မိစ္ဆာကျင့်ကြံသူ ဖြစ်နေခြင်း
Vol. 11 Ch. 104
တင်းကွေနှင့် တင်းကျဲတို့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကြပြီး ထူးဆန်းသော အက္ခရာများကြောင့် ဖြစ်ပေါ်လာမည့် ရုတ်ရုတ်သဲသဲ အခြေအနေတွင် မပါဝင်မိစေရန် သတိကြီးစွာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
အခြေခံစွမ်းအင်အဆင့်ကျင့်ကြံသူ အယောက် ၂၀ ကျော်၏ အကြည့်အောက်တွင် မုန့်ဝမ်သည် အက္ခရာများအနားသို့ လျှောက်သွားသော်လည်း အချိန်အတော်ကြာသည်အထိ ဘာမျှမလုပ်ဘဲ ရပ်နေခဲ့သည်။ ၎င်းကို မြင်သောအခါ ကျောက်ဝေ၏ နောက်လိုက်များက မနေနိုင်ဘဲ တိုက်တွန်းလာကြတော့သည်။
"ဘာရပ်ကြည့်နေတာလဲ။ ဒီအက္ခရာတွေကို မြန်မြန်တိုက်ခိုက်လေ။ မင်းပဲ ဒါတွေအကြောင်း အများကြီး သိတယ်ဆို"
"ဟုတ်တယ်.. ငါတို့ သခင်လေးရဲ့ သည်းခံနိုင်စွမ်း မကုန်ဆုံးခင်မှာ မြန်မြန် တိုက်ခိုက်စမ်း"
မုန့်ဝမ်က အသာအယာ ပြုံးလိုက်ပြီး "မလောပါနဲ့.. ရောက်တော့မှာပါ" ဟု ဆိုလိုက်သည်။
ရှူး---
သူမ၏ စကားကို တုံ့ပြန်သည့်အလား တောင်ဂူအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါ်ပေါက်လာသည်။ ထိုဖိအားနှင့်အတူ အဖြူရောင် သက်တံကဲ့သို့သော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် လျှို့ဝှက်လမ်းကြောင်းတစ်ခုလုံးကို ထိုးဖောက်သွားပြီး ထိုကျင့်ကြံသူများ၏ မျက်လုံးထဲမှ ထိတ်လန့်မှုများကို အထင်အရှား မြင်နေရစေသည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ!"
လူတိုင်းက ထိုဓားအလင်းတန်းကို အလျင်အမြန် ပိတ်ဆို့ရန် ကြိုးစားကြသည်။ သို့သော် ဤဓားမှာ အခြေခံတည်ဆောက်ခြင်းအဆင့်၏ စွမ်းအားပါဝင်နေရာ အခြေခံစွမ်းအင်အဆင့် အစောပိုင်း ကျင့်ကြံသူများက မည်သို့ ခုခံနိုင်ပါမည်နည်း။
"အား---"
အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လူအများအပြား ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ငါးဦး၊ ခြောက်ဦးခန့်မှာ ကံဆိုးစွာဖြင့် ဓားအလင်းတန်း၏ အချက်အခြာနေရာကို ထိမှန်ကာ နေရာတင် သေဆုံးသွားကြသည်။
လူတိုင်းမှာ ရင်ထဲမှ ထိတ်လန့်မှုကို အောင့်အည်းကာ သူတို့၏ နောက်ကွယ်သို့ လှည့်ကြည့်လိုက်ကြသည်။ ရောက်လာသူကို မြင်လိုက်ရသောအခါ တင်းကွေနှင့် တင်းကျဲတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ သူတို့ရှေ့မှ 'စီနီယာရှန်' မှာ အဘယ်ကြောင့် ဤမျှအထိ ပိန်ချုံးသွားရသနည်း၊ အဘယ်ကြောင့် သူတို့ကဲ့သို့ အဆင့်နိမ့်ကျင့်ကြံသူများကို ရက်စက်စွာ သတ်ဖြတ်နေရသနည်းဆိုသည်ကို သူတို့ မတွေးရဲကြတော့ဘဲ ရှန်ယု၏ ရှေ့တွင် အလျင်အမြန် ပျာယာခတ်ကာ ဒူးထောက် ဦးချလိုက်ကြသည်။
"စီနီယာရှန်.. ပြန်ရောက်လာပြီပဲ"
"ကျွန်တော်တို့ သခင်ကော စီနီယာနဲ့အတူ ပြန်ပါလာပါသလားခင်ဗျာ"
'ရှန်ယု' က ထိုနှစ်ဦးကို ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီး "မင်းတို့သခင်က သေသွားပြီ၊ ပြီးတော့ မင်းတို့နှစ်ယောက်လည်း အသက်ရှင်နေဖို့ မလိုတော့ဘူး" ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် 'ရှန်ယု' သည် လက်ကို ဝေ့ယမ်းလိုက်ရာ ထိုနှစ်ဦးမှာ ဆန့်ကျင်ဘက်ရှိ မုန့်ဝမ်ထံသို့ လွင့်ထွက်သွားတော့သည်။
မုန့်ဝမ်က ပြုံးလျက် ထိုနှစ်ဦးကို လှမ်းဖမ်းလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများကို လျင်မြန်စွာ စုပ်ယူ သန့်စင်ပစ်လိုက်သည်။ ခဏချင်းမှာပင် တင်းကွေနှင့် တင်းကျဲတို့မှာ ခြောက်ကပ်နေသော အလောင်းနှစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
မုန့်ဝမ်၏ ဖြူဖျော့နေသော မျက်နှာမှာ သွေးရောင် အနည်းငယ် ပြန်လည် လွှမ်းမိုးလာသည်။ ဤထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် လူတိုင်းမှာ ကြက်သီးမွေးညင်းများ ထသွားကြသည်။
အထူးသဖြင့် ခုနက မုန့်ဝမ်ကို အကြပ်ကိုင်ခဲ့သော ကျောက်ဝေမှာ မျက်ဆံများ ကျုံ့သွားပြီး နှလုံးသားတစ်ခုလုံး တုန်ရီနေတော့သည်။
သူမက မိစ္ဆာကျင့်ကြံသူပဲ။
ကျောက်ဝေသည် လည်ချောင်းများ ခြောက်ကပ်လာသော်လည်း မိမိကိုယ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ သူ၏နောက်ကွယ်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"စီနီယာရှန်.. ကျွန်တော်က လေလွင့်ကျင့်ကြံသူများ သမဂ္ဂက ကျောက်ဝေပါ။ ကျွန်တော့်ဖခင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ဆင့်မြောက် ကျင့်ကြံသူ ကျောက်ဝူကျီပါ..."
သူ့စကားမဆုံးခင်မှာပင် 'ရှန်ယု' က ဖြတ်ပြောလိုက်သည်။ "မင်းအဖေက သေသွားပြီ။ မင်းက ဒီလောက်တောင် သားလိမ္မာဖြစ်နေမှတော့ အောက်ကိုဆင်းပြီး မင်းအဖေကို သွားအဖော်ပြုပေးလိုက်ဦး"
ပြောပြီးသည်နှင့် ကိုယ်ပွားဖြစ်သော 'ရှန်ယု' က ထပ်မံတိုက်ခိုက်လိုက်ရာ ကျောက်ဝေမှာ ဆန့်ကျင်ဘက်ရှိ မူလကိုယ်ထံသို့ လွင့်ထွက်သွားပြန်သည်။
"မဖြစ်နိုင်တာ!" ကျောက်ဝေက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ "ကျွန်တော့်အဖေရဲ့ အစွမ်းက တူညီတဲ့အဆင့်မှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ။ စီနီယာ ကျွန်တော့်ကို လိမ်နေတာပဲ ဖြစ်ရမယ်"
ကိုယ်ပွားက ထပ်ပြီး စကားများမနေတော့ဘဲ "မင်းမယုံရင်လည်း ငါလိမ်နေတယ်လို့ပဲ သဘောထားလိုက်တော့" ဟု ဆိုလိုက်သည်။
ကျောက်ဝေ၏ မျက်လုံးထဲတွင် ရူးသွပ်မှုများ ပေါ်လာသည်။ သူ၏ဖခင် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ကို သတ်ရန် ကြိုးစားနေမှတော့ သူ၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ မသေခင်မှာ တစ်ယောက်ယောက်ကိုတော့ အဖော်ခေါ်သွားရမည်။
ကျောက်ဝေသည် သူ၏ မျက်လုံးများကို တင်းတင်းပိတ်ကာ သူ တန်ဖိုးအထားဆုံး လျှို့ဝှက်ရတနာကို ထုတ်ယူပြီး မုန့်ဝမ်ထံသို့ အသည်းအသန် ပစ်လွှတ်လိုက်သည်။ "ငါနဲ့အတူ သေလိုက်စမ်း!"
"ဟက်.." မုန့်ဝမ်က နှာခေါင်းရှုံ့လိုက်သည်။ သူမရှေ့တွင် ဒိုင်းအဝိုင်းလေးတစ်ခု ပေါ်လာပြီး ထူထပ်လှသော အဆိပ်အပ်များကို ကာကွယ်လိုက်သည်။
သူမ၏ အဆုံးသတ်ကွက် ပိတ်ဆို့ခံလိုက်ရသည်ကို မြင်သောအခါ ကျောက်ဝေ၏ မျက်လုံးများမှာ အလွန်အမင်း မကျေမနပ်ဖြစ်သွားပြီး ဆက်လက် တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် မုန့်ဝမ်က သူ့ကို နောက်ထပ် အခွင့်အရေး မပေးတော့ချေ။ သူမသည် 'သွေးမိစ္ဆာ ကောင်းကင်နတ်ဆိုး ကျင့်စဉ်' ကို တိုက်ရိုက် လည်ပတ်စေကာ သူ့ကို လုံးဝ သန့်စင်ပစ်လိုက်တော့သည်။
ကုန်ဆုံးသွားသော သူမ၏ သွေးစွမ်းအင် များမှာ အနည်းငယ် ပြန်လည် ပြည့်တင်းလာသည်။ မုန့်ဝမ်သည် လည်ပင်းကို ဟိုဘက်ဒီဘက် လှည့်ကာ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ကျန်ရှိနေသော လူများကို ပြုံး၍ ကြည့်လိုက်သည်...။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက်တွင်တော့ အရပ်ရှည်ရှည် တစ်ဦးနှင့် အရပ်ပုပု တစ်ဦးတို့မှာ တောင်ဂူထဲမှ ထွက်လာပြီး နတ်ဘုရားဂူအတွင်းမှ ထွက်ခွာသွားကြတော့သည်။
ထိုအခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများ၏ သွေးကို စုပ်ယူပြီးနောက် နှလုံးစားပိုးကောင်ကို သန့်စင်စဉ်က ကုန်ဆုံးသွားသော မုန့်ဝမ်၏ သွေးစွမ်းအင်များမှာ ၇၀-၈၀ ရာခိုင်နှုန်းခန့် ပြန်လည် နာလန်ထူလာခဲ့သည်။ နှလုံးစားပိုးကောင်သည်လည်း ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများကို များစွာ စားသုံးခဲ့ရသဖြင့် အလွန်ပင် ကျေနပ်နေသည်။ ၎င်း၏ မျက်လုံးလေးများကို လှိမ့်ကြည့်ကာ သူမကို ဖားယားသော လေသံဖြင့် ပြောလိုက်သည်။
"သခင်မက တကယ့်ကို အားကောင်းလွန်းပါတယ်။ အခြေခံစွမ်းအင်အဆင့်ပဲ ရှိသေးပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးကို ပိုင်ဆိုင်ထားတာပဲ။ ကျွန်တော် သခင်မကို သခင်အဖြစ် အသိအမှတ်ပြုလိုက်ရတာ တကယ့်ကို ကံကောင်းတာပါပဲ"
မုန့်ဝမ်ကမူ မလှုပ်မယှက်ဘဲ "ဖားတာတွေ ရပ်စမ်း။ မင်းပြောတော့ မင်းရဲ့ အားသာချက်က ခံစားချက်တွေကို အာရုံခံနိုင်လို့ အရာဝတ္ထုတွေကို ခြေရာခံနိုင်တယ်ဆို။ ဒါဆို ငါ့အတွက် သားကောင်အချို့ ရှာပေးစမ်း။
ငါ့ဒဏ်ရာတွေ သက်သာအောင် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း မိစ္ဆာသားရဲ အချို့ကို အမဲလိုက်ချင်လို့။ မှတ်ထားနော်.. အစောပိုင်းအဆင့်ပဲ ဖြစ်ရမယ်၊ ပိုပြီး အားနည်းလေ ပိုကောင်းလေပဲ။ မင်းသာ မှားပြီး အားကောင်းတဲ့ သားရဲကို သွားခေါ်လာရင်တော့ မင်းကို ငါ ချေမွပစ်မယ်"
နှလုံးစားပိုးကောင်မှာ တုန်ရင်သွားပြီး မသိစိတ်ဖြင့် လည်ပင်းကို ကျုံ့လိုက်သည်။ "သခင်မ စိတ်ချပါ၊ ကျွန်တော် ဘယ်တော့မှ အမှားမလုပ်ပါဘူး!"
နှလုံးစားပိုးကောင်၏ လမ်းပြမှုဖြင့် မုန့်ဝမ်သည် ထျန်းဟိန် တောင်တန်းအနက်ပိုင်းသို့ ဝင်ရောက်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၁ ဆင့်မြောက် 'ကျောရွှေရောင် ပိုးဖဲယုန်' တစ်ကောင်ကို အလျင်အမြန် ရှာတွေ့ခဲ့သည်။ ကိုယ်ပွား၏ ဓားပညာနှင့် နှလုံးစားပိုးကောင်၏ စိတ်ဖတ်နိုင်စွမ်းတို့၏ ပူးပေါင်းဖိနှိပ်မှုအောက်တွင် မုန့်ဝမ်သည် ထိုယုန်ကလေးကို အလွယ်တကူပင် စုပ်ယူသန့်စင်ပစ်လိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ စွမ်းအားက တကယ်ပဲ ပိုပြီး အရသာရှိတာပဲ"
မုန့်ဝမ်သည် သူမ၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်သည်။ နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း သားရဲတစ်ကောင်လောက်ဆိုလျှင် သူမ၏ ဒဏ်ရာများနှင့် အားနည်းချက်အားလုံးကို အပြည့်အဝ ဖြည့်ဆည်းနိုင်တော့မည် ဖြစ်သည်။ သို့သော် ဒဏ်ရာကုသခြင်းမှာ ပထမအဆင့်သာ ရှိသေးသည်။
ထျန်းဟိန် တောင်တန်း၏ အချက်အခြာနေရာတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ၃ ဆင့်မြောက် ကိုယ်ပွားနှင့် နှလုံးစားပိုးကောင်ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးမှ သယံဇာတတွေကို ထပ်မရှာဖွေခြင်းမှာ သူမ၏ စတိုင်မဟုတ်ပေ။
နှလုံးစားပိုးကောင်၏ ခံစားချက် အာရုံခံနိုင်စွမ်းကို အားကိုး၍ မုန့်ဝမ်သည် အစွမ်းထက်သော မိစ္ဆာသားရဲများကို ရှောင်ကွင်းကာ အားနည်းသော သားရဲများကိုသာ ရွေးချယ် တိုက်ခိုက်ခဲ့ရာ အကြိမ်တိုင်း အောင်မြင်ခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း သားရဲများစွာကို သူမ သန့်စင်စုပ်ယူခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အတွက် အာဟာရအဖြစ် ပြောင်းလဲပေးခဲ့သည်။
မကြာမီ မုန့်ဝမ်၏ ကျင့်စဉ်မှာ အဆုံးမရှိသော သွေးအနှစ်သာရများကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်၏ တံခါးခုံအထိ ရောက်ရှိလာတော့သည်။ သွေးသန့်စင်ခြင်း ကျင့်စဉ်က သူမကို ထပ်မံ မြှင့်တင်ပေးနိုင်ခြင်း မရှိတော့ချေ။ အခြေခံတည်ဆောက်ခြင်းကို အဆင့်တက်ရမည့် အချိန်ရောက်ပြီ ဖြစ်သည်။
သို့သော် အခြေခံတည်ဆောက်ခြင်း မပြုမီ ကြိုတင်ပြင်ဆင်မှုများကို လျစ်လျူမရှုနိုင်ပေ။ မုန့်ဝမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း သားရဲအချို့ကို ဖမ်းဆီးပြီး သူတို့၏ ဝိညာဉ်များကို ချေဖျက်ကာ သေလုနီးပါး အခြေအနေရောက်မှ သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။ ပိုမိုဈေးကြီးသော သိုလှောင်လက်နက်များမှာ သက်ရှိများကို သိမ်းဆည်းနိုင်ရာ ၎င်းမှာ မိစ္ဆာသားရဲအိတ်များနှင့် လုပ်ဆောင်ချက် တူညီပေသည်။ သို့သော် ထိုသက်ရှိများမှာ ရုန်းကန်၍ မရမှသာ ဖြစ်မည်၊ မဟုတ်ပါက သိုလှောင်လက်နက်မှာ ပေါက်ကွဲသွားလိမ့်မည် ဖြစ်သည်။
'သွေးအိတ်' တွေကတော့ များလေ ကောင်းလေပင်။ အခြေခံတည်ဆောက်ခြင်း ပြုလုပ်စဉ်မှာ မလိုသော်လည်း အနာဂတ် ကျင့်ကြံခြင်း၊ ဒဏ်ရာကုသခြင်းနှင့် တိုက်ခိုက်ခြင်းတို့အတွက် သေချာပေါက် လိုအပ်လာမည် မဟုတ်ပါလား။ မုန့်ဝမ်သည် မိုင်ပေါင်း ရာချီအတွင်းရှိ အားနည်းသော သားရဲများ ကုန်ဆုံးသွားသည်အထိ အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲ ၁၀ ကောင်ကျော်ကို ဆက်တိုက် ဖမ်းဆီးခဲ့သည်။ ထို့နောက်မှသာ ထျန်းဟိန် တောင်တန်း အချက်အခြာနေရာမှ ထွက်ခွာပြီး တောင်တန်း၏ အပြင်ဘက်ပိုင်းသို့ ဦးတည်လိုက်တော့သည်။
"သခင်မ.. အခြေခံတည်ဆောက်ခြင်းဆိုတာ အလွန်အရေးကြီးပါတယ်။ ကျင့်ကြံသူတစ်ဦးရဲ့ တစ်သက်တာ အောင်မြင်မှုနဲ့ ဆက်စပ်နေတာမို့ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ပြီးမှ အလောတကြီး မလုပ်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်"
နှလုံးစားပိုးကောင်က ဖားယားသော လေသံဖြင့် အကြံပေးလိုက်သည်။ "အခြေခံတည်ဆောက်ခြင်း ပြီးသွားရင် မိုးကြိုးဘေးဒုက္ခ သေချာပေါက် လာပါလိမ့်မယ်။ အဲဒီဒဏ်ကို ခုခံနိုင်မဲ့ ဝိညာဉ်လက်နက်တွေနဲ့ ရတနာတွေ ရှာထားဖို့ ကျွန်တော် အကြံပေးပါတယ်။
သခင်မက မိစ္ဆာကျင့်ကြံသူ ဖြစ်နေတာမို့ သာမန်ကျင့်ကြံသူတွေထက် ဘေးဒုက္ခ ကျရောက်တာ ပိုပြီး ခက်ခဲပါလိမ့်မယ်။ မိုးကြိုးဘေးဒုက္ခအပြင် အခြားဘေးဒုက္ခတွေကိုလည်း ကြုံတွေ့ရနိုင်တာမို့ အစစအရာရာ ပြင်ဆင်ထားသင့်ပါတယ်ခင်ဗျာ"