အခြေအနေကိုပြောင်းပြန်လှန်လျှက် အောင်ပွဲဆီသို့
Vol. 27 Ch. 383
အခန်း (၃၈၃) အခြေအနေကိုပြောင်းပြန်လှန်လျှက် အောင်ပွဲဆီသို့
အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ရရှိရန်က ခဲယဉ်းသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဝါဒတောင် ၊ နေသူတော်စင်ဂိုဏ်းနှင့် အဆုံးမဲ့တောင်တန်းတို့မှလွဲပြီး ကျန်ထိပ်သီးသိုင်းဂိုဏ်း (၃)ခုက အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရရှိရန် အလွန်တရာ မျှော်လင့်လျှက် ရှိကြသည်။
ပန်းချီဆရာသူတော်စင်နှင့် မိစ္ဆာသူတော်စင် ‘ယွမ်ထျန်း’ တို့သည်ပင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန် အပြင်းအထန် ကြိုးစားခဲ့ကြဖူးသည်။
ယခုတော့ ကျောက်စိမ်းပင်လယ်မြို့တော်သည် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ပြုလုပ်အောင်မြင်ခဲ့ပြီ ဖြစ်သည်။
သူတို့အားလုံး ကြီးမားသည့်ကပ်ဘေးကြီးခံစားကြရပြီး ကျောက်စိမ်းပင်လယ်မြို့တော်တစ်ခုလုံး ပျက်ဆီးလုနီးပါး ဖြစ်ခဲ့ရသည်။
ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ ၏ နှလုံးသားထဲမှ အဆုံးမရှိသောဒေါသတရားများ ပေါက်ကွဲထွက်လာသည်။
ကျောက်စိမ်းရောင်ဓားအလင်းတန်းက ပျောက်ကွယ်သွားပြီး သဏ္ဌန်ကင်းမဲ့စွာပင် နောက်ပြန်ဆုတ်သွားသည်။
သို့သော် ဤနေရာတွင်ရှိနေသော မီးတောက်မိစ္ဆာဘုရင် (၃)ယောက်မှာ ကျောထက်တွင် အေးစက်သွားသလို ခံစားလိုက်ကြရသည်။ သူတို့က ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများနှင့် ကြိမ်ဖန်များစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးဖြစ်ရာ ယခုကြုံတွေ့ရသည့်အရာမှာ ကျောက်စိမ်းပင်လယ်မြို့တော်၏ အထွတ်ထိပ်သိုင်းပညာတစ်ရပ်ဖြစ်သော ‘သဏ္ဌန်မဲ့ဓားသိုင်း’ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။
‘သဏ္ဌန်မဲ့ဓားသိုင်း’ ၏ ထူးခြားချက်မှာ ဓားဝိညာဉ်က ပုံသဏ္ဌန် မရှိသော်လည်း ဓားချီစွမ်းအားများက မရေမတွက်နိုင်သော အမှုန်အမွှားလေးများအဖြစ် တည်ရှိနေခြင်းပင်။
ထိုဓားချီစွမ်းအား အမှုန်အမွှားလေးများက အလွန်တရာသေးငယ်သော်လည်း ကြမ်းတမ်းပြီး ဖျက်ဆီးနိုင်စွမ်းအပြည့်အဝရှိကာ ထက်ရှလွန်းသည်။ ထိုဓားချီစွမ်းအားများကို တွ့မြင်ရခြင်းမရှိသော်လည်း ဖုံမှုန့်ငယ်များပမာ မိုးမြေတစ်ခွင် ပျံ့ကျဲလျှက်ရှိသည်။
‘သဏ္ဌန်မဲ့ဓားသိုင်း’ ကို အထွတ်ထိပ်မှော်ဝင်လက်နက်ဖြစ်သော ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ဖြင့်ပေါင်းစပ်အသုံးပြုလိုက်သည့်အခါ စုန့်ဝူလျန်၏စွမ်းအားက အသစ်သောအဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။
အချိန်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော ကျောက်စိမ်းရောင်ဓားအလင်းတန်းများက ကောင်းကင်ထက်မှ အဆုံးမဲ့မီးပင်လယ်ကြီးကို လွှမ်းခြုံသွားသည်။
ပျော့ပြောင်းပြီးထက်ရှမှုကို ထုတ်ဖော်ပြသခြင်းမရှိသည့် အန်းချင်လင်၏ဓားဝိညာဉ်က စုန့်ဝူလျန်၏ သဏ္ဌန်မဲ့ဓားဝိညာဉ်နှင့် ပူးပေါင်းပြီး သူတို့ရှေ့မှ မီးတောက်မိစ္ဆာဘုရင်များ၏ လှုပ်ရှားမှုကို ထိန်းချုပ်ထားလိုက်၏။
တစ်ဖက်တွင်တော့ ယွမ်ကျန်းဖုန်းက မီးတောက်မိစ္ဆာဘုရင်များကို အပြင်းအထန် တိုက်ခိုက်နေဆဲ ဖြစ်သည်။
ကြယ်တာရာသန့်စင်ချီဝတ်ရုံမှ ကြည်လင်သောချီစွမ်းအားများဖြင့် ချုပ်နှောင်ခံထားရပြီး ယွမ်ကျန်းဖုန်း၏လက်ဝါးရိုက်ချက်ကျရောက်လာသည့်အခါ မီးတောက်ပင်လယ်ကောင်းကင်ပြင်ကြီးက ချက်ချင်းပင် ပြိုကျသွားသည်။
အောက်ဘက်မှ ဆရာဘိုးဘိုးကိုကြည့်နေသော ရန်ကျောက်ကဲက ဝမ်းမြောက်ဝမ်းသာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။
ယွမ်ကျန်းဖုန်း ၊ စုန့်ဝူလျန်နှင့် အန်းချင်လင်တို့ ပူးပေါင်းတိုက်ခိုက်သည်က ခပ်ရှားရှားဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့် ၊ သိုင်းစွမ်းအားမြင့်မားမှု ၊ အတွေ့အကြုံကြွယ်ဝခြင်းနှင့် ထူးခြားသောအမြင်ရှိခြင်းများကြောင့် အလွန်ပင် ဟန်ချက်ညီကာ အဆင်ပြေခဲ့သည်။
ကျောက်စိမ်းပင်လယ်မြို့တော် နင်းချေခံရလုနီးပါးဖြစ်ခဲ့သည့်အတွက် စုန့်ဝူလျန်မှာ ဒေါသမီးများ ဟုန်းဟုန်းတောက်လျှက် ရှိသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော “ကျောက်စိမ်းပင်လယ်နတ်ဆေးဓား” ပြုလုပ်အောင်မြင်ခဲ့ပြီဖြစ်ရာ ထိုဓားနှင့်အတူ သူ၏ ဂုဏ်အသရေနှင့် လက်တုံ့ပြန်လက်စားချေခြင်းကို တိကျစွာ ပြသရမည်ပင်။
သို့သော် တကယ်တမ်းတိုက်ခိုက်သည့်အခါ သူက ယွမ်ကျန်းဖုန်းကို အဓိကတိုက်ခိုက်သူအဖြစ် ဦးစားပေးပြီး ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ဖြင့် ရန်သူကို အရမ်းကာရော ဝင်ရောက်တိုက်ခိုက်ခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း ပိုင်ဆိုင်ထားခြင်းမရှိသလို ဒဏ်ရာလည်းရထားသော အန်းချင်လင်က တိုက်ပွဲမှထွက်ခွာလာပြီး လိုအပ်လျှင်ကူညီရန် အနားတွင် စောင့်ဆိုင်းနေသည်။ ယွမ်ကျန်းဖုန်းနှင့် စုန့်ဝူလျန်တို့ကတော့ တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ကြသည်။
ယွမ်ကျန်းဖုန်းက ရန်သူကို ထိပ်တိုက်ရင်ဆိုင်လျှက် မီးတောက်မိစ္ဆာဘုရင် (၃)ယောက်ကို အပြင်းအထန်ဖိအားပေးသည်။
ရန်သူများက စစ်ပန်းနေပြီဖြစ်ရာ ယွမ်ကျန်းဖုန်း၏တိုက်ခိုက်မှုကိုပင် မနည်းရုန်းကန်ရင်ဆိုင်နေရစဉ် စုန့်ဝူလျန်၏ သဏ္ဌန်မဲ့ဓားဝင်ရောက်လာသည့်အခါ သေလုနီးပါး ခြိမ်းခြောက်မှုကို ရင်ဆိုင်ကြရသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ သိုင်းသူတော်စင် (၃)ယောက် ပေါင်းစည်းတိုက်ခိုက်မှုအောက်တွင် မီးတောက်မိစ္ဆာများ ရုတ်ရုတ်သဲသဲ ဖြစ်လျှက်ရှိကြတော့၏။
ယခု ကျောက်စိမ်းပင်လယ်ပင်မအစီအရင်ကြီး လုံးလုံးလျားလျား ပျက်ဆီးသွားပြီဖြစ်ရာ ပြင်းထန်သောတိုက်ပွဲအခြေအနေက မြို့တော်အပေါ် သက်ရောက်မှုရှိလာသည်။ ထို့ကြောင့် မြိုတော်ပျက်ဆီးမည်စိုးရိမ်သဖြင့် သိုင်းသူတော်စင်များက ထိန်းထိန်းသိမ်းသိမ်း တိုက်ခိုက်နေရသည်။
ကျောက်စိမ်းပင်လယ်မြို့တော်ကိုသာ စိုးရိမ်စရာမရှိပါက သိုင်းသူတော်စင် (၃)ယောက်၏ တိုက်ပွဲအားသာချက်က ပို၍ပင် ကြီးမားပေလိမ့်မည်။
မီးတောက်မိစ္ဆာဘုရင် (၃)ယောက်တွင် ချန်ဟွမ်၏ဒေါသကအဆိုးဆုံးဖြစ်ပြီး သူက ဧရာမမြွေကြီးတစ်ကောင်ပမာရှိသော သူ၏ခန္ဓာကိုယ်ဖြင့် ကျောက်စိမ်းပင်လယ်မြို့တော်ရှိရာသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်သွားသည်။
သူက ကျောက်စိမ်းပင်လယ်မြို့တော်ကို ဖျက်ဆီးပြီး ရန်ကျောက်ကဲနှင့် အခြားသူများအားလုံးကို သတ်ဖြတ်ပစ်ချင်နေသည်။
သို့သော် ကြယ်တာရာသန့်စင်ချီဝတ်ရုံကိုဝတ်ဆင်ထားသော ယွမ်ကျန်းဖုန်းက လက်များကိုဆန့်ထုတ်လိုက်သည်။ ထိုအခါ ကြည်လင်သောချီစွမ်းအားစီးကြောင်းများက ကြီးမားသောလက်ကြီးများအဖြစ် ပြောင်းလဲသွားပြီး ချန်ဟွမ်ကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ချန်ဟွမ်က ဒေါသအရှိန်အဟုန်ဖြင့် အဆက်မပြတ် ကြုံးဝါးသံပြုရင်း မီးတောက်များ ဟုန်းဟုန်းတောက်လောင်လျှက် ရန်ကျောက်ကဲဆီသို့ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားနေသည်။
ယွမ်ကျန်းဖုန်းက အရေးမစိုက်ဘဲ ကြီးမားသောလက်ကြီးနှစ်ဖက်ဖြင့် ဖိညှစ်လိုက်ရာ ချန်ဟွမ်၏ ခန္ဓာကိုယ်မှ အရိုးကျိုးကြေသံများပင် ထွက်ပေါ်လာသည်။
ထိုအချိန် ကျောက်စိမ်းပင်လယ်နတ်ဆေးဓားကို ကိုင်ဆောင်ထားသော စုန့်ဝူလျန် နှင့် အန်းချင်လင်တို့က အခြားမီးတောက်မိစ္ဆာဘုရင် (၂)ယောက်ကို တားဆီးထားသည်။
သိုင်းသူတော်စင် ဒုတိယအဆင့်နှင့် ညီမျှသော မီးတောက်မိစ္ဆာဘုရင်က စုန့်ဝူလျန်လက်ထဲမှ ကျောက်စိမ်းပင်လယ်နတ်ဆေးဓားနှင့် ယွမ်ကျန်းဖုန်းဝတ်ဆင်ထားသည့် ကြယ်တာရာသန့်စင်ချီဝတ်ရုံတို့ကိုကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် သူက နောက်ဆုတ်သွားပြီး အရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားတော့၏။
ကျန်ရှိသောမီးတောက်မိစ္ဆာဘုရင်မှာလည်း ကူရာကယ်ရာမဲ့စွာဖြင့် ပြေးရန်ဟန်ပြင်တော့သည်။
စုန့်ဝူလျန်နှင့် အန်းချင်လင်တို့က သူတို့ကို အလွတ်မပေးဘဲ အနောက်မှ တောက်လျှောက်လိုက်ပါသွားကြသည်။
ယွမ်ကျန်းဖုန်းကတော့ နေရာမှာပင် ကြည်လင်သောချီစွမ်းအားစီးကြောင်းလက်ကြီးနှစ်ဖက်ဖြင့် ဧရာမမီးတောက်မြွေကြီးကို ဖမ်းဆုပ်ထားဆဲ ဖြစ်သည်။
ယွမ်ကျန်းဖုန်း၏ စွမ်းအားဖြင့် ဖိညှစ်ခံထားရသဖြင့် မီးတောက်မိစ္ဆာဘုရင်’ချန်ဟွမ်’ မှာ နာကျင်စွာအော်ဟစ်ရင်း သူ့ခန္ဓာကိုယ်မှ မီးတောက်များက သွေးများပမာ ပျံ့ကျဲလျှက်ရှိသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲရင်ထဲ အနည်းငယ် ခံစားသွားရသည်။
“လာကူညီတဲ့သူက နေသူတော်စင်ဂိုဏ်းမဟုတ်ဘဲ ငါတို့ဂိုဏ်းဖြစ်နေလို့ ကျောက်စိမ်းပင်လယ်မြို့တော် အဆင်ပြေသွားတာ”
ရန်ကျောက်ကဲတွေးလိုက်သည်။
“ကောင်းကင်ဘုံကသတ်မှတ်ပေးတဲ့ ကံကြမ္မာဆိုတာ ထူးဆန်းပြီး နားလည်ရခက်တာ အမှန်ပဲ”
အဘိုးအို’မော့’ ကိုထည့်မတွက်လျှင် ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းတွင် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဝတ်ဆင်ထားသော ‘ယွမ်ကျန်းဖုန်း’ နှင့် နေသူတော်စင်ဂိုဏ်းမှ ဟွမ်ကွမ်လီသာလျှင် သိုင်းသူတော်စင် ဒုတိယအဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာဘုရင် ‘ကျင်းကျုန်း’ ကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။
အကယ်၍ ရောက်လာသူက ယွမ်ကျန်းဖုန်းမဟုတ်ဘဲ ဟွမ်ကွမ်လီဖြစ်နေပါက ကျောက်စိမ်းပင်လယ်မြို့တော်ကို တိုက်ခိုက်နေသည့် မီးတောက်မိစ္ဆာဘုရင်’ကျင်းကျုန်း’ ကို သုတ်သင်ပေးမည်ဖြစ်သော်လည်း ကျောက်စိမ်းပင်လယ်နတ်ဆေးဓား ပြုလုပ်ခြင်းကိုတော့ အောင်မြင်စေရန် ကူညီပေးမည် မဟုတ်ပေ။
ထိုသို့သာဆိုလျှင် မီးတောက်မိစ္ဆာဘုရင်များနှင့် ဟွမ်ကွမ်လီ၏တိုက်ပွဲက မတိုးသာမဆုတ်သာအခြေအနေတွင်ရှိနေပြီး အချိန်ကြာလာသည်နှင့်အမျှ စုန့်ဝူလျန်မှာ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မလာနိုင်ဘဲ ကြီးမားသောအန္တရယ်ဖြင့် ရင်ဆိုင်ရပေမည်။
အခန့်မသင့်လျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ ရေနယ်မြေကို နှစ်ပေါင်းရှည်ကြာ အုပ်စိုးခဲ့သည့် ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်သော ကျောက်စိမ်းပင်လယ်မြို့တော် လုံးဝပျက်ဆီးသွားနိုင်သည်ပင်။
သစ်ပင်ထက်မှပြုတ်ကျသောငှက်သိုက်အတွင်းမှ ငှက်ဥသည်လည်း အသက်ရှင်သန်နိုင်မည်မဟုတ် ဆိုသလို ကျောက်စိမ်းပင်လယ်မြို့တော် ကျဆုံးသွားပါက အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်နေသော ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင် ‘စုန့်ဝူလျန်’ သည်လည်း အရှုံးတရားနှင့်ရင်ဆိုင်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိကာ နလန်မထူနိုင်အောင် ဖြစ်သွားမည်သာ။
ယခု ကျောက်စိမ်းပင်လယ်မြို့တော်ကို ကူညီရန်ရောက်ရှိလာသူက ဟွမ်ကွမ်လီမဟုတ်ဘဲ ယွမ်ကျန်းဖုန်းဖြစ်နေသဖြင့် အလွန်တရာကံကောင်းသည်ဟု ဆိုရမည်။
ယွမ်ကျန်းဖုန်းသည်လည်း ဟွမ်ကွမ်လီကဲ့သို့ပင် မီးတောက်မိစ္ဆာဘုရင် ‘ကျင်းကျုန်း’ ကို ရင်ဆိုင်တိုက်ခိုက်ပေးမည်ဖြစ်သော်လည်း မတူညီသည့်အချက်မှာ ရန်ကျောက်ကဲက အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်ခြင်းအား စွန့်စားလုပ်ဆောင်ချိန်တွင် ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် စုန့်ဝူလျန် အောင်မြင်မှုရရှိပြီး ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ ကို ဆွဲကိုင်လျှက် တိုက်ပွဲထဲဝင်ရောက်လာသည့်အခါ တိုက်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး မတိုးသာမဆုတ်သာအခြေအနေမှ အောင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဒါပေမဲ့... နေသူတော်စင်ဂိုဏ်းက မဟာနေမင်းတိုင်းတာခြင်းပေတံက ငါ့ကြောင့် ဆုံးရှုံးသွားရတာ မဟုတ်လား”
ထိုသို့တွေးမိသည့်အခါ ရန်ကျောက်ကဲ မပြုံးဘဲ မနေနိုင်ပေ။
သူ့ကြောင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပေါ်ထွက်လာခဲ့သော်လည်း သူ့ကြောင့်ပင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ဆုံးရှုံးခဲ့ဖူးသည်။
ကောင်းကင်ထက်တွင်တော့ ယွမ်ကျန်းဖုန်း၏ ဖိညှစ်ထားမှုမှ ခါးသီးစွာရုန်းကန်နေရသော ချန်ဟွမ်သည် ချန်ဟွမ်သည် ကျေက်စိမ်းပင်လယ်မြို့တော်အထက် လေထုထဲတွင် အေးအေးဆေးဆေးမတ်တတ်ရပ်နေသော ရန်ကျောက်ကဲကို ရှာဖွေတွေ့ရှိသွားသည်။
သူက ဒေါသတကြီးဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်၏။
ရန်ကျောက်ကဲက အကြည့်မလွှဲဘဲ ချန်ဟွမ်၏ မျက်ဝန်းများကို ပြန်လည်စူးစိုက်ကြည့်လိုက်သည်။
ချန်ဟွမ်မှာ ယွမ်ကျန်းဖုန်းလက်မှရုန်းထွက်ပြီး ရန်ကျောက်ကဲကို သတ်ဖြတ်လိုစိတ်ဖြင့် မျက်လုံးများပြူးထွက်လျှက် ကောင်းကင်တစ်ခုလုံးတုန်လှုပ်သွားသည်အထိ ကြုံးဝါးအော်ဟစ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ကံကြမ္မာကို သူ သိရှိနေပြီဖြစ်သည်။ ယွမ်ကျန်းဖုန်းတွင် ကြယ်တာရာသန့်စင်ချီဝတ်ရုံမရှင်လျှင်တောင်မှ သူက ယွမ်ကျန်းဖုန်းနှင့် ပြိုင်ဘက်မဟုတ်ပေ။ ယခု ယွမ်ကျန်းဖုန်းက ကြယ်တာရာသန့်စင်ချီဝတ်ရုံဖြင့် သူ့ကို ထိန်းချုပ်ထားလေရာ ချန်ဟွမ်မှာ ယွမ်ကျန်းဖုန်းလက်မှလွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
သို့တိုင် မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ သည် ရန်ကျောက်ကဲကို ဝါးစားပစ်တော့မည့်အလား ဒေါသတကြီး စိုက်ကြည့်နေဆဲ ဖြစ်သည်။
ရန်ကျောက်ကဲက ချန်ဟွမ်ကို ပြုံးရယ်ပြလိုက်ပြီး လက်ပြနှုတ်ဆက်လိုက်သည်။
ဒါကိုမြင်တော့ ချန်ဟွမ်မှာ သွေးအန်လုမတတ် ဒေါချောင်းချောင်းထွက်သွား၏။
သို့သော် စိတ်ကောင်းရှိသော ရန်ကျောက်ကဲက လက်ပြနှုတ်ဆက်ပြီးသွားသည်နှင့် ချန်ဟွမ်ကို ဆက်မကြည့်တော့ဘဲ အကြည့်လွှဲလိုက်သည်။ ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းလက်ထဲ ထိုမီးတောက်မိစ္ဆာဘုရင် သနားစဖွယ် နာကျင်ခံစားနေရသည်ကို သူ မကြည့်ရက်ပါပေ။
ယခုတော့ ‘အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို’ လည်း ပျက်ဆီးဆုံးရှုံးသွားပြီ ဖြစ်သည်။ သို့သော် ပစ္စည်းအမြောက်အမြားစုဆောင်းပြီးလျှင် ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်ရာ ရန်ကျောက်ကဲက ထိုကိစ္စကို စိတ်ထဲမထားပေ။
သူ စိတ်ထဲထားသည်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းပြုလုပ်သည်ကို ကူညီပေးစဉ်က ပင်မအစီအရင်ပြောင်းပြန်လှည့်ပတ်သော စွမ်းအားများနှင်း ကျောက်စိမ်းပင်လယ်နဂါးဓား ပေါင်းစပ်သွားချိန် ပင်မအစီအရင် ဗဟိုချက်တွင်ရှိနေခဲ့သော သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့ခြင်းပင်။
ထိုခဏမှာပင်...
သူ့ခန္ဓာကိုယ်ထဲတွင် များပြားလှစွာသော ဝိညာဉ်စွမ်းအားများ တဟုန်ထိုးမြင့်တက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေ၏။