ကြီးမားသော ဆုံးရှုံးမှု
Vol. 11 Ch. 109
မုန့်ဝမ်သည် တောင်အတွင်းသို့ ဝင်ရောက်လာသောအခါ အရွယ်အစားအမျိုးမျိုးရှိသော သွေးကန်များစွာ ဟိုတစ်ကွက် သည်တစ်ကွက် ပျံ့နှံ့နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသွေးကန်များကို စီရင်စုများဖြင့် ပိုင်းခြားထားကာ သီးခြားကမ္ဘာငယ်များအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။
သွေးကန်တစ်ခုချင်းစီ၏ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုနှင့် သွေးအရှိန်အဝါ ပြင်းအားမှာ တစ်ခုနှင့်တစ်ခု မတူညီကြသလို ဈေးနှုန်းများမှာလည်း ကွာခြားလှပေသည်။
သို့သော် ကျင့်ကြံသူ အများစုမှာမူ ကိုယ်ပိုင်သွေးကန်ငယ် တစ်ခုကို မတတ်နိုင်ကြသဖြင့် အခြားသူများနှင့် မျှဝေသုံးစွဲကြရပြီး သွေးလမ်းစဉ်ကျင့်စဉ်များကို ကျင့်ကြံရန်အတွက် သွေးထဲမှ အဆီအနှစ်များကို ငှားရမ်းအသုံးပြုကြရသည်။
မုန့်ဝမ်သည် တောင်ပတ်လမ်းအတိုင်း ဆက်လက် တက်လှမ်းလာခဲ့၏။ အထက်သို့ ရောက်လေလေ သွေးကန်အရေအတွက်မှာ နည်းပါးသွားသော်လည်း လေထုထဲရှိ သွေးညှီနံ့မှာမူ ပိုမို ပြင်းထန်လာပေသည်။ အလယ်ပိုင်းသို့ ရောက်သောအခါ သူမ၏ သွေးရောင်တိုကင်တွင် မှတ်တမ်းတင်ထားသော သွေးကန်ကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့ပေတော့၏။
သူမသည် သွေးရောင်တိုကင်ကို ကျောက်တုံးပေါ်ရှိ အပေါက်ငယ်ထဲသို့ အသာအယာ ထည့်သွင်းလိုက်ရာ သူမရှေ့တွင် သီးခြားနယ်မြေတစ်ခု ပေါ်ထွက်လာပေသည်။ ထိုနေရာမှာ ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။
ဆယ်ပေပတ်လည်ခန့်ရှိသော သွေးကန်တစ်ခုအပြင် ဘေးဒုက္ခကျော်ဖြတ်ရန်နှင့် ကျင့်ကြံရန်အတွက် သီးသန့်ပြုလုပ်ထားသော ကျင့်ကြံခြင်းစင်မြင့်တစ်ခုသာ ရှိသည်။
ကန်အတွင်းရှိ ရေများမှာ ကြက်သွေးရောင်ကဲ့သို့ နီမြန်းနေပြီး ပြင်းထန်သော သွေးညှီနံ့ကို ထုတ်လွှတ်နေသော်လည်း ထူးဆန်းသော ရနံ့တစ်မျိုးလည်း ကိန်းအောင်းနေလေသည်။
သွေးကန်တစ်ခုလုံးရှိ သွေးရေများမှာ တဗွက်ဗွက်နှင့် ပွက်လောရိုက်ကာ အဆက်မပြတ် လှုပ်ရှားနေပေသည်။ အကြောင်းမှာ ဤကန်ငယ်သည် တောင်ထိပ်ရှိ ပင်မသွေးကန်ကြီးနှင့် ဆက်သွယ်ထားသဖြင့် သွေးသစ်များ အမြဲမပြတ် စီးဝင်နေသောကြောင့် ဖြစ်ပေသည်။
ကန်အတွင်းရှိ သွေးရေများ၏ သန့်စင်မှုကို အာရုံခံကြည့်ပြီးနောက် မုန့်ဝမ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ သွေးကန် အထွတ်အမြတ်နယ်မြေတွင် တောင်ထိပ် ကိုးခုရှိရာ ပထမတောင်ထိပ်ရှိ သွေးကန်မှာ အခြားတောင်ထိပ်များထက် ဈေးအသက်သာဆုံးဖြစ်ပြီး အရည်အသွေးမှာလည်း အနိမ့်ဆုံးပင်ဖြစ်သည်။
သို့သော် ဤအထွတ်အမြတ်နယ်မြေကို ရွှမ်ယင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများသာမက ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက်ပါ ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပေ၏။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေသည့် မုန့်ဝမ်အတွက်မူ ဤသွေးကန်၏ အရည်အသွေးမှာ လုံလောက်သည်ထက်ပင် ပိုနေပေသေးသည်။
မုန့်ဝမ်သည် သွေးရောင်တိုကင်ကို သိမ်းဆည်းကာ ဤနယ်မြေရှိ အစီအရင် ကို အသက်သွင်းလိုက်ပြီးနောက် သွေးကန်အတွင်းသို့ လှမ်းဝင်လိုက်ပေသည်။ သူမ သွေးကန်အတွင်းသို့ ရောက်သည်နှင့် စိတ်ထဲမှ စေ့ဆော်မှုကို မထိန်းချုပ်နိုင်တော့ဘဲ “ကောင်းကင်ဘုံ သွေးမိစ္ဆာကျင့်စဉ်” ကို ချက်ချင်း အသက်သွင်းကာ သွေးကန်အတွင်းမှ စွမ်းအင်များကို စုပ်ယူလေသည်။
ကျင့်စဉ် လည်ပတ်လာသည်နှင့်အမျှ တောက်ပသော သွေးနီရောင် ရေများမှာ နဂါးငယ်လေးများပမာ မုန့်ဝမ်၏ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာပြီး အကြောများနှင့် ရုပ်ခန္ဓာကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးနေသည်။
သူမ၏ ခန္ဓာကိုယ်မှာ အောက်ခြေမရှိသော ချောက်နက်ကြီးတစ်ခုကဲ့သို့ သွေးကန်အတွင်းမှ စွမ်းအင်များကို လောဘတကြီး စုပ်ယူနေပေ၏။ များပြားလှသော သွေးများကို သန့်စင်ကာ မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်လိုက်ရာ သူမ၏ ကျင့်ကြံမှု အစိတ်အပိုင်းတစ်ခု ဖြစ်လာလေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မုန့်ဝမ် စုပ်ယူလိုက်သော သွေးရေပမာဏမှာလည်း ပို၍ များပြားလာလေသည်။ ပုံမှန်မဟုတ်သောအခြေအနေကို ပထမဆုံး သတိပြုမိသူမှာ မုန့်ဝမ်နှင့် အနီးဆုံးတွင် ရှိနေသော မုတ်ဆိတ်ဗလပွနှင့် သန်မာသော အမျိုးသားတစ်ဦး ဖြစ်ပေသည်။ သူသည် ကျင့်ကြံနေရင်းမှ မျက်လုံးကို ဖွင့်ကြည့်လိုက်ကာ သွေးကန်ကို စူးစိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိ၏။
မိမိ၏ စိတ်ထင်များလောဟု တွေးမိသော်လည်း ပင်မသွေးကန်မှ စီးဝင်လာသော သွေးရေပမာဏမှာ အနည်းငယ် လျော့နည်းသွားသလို ခံစားနေရပေသည်။
“ ဘာတွေ ဖြစ်နေတာလဲ...... ပင်မသွေးကန်မှာ သွေးလဲလှယ်နေတာလား ”
ဤကဲ့သို့ အခြေအနေမျိုးမှာ အမြဲတမ်း မဖြစ်ပေါ်တတ်သော်လည်း တစ်ခါတစ်ရံ ကြုံတွေ့ရတတ်ပေသည်။ ထိုသို့ ဖြစ်လာပါက မိမိကိုယ်ကို ကံဆိုးသည်ဟုသာ သတ်မှတ်ရုံရှိပေသည်။ သို့သော် ပင်မသွေးကန်ရှိ သွေးလဲလှယ်မှုမှာ များသောအားဖြင့် နှစ်ရက်ထက် ပို၍ မကြာတတ်ပေ။ ထိုအမျိုးသားသည် အနည်းငယ် ညည်းတွားလိုက်သော်လည်း သိပ်ပြီး ဂရုမစိုက်ဘဲ မျက်လုံးကို ပြန်မှိတ်ကာ ဆက်လက် ကျင့်ကြံနေလေတော့၏။
အခြားသော ကန်ငယ်တစ်ခုတွင် ဝါဂွမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ အမျိုးသမီးငယ်တစ်ဦးမှာလည်း အလားတူ အခြေအနေကို သတိပြုမိသွားပေသည်။ သူမသည် သံသယစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် မိမိ၏ သွေးကန်အတွင်းမှ ရေများကို ကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်၏။
“ ပင်မသွေးကန်က လွန်ခဲ့တဲ့ လဝက်လောက်ကမှ သွေးလဲထားတာ မဟုတ်ပါလား...... ဘာလို့ ဒီလောက် စောစောစီးစီး ပြန်လဲနေရတာလဲ ”
သူတို့နှစ်ဦးနောက်တွင် လူအများအပြားမှာလည်း ဤထူးခြားမှုကို ရှာဖွေတွေ့ရှိလာကြပေသည်။ သို့သော် လူတိုင်းက သွေးကန်အတွင်း၌ သွေးလဲလှယ်နေသည်ဟုသာ ယူဆထားကြသဖြင့် အလေးအနက် မထားကြချေ။
နှစ်ရက် ကြာပြီးနောက်တွင်မူ ဤအခြေအနေမှာ ပျောက်ကွယ်မသွားသည့်အပြင် ပိုမို ဆိုးရွားလာပေတော့သည်။ ပင်မသွေးကန်နှင့် ဝေးကွာပြီး လူအများ မျှဝေသုံးစွဲနေရသော သွေးကန်အချို့တွင် ရေမျက်နှာပြင် နိမ့်ကျသွားရုံတင်မကဘဲ သွေး အရောင်မှာလည်း အနည်းငယ် မှေးမှိန်သွားပေသည်။
“ ဒါက ဘယ်လိုဖြစ်ရတာလဲ...... ရေမျက်နှာပြင်က ဘာလို့ ဒီလောက်တောင် ကျသွားရတာလဲ။ နှစ်ရက်တောင် ရှိနေပြီပဲ၊ ပင်မသွေးကန်က သွေးလဲနေတာဆိုရင်လည်း အခုလောက်ဆို ပြီးသင့်နေပြီ မဟုတ်ဘူးလား။ တစ်ယောက်ယောက်က သွေးတွေကို ခိုးယူပြီး သိုလှောင်နေတာများလား ”
“ မဖြစ်နိုင်တာ...... သွေးကန်ထဲမှာ အစွမ်းထက်တဲ့သူတွေ တည်ဆောက်ထားတဲ့ အစီအရင် ရှိတာပဲ။ ရွှေအမြုတေအဆင့် စီနီယာတစ်ယောက်တောင် ဘယ်သူမှ မသိအောင် သွေးရေတွေကို ခိုးယူလို့ မရနိုင်ဘူး ”
လူတိုင်းက အပြင်းအထန် ဆွေးနွေးနေကြပေသည်။ ဤကဲ့သို့ အခြေအနေမျိုး ယခင်ကလည်း ဖြစ်ဖူးပေသည်။ တစ်ယောက်ယောက်က အခြေခံတည်ဆောက်ခြင်း ပြုလုပ်နေခြင်း သို့မဟုတ် တားမြစ်ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေသဖြင့် အချိန်တိုအတွင်း သွေးရေပမာဏ အမြောက်အမြားကို စုပ်ယူလိုက်ခြင်းကြောင့် ပင်မသွေးကန်မှ ထောက်ပံ့မှု မလုံလောက်ခြင်း ဖြစ်နိုင်ပေသည်။
ဤအခြေအနေအတွက် ဖြေရှင်းနည်း မရှိဘဲ သွေးကန်မှ ထောက်ပံ့မှု ပြန်လည်ကောင်းမွန်လာစေရန် ရက်အနည်းငယ် စောင့်ဆိုင်းရုံသာ တတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ပင်မသွေးကန်ရှိ သွေးမှာ အကန့်အသတ် ရှိပေသည်။ တစ်ယောက်ယောက်က အလျင်အမြန် စုပ်ယူသန့်စင်လိုက်ပါက အခြားသူများအတွက် လျော့နည်းသွားမည်မှာ သဘာဝပင် ဖြစ်ပေသည်။
လူတိုင်းက မကျေမနပ် ဖြစ်နေကြပေသည်။ သူတို့သည် ဝိညာဉ်ကျောက်တုံးများကို အချိန်အတော်ကြာ စုဆောင်းခဲ့ရပြီးမှ အထွတ်အမြတ်နယ်မြေသို့ ဝင်ရောက်ခွင့် ရခဲ့သော်လည်း ဤကဲ့သို့ ကြုံတွေ့ရသဖြင့် အတော်လေး စိတ်ပျက်နေကြပေသည်။ ဤသို့ဖြစ်မည်ကို ကြိုသိပါက ရက်အနည်းငယ်နောက်ကျမှ လာမိပါမည်ဟု တွေးနေကြလေသည်။။
လူတိုင်းက နောက်ထပ် နှစ်ရက်ခန့် စောင့်ဆိုင်းခဲ့သော်လည်း ပင်မသွေးကန်မှ ထောက်ပံ့မှုမှာ ပုံမှန် ပြန်မဖြစ်လာသည့်အပြင် သွေးကန်ငယ် အသီးသီးရှိ ရေမျက်နှာပြင်မှာ ပိုမို နိမ့်ကျသွားပေသည်။ မူလက ပတ္တမြားကဲ့သို့ တောက်ပနေသော သွေးရေများမှာ ပန်းရောင်ဖျော့ဖျော့အထိပင် အရောင်ကျသွားပေတော့၏။
လူတိုင်းက မကျေမနပ် ညည်းတွားနေကြပြီး ယခုတစ်ကြိမ်တွင်မူ အရှုံးကြီး ရှုံးလေပြီဟု ခံစားနေရပေသည်။
“ လေးရက်တောင် ရှိသွားပြီ။ ဒီလောက်တောင် သွေးရေတွေကို စုပ်ယူထားမှတော့ အဲဒီတားမြစ်ကျင့်စဉ်လည်း ပြီးလောက်ပါပြီ ”
“ တစ်ယောက်ယောက် အခြေခံတည်ဆောက်ခြင်း ပြုလုပ်နေတာ ဖြစ်ရမယ် ” ဟု ပါးလွှာသော မျက်နှာရှိသည့် ကျင့်ကြံသူတစ်ဦးက ခန့်မှန်းလိုက်ပေသည်။
“ အခြေခံတည်ဆောက်ခြင်း ဟုတ်လား...... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အခြေခံတည်ဆောက်ခြင်း ပြုလုပ်ချိန်မှာ ဖြစ်ပေါ်တဲ့ လှုပ်ရှားမှုက မသေးဘူးဆိုပေမဲ့ သွေးကန်တစ်ခုလုံးကိုတော့ မထိခိုက်စေနိုင်ပါဘူး ” ဟု အခြားတစ်ဦးက ပြန်လည် ငြင်းခုံလိုက်၏။
“ တကယ်လို့ အခြေခံတည်ဆောက်ခြင်း ပြုလုပ်နေသူက တစ်ယောက်ထက် ပိုနေရင်ကော...... ”
ထိုစကားကြောင့် လူတိုင်း နှုတ်ဆိတ်သွားကြသည်။ လူအများအပြား တစ်ပြိုင်နက်တည်း အခြေခံတည်ဆောက်ခြင်း ပြုလုပ်ခြင်းမှာ ရှားပါးလှသော်လည်း ရွှမ်ယင်ဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးမျိုးတွင်မူ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။
ဤအဖြစ်အပျက်များ၏ တရားခံဖြစ်သူ မုန့်ဝမ်ကမူ အခြားသူများ၏ ဆွေးနွေးငြင်းခုံမှုနှင့် ခန့်မှန်းချက်များကို ဘာမှ မသိရှိဘဲ ရှိနေပေသည်။ လေးရက်နှင့် လေးညတိုင်တိုင် ပြင်းထန်စွာ သန့်စင်ပြီးနောက် သူမ၏ အကြောများ၊ ရုပ်ခန္ဓာနှင့် ဝိညာဉ်တို့မှာ သွေးကန်၏ အဆီအနှစ်များကြောင့် ယခင်ကနှင့် မတူအောင် သန်မာလာသည်။
သူမ၏ ခန္ဓာကိုယ်အတွင်း၌ သိုလှောင်ထားနိုင်သော ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအင်တို့မှာလည်း အထွတ်အမြတ်သို့ ရောက်ရှိလာခဲ့လေသည်။ အစွမ်းထက်သော စွမ်းအားတစ်ခုမှာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေသဖြင့် သူမ၏ ကျင့်ကြံမှုကို အတင်းအကျပ် ဖိနှိပ်ထားကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အချိန်ဆွဲနေခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ထိုအဟုန်ကို လုံးဝ ဖိနှိပ်ထား၍ မရတော့ပေ။ မုန့်ဝမ်၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ‘ခရက်’ ခနဲ အသံတစ်ခုကို ကြားလိုက်ရပေသည်။ ၎င်းမှာ ရင့်မှည့်နေသော ပဲတောင့်လေးတစ်ခု အလိုအလျောက် ကွဲထွက်သွားသလိုမျိုး ကြည်လင်သော်လည်း တိုးညင်းသော အသံလေး ဖြစ်ပေ၏။
ချက်ချင်းဆိုသလိုပင် သူမ၏ ဝိညာဉ်ပင်လယ်အတွင်း၌ အာကာသနယ်မြေသစ်တစ်ခု တိတ်တဆိတ် ပုံဖော်လာသည်။
၎င်းမှာ ပဲစေ့တစ်စေ့စာမျှသာ ရှိသော်လည်း အတိုင်းအဆမရှိ ကျယ်ပြောလှပေသည်။ ဤအရာကို ‘သွေးပင်လယ်’ ဟု ခေါ်ဆိုပေသည်။ သွေးပင်လယ်ကို ဖွင့်လှစ်ခြင်းမှာ သွေးလမ်းစဉ် ကျင့်ကြံသူများအတွက် ထူးခြားသော အခြေခံတည်ဆောက်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။
မုန့်ဝမ်သည် အခြေခံတည်ဆောက်ခြင်းဆေးလုံး မလိုအပ်ဘဲ သူမ၏ စိတ်အာရုံတစ်ခုတည်းဖြင့် သွေးပင်လယ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကာ ၎င်းမှာ အရပ်မျက်နှာအနှံ့သို့ ပြင်းထန်စွာ တိုးချဲ့လာသည်။
အသစ်ဖွင့်လှစ်လိုက်သော သွေးပင်လယ်အတွင်း၌ မည်သည့် သွေးဝိညာဉ်ရေတစ်စက်မျှ မရှိဘဲ ဗလာဖြစ်နေပေသည်။ သွေးပင်လယ်ကို ဖြည်းဖြည်းချင်း ဖြည့်တင်းရန်အတွက် များပြားလှသော သွေးများနှင့် ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် လိုအပ်ပေသည်။
မုန့်ဝမ်၏ မျက်ဝန်းများအတွင်း၌ အရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် ကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်ရာ သူမ ရှိနေသော သွေးကန်ငယ်အတွင်းမှ သွေးများကို ဝေလငါးကြီးက ပင်လယ်ရေကို သောက်သလိုမျိုး စုပ်ယူလေသည်။
အချိန်တိုအတွင်းမှာပင် သူမ၏ သွေးကန်အတွင်းရှိ ရေမျက်နှာပြင်မှာ သုံးလက်မခန့် နိမ့်ကျသွားပြီး အရောင်မှာလည်း ပန်းရောင်ဖျော့ဖျော့သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။