အခန်း (၁၂၁၁-၁၂၁၂)
Vol. 83 Ch. 1211-1212
အခန်း (၁၂၁၁) သဘောထားကြီးလွန်းတဲ့ ညီလေးကီ
သုံးရက်ကြာသောအခါ ဖုန်းယွီသည် ကီရီလန်ကိုနှင့်အတူ Portlandသို့ လေယာဉ်ဖြင့် လိုက်ပါသွားခဲ့သည်။ အမှန်တကယ်ပင် ဤပွဲစဉ်တွင် Net အသင်းသားများ စိတ်ဓာတ်တက်ကြွနေကြပြီး Trail Blazersအသင်းကို ၂၄ မှတ် အကွာဖြင့် အပြတ်အသတ် အနိုင်ယူလိုက်လေသည်။
ကီရီလန်ကိုသည် ကွင်းဘေး၌ စိတ်လှုပ်ရှားစွာဖြင့် ကခုန်နေတော့သည်။ သူ တည်ဆောက်ထားသော အသင်းသည် အလွန်အောင်မြင်နေပြီ ဖြစ်သည်။
ဝမ်းနည်းစရာကောင်းသည်မှာ ပေါလ်အယ်လန်သည် ကွင်းဘေးသို့ ရောက်မလာခဲ့ပေ။ ကီရီလန်ကိုက သူ့ကို အချိန်မီ လှောင်ပြောင်ခွင့် မရလိုက်သဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။
တကယ်တော့ ပေါလ်အယ်လန် ရောက်လာခဲ့သော်လည်း ကွင်းဘေးသို့ မထွက်ရဲဘဲ ရုံးခန်းထဲ၌သာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေခြင်း ဖြစ်သည်။ သူ့အသင်းနှင့် Net အသင်း ကွာခြားချက်ရှိကြောင်း သိသော်လည်း ဤမျှအထိ ကွာခြားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အသစ်ခန့်ထားသော နည်းပြနှင့် မန်နေဂျာတို့က အသုံးမကျလှပေ။ နောက်နှစ်ကျလျှင် ထပ်ပြီး လူလဲရဦးမည်။ တမင်ညံ့အောင် ကစားပြီး လူသစ်ရွေးပွဲအတွက် ပြင်ဆင်ရန် စဉ်းစားခဲ့ဖူးသော်လည်း ထိုသို့လုပ်လိုက်ပါက ကီရီလန်ကိုက သူ့ကို နည်းမျိုးစုံဖြင့် လှောင်ပြောင်တော့မည်ကို သူ သိနေသည်။
ပေါလ်အယ်လန် နားမလည်နိုင် ဖြစ်နေသည်။ ငွေအမြောက်အမြား သုံးစွဲပြီး တည်ဆောက်ထားသော အသင်းက ဘာကြောင့် ရလဒ်မကောင်းရသနည်း။ တစ်ဦးချင်း စွမ်းဆောင်ရည်ကို ကြည့်လျှင် အားလုံး မဆိုးလှပေ။ သို့သော် ပေါင်းစပ်လိုက်သောအခါ တစ်ဦးချင်းစွမ်းရည်များပါ ကျဆင်းသွားသလို ဖြစ်နေသည်။
အထူးသဖြင့် ဟိုတုန်းက ဖုန်းယွီလက်ထဲမှ ဈေးကြီးပေးပြီး လုယူခဲ့သော ပစ်ပန်၏ခြေစွမ်းသည် တရိပ်ရိပ် ကျဆင်းနေသည်။ ထိုစဉ်က ပေးခဲ့သော အမြင့်ဆုံး လစာစာချုပ်သည် ယခုအခါ အလကားဖြစ်နေပြီ။ ဖုန်းယွီ လက်မှတ်ထိုးခဲ့သော တန်ဖိုးမရှိသည့် စာချုပ်များသည်ပင် ဒီနှစ်ပိုင်းအတွင်း ရှင်းလင်းပြီး ဖြစ်သွားသည်။ ဖုန်းယွီအသင်းသည် ဖုန်းယွီလက်ထက် ရောက်ကတည်းက ဇိမ်ခံခွန်တစ်ခါမှ မဆောင်ခဲ့ရဘဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
ဒီနှစ် Net အသင်း အခြေအနေ ကြည့်ရသည်မှာ မျှော်လင့်ချက် ရှိနေသည်။ ပေါလ်အယ်လန်ကမူ နောက်ဆုံးတွင် Lakers အသင်းသာ အနိုင်ရရှိသွားစေရန် ဆုတောင်းနေမိသည်။ သို့မှသာ ကီရီလန်ကို ဘဝင်မြင့်မနေနိုင်မည် ဖြစ်သည်။
ချန်ပီယံဆုယူပြီး ဘရွတ်ကလင်းကို ပြောင်းရွှေ့မည်ဟု ကြွေးကြော်နေသည်မှာ ကြားပြင်းကပ်စရာ ကောင်းလှသည်။ အဖွဲ့ချုပ်ကလည်း ခွင့်ပြုလိုက်သေးသည်။ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ ကီရီလန်ကိုဆီက လာဘ်စားထားသည်မှာ သေချာသည်။ သူက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော်လည်း ဘာမှမထူးခြားခဲ့ပေ။
Net အသင်း အရှေ့ပိုင်းဇုန် ချန်ပီယံဆုတောင် မရမှ အကောင်းဆုံး။ ဒါမှ သူ ဘယ်မျက်နှာနဲ့ ပြောင်းရွှေ့မလဲ ကြည့်ရသေးတာပေါ့။ ပြောင်းသွားရင်တောင် နယူးယောက်က လူတွေက လက်ခံမှာ မဟုတ်ဘူး။
...
"ဟေ့ကောင်တွေ... တစ်ခုခု မှားနေပြီ။ ပေါလ်အယ်လန်က ဖုန်းစက်ပိတ်ထားတယ်" ကီရီလန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဒီနှစ် ရာသီဝက် ပွဲစဉ်များအားလုံး ရှုံးနိမ့်ပါက ဦးညွတ်တောင်းပန်မည်၊ သူသည် ကီရီလန်ကိုလောက် မတော်ကြောင်း ဝန်ခံမည်ဟု ကတိပေးထားပြီး ယခု လူက ပျောက်နေသည်။
ကီရီလန်ကိုက မီဒီယာများကိုပင် ချိတ်ဆက်ထားပြီး ဖြစ်သည်။ တစ်ကမ္ဘာလုံးက လူတွေ မြင်တွေ့စေရန် စီစဉ်ထားသော်လည်း ပေါလ်အယ်လန်က ပေါ်မလာသည့်အပြင် ဖုန်းပါ ဆက်မရတော့ပေ။
ဖုန်းယွီက ပြုံးစစဖြင့် ကီရီလန်ကို၏ ပခုံးကို ပုတ်လိုက်သည်။ "ညီလေးကီ... သူ ရုံးခန်းထဲမှာ ပုန်းနေတာ ဖြစ်မယ်။ အပြင်မထွက်ရဲတာ နေမှာပါ။ လာ... ငါတို့ သူ့ရုံးခန်းကို သွားကြမယ်။ သူ မျက်နှာချင်းဆိုင် တောင်းပန်ပါလိမ့်မယ်"
"ဒါပေမဲ့ အဲဒီလိုလုပ်ရင် တခြားလူတွေ မသိဘဲ နေမှာပေါ့" ကီရီလန်ကိုက မကျေမနပ် ပြောလိုက်သည်။ "ဒါဆို ခိုးရိုက်တဲ့ ကင်မရာ ယူသွားပြီး သူ ဦးညွတ်တောင်းပန်နေတဲ့ ပုံကို ရိုက်ထားလိုက်ရင်ရော"
"ဟုတ်သားပဲ... အဲဒါကို ခွေထုတ်ပြီး အလကား လိုက်ဝေလိုက်ရင် HD-DVD စက် ရောင်းအားတောင် တက်လာဦးမယ်"
ထိုအချိန်တွင် ကီရီလန်ကို၏တွေးခေါ်နိုင်စွမ်းကို ဖုန်းယွီပင် လေးစားသွားရသည်။
တကယ်လို့သာ အဲဒီလို လုပ်လိုက်ရင် ရောင်းအားတက်လာနိုင်သည်မှာ အမှန်ပင်။ သို့သော် ဥပဒေနဲ့ ငြိစွန်းသွားနိုင်သည်။
ဖုန်းယွီက ညီလေးကီကို တရားရုံး ရောက်မသွားစေချင်။ အထူးသဖြင့် တရားရုံးက ညီလေးကီကို ပြန်လည်တောင်းပန်ခိုင်းလိုက်လျှင် ညီလေးကီ ရင်ကွဲနာကျပြီး သေသွားလိမ့်မည်။
"ညီလေးကီ... တော်ပါတော့။ ခဏနေကျရင် မင်းက မာန်တက်နေတဲ့ ပုံစံမျိုး လုပ်ပြလိုက်။ ရုရှားလူမျိုးတွေက ဘယ်လောက် သဘောထားကြီးတယ် ဆိုတာ ပေါလ်အယ်လန် သိသွားအောင် လုပ်ပြလိုက်။ ဒါမှ သူတို့ အမေရိကန်တွေက စိတ်သဘောထား သေးသိမ်ကြောင်း၊ အသုံးမကျကြောင်း ပေါ်လွင်သွားမှာပေါ့။ ငါ လောင်းရဲတယ်။ ခဏနေ ပေါလ်အယ်လန် ဦးညွတ်မလို့ လုပ်တဲ့အချိန် မင်းက သူ့ကို တွဲထူလိုက်ပြီး 'မင်း တောင်းပန်တာကို ငါ မလိုချင်ပါဘူး' လို့ ပြောလိုက်ရင် သူ ဒေါသထွက်လွန်းလို့ သွေးအန်သွားလိမ့်မယ်"
ညီလေးကီ၏ လက်တွေ့မဆန်သော စိတ်ကူးကို စွန့်လွှတ်စေရန်နှင့် သူ့စိတ်ကျေနပ်မှု ရရှိစေရန် ဖုန်းယွီ ဤနည်းလမ်းကို သုံးလိုက်ရခြင်း ဖြစ်သည်။
ကီရီလန်ကို မေးစေ့ကို ပွတ်သပ်ရင်း အကြာကြီး စဉ်းစားနေသည်။ "မင်း ပြောတာ ဟုတ်သလိုလိုပဲ။ ခဏနေကျရင် ငါ သူ့ကို စကားလုံးနဲ့ နည်းနည်းပါးပါး လှောင်လိုက်ဦးမယ်။ သူ ဘာပြန်ပြောရဲမလဲ ကြည့်ရသေးတာပေါ့"
နှစ်ယောက်သား Blazers အသင်း ရုံးခန်းသို့ ရောက်လာသည်ကို ပေါလ်အယ်လန် ချက်ချင်း သိလိုက်သည်။ သူတို့ ဘာလာလုပ်သလဲ ဆိုတာ ရှင်းနေသည် မဟုတ်ပါလော။
တကယ်တော့ သူက ကီရီလန်ကို တစ်ယောက်ထဲ လာမည် ထင်ထားသော်လည်း ဖုန်းယွီပါ ပါလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူ တောင်းပန်ရမည်။ မတောင်းပန်၍ မဖြစ်။ မဟုတ်လျှင် ကီရီလန်ကိုက မီဒီယာတွေရှေ့မှာ ဒီအကြောင်းကို အမြဲတမ်း ပြောနေတော့မည်။ အဲဒီကျမှ သူ ပိုပြီး အရှက်ကွဲရလိမ့်မည်။
"ကီရီလန်ကို တစ်ယောက်တည်း ဝင်ခိုင်းလိုက်။ ဖုန်းယွီကို တားထား"
ဟိုတုန်းက ဖုန်းယွီနှင့် လောင်းကြေးထပ်ထားတာမှ မဟုတ်တာ။ ဖုန်းယွီကို ဘာကိစ္စ အကြည့်ခံရမှာလဲ။
...
"ဘာ... မင်းတို့က သူ့ကို တားမယ် ဟုတ်လား။ သူ ဘယ်သူလဲဆိုတာ မင်းတို့ သိရဲ့လား။ ဒါ မန်နေဂျာဖုန်းကွ။ မင်းတို့ သူဌေးရဲ့ မိတ်ဆွေဟောင်း။ ဖယ်စမ်း... မဆိုင်ဘဲ ကြားက မြေစာပင် မဖြစ်ချင်နဲ့" ကီရီလန်ကိုက ပုံကြီးချဲ့ ပြောလိုက်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ သူ၏ အင်္ဂလိပ်စာ အသံထွက် ညံ့ဖျင်းလွန်းသဖြင့် တစ်ဖက်လူက နားမလည်ပေ။
ကီရီလန်ကိုက မျက်လုံး တစ်ချက်ပြလိုက်သည်နှင့် သူ့သက်တော်စောင့် နှစ်ယောက်က ပေါလ်အယ်လန်၏ လက်ထောက်ကို ဆွဲဖယ်လိုက်သည်။ ထို့နောက် ဖုန်းယွီနှင့်အတူ ပေါလ်အယ်လန်၏ ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်လိုက်ကြသည်။
"ပေါလ်... မိတ်ဆွေဟောင်းကြီး လာလည်တယ်လေ" ကီရီလန်ကိုက အသံကျယ်ကြီးဖြင့် နှုတ်ဆက်လိုက်သည်။
ဒီစာကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြောလိုက်သော်လည်း ပေါလ်အယ်လန်၏ မျက်နှာမှာ ယင်ကောင်တစ်ကောင်ကို မြိုချမိထားသလို ဖြစ်နေသည်။
ဘယ်သူက မင်း မိတ်ဆွေဟောင်းလဲ။ ငါနဲ့ မင်း... ဟင့်အင်း... ငါနဲ့ မင်းတို့နှစ်ကောင် ဘယ်တုန်းကမှ မိတ်ဆွေ မဖြစ်ခဲ့ဖူးဘူး။ ဘယ်တော့မှလည်း ဖြစ်မှာမဟုတ်ဘူး။
အပြင်ဘက်က ဆူညံသံများကို သူ ကြားလိုက်ရသည်။ ကီရီလန်ကိုက အတင်းဝင်လာလိမ့်မည်ဟု သူ ထင်မထားခဲ့။ ပေါ့လန်းဆိုတာ သူ့နယ်မြေ မဟုတ်ပါလော။
"ဟေ့... ပေါလ်၊ ကော်ဖီလေး တစ်ခွက်တောင် မတိုက်တော့ဘူးလား။ ဒါမှမဟုတ် 'Force' (အချိုရည်) တစ်ဘူးလောက် တိုက်လည်း ရပါတယ်" ဖုန်းယွီက ပြုံးစစဖြင့် ပြောလိုက်သည်။
"'Force' မရှိဘူး။ ငါတို့အသင်းက အဲဒီလို အချိုရည်မျိုး ဘယ်တော့မှ မတိုက်ဘူး။ ကော်ဖီလည်း မရှိဘူး။ ရေပဲ ရှိတယ်။ သောက်ချင် ကိုယ့်ဘာသာ ငှဲ့သောက်" ပေါလ်အယ်လန်က ဒေါသတကြီး အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် အခန်းထဲသို့ အတင်းတိုးဝင်လာသော လက်ထောက်ကို လက်ကာပြပြီး ထွက်သွားခိုင်းလိုက်သည်။
မင်းကို တားခိုင်းထားတာလေ... အခု ဝင်လာပြီးမှတော့ ဘာလုပ်လို့ ရတော့မှာလဲ။ အသုံးမကျတဲ့ကောင်။
ကီရီလန်ကိုသည် ပေါလ်အယ်လန်၏ဘေးသို့ လျှောက်သွားလိုက်သည်။ သူ့အရပ်က မြင့်မားလွန်းသဖြင့် ပေါလ်အယ်လန်ကို အပေါ်စီးမှ ငုံ့ကြည့်နေသည်။
ပေါလ်အယ်လန် အံကို ကြိတ်လိုက်ပြီး မတ်တတ်ရပ်ကာ ကီရီလန်ကိုကို ဦးညွတ်ရန် ပြင်လိုက်သည်။ သို့သော် ခါးကို ကုန်းလိုက်ရုံရှိသေး စကားပင် မပြောရသေးခင် ကီရီလန်ကိုက သူ့ကို လှမ်းတွဲလိုက်သည်။ "ပေါလ်... မင်း ဘာလုပ်တာလဲ။ ဟိုတုန်းက ငါတို့ စနောက်ခဲ့ကြတာပဲလေ"
ပေါလ်အယ်လန် ကြောင်အသွားသည်။ စနောက်ခဲ့တာ ဟုတ်လား။
ကီရီလန်ကိုက အင်္ဂလိပ်စကား သိပ်မကျွမ်းကျင်သဖြင့် ဖုန်းယွီဘက်သို့ လှည့်ကြည့်လိုက်သည်။ ဖုန်းယွီက ပြုံးစစဖြင့် ဝင်ပြောလိုက်သည်။ "ပေါလ်... ကီရီလန်ကို ဆိုလိုတာက ဟိုတုန်းက လောင်းကြေးကို သူက စိတ်ထဲမထားပါဘူးတဲ့။ သူတို့ ရုရှားလူမျိုးတွေက သဘောထား အရမ်းကြီးကြပါတယ်တဲ့"
ပေါလ်အယ်လန် မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ ဘာစကားလဲကွ။ ရုရှားလူမျိုးတွေက သဘောထားကြီးတယ်ဆိုတော့ ငါက သဘောထား သေးသိမ်တယ်လို့ ပြောချင်တာလား။
ဦးညွတ်တောင်းပန်ရခြင်း မရှိသော်လည်း ဤအခြေအနေက တောင်းပန်ရသည်ထက် ပိုပြီးခံရခက်နေသည်။ အထူးသဖြင့် ကီရီလန်ကို၏ မျက်နှာပေးကို မြင်ရသောအခါ ဒေါသထွက်လွန်းသဖြင့် ရင်ကွဲမတတ် ဖြစ်ရသည်။
ကီရီလန်ကို... ဖုန်းယွီ... မင်းတို့ မှတ်ထားကြ။ တွေ့ကြသေးတာပေါ့ကွာ။
******
အခန်း (၁၂၁၂) အဖျော်ယမကာ မဟာမိတ်အဖွဲ့၏ လက်ရှိအခြေအနေ
ဖုန်းယွီ ရှန်ဟိုင်းသို့ ပြန်ရောက်လာချိန်တွင် "အဖျော်ယမကာ မဟာမိတ်အဖွဲ့" ၏ အရောင်းအဝယ်အခြေအနေသည် အဖျားရှူးဖြစ်ကာ တန့်နေပြန်သည်။
ဟိုတုန်းက သူသည် ပြည်တွင်း အဖျော်ယမကာ လုပ်ငန်းစုများကို စုစည်းပြီး ဥရောပနှင့် အမေရိက ဈေးကွက်သို့ တင်ပို့ကာ စူပါမားကတ်ကြီးများတွင် နေရာရအောင် မနည်းကြိုးစားခဲ့ရသည်။
အစပိုင်းတွင် ရောင်းအားတက်လာပုံမှာ အားရစရာ ကောင်းသော်လည်း အမြတ်အစွန်း သိပ်မရခဲ့ပေ။ အကြောင်းမှာ တစ်ချက်က ပြည်တွင်းမှ သယ်ယူပို့ဆောင်ရသဖြင့် စရိတ်ကြီးမြင့်ခြင်း၊ နောက်တစ်ချက်က ကြော်ငြာနှင့် ပရိုမိုးရှင်း စရိတ်များ မနည်းလှသောကြောင့် ဖြစ်သည်။ ဆုမဲဖောက်ပေးသည့် အစီအစဉ် တစ်ခုတည်းအတွက်ပင် ကုန်ကျစရိတ် မနည်းပေ။
ဥရောပနှင့် အမေရိကတွင် ကိုယ်ပိုင်ထုတ်လုပ်ရေး စက်ရုံများ ပေါ်လာသောအခါ သယ်ယူပို့ဆောင်ရေး စရိတ်များ ကျဆင်းသွားပြီး ကြော်ငြာစရိတ်များလည်း လျော့နည်းလာသည်။ ရောင်းအားက တရွေ့ရွေ့ တက်လာပြီး အမြတ်အစွန်းလည်း စတင်ရရှိလာပြီ ဖြစ်သည်။
အဓိက ဦးဆောင်နေသည့် ကုမ္ပဏီများမှာ လီဟဟ၊ ကျန်းလိပေါင်၊ Huiyuan၊ Robustနှင့် အုန်းနို့ရည် ကုမ္ပဏီတို့ ဖြစ်ကြသည်။ ထိုကုမ္ပဏီများ၏ အမှတ်တံဆိပ်များသည် အတိုင်းအတာ တစ်ခုအထိ နာမည်ရနေကြပြီ ဖြစ်သည်။
အာရှဈေးကွက်တွင် လီဟဟ၊ ကျန်းလိပေါင်နှင့် အုန်းနို့ရည်တို့က အကောင်းဆုံး ဖြစ်ပြီး ဥရောပနှင့် အမေရိကတွင် လီဟဟ၊ ကျန်းလိပေါင်နှင့် Huiyuanတို့က လူကြိုက်များသည်။ Robust၏ ထုတ်ကုန်များကတော့ ရောင်းအား အဆိုးဆုံး ဖြစ်နေသည်။
ပြောရရင် Robustက အမြဲတမ်း ပြဿနာ ရှာတတ်သည်။ ဘာမဆို လိုက်လုပ်ချင်ပြီး ဆန်းသစ်တီထွင်မှုတွေ လုပ်ချင်နေသည်။
လီဟဟက အကြည်ရောင် စီးရီး အချိုရည်များ ထုတ်လုပ်ပြီး Cocacolaနှင့် Pepsiတို့ကို အသာစီးရသွားသည်ကို မြင်သောအခါ သူတို့လည်း ကာဗွန်ပါသော အချိုရည် ဈေးကွက်ကို မျက်စိကျလာသည်။
သူတို့ ထုတ်လုပ်လိုက်သော အချိုရည်သည် လီဟဟ၏ အချိုရည်များထက် ပိုချိုသည်။ သို့သော် အရင်ဘဝက ကျန်းလိပေါင် ကျူးလွန်ခဲ့သော အမှားမျိုးကို လိုက်လုပ်မိကြသည်။ ကြော်ငြာသာ အကြီးအကျယ် ထိုးထားပြီး ကုန်ပစ္စည်းကို အမီဖြန့်ဖြူးနိုင်ခြင်း မရှိပေ။
ကုန်သည်များက ပစ္စည်းမှာသောအခါ ပစ္စည်းပြတ်နေသည်ဟု ပြန်ပြောတတ်ကြသည်။
ကုန်သည်များ ဒေါသထွက်ကုန်ကြကာ ဆဲဆိုကြတော့သည်။ "သောက်ကျိုးနည်း... ပစ္စည်းမှ မရှိဘဲ ဘာကိစ္စ ကြော်ငြာထိုးနေတာလဲ။ ပိုက်ဆံတွေ ပေါနေလို့လား"
ထို့ကြောင့် ပြည်တွင်းကုန်သည်များက Robustကို အမြင်ကပ်လာကြသည်။ တောင်ပိုင်းဒေသတွင် ကိုယ်ပိုင် ဖြန့်ချိရေးလမ်းကြောင်း ရှိနေလို့သာ တော်သေးသည်။ မဟုတ်လျှင် မနှစ်ကတည်းက ရှုံးပြီး ပြုတ်သွားလောက်ပြီ။
လီဟဟနှင့် ကျန်းလိပေါင်တို့က လက်ဖက်ရည် ထုတ်ကြပြန်သည်။ Robustက ဒါဘာခက်တာမှတ်လို့၊ လက်ဖက်ရည် ဖျော်ရုံပဲဟာဆိုပြီး လိုက်ထုတ်ကြပြန်သည်။
ပြီးခဲ့သော အခေါက်က အချိုရည်ကို ချိုလွန်းအောင် ထုတ်ခဲ့သဖြင့် ဒီတစ်ခေါက်တွင် အစွန်းရောက်ကာ အရသာ ပေါ့လွန်းအောင် ထုတ်လိုက်ပြန်သည်။ သောက်ကြည့်လိုက်လျှင် ရိုးရိုးရေနွေးကြမ်းနှင့် မခြားပေ။
ရေနွေးကြမ်း အရသာအတိုင်း သောက်ရမယ်ဆိုရင် ဘာကိစ္စ ပိုက်ဆံပေး ဝယ်သောက်နေတော့မလဲ။ အချိုရည်ဆိုတာ အရသာရှိဖို့ လိုတယ်လေ။ လက်ဖက်ရည်ကို အချိုရည်လုပ်တာ လက်ခံနိုင်ပေမဲ့ အချိုရည်အရသာတော့ ပါမှပေါ့။
Robustက အချိုရည်လောကတွင် မဟန်မှန်းသိတော့ နို့ထွက်ပစ္စည်းဘက် လှည့်ကြပြန်သည်။
သူတို့သည် ဒိန်ချဉ် အရသာပိုင်းတွင် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ကြသည်။ လီဟဟက သစ်သီးဖတ်ပါသော ဒိန်ချဉ် ထုတ်သည်ကို မြင်တော့ သူတို့လည်း လိုက်ထုတ်သည်။ ထို့ပြင် ရိုးရိုးနို့စိမ်းထက် ဈေးနှစ်ဆကြီးသော အဆင့်မြင့် နို့ထွက်ပစ္စည်းများကိုလည်း ထုတ်လုပ်ကြသည်။
ဒီတစ်ခါတော့ သိပ်အမှားအယွင်း မရှိသော်လည်း ကံဆိုးသည်မှာ ပြည်တွင်း၌ နို့ထွက်ပစ္စည်း ကုမ္ပဏီသစ် အများအပြား ပေါ်ထွက်လာချိန် ဖြစ်နေသည်။ ထိုကုမ္ပဏီများက ကိုယ်ပိုင် နွားမွေးမြူရေးခြံများ ရှိသဖြင့် သဘာဝအရင်းအမြစ် ပိုကြွယ်ဝပြီး ရောင်းအားလည်း ပိုကောင်းကြသည်။
လီဟဟတောင် နို့စိမ်းထုတ်ဖို့ မဝံ့ရဲချိန်တွင် Robustက ဝင်လုပ်ရုံသာမက ဈေးပါကြီးနေသဖြင့် သဘာဝကျကျပင် ကျရှုံးသွားရပြန်သည်။
ထို့နောက် Robustသည် စွမ်းအားဖြည့် အချိုရည်ဘက်သို့ လှည့်လာပြန်သည်။ ထိုင်းနိုင်ငံမှ Red Bullအုပ်စုနှင့် ပူးပေါင်းကာ Red Bullနှင့် သူတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် Mizoneကို ထုတ်လုပ်သည်။ Red Bullက သံဘူးနှင့်လာပြီး မိုက်တုန်းက ပလပ်စတစ်ဘူးနှင့် လာသည်။
Red Bullက ဖုန်းယွီ၏ Forceအပြာရောင်ဘူးနှင့် ဆင်တူပြီး Mizoneက ဗီတာမင်ကို အဓိကထားသည်။
အရင်ဘဝတုန်းကဆိုလျှင် Red Bullသည် တရုတ်ပြည်သို့ စောစီးစွာ ဝင်ရောက်ခဲ့ပြီး ဖက်စပ်မဟုတ်ဘဲ တစ်ဦးတည်း မူပိုင်ခွင့်ဖြင့် ဝင်ရောက်ခဲ့သည်။ ထိုစဉ်က လီဟဟ၏ Forceအချိုရည်လည်း မရှိသေးသဖြင့် Red Bullသည် အကြီးအကျယ် အောင်မြင်ခဲ့သည်။
ဒီဘဝမှာတော့ Forceက အရင်ရောက်နှင့်နေပြီး ဈေးကွက်ကို ဦးဆောင်ထားသည်။ Red Bullက ရွှေရောင်ဘူးခွံ၊ နွားသိုးအပြာရောင် တံဆိပ်ဖြင့် လာသော်လည်း နာမည်ကြားရုံနှင့် လူတွေက အတုဟု ထင်မှတ်နေကြသည်။
တကယ်တမ်းကျတော့ Red Bullက အရင်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဒါကို ပြည်တွင်းကလူတွေ မသိကြ။
Mizoneကလည်း အရသာက သာမန်ပါပဲ။ ဗီတာမင် စွမ်းအားဖြည့် အချိုရည်ဆိုသည့် Conceptက မဆိုးသော်လည်း လူတော်တော်များများက သောက်ပြီးရင် ဘာမှမထူးခြားဘူး၊ Forceလောက် အားမရှိဘူးဟု ပြောကြသည်။
ဒါက သေချာတာပေါ့။ Force ထဲမှာ ဆေးဖက်ဝင် ပစ္စည်းတွေ ပါတာကိုး။ ရိုးရိုး ဗီတာမင် အချိုရည်လောက်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။
ဤသို့ဖြင့် Robustသည် လမ်းမှားလိုက်ရင်း ခရီးဝေးသွားခဲ့ရသည်။ မူလက အဖျော်ယမကာ မဟာမိတ်အဖွဲ့၏အဓိက အဖွဲ့ဝင်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် နေရာပျောက်ကာ အထုတ်ခံရတော့မည့် အခြေအနေ ရောက်နေပြီ ဖြစ်သည်။
ပြည်တွင်းမှာလည်း မယှဉ်နိုင်၊ ပြည်ပမှာလည်း မရောင်းရနှင့် နောက်ဆုံးတွင် အမြတ်ရနေသည့်တိုင် နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်သည့်လမ်းကို ရွေးချယ်လိုက်သည်။ သို့သော်လည်း အခြေအနေ မကောင်းလှပေ။
မူလက ပါဝင်ခဲ့သော Xurisheng၊ Zhenzhen စသည့် ကုမ္ပဏီများသည်လည်း ပြည်ပဈေးကွက်မှ တဖြည်းဖြည်း ဆုတ်ခွာကာ ပြည်တွင်းကိုသာ အာရုံစိုက်လာကြသည်။ တွက်ချက်ကြည့်လိုက်တော့ မဟာမိတ်အဖွဲ့၏ စက်ရုံများတွင် လက်ခစား အပ်နှံထုတ်လုပ်ရသည့် စရိတ်က မနည်းလှပေ။ ကြော်ငြာအားကလည်း မလိုက်နိုင်၊ အရသာကလည်း နိုင်ငံခြားသားတွေ မကြိုက်ဆိုတော့ ဆက်မလုပ်တာက အကောင်းဆုံးပင်။
ပြည်တွင်းမှာတောင် သိပ်မရောင်းရတာ ပြည်ပမှာဆို ပြောမနေနဲ့တော့။ သို့သော် သူတို့က Robustနှင့် မတူပေ။ Zong Qinghouထံသို့ ကိုယ်တိုင်လာရောက် ဆွေးနွေးပြီး ပြည်ပဈေးကွက်ကို လက်လွှတ်ကြောင်း၊ စာချုပ်အရ လိုအပ်လျှင် ကုန်ပစ္စည်း အနည်းငယ် ဆက်ပို့ပေးမည်ဖြစ်ကြောင်း၊ မလိုအပ်လျှင် ထွက်ခွာခွင့်ပြုရန် တောင်းဆိုကြသည်။
သူတို့ဘက်က ရိုးရိုးသားသား တင်ပြလာတော့ Zong Qinghouလည်း ဘာပြောနိုင်မည်နည်း။ မူလကတည်းက သူတို့ကို သယ်သွားရသည်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည် မဟုတ်ပါလော။ သူတို့ ထွက်သွားတော့ လီဟဟနှင့် ကျန်းလိပေါင် ပစ္စည်းများများ ပိုတင်လို့ ရတာပေါ့။
သူတို့ ပြည်တွင်းဈေးကွက်ကို အာရုံစိုက်မည် ဆိုသော်လည်း ကျုံးချင်းရှန် စိတ်မပူပါ။ ပြည်တွင်းမှာ လီဟဟကို ယှဉ်နိုင်တာ ကျန်းလိပေါင်ပဲ ရှိသည်။ ကျန်းလိပေါင်က ကိုယ့်လူရင်း။ အုန်းနို့ရည်ကတော့ နိုင်ငံတော် ဧည့်ခံပွဲတွေမှာ သုံးတဲ့ အဆင့်မို့ ပြောစရာမလို၊ အရသာ တကယ်ကောင်းသည်။ Robustတောင် အုန်းနို့ရည် လိုက်လုပ်ဖူးပြီး မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရသေးသည်။
Huiyuanက သစ်သီးဖျော်ရည် သီးသန့်လုပ်တာမို့ ဈေးကွက်မတူ၊ ပြိုင်ဆိုင်မှု သိပ်မရှိ။ ပြီးတော့ လီဟဟက Huiyuanမှာ ရှယ်ယာဝင်ထားသေးသည်။ အဓိကက Huiyuanသည် ဖြန့်ချိရေးလမ်းကြောင်း လိုအပ်နေပြီး လီဟဟက အကောင်းဆုံး ဖြန့်ချိရေး ကွန်ရက်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
Xurisheng၊၏ လက်ဖက်ရည်ကလည်း သာမန်ပါပဲ။ သူတို့ ပြည်နယ်တွင်းမှာတော့ ရောင်းအားကောင်းပေမဲ့ တခြားနယ် ရောက်ရင် သိပ်မဟန်တော့။
ဖုန်းယွီ အထင်ကြီးသည့် Jiaduo Bao ကတော့ အေးအေးဆေးဆေးပင် အရှေ့တောင်ကမ်းရိုးတန်း ဒေသများတွင် ဈေးကွက်ချဲ့ထွင်နေသည်။ ဒီနှစ် အခြေအနေ မဆိုးဘူးဟု ကြားသည်။ သူတို့က ဥရောပနှင့် အမေရိက ဈေးကွက်ကို စွန့်လွှတ်ထားသည်။ ဟိုက လူတွေက "အပူကန်တယ်" ဆိုတဲ့ သဘောတရားကို နားမလည်ကြသဖြင့် သူတို့၏ အဓိက အားသာချက်ကို ရောင်း၍မရပေ။
ကျန်းလိပေါင်က ကျာတိုပေါင်တွင် ရှယ်ယာဝင်ရန် ကြိုးပမ်းနေသည်။ အောင်မြင်ခဲ့လျှင် ပိုကောင်းမည်။ နှမြောစရာကောင်းသည်မှာ ကျန်းလိပေါင် အမြဲလိုချင်နေခဲ့သော အုန်းနို့ရည် ကုမ္ပဏီကိုတော့ ဝင်ရောက်စွက်ဖက်ခွင့် မရနိုင်သေးခြင်းပင်။
Cocacola
ကျေးလက်ဒေသများ၌သာ လှုပ်ရှားနိုင်ကြတော့သည်။ သူတို့၏ "ကျေးလက်မှ မြို့ပြသို့" စီမံကိန်းသည် တစ်ဝက်သာ အောင်မြင်သည်။
ကျေးလက်တွင် လူကြိုက်များသော်လည်း မြို့ပြတွင် မရောင်းရပေ။ တီဗီကြော်ငြာ မထိုးနိုင်ခြင်းက အဓိက အားနည်းချက်ပင်။
နံရံကပ် ပိုစတာလောက်နဲ့ ကြော်ငြာနေရတာ အဆင့်မရှိသလို ဖြစ်နေသည်။
ယခုအခါ လီဟဟနှင့် ကျန်းလိပေါင်တို့ကလည်း ကျေးလက်ဈေးကွက်ကို စတင် ထိုးဖောက်နေပြီ ဖြစ်သည်။ Cocacolaနှင့် Pepsiတို့သည် မြို့ပြကို မသိမ်းပိုက်နိုင်သည့်အပြင် ရှိရင်းစွဲ ဈေးကွက်ပါ ထပ်မံအတိုက်အခိုက် ခံနေရသည်။ တုန်ယီ၊ ခန်းရှဖူတို့နှင့် ပူးပေါင်းမိသည်ကို နောင်တရနေလောက်ပြီ။
ဟိုတုန်းကဆို အနည်းဆုံးတော့ မြို့ကြီးတွေမှာ နာမည်ရသေးသည်။ အခု ပူးပေါင်းပြီးမှ နာမည်က ပိုပျောက်သွားသည်။ နောက်ထပ် နှစ်နှစ်လောက်ဆိုလျှင် တရုတ်ဈေးကွက်ကနေ ထွက်ခွာသွားရမည့် ကိန်းဆိုက်နေပြီ။
ဖုန်းယွီ ဒီတစ်ခေါက် လာရခြင်းမှာ ကျုံးချင်းရှန်နှင့် တိုင်ပင်ပြီး ပြည်ပဈေးကွက်ကို ဘယ်လို အကြီးအကျယ် ထိုးဖောက်မလဲ ဆိုတာ ဆွေးနွေးရန် ဖြစ်သည်။
******