အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှု
Vol. 11 Ch. 106
မုန့်ဝမ် ပြုံးလိုက်သည်ကို အဝေးမှ လှမ်းမြင်လိုက်ရသူတို့မှာ ထိတ်လန့်တုန်လှုပ်ကုန်ကြကာ ခြေဦးတည့်ရာ ထွက်ပြေးကြလေတော့၏။
“ အား...... စီနီယာအစ်မမုန့် ငါ့ကို မြင်သွားပြီ။ ငါ အရင်ပြေးနှင့်ပြီ ”
“ ငါ့ကို စောင့်ဦးလေ၊ ပြေးမယ်ဆိုရင်လည်း အတူတူပြေးကြတာပေါ့ ”
မုန့်ဝမ်သည် မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ပြာပြာသလဲ ထွက်ပြေးသွားကြသူများကို ကြည့်နေမိပေသည်။ သူမ ဂိုဏ်းမှ ခေတ္တခဏ ထွက်ခွာသွားသော လအနည်းငယ်အတွင်း လူတိုင်းက သူမကို အတော်လေး လွမ်းဆွတ်နေကြပုံရသည်။
မုန့်ဝမ်သည် တပည့်များ နေထိုင်ရာဆောင်သို့ လျှောက်လှမ်းလာစဉ် သူမ၏ ခါးတွင် ချိတ်ဆွဲထားသော သတင်းပို့သစ်သားပြားလေး တုန်ခါလာခဲ့ပေသည်။ သူမ ကြည့်လိုက်သောအခါ မက်ဆေ့ဂျ်အများစုမှာ ရွှယ်လျန်ကျိ၏ ဝေယျာဝစ္စဆောင်ရွက်ပေးရသူများနှင့် သတ္တုရိုင်းအရည်ကျိုအလုပ်ရုံ၊ သွန်းလောင်းရေးအလုပ်ရုံ၊ လက်နက်သွန်းလုပ်ရေးအလုပ်ရုံတို့မှ အသိဟောင်းများက ပို့ထားခြင်း ဖြစ်ပေသည်။ သူမ အထူးတလည် ဂရုစိုက်ခဲ့ဖူးသူအချို့ဆိုလျှင် သူမ ပြန်လာခြင်းကို ကြိုဆိုသောအားဖြင့် စားသောက်ပွဲ ကျင်းပပေးရန်ပင် ကမ်းလှမ်းထားကြသေး၏။
မုန့်ဝမ်သည် ထိုမက်ဆေ့ဂျ်များကို လျစ်လျူရှုကာ တပည့်ဆောင်သို့ တိုက်ရိုက် ပြန်လာခဲ့သော်လည်း မူလက သူမ ပိုင်ဆိုင်သော အခန်းထဲတွင် တခြားတစ်ယောက် ဝင်ရောက်နေထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
“ ဝါးဟားဟား...... ဘယ်လို မျက်စိမပါတဲ့ကောင်က ငါ့သခင်မရဲ့အခန်းကို အတင်းအဓမ္မ သိမ်းပိုက်ရဲတာလဲ။ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ် ”
နှလုံးစားပိုးကောင်၏ မြှောက်ပင့်သလိုရှိသော်လည်း မာန်ဝံ့နေသော အသံ ထွက်ပေါ်လာပေသည်။
“ သခင်မ...... အဲဒီခွေးကောင်ကို ကျွန်တော်မျိုး သွားရှင်းလိုက်ပါရစေ ”
နှလုံးစားပိုးကောင်သည် ရှေးဟောင်း ရှားပါးပိုးကောင်တစ်မျိုး ဖြစ်သော်လည်း တိုက်ခိုက်ရေးတွင် မကျွမ်းကျင်ပေ။ ၎င်း၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း မုန့်ဝမ်နောက်သို့ လိုက်ပါလာသည့် ရက်များအတွင်း ဝဝလင်လင် စားသောက်ထားရပြီး လုပ်စရာမရှိ ဖြစ်နေသဖြင့် အခြေခံစွမ်းအင်အဆင့် တပည့်တစ်ယောက်ကိုမူ အေးဆေးစွာ ကိုင်တွယ်နိုင်ပေသည်။
“ မလိုဘူး။ နောက်နောင် ငါ့အမိန့်မရှိဘဲ ဘာမှ မလုပ်ရဘူး... ”
နှလုံးစားပိုးကောင်မှာ အလွန် ဝမ်းနည်းသွားသော်လည်း မုန့်ဝမ်၏ အမိန့်ကို မဖီဆန်ရဲချေ။
“ ဟုတ်ကဲ့ပါ သခင်မ ”
မုန့်ဝမ်သည် တင်းကျပ်စွာ ပိတ်ထားသော တံခါးကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးနောက် ခါးရှိ သတင်းပို့သစ်သားပြားကို ထုတ်ယူကာ ကျန်းလင်း၏ မက်ဆေ့ဂျ်ကို ရှာဖွေလိုက်ပေသည်။ လအနည်းငယ် ကြာပြီးနောက် ထိုသူမှာ အသက်ရှင်လျက် ရှိနေသေးသည်မှာ အမှန်ပင် ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေသည်။
ကျန်းလင်း၏ မက်ဆေ့ဂျ်ကို ဖွင့်လိုက်သည်နှင့် စိုးရိမ်တကြီး ပြောဆိုနေသော အသံများ နားထဲသို့ တိုးဝင်လာခဲ့၏။
“ စီနီယာအစ်မမုန့်...... အစ်မ ပြန်ရောက်လာပြီပဲ။ ခက်တော့တာပဲ...... အစ်မပြန်လာတာကို ဝမ်းသာသင့်ပေမဲ့ အစ်မတော့ ဒုက္ခအကြီးအကျယ် တွေ့နေပြီ။ စီနီယာအစ်မ လက်ချက်နဲ့ သေသွားတဲ့ ‘စီနီယာအမချင်းချင်း’ ကို မှတ်မိသေးလား။ သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တင်ကွေ့ဟဲရဲ့ အမြှောင်မယားပဲ။
စီနီယာတင် ဂိုဏ်းကို ပြန်ရောက်လို့ ဒီအကြောင်းကို သိသွားတော့ အကြီးအကျယ် ဒေါသထွက်နေပြီး အစ်မကို အရှင်လတ်လတ် အရေခွံခွာမယ်လို့ ကြုံးဝါးနေတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာကို ခွင့်လွှတ်ပါ၊ အခုချိန်မှာ စီနီယာရွှယ်လျန်ကျိက ဂိုဏ်းထဲမှာ မရှိဘူး။ တကယ်လို့ စီနီယာတင်က အစ်မကို ရန်စလာရင် ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...... ”
ကျန်းလင်း၏ မက်ဆေ့ဂျ်ကို နားထောင်ပြီးနောက် မုန့်ဝမ်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားပေသည်။ တင်ကွေ့ဟဲ ဆိုပါလား......။
အိပ်ချင်နေစဉ် ခေါင်းအုံးလာပေးသလို ဖြစ်ရပ်မျိုးပင်။ သူမအနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ပတ်သက်သည့် အကြောင်းအရာများကို မည်သူ့အား မေးမြန်းရမည်နည်းဟု စဉ်းစားနေချိန်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ တင်ကွေ့ဟဲက အကောင်းဆုံး ကိုယ်စားလှယ် မဟုတ်ပါလော။
ကျွီ
ထိုစဉ် မုန့်ဝမ်ရှေ့ရှိ အခန်းတံခါးမှာ ဖြည်းညင်းစွာ ပွင့်လာပြီး နုနယ်လှပသော အမျိုးသမီးတစ်ဦး ထွက်လာပေသည်။ သူမက မုန့်ဝမ်ကို ကြည့်ကာ မျက်တောင်လေး ခတ်လိုက်ပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြုံးလိုက်၏။
“ စီနီယာအစ်မမုန့်ပဲကိုး။ ကျွန်မက ဒီမှာ စောင့်နေတာ ကြာလှပြီ၊ ကျွန်မရဲ့ ယောက်ျား အမိန့်ပေးထားလို့လေ။ စီနီယာအစ်မ ပြန်ရောက်လာပြီဆိုတော့ ကျွန်မနဲ့အတူ စီနီယာတင်ကို သွားတွေ့ရအောင် ”
ဟင်း...... စိတ်ဝင်စားဖို့ ကောင်းလှချေသည်။ တင်ကွေ့ဟဲသည် သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် လူလွှတ်၍ စောင့်ကြည့်ခိုင်းထားခြင်း ဖြစ်ပေသည်။
မုန့်ဝမ်သည် သူမရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ မေးလိုက်၏။
“ ငါ မလိုက်ဘူးဆိုရင်ကော...... ”
မုန့်ဝမ်၏ စကားကြောင့် ရယ်မောမိသွားသလိုမျိုး ထိုအမျိုးသမီးက ပါးစပ်ကို လက်ဖြင့်အုပ်၍ တဟိဟိ ရယ်မောလိုက်ပေသည်။
“ ဂျူနီယာညီမလေး...... စကားနားထောင်တာက ပိုကောင်းမယ်လို့ ငါ အကြံပေးပါရစေ။ ငါတို့က အမျိုးသမီးအချင်းချင်းမို့ ငါ သတိပေးမယ်နော်၊ ငါ့ယောက်ျားက စကားနားမထောင်တဲ့ အမျိုးသမီးကျင့်ကြံသူတွေကို အမုန်းဆုံးပဲ။ နည်းနည်းလောက် စကားနားထောင်မယ်ဆိုရင်တော့ နင့်ရဲ့ ရုပ်ရည်လေးကို ကြည့်ပြီး စီနီယာက အသက်ချမ်းသာပေးချင် ပေးဦးမှာ ”
မုန့်ဝမ်က နားလည်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပေသည်။
“ အဲဒီလိုဆိုရင်လည်း လမ်းပြပေးပါဦး ”
မုန့်ဝမ်က လိမ္မာပါးနပ်စွာ ပြုမူသည်ကို မြင်သောအခါ ထိုအမျိုးသမီးက ကျေနပ်သွားပြီး မုန့်ဝမ်ကို တင်ကွေ့ဟဲ၏ ကျင့်ကြံခြင်းဂူရှိရာသို့ ခေါ်ဆောင်သွားလေတော့၏။
ရွှမ်ယင်ဂိုဏ်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသည် သီးခြားတောင်ထိပ်များကို မပိုင်ဆိုင်နိုင်ကြသော်လည်း ၎င်းတို့ ရရှိထားသော နယ်မြေမှာ အခြေခံစွမ်းအင်အဆင့် တပည့်များနှင့် နှိုင်းယှဉ်ပါက များစွာ ကျယ်ဝန်းလှပေသည်။ ဤတင်ကွေ့ဟဲမှာ အဆောင်အယောင် မက်မောသူ ဖြစ်ပုံရချေ၏။ သူ၏ နယ်မြေအတွင်း ခမ်းနားထည်ဝါသော နန်းဆောင်တစ်ခုကိုပင် ဆောက်လုပ်ထားသေးပေသည်။
နန်းဆောင်သို့ မရောက်မီကပင် အတွင်းမှ ရယ်မောသံများကို ကြားနေရ၏။
“ ဟားဟား...... ဒီလိုကျင့်ကြံနည်းမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး၊ စိတ်ဝင်စားစရာပဲ...... သိပ်ကို စိတ်ဝင်စားစရာ ကောင်းတယ် ”
“ ယောက်ျားကလည်း...... နှမတော်ကို မစပါနဲ့ဦး။ ဒါတွေက အသေးအဖွဲ အတတ်ပညာလေးတွေပါ။ ထာဝရစိတ်ဝိညာဉ်ဂိုဏ်းရဲ့ စိတ်အာရုံ မွေးမြူတဲ့နည်းလမ်းကမှ တကယ်ကို ပြောင်မြောက်တာလို့ ကြားဖူးပါတယ် ”
တင်ကွေ့ဟဲက တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ် အပြင်ဘက်မှ အရှိန်အဝါနှစ်ခုကို အာရုံခံမိသွားသဖြင့် သူ၏ မျက်နှာထား ချက်ချင်း မှောင်ကျသွားလေတော့၏။
“ မင်းတို့အားလုံး အရင်ထွက်သွားကြဦး ”
“ ဟုတ်ကဲ့ပါ ”
အမြှောင်မယားများမှာ လိမ္မာစွာ ဆုတ်ခွာသွားကြပြီး နုနယ်လှပသော အမျိုးသမီးက မုန့်ဝမ်ကို နန်းဆောင်အတွင်းသို့ ခေါ်ဆောင်လာကာ တင်ကွေ့ဟဲရှေ့တွင် ရပ်လိုက်ပေသည်။ တင်ကွေ့ဟဲက သူ၏ရှေ့မှ အမျိုးသမီးကို စူးရှအေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
“ မင်းက မုန့်ဝမ်လား။ ချင်းချင်းကို သတ်လိုက်တာ မင်းလား...... ”
“ ကျွန်မပါပဲ ”
“ ကောင်းတယ်...... အတော်လေး ကောင်းတယ် ”
တင်ကွေ့ဟဲက လှောင်ပြုံးပြုံးလိုက်ပြီး လက်ကို မြှောက်ကာ အမည်းရောင် ဝိညာဉ်စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။ ၎င်းမှာ အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ မုန့်ဝမ်ထံသို့ တိုက်ရိုက် ဦးတည်သွားလေတော့၏။
မုန့်ဝမ်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။ သူမသည် ဘေးရှိ အမျိုးသမီးကို ဆွဲယူကာ သူမရှေ့မှ ကာလိုက်ပေသည်။ ထိုအမျိုးသမီးမှာ ထိတ်လန့်တုန်လှုပ်သွားကာ အော်ဟစ်လိုက်လေ၏။
“ ယောက်ျား...... သက်ညှာပါဦး...... ”
အမည်းရောင် ဝိညာဉ်စွမ်းအင်သည် အမျိုးသမီးကို ထိခိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ မုန့်ဝမ်ရှိရာသို့ ခက်ခဲသော ထောင့်တစ်ခုမှ ပြန်လည် ဝေ့ဝိုက်လာပေသည်။ မုန့်ဝမ်သည် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ နောက်သို့ ခပ်နွဲ့နွဲ့ တိမ်းလိုက်ရာ အမည်းရောင်စွမ်းအင်မှာ အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် တိုးဝင်သွားလေတော့၏။
“ အား...... ”
ထိုအမျိုးသမီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရပေသည်။ ဖြူစင်သော သူမ၏ အသားအရေမှာ အမည်းရောင်စွမ်းအင်ကြောင့် သိသိသာသာ မည်းနက်သွားလေတော့၏။ တင်ကွေ့ဟဲသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသော်လည်း သူ၏ အမြှောင်မယားကို အမှန်တကယ် မထိခိုက်စေလိုပေ။
“ ရပ်စမ်း...... လန်ယီကို အခုချက်ချင်း လွှတ်လိုက်စမ်း ”
“ ရတယ်လေ......... ”
မုန့်ဝမ်က လိမ္မာစွာပင် လက်လွှတ်လိုက်ပြီး မျက်နှာမည်းသွားသော အလှလေးကို တင်ကွေ့ဟဲထံသို့ ပစ်ပေးလိုက်ပေသည်။ တင်ကွေ့ဟဲ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။
သူသည် မိမိထံသို့ လွင့်စင်လာသော အလှလေးကို ဖမ်းယူရန် မကြိုးစားဘဲ ထိုအခွင့်အရေးကို အသုံးချကာ သံကြိုးတစ်ချောင်းကို ထုတ်ယူလိုက်ပြီး မုန့်ဝမ်ကို ချည်နှောင်ရန် ကြိုးပမ်းလေတော့၏။
“ တောက်...... တကယ်ကို နှလုံးသားမရှိတဲ့သူပဲ ”
မုန့်ဝမ်သည် နောက်သို့ အနည်းငယ် နောက်ဆုတ်လိုက်ကာ သံကြိုးကို အလွယ်တကူ ရှောင်တိမ်းလိုက်ပေသည်။ ထို့နောက် သွေးထိုးစကား ပြောရန်လည်း မမေ့ချေ။
“ ဒီအမျိုးသမီးက ရှင့်ကို အဲဒီလောက် ယုံကြည်နေတာတောင် ရှင်က သူမ သေမလား ရှင်မလားဆိုတာကို ဂရုမစိုက်ဘူးလား...... ”
တင်ကွေ့ဟဲ၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေပေသည်။ သူသည် အလျှော့မပေးဘဲ သံကြိုးကို မုန့်ဝမ်၏ ပတ်ပတ်လည်တွင် ဆက်လက် ဝေ့ယမ်းနေလေ၏။ သို့သော် သူ မည်သည့်ဘက်မှ တိုက်ခိုက်သည်ဖြစ်စေ တစ်ဖက်လူက အလွယ်တကူပင် ရှောင်တိမ်းနိုင်နေပေသည်။
တင်ကွေ့ဟဲသည် တိုက်ခိုက်ရသည်မှာ ပို၍ ခက်ခဲလာသည်ဟု ခံစားလာရပေသည်။ အပြန်အလှန်အားဖြင့် တစ်ဖက်လူမှာမူ ယခု တိုက်ပွဲမှာ သူမ၏ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးရန်ပင် မထိုက်တန်သလို အေးဆေးတည်ငြိမ်နေပေသည်။ သူသည် စိတ်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ကာ မုန့်ဝမ်ကို ပြန်လည် ဆန်းစစ်ကြည့်မိ၏။
ဤမျှ ပြောင်မြောက်သော အတတ်ပညာနှင့် တုံ့ပြန်မှုအရှိန်မှာ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတစ်ဦးတွင် ရှိနေခြင်းမှာ ယုံကြည်နိုင်စရာ မရှိပေ။ စစ်မှန်သော ပါရမီရှင်များသာလျှင် ဤကဲ့သို့ ထူးကဲသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
သူမကို သတ်၍ မဖြစ်ချေ......။
ထိုသို့ တွေးလိုက်မိသည်နှင့် တင်ကွေ့ဟဲ၏ စိတ်များ တုန်လှုပ်သွားပေသည်။ သူသည် လက်ထဲမှ သံကြိုးကို အခြားတစ်ဖက်သို့ အမြန် လွှဲလိုက်လေတော့၏။
“ အား...... ”
မျက်နှာမည်းမည်းနှင့်အလှလေးမှာ သံကြိုးဖြင့် ရိုက်မိသွားသဖြင့် စူးစူးဝါးဝါး အော်ဟစ်ကာ ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်ပေသည်။
“ ယောက်ျား...... ဘာလုပ်တာလဲ...... ”
သို့သော် အမြှောင်မယား၏ တောင်းပန်တိုးလျှိုးမှုကို တင်ကွေ့ဟဲက မည်သို့မျှ သနားညှာတာခြင်း မရှိပေ။ သူ၏ အဆင့်အတန်းနှင့် ရာထူးအရ ဤကဲ့သို့ နိမ့်ကျသော အမြှောင်မယားမျိုးမှာ သူ အလိုရှိသလောက် ရနိုင်ပေသည်။ တစ်ယောက် သေသွားလျှင်ပင် မရေမတွက်နိုင်သောသူများက တန်းစီကာ စောင့်စားနေကြမည်သာ ဖြစ်ပေသည်။
သူသည် သံကြိုးဖြင့် ဆက်လက် ရိုက်နှက်ရင်း ဒေါသတကြီး ကြိမ်းမောင်းလေတော့၏။
“ ငါက မုန့်ဝမ်ကို ဧည့်သည်အဖြစ် ဖိတ်ခိုင်းလိုက်တာကို မင်းက...... မင်းက သူမရဲ့ အခန်းကို အတင်းအဓမ္မ သိမ်းပိုက်ရဲတယ်ပေါ့။ မင်းလို မိန်းမယုတ်မျိုးက ဒီလောကမှာ ရှိနေလည်း အပိုပဲ ”
“ အား...... ယောက်ျား...... မဟုတ်ပါဘူး...... ”