ်း.. တုကူချိုးကို သတ်ပြီးသွားရင် ငါက သားရဲတစ်ထောင်စေတီကို ယူပြီး စစ်ဆေးကြည့်လို့ ရပြီ။

ကျန်းရီက စိတ်ထဲ အံ့သြနေမိသည်။ သူက မရပ်တန့်ဘဲ နတ်ဆိုးဘုရင်များကို ဆက်လက်မီးမြှိုက်နေတော့၏။ သူ့နောက်တွင် ထိုနတ်ဆိုးဘုရင်များကို ဖမ်းထားလိုစိတ် မရှိပေ။

သူ၏သတ်ဖြတ်ခြင်းဆန္ဒက ပဥ္စမအဆင့်သို့ ရောက်နေပြီဖြစ်ကာ ပြီးပြည့်စုံသည့် အဆင့်တွင် ရှိနေသည်။ သူက ဗာဂျရာနယ်ပယ်တွင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်ရာ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်များ ရှိခြင်းက မည်သည်ကို အသုံးဝင်စေမည်နည်း။

ထိုနတ်ဆိုးဘုရင်များသည် သူ့စစ်သား သိန်းချီကို သတ်ဖြတ်ခဲ့သည်။ သူ့အဖို့ ထိုနတ်ဆိုးဘုရင်များကို ခေါ်ထားဖို့ မဖြစ်နိုင်ပေ။ ကျရှုံးသွားလေသော စစ်သားများအတွက် သူ လက်စားချေပေးရမည်။ ရန်သူများအားလုံးကို သတ်ဖြတ်ပြီး သူတို့၏ ကျန်ရှိသည့် ဝိညာဉ်ကို နှစ်သိမ့်ပေးရမည်။

ဂျွတ်.. ဂျွတ်..

တစ္ဆေမီးလျှံများက နတ်ဆိုးဘုရင်များကို တစ်ကောင်ပြီးတစ်ကောင် မီးမြိုက်နေတော့၏။ ကျန်းရီ၏ မျက်ဝန်းများက သိုင်းပညာခန်းမဆောင်ဆီသို့ ရောက်သွားပြီး သူတို့မူမမှန်သည့် လှုပ်ရှားမှု မရှိတာ အတည်ပြုလိုက်ပြီး စိတ်သက်သာရာ ရသွားတော့သည်။

သူက တုကူချိုးကို သတ်ပြီး ကျီထင်ယွီကို ဖမ်းနိုင်သရွေ့ ကျန်းရှောင်နုနှင့် ကျန်သူများ လုံခြုံသွားပြီဖြစ်သည်။

တစ်ဆယ်.. ငါးဆယ် ကိုးဆယ်..

တစ်နာရီအတွင်း အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်းကိုးဆယ်ကျော်က သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ကောင်းကင်ကြယ်တာရာနယ်မြေ၏ နှစ်သိန်းချီ သမိုင်းကြောင်းထဲတွင်တောင် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်တစ်ရာအောက် နည်းနိုင်သေးသည်။ ယနေ့တွင်မူ ကောင်းကင်ကြယ်တာရာမြို့၌ အကောင်တစ်ရာ သေဆုံးသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြီးက သမိုင်းကြောင်းထဲတွင် မှတ်တမ်းတင်ထားကြမှာ သေချာသည်။

ကောင်းကင်ကြယ်တာရာမြို့တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်က ထာဝရသိစေရန် ထိုက်တန်ပြီး နောင်မျိုးဆက်သစ်များ၏ မှတ်ဉာဏ်တွင် ထွင်းထုထားရန် ထိုက်တန်ပေ၏။

ရွှီး ရွှီး..

နတ်ဆိုးဘုရင်များအားလုံးကို ရှင်းထုတ်ပြီးနောက် ကျန်းရီသည် ကောင်းကင်ကြယ်တာရာမြို့ရင်ပြင်ရှိ သိုင်းခန်းမဆောင်ကို ရင်ဆိုင်ကာ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ပေါ့ပါးသော ခြေလှမ်းများဖြင့် သူက ပေါ့ပေါ့ပါးပါး ခြေလှမ်းနေသော်ငြား ထိုခြေလှမ်းများသည် လူသားတို့၏ စိတ်ဝိညာဉ်ကို နှုတ်ရန် ရောက်လာသည့် သေမင်းနှင့် တူနေတော့သည်။ ရင်ပြင်ထဲရှိ လင်းရွှယ်နှင့် ကျန်သူများအားလုံး စိတ်ပျက်အားငယ်မှုတို့ ခံစားနေရ၏။

လင်းရွှယ်၏ ခွန်အားအဆင့်က အလွန်အားနည်းသည်။ သူမနှင့် ကျီထင်ယွီက ကျင့်ကြံနိုင်ခြင်း မရှိဘဲ နှစ်ယောက်လုံးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ်ကို မြင့်တင်နိုင်ရန် ကောင်းကင်ကျောက်တုံးများကိုသာ အားကိုးခဲ့ရသည်။

ယခုအချိန်တွင် သူမ ဒူးထောက်နေခဲ့ခြင်းမှာ ကျန်းရီဆီမှ ကြောက်မက်ဖွယ်ရာ ဖိအားကြောင့် ဖြစ်သည်။ သူမ၏ နုနယ်သော ခန္ဓာကိုယ်က တုန်ယင်နေပြီး အရေပြားများက ရဲရဲတောက် ပူနေပေ၏။ ရင်ဘတ်ကလည်း လှိုက်မောနေကာ ပခုံးများက တုန်နေသည်။ အမှန်တကယ်တွင် သူမခွန်အားအဆင့်လောက်ဖြင့် တခြားသူသာဆိုလျှင် မြေပြင်ပေါ်တွင် လဲပြိုနေပြီဖြစ်သည်။ သူမ၏ သန်မာသော စိတ်စွမ်းအားကို အားထားပြီး ရုန်းကန်ခဲ့သည်။ သူမက ကျန်းရီကို စုတ်ပြတ်သတ်သည့် အခြေအနေမျိုး မမြင်တွေ့စေချင်ပေ။ သူမ သေရမည်ဆိုလျှင်တောင် ဂုဏ်သိက္ခာရှိရှိ သေချင်၏။

လင်းရွှယ်က ကျန်းရီ လျှောက်လာတာကို မြင်သည့်အချိန်တွင် ရုတ်တရက် ပြုံးလိုက်ပြီး သတ်ဖြတ်ခြင်း ဆန္ဒ၏ ဖိနှိပ်မှုအောက်တွင် သူမအတွက် ပြုံးလိုက်ခြင်းက ကောင်းကင်ကို ဖီဆန်နေခြင်း ဖြစ်ပေ၏။ သူမ၏ မျက်ဝန်းထဲ၌ ပြင်းပြမှု အပြစ်ရှိစိတ်တို့ ပြည့်နှက်နေ၏။ နှုတ်ခမ်းက ကွေးတက်သွားသော်ငြား သူမ အသံမထွက်နိုင်ချေ။

ကျန်းရီကမူ သူမ၏ နှုတ်ခမ်းပုံစံအရ သူမပြောချင်တာကို သိနေသေးဆဲ ဖြစ်သည်။

“နှုတ်ဆက်ပါတယ် ကျွန်မ အချစ်ရဆုံးအမျိုးသား၊ ဒီဘဝမှာ ရှင်နဲ့အတူ ရှိဖို့ ကံမပါလာခဲ့ဘူး၊ အားလုံးက လင်းရွှယ်ရဲ့ ကိုယ်ပိုင်လုပ်ရပ်ကြောင့်ပဲ၊ နောင်ဘဝကျရင်တော့ ရှင့်အမျိုးသမီးဖြစ်ဖို့ အခွင့်အရေးကို မျှော်လင့်တယ်”

“ဖူး..”

လင်းရွှယ်၏ ရင်ဘတ်က ရုတ်တရက် ကြွတက်လာပြီးနောက် သူမ၏ ပါးစပ်မှ အနက်ရောင်သွေးများ အန်ထုတ်ကာ ခန္ဓာကိုယ်က မြေပြင်ပေါ် လဲပြိုသွားသည်။ သူမ၏ မျက်ဝန်း၌ အသက်ရှိသည့် အငွေ့အသက်တို့ တဖြည်းဖြည်း ဆုံးရှုံးသွားပြီးနောက် အရှိန်အဝါတည်ရှိမှုကလည်း အားနည်းသွားသည်။ ကျန်းရီသည် သူမ မျက်ဝန်းများထဲမှ အပြစ်ရှိသည့် အရိပ်အယောင် တစ်စွန်းတစ်စကို မြင်နိုင်ပေ၏။

သူမသည် ခြွင်းချက်မရှိ အလှပဂေးတစ်ဦး ဖြစ်သော်ငြား အသက်(၂၀)အရွယ်တွင် သူမဘဝကို အဆုံးသတ်ရန် ရွေးချယ်ခဲ့၏။

ကျန်းရီက ခြေလှမ်းများကို ရပ်တန့်ပြီး သွေးများဖြင့် လွှမ်းနေသာ လင်းရွှယ်၏ မျက်နှာကို သူ၏ သွေးနီရောင်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူက ခံစားချက်မဲ့ပြီး အင်မတန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးစက်နေပေသည်။ လင်းရွှယ်ကို မှင်တက်စွာ ကြည့်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် တလက်လက် တောက်ပနေသော သိုင်းခန်းမဆောင်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

အရံအတားကြောင့် သူ၏ ကောင်းကင်စိတ်အာရုံများသည် အထဲသို့ မစီးဆင်းနိုင် ဖြစ်နေသည်။ အထဲတွင် ဖြစ်နေတာကို မသိ၊ သို့သော် အရံအတား ရှိနေလျှင်တောင် သတ်ဖြတ်ခြင်းဆန္ဒက အထဲရှိ လူများကို သက်ရောက်နေသေးဆဲ ဖြစ်ကြောင်း သူ ယုံကြည်သည်။ ဖိအားက မမြင်ရ အရာအားလုံးကို လွှမ်းမိုးနိုင်ပေ၏။

“တုကူချိုး ကျီထင်ယွီ သေဖို့ ပြင်ထားတော့”

သူ၏ ကောင်းကင်နဂါးဓားက အရှိန်အဝါတို့ဖြင့် ဖြာထွက်လာပြီးနောက် သိုင်းခန်းမဆောင်ကို ပိုင်းခြားလိုက်သည်။ ထိုအရံအတား မည်မျှ သန်မာသနည်း။ ကောင်းကင်ကြယ်တာရာမြို့၏ အရံအတားထက်တောင် သန်မာသည်လော။ သူသာ အရံအတားကို ဖွင့်နိုင်သရွေ့ အထဲရှိ လူအားလုံးသေရမည် ဖြစ်သည်။

ဖုန်း ဖုန်း..

ကျန်းရီ၏ သွေးနီရောင် မျက်ဝန်းများက အထင်းသား ပေါ်နေပြီး မီးနဂါးအကောင်သောင်းရေက အရံအတားကို အားစိုက်ထုတ်မှုမရှိ ဖြိုခွဲလိုက်ရာ သိုင်းခန်းမဆောင်ကို အပိုင်းပိုင်းအစစ အဖြစ် ပြိုကွဲသွားစေသည်။ သူသည် ကောင်းကင်စိတ်အာရုံဖြင့် သိုင်းခန်းမဆောင်ကို စစ်ဆေးကြည့်လိုက်ရာ ရှင်းလင်းနေကြောင်း သိလိုက်ရသည်။ တုကူချိုး၊ ကျီထင်ယွီနှင့် ကျန်တဲ့သူတွေက.. တကယ်ကြီး လွတ်မြောက်သွားပြီလား။

***

All Chapters