အပေါက်ခုနစ်ပေါက် နှလုံးစားပိုးကောင်
Vol. 11 Ch. 102
တစ္ဆေခြေလှမ်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် မိမိကိုယ်ကို ကာကွယ်ရေးအတားအဆီးတစ်ခု ဖန်တီးလိုက်ပြီးနောက် ထိုတိုက်ခိုက်မှုကို အတင်းအောင့်ခံကာ ဆန်းကြယ်ကျောက်တုံးကို ဆက်လက် လုယူခဲ့သည်။
သို့သော် သွေးလက်ဝါး သားသတ်သမားက သူ့ကို အလွယ်တကူ အောင်မြင်ခွင့် ပေးပါ့မလား။ သူမသည် ကိုယ်ကို တစ်ပတ်လှည့်ကာ တစ္ဆေခြေလှမ်း၏ လမ်းကို ပိတ်ဆို့လိုက်ပြီး နှစ်ဦးသား ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်ကြတော့သည်။
ဝုန်း---
ထိုသုံးဦး၏ ပြင်းထန်သော တိုက်ပွဲကြောင့် ဂူအတွင်းရှိ အစီအရင် များမှာ နောက်တစ်ကြိမ် နိုးထလာကာ ကျောက်ဂူမှာ ပိုမိုပြင်းထန်စွာ တုန်ခါလာတော့သည်။ ကျောက်တုံးကြီးများမှာ သူတို့၏ ခေါင်းပေါ်မှ အဆက်မပြတ် ပြိုကျလာသည်။ သူတို့သည် မသိစိတ်ဖြင့် လက်ဝါးများ ရိုက်ထုတ်ကာ ပြိုကျလာသော ကျောက်တုံးများကို ရိုက်ခွဲလိုက်ကြရသည်။
လှုပ်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် သူတို့သည် မသိစိတ်ဖြင့် ဆန်းကြယ်ကျောက်တုံးရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြရာ မျက်နှာများ ချက်ချင်း ပျက်သွားကြတော့သည်။
"မကောင်းတော့ဘူး.. ဆန်းကြယ်ကျောက်တုံး ပျောက်သွားပြီ"
"ရှန်မျိုးရိုးနဲ့ ကောင်လေးလည်း မရှိတော့ဘူး။ အဲဒီကောင်က သေချာပေါက် သံသယရှိစရာပဲ၊ သူ့နောက်ကို လိုက်ကြ"
ထိုသုံးဦးမှာ အခြားအရာများကို ဂရုမစိုက်တော့ဘဲ ထွက်ပေါက်ဆီသို့ အလျင်အမြန် လိုက်သွားကြသော်လည်း ကျောက်နံရံရှိ ဝင်ပေါက်မှာ ကျောက်တုံးကြီးတစ်တုံးဖြင့် လုံးဝ ပိတ်ဆို့သွားသည်ကို တွေ့လိုက်ရသည်။ ကျောက်ဂူတစ်ခုလုံးမှာလည်း အစီအရင် စွမ်းအားများဖြင့် ပြည့်နှက်နေချေပြီ။
"တောက်.. ဒီအစီအရင်တွေ ပေါ်လာတဲ့ အချိန်က တကယ့်ကို ထူးဆန်းနေတယ်။ အဲဒီကောင်လေးက တမင်တကာ အသက်သွင်းသွားတာလား"
ကျန်းထျန်းဖန်းက သူ၏ဓားကို မြှောက်ကာ ကျောက်တုံးကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အစီအရင် စွမ်းအားများ၏ ကာကွယ်မှုအောက်တွင် ကျောက်တုံးမှာ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာပြီး လက်သီးဆုပ်အရွယ် အပေါက်လေးတစ်ခုသာ ပေါ်လာသည်။ ၎င်းကို မြင်သောအခါ သူတို့ သုံးဦးမှာ ပို၍ပင် စိတ်ပျက်သွားကြတော့သည်။ သူတို့ ဤအစီအရင်ကို ဖျက်ဆီးပြီး ထွက်သွားနိုင်သည့် အချိန်တွင် ထိုကောင်လေးမှာ ဝေးဝေးကို ရောက်နေလောက်ပြီ မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် ကျောက်ဂူ၏ အပြင်ဘက်၌..
ဘေးကင်းသော နေရာသို့ ရောက်ကြောင်း အတည်ပြုပြီးနောက် မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အနှစ်သာရစွမ်းအားအားလုံးကို စုစည်းကာ လက်ထဲမှ ဆန်းကြယ်ကျောက်တုံးအတွင်းသို့ ရူးသွပ်စွာ လောင်းထည့်လိုက်တော့သည်။
"ဟားဟားဟား.. မင်းက ငါ့ကို သန့်စင် ချင်တာလား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"
ဆန်းကြယ်ကျောက်တုံးအတွင်းရှိ တည်ရှိမှုက သူမ၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး ထောင်လွှားစွာ ရယ်မောလိုက်ရာ မုန့်ဝမ်၏ ဦးခေါင်းမှာ အပြင်းအထန် နာကျင်သွားရသည်။ မုန့်ဝမ်သည် ညည်းတွားလိုက်ရင်း စိတ်အတွင်းမှ ပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံကာ လက်ထဲမှ ကျောက်တုံးကို သန့်စင်ရန်သာ အာရုံစိုက်ထားလိုက်သည်။
ဆန်းကြယ်ကျောက်တုံးအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ ဘယ်ညာ ရုန်းကန်နေပြီး မုန့်ဝမ်၏ သန့်စင်မှုကို ပြင်းထန်စွာ ခုခံနေသည်။
"မင်း သေချင်နေတာပဲ။ ငါ မင်းကို အစေခံတစ်ယောက်အဖြစ် သန့်စင်ပစ်မယ်။ မင်းရဲ့ ဝိညာဉ်အနက်ရှိုင်းဆုံးမှာ ကျွန်အမှတ်အသား ခတ်ပစ်မယ်"
ဆန်းကြယ်ကျောက်တုံးက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အားကောင်းသော ဝိညာဉ်လှိုင်းများကို ပေါက်ကွဲထွက်စေကာ မုန့်ဝမ်၏ ဝိညာဉ်ကို ရုတ်တရက် နောက်သို့ တွန်းထုတ်လိုက်သည်။ ၎င်းက အခွင့်အရေးကို အသုံးချကာ မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး သူမ၏ ဝိညာဉ်ကို ပြန်လည် ဖိနှိပ်လိုက်တော့သည်။
"ဟားဟားဟား.. ကလေးမ၊ မင်းက ဒီအဖိုးကြီးကို ယှဉ်ဖို့ အတွေ့အကြုံ နုသေးတယ်"
မုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ဆန်းကြယ်ကျောက်တုံးအတွင်းရှိ ဆန်းကြယ်သော တည်ရှိမှု၏ ဝိညာဉ်စွမ်းအားမှာ အချိန်ကြာလာသော်လည်း ပျက်ပြယ်သွားပုံ မရချေ။ မျှော်လင့်ထားသည့်အတိုင်းပင် မြင်းအိုက လမ်းသိသကဲ့သို့ လူအိုကလည်း ကောက်ကျစ်လှပေသည်။ ဒီအဖိုးကြီးမှာ သေချာပေါက် ဝှက်ဖဲတစ်ခု ရှိနေခြင်း ဖြစ်သည်။
"သွေးပူဇော်ခြင်း”
မုန့်ဝမ်၏ မျက်လုံးများ အေးစက်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အလွန်မြန်သော အရှိန်ဖြင့် ခြောက်ကပ်သွားတော့သည်။ သူမ၏ သွေးများအားလုံးမှာ ဝိညာဉ်စွမ်းအားများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး မမြင်ရသော ကြိုးမျှင်များအလား ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ကာ ကျူးကျော်လာသော ဝိညာဉ်ကို ဝိုင်းရံ ဆွဲငင်လိုက်သည်။
"ဟဲဟဲ.. ကလေးကလား လှည့်ကွက်တွေပဲ"
ထိုဝိညာဉ်က လှောင်ပြောင်လိုက်ပြီး အားကောင်းသော ဝိညာဉ်စွမ်းအားများကို ထပ်မံ ပေါက်ကွဲစေကာ မုန့်ဝမ်၏ ဝိညာဉ်ကို ရူးသွပ်စွာ ဖိနှိပ်လိုက်ပြန်သည်။ "ငါ အကြံပေးမယ်.. လိမ်လိမ်မာမာ အရှုံးပေးလိုက်စမ်း၊ မင်း ငါ့ကို မခုခံနိုင်ပါဘူး"
ထိုဝိညာဉ်၏ အသံမှာ စူးရှပြီး နားငြီးလှကာ ဖုံးကွယ်မထားသော မလိုမုန်းထားမှုများ ပါဝင်နေသည်။ မုန့်ဝမ်ကမူ မကြားချင်ယောင်ဆောင်ကာ သူမကိုယ်သူမ သွေးပူဇော်မှုကို ဆက်လက်ပြုလုပ်ပြီး ဝိညာဉ်စွမ်းအားများကို ပိုမိုစုစည်းကာ ထိုဆန်းကြယ်သော ဝိညာဉ်၏ ခြေလှမ်းများကို ကြိုးမျှင်များကဲ့သို့ တားဆီးထားလိုက်သည်။ ခဏမျှ နှစ်ဦးသား အခြေအနေ တင်းမာနေခဲ့သည်။ ထိုဝိညာဉ်ကလည်း ရှေ့မတိုးနိုင်သလို မုန့်ဝမ်ကလည်း သူ့ကို ခန္ဓာကိုယ်ထဲမှ မောင်းမထုတ်နိုင်ချေ။
သို့သော် မုန့်ဝမ်သည် သွေးပူဇော်ခြင်းမှ ရရှိသော စွမ်းအားကိုသာ အားကိုး၍ ခုခံနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုဝိညာဉ်က လုံးဝ မကြောက်ရွံ့သည့်အပြင် ကျီစယ်ရန်ပင် အချိန်ရနေသေးသည်။
"ဒီသွေးပူဇော်ခြင်း ကျင့်စဉ်က မဆိုးပါဘူး၊ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့ ကိုယ်ထဲက သွေးတွေက မကုန်ခမ်းနိုင်တာမှ မဟုတ်တာ။ မင်းရဲ့ သွေးတွေ အားလုံး ပူဇော်ပြီးသွားရင် ဒီအဖိုးကြီးကို ဘာနဲ့ ဆက်တိုက်မလဲဆိုတာ ငါ သိချင်မိတယ်"
မုန့်ဝမ်က နှုတ်ခမ်းကို တွန့်လိုက်ကာ ပြုံးလိုက်သည်။ "ဟုတ်လို့လား"
သူမ၏ စကားအဆုံးတွင် သူမသည် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြု၍ သူမ၏ မူလကိုယ်ခန္ဓာ နှင့် ဆက်သွယ်လိုက်ပြီး မူလကိုယ်ခန္ဓာနှင့် ကိုယ်ပွား ကြားရှိ ဆက်နွှယ်မှုမှတစ်ဆင့် မူလကိုယ်ခန္ဓာ၏ ဝိညာဉ်အနှစ်သာရ စွမ်းအားများကို တိုက်ရိုက် ထုတ်ယူလိုက်တော့သည်။ ၎င်းက မကသေးချေ။
မိုင်ပေါင်းများစွာ ဝေးကွာသော ရွှမ်ယင်ဂိုဏ်းရှိ ကိုယ်ပွားတစ်ခုနှင့် လူသားနိုင်ငံငယ်လေးတစ်ခုရှိ တောင်ပေါ်ရွာမှ ကိုယ်ပွားတစ်ခုတို့ရှိ ဝိညာဉ်အစိပ်အပိုင်းများထံမှလည်း ဝိညာဉ်စွမ်းအား အမြောက်အမြားကို ထုတ်ယူလိုက်ပြီး ဤအခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ လောင်းထည့်လိုက်သည်။
မုန့်ဝမ်သည် ထိုအခွင့်အရေးကို အသုံးချကာ ကြီးမားလှသော ဝိညာဉ်စွမ်းအားများဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ထိုဝိညာဉ်ကို ချက်ချင်း ဝိုင်းရံလိုက်ပြီး သနားညှာတာမှုမရှိဘဲ ချေမှုန်းလိုက်တော့သည်။
"ဒါ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းမှာ ဘာလို့ ဒီလောက် အားကောင်းတဲ့ ဝိညာဉ်စွမ်းအားတွေ ရှိနေရတာလဲ"
ထိုဝိညာဉ်၏ အသံမှာ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ "ဖြစ်နိုင်တာက မင်းရဲ့ မူလကိုယ်ခန္ဓာက..."
မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်ပြီး မူလကိုယ်ခန္ဓာနှင့် အခြားကိုယ်ပွားများဆီမှ ဝိညာဉ်စွမ်းအားများကို ဆက်လက် ထုတ်ယူကာ ဆန်းကြယ်ကျောက်တုံးအတွင်းသို့ လောင်းထည့်လိုက်ပြန်သည်။
ကျွတ်---
ထိုဝိညာဉ်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ဆန်းကြယ်ကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။
"ရပ်.. ရပ်လိုက်တော့။ ငါက ရှေးဟောင်း တားမြစ်ကျင့်စဉ်တွေနဲ့ လျှို့ဝှက်နည်းလမ်းတွေ အများကြီး သိတယ်၊ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင် အားလုံးကို ပြောပြမယ်"
ထိုဝိညာဉ်မှာ စတင် ထိတ်လန့်လာပြီး မျှော်လင့်ချက်တစ်ခု ရရန်အတွက် သူ၏ ဝှက်ဖဲများဖြင့် အလဲအလှယ်လုပ်ရန် ကြိုးစားလာသည်။ သို့သော် မုန့်ဝမ်ကမူ စိတ်မလှုပ်ရှားဘဲ ထိုဝိညာဉ်ကို သနားညှာတာမှုမရှိဘဲ ဆက်လက် ချေမှုန်းနေဆဲ ဖြစ်သည်။
"ငါပြောတာ တကယ်ပါ၊ ငါက ရှေးခေတ်ကတည်းက အခုထိ အသက်ရှင်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ကြီးပါ။ လျှို့ဝှက်ချက်တွေ အများကြီး သိတယ်၊ မင်း ငါ့ကို သတ်လိုက်ရင် ဘာမှ ရမှာမဟုတ်ဘူး"
"မင်းက ဘာကောင်လဲ"
မုန့်ဝမ်က အေးစက်စွာ ပြောလိုက်ပြီး ဝိညာဉ်ကို ချေမှုန်းနေသော စွမ်းအားကို အနည်းငယ် လျှော့ပေးကာ ဝိုင်းရံထားရုံသာ ပြုလုပ်လိုက်သည်။
"ဟွန့်.. အသိဉာဏ်မဲ့တဲ့ ကလေးမ၊ မင်း ငါ့ကိုတောင် မမှတ်မိဘူးလား။ ငါကတော့..."
ထိုဝိညာဉ်က သူ၏ ဂုဏ်ပုဒ်ကို ထုတ်ဖော်ရန် ပြင်လိုက်စဉ်မှာပင် မုန့်ဝမ်က တွန့်ဆုတ်ခြင်းမရှိဘဲ စကားဖြတ်ပြောလိုက်သည်။ "ဟဲ.. မင်း အခြေအနေမှန်ကို မသိသေးဘူးနဲ့ တူတယ်"
မုန့်ဝမ်သည် သူမ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ကာ ထောင်ချောက်မိနေသော ဝိညာဉ်ကို ပြင်းထန်စွာ ဖိနှိပ်လိုက်ပြန်သည်။
"အား.."
ထိုဝိညာဉ်သည် နာကျင်မှုနှင့် ကြောက်ရွံ့မှုများဖြင့် အော်ဟစ်လိုက်သည်။ "ရပ်.. ရပ်ပါတော့"
မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ်အတွင်း ပြေးလွှားနေသော ထိုဝိညာဉ်ကို စောင့်ကြည့်နေပြီး ၎င်း၏ ဝိညာဉ်အလင်းမှာ လေထဲက မီးစာကဲ့သို့ တဖျတ်ဖျတ် ဖြစ်လာကာ ဆန်စေ့အရွယ်ခန့်သာ ကျန်ရှိတော့ပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် အခြေအနေရောက်မှသာ သူမက ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ခုနက ဘာပြောလိုက်တာလဲ၊ ငါ သေချာ မကြားလိုက်ရဘူး"
ထိုဝိညာဉ်မှာ မုန့်ဝမ်၏ လုပ်ရပ်ကြောင့် ဝိညာဉ်လွင့်မတတ် ထိတ်လန့်သွားရသည်။ သူသည် အလွန်အမင်း အားနည်းနေပြီဖြစ်ပြီး သူ၏ အသက်မှာ မုန့်ဝမ်၏ လက်ခုပ်ထဲတွင် ရောက်နေကြောင်း သေချာပေါက် ခံစားမိလိုက်သည်။
"ငါ.. ငါ ပြောမယ်။ ငါက အပေါက်ခုနစ်ပေါက် နှလုံးစားပိုးကောင် လို့ ခေါ်တဲ့ ရှေးဟောင်း ဆန်းကြယ် ပိုးကောင်တစ်ကောင်ပါ"
"အပေါက်ခုနစ်ပေါက်နှလုံးစားပိုးကောင်"
မုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ သူမ ဖတ်ဖူးသမျှ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီလိုအကြောင်းအရာမျိုး တစ်ခါမှ မမြင်ဖူးချေ။ ဤအကောင်က သူမကို လှည့်စားနေတာလား။
"ဟွန့်.. ငါက ရှေးဟောင်း ဆန်းကြယ်ပိုးကောင် တစ်ကောင်ပါ။ သာမန် ရှေးဟောင်းကျမ်းစာတွေက ငါ့ရဲ့ တည်ရှိမှုကို ဘယ်လိုလုပ် မှတ်တမ်းတင်နိုင်မှာလဲ"
၎င်း၏ မည်သူမည်ဝါဖြစ်ကြောင်း ပြောဆိုရာတွင် နှလုံးစားပိုးကောင်၏ အသံမှာ ထောင်လွှားလာပြန်သည်။ "အကယ်၍ ငါသာ ဒီနေရာမှာ နှစ်ပေါင်း တစ်သောင်းလောက် ပိတ်မိမနေခဲ့ဘဲ စွမ်းအားတွေ မလျော့နည်းခဲ့ရင် မင်းလို ကလေးမလေးတစ်ယောက်ရဲ့ လက်ထဲကို ဘယ်လိုလုပ် ကျရောက်မှာလဲ"
မုန့်ဝမ်က တိတ်ဆိတ်နေသည်ကို မြင်သောအခါ နှလုံးစားပိုးကောင်က သူမသည် ၎င်း၏ အမည်ကို ကြားပြီး ထိတ်လန့်သွားသည်ဟု ထင်ကာ လေသံမှာ ပိုမိုမြင့်တက်လာသည်။
"ဘယ်လိုလဲ.. ကြောက်သွားပြီ မဟုတ်လား။ မင်း ပါးနပ်တယ်ဆိုရင် ငါ့ကို မြန်မြန် လွှတ်ပေးလိုက်စမ်း၊ မဟုတ်ရင်တော့..."
၎င်း စကားမဆုံးခင်မှာပင် အားကောင်းလှသော ဝိညာဉ်စွမ်းအားတစ်ခုက ၎င်းကို မှုန့်မှုန့်ညက်ညက် ကြေသွားစေမည့်အလား ဖိနှိပ်ချလိုက်ပြန်သည်။
နှလုံးစားပိုးကောင်သည် ချက်ချင်းပင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ "အား.. မင်း ဘာလုပ်တာလဲ။ ငါ မှားပါပြီ။ ငါ မှားပါပြီ"
မုန့်ဝမ်သည် လက်ထဲတွင် အဆက်မပြတ် တုန်ခါနေသော ကျောက်တုံးကို အမူအရာမဲ့စွာ ကြည့်နေပြီး သူမ၏ မျက်လုံးများမှာ အေးစက်လှသည်။
"ဘာမှားတာလဲ"
"ငါ့ရဲ့ အဆင့်အတန်းကို အားကိုးပြီး ထောင်လွှားမိတာ မှားပါတယ်။ အရှင်မရဲ့ ရှေ့မှာတော့ ကျွန်တော်က အလိုရှိသလို ချေမှုန်းခံရနိုင်တဲ့ ပိုးကောင်လေး တစ်ကောင်ပါပဲ။ အရှင်မက အရှေ့ကို သွားခိုင်းရင် အနောက်ကို လုံးဝ မသွားရဲပါဘူး"
နှလုံးစားပိုးကောင်သည် လေသံကို ချက်ချင်း ပြောင်းလဲလိုက်ပြီး အသံမှာ ကြောက်ရွံ့မှုနှင့် တောင်းပန်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"ဒါဆို မင်း ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုဖို့ လိုလိုလားလား ရှိရဲ့လား"
"လိုလားပါတယ်.. လိုလားပါတယ်။ အရှင်မက သွေးတာအိုရဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ အရှင်မနောက်ကို လိုက်ရတာက ကျွန်တော့်ရဲ့ ပိုးကောင်ဘဝအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ပါ........."
နှလုံးစားပိုးကောင်က အလျင်အမြန် ဆိုလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအားမှာ လေတစ်ချက် တိုက်ရုံနှင့်ပင် ငြိမ်းသွားနိုင်လောက်အောင် အားနည်းနေပြီ ဖြစ်သည်။ အခုမှသာ သူက အလျှော့မပေးလျှင် တကယ်ပဲ အသက်ပျောက်သွားတော့မည် ဖြစ်ပေသည်။