← Chapters

အခန်း (၁၂၁၃-၁၂၁၄)

Vol. 83 Ch. 1213-1214

အခန်း (၁၂၁၃-၁၂၁၄)

Vol. 83 Ch. 1213-1214

အခန်း (၁၂၁၃) အနာဂတ်အတွက် ရွေးချယ်ထားသော ကိုယ်စားလှယ်များ

မန်နေဂျာဖုန်းပြည်ပရောင်းအားက မနှစ်က စတုတ္ထသုံးလပတ်ကတည်းက ကျဆင်းနေတာ။ ဒီနှစ် ပထမသုံးလပတ် ကုန်တော့မယ်။ အခြေအနေ မကောင်းသေးဘူး။ ဆောင်းရာသီဆိုတော့ အချိုရည်ရောင်းအားကျတာ ပုံမှန်ဆိုပေမဲ့ Cocacolaနဲ့ Pepsiတို့က ဥရောပနဲ့ အမေရိကမှာ အားထည့်လာကြတယ်။ ကျွန်တော်တို့ဘက်က တုံ့ပြန်မှု တစ်ခုခု မလုပ်ရင် လက်ဖက်ရည်နဲ့ စွမ်းအားဖြည့် အချိုရည်ကလွဲပြီး ကျန်တာတွေ အကုန် အနှုတ်လက္ခဏာ ပြကုန်လိမ့်မယ်"

Cocacolaနှင့် Pepsi ကုမ္ပဏီတို့သည် ကာဗွန်ပါသော အချိုရည်များသာမက သစ်သီးဖျော်ရည်များကိုလည်း ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် မဟုတ်သည့်တိုင် ကုမ္ပဏီများကို ဝယ်ယူသိမ်းပိုက်ထားခြင်း ဖြစ်သည်။ အချိုရည်ဈေးကွက် တစ်ခုလုံးတွင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ယှဉ်ပြိုင်ဖက်ကင်းသော ဘီလူးကြီးများ ဖြစ်ကြသည်။ သူတို့က ကြော်ငြာများ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်လာသည့်အခါ ၎င်းတို့၏ မူလဖြန့်ချိရေး လမ်းကြောင်းများနှင့် ပေါင်းစပ်သွားပြီး တရုတ်အဖျော်ယမကာ မဟာမိတ်အဖွဲ့၏ ထုတ်ကုန်များကို အလွယ်တကူ ဖိနှိပ်လိုက်ကြတော့သည်။

အကယ်၍ စူပါမားကတ်ကြီးများနှင့် ချုပ်ဆိုထားသော စာချုပ်များ မရှိခဲ့လျှင်၊ စွမ်းအားဖြည့် အချိုရည်နှင့် လက်ဖက်ရည်တို့၏ ရောင်းအား မရှိခဲ့လျှင် မနှစ်ကတည်းက အရှုံးပေါ်နေလောက်ပြီ ဖြစ်သည်။

"ခင်ဗျားအမြင်အရ အရေးအကြီးဆုံးက ဘာလဲ"

"အမှတ်တံဆိပ် နာမည်ဂုဏ်သတင်းပါ... ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို လူသိများအောင် ကြော်ငြာတွေ ပိုလုပ်ဖို့ လိုတယ်။ မနှစ်က ကျွန်တော်တို့ ကြော်ငြာအား အရမ်းနည်းခဲ့တယ်။ ဒီနှစ်တော့ ကြော်ငြာဘက်မှာ ငွေအများကြီး ပုံအောသင့်တယ်လို့ ထင်တယ်"

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။

"ကြော်ငြာတာကတော့ လုပ်ရမှာပေါ့။ ဟိုကုမ္ပဏီကြီးနှစ်ခုဆို ကြော်ငြာ ဘယ်တော့မှ မရပ်ဘူး။ ဒါပေမဲ့ ဘယ်လို ကြော်ငြာမလဲ၊ ဘယ်မီဒီယာမှာ ကြော်ငြာမလဲ ဆိုတာကိုတော့ သေချာစဉ်းစားရမယ်"

"တီဗီကြော်ငြာကိုပဲ အဓိကထားသင့်တယ်လို့ ထင်ပါတယ်။ အင်တာနက်က တွင်ကျယ်လာတယ် ဆိုပေမဲ့ တီဗီလောက် နေရာတိုင်း မရောက်သေးဘူးလေ။ လူအများစုက အလုပ်ဆင်းရင် အိမ်ပြန်ရောက်တာနဲ့ တီဗီဖွင့်ကြည့်ကြတာပဲ" ကျုံးချင်းရှန်က ပြောလိုက်သည်။

"အဓိပ္ပာယ် ရှိပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ ရုပ်သံလိုင်းတွေမှာ ကြော်ငြာထည့်ရမယ်။ သူတို့ဆီက ကြော်ငြာခတွေက မသက်သာဘူးနော်။ CCTV ထက်တောင် ဈေးကြီးဦးမယ်။ ဒါပေမဲ့ ကြည့်တဲ့လူက CCTV လောက် မများဘူး။ ခင်ဗျား တွက်ကြည့်ပြီးပြီလား... တန်ရဲ့လား"

"ဒီနည်းလမ်းကပဲ ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို အထိရောက်ဆုံး ကြော်ငြာပေးနိုင်မှာပါ။ ပြီးတော့ နာမည်ကြီး စတားတွေကို ငှားပြီး ကြော်ငြာရိုက်သင့်တယ်။ ကုန်ကျစရိတ် ပိုများမယ် ဆိုတာကတော့ ငြင်းလို့မရဘူးပေါ့"

"ဒါဆို ခင်ဗျား ဘယ်သူ့ကို ငှားချင်လို့လဲ"

"အားကစားသမားတွေ၊ ရုပ်ရှင်မင်းသားတွေပေါ့။ သူတို့က ပရိသတ် အများဆုံးပဲလေ။ အဆိုတော်တွေလည်း စဉ်းစားလို့ရပါတယ်။ အဓိကက ရုပ်ရည်သန့်ပြန့်ပြီး လူတွေ မှတ်မိလွယ်တဲ့သူမျိုး ဖြစ်ရမယ်။ အမျိုးသားရော၊ အမျိုးသမီးရော ပါရင် ပိုကောင်းတာပေါ့"

"ပြောပုံအရဆိုရင် ခင်ဗျား စိတ်ထဲမှာ လူရွေးထားပြီးသား ဖြစ်မယ်။ ပြောပါဦး... ဘယ်သူ့ကို သဘောကျလဲ"

"အားကစားသမားတွေထဲမှာ ဘောလုံးပရိသတ်က အများဆုံးပဲ။ ဒုတိယက ဘတ်စကက်ဘော။ တင်းနစ်တို့၊ ပြေးခုန်ပစ်တို့လည်း လူသိများပါတယ်။ ဒါကြောင့် ဘောလုံးသမား တစ်ယောက်၊ ဘတ်စကက်ဘောသမား တစ်ယောက် ရွေးချင်တယ်။ အရင်က စာချုပ်ထားတဲ့ ဘောလုံးသမားတွေက စာချုပ်ပြည့်သွားပြီ။ ပြီးတော့ သူတို့ ခြေစွမ်းတွေလည်း ကျကုန်ပြီ။ ဒါကြောင့် လူသစ်လဲချင်တာ။ ကျွန်တော်တို့က ဘက်ခမ်းကို သဘောကျတယ်။ ဒါပေမဲ့ သူက Pepsiအောက် ရောက်နေပြီ"

ဖုန်းယွီ ချွေးပျံသွားသည်။ ဘက်ခမ်း ဟုတ်လား။ လက်ရှိ ကမ္ဘာပေါ်မှာ ကြေးအကြီးဆုံးနဲ့ စီးပွားရေးတန်ဖိုး အမြင့်ဆုံး ဘောလုံးသမားကို ခေါ်ချင်တယ်တဲ့။ စိတ်ကူးကတော့ ယဉ်ပါ့။

"တခြား ရွေးစရာ မရှိတော့ဘူးလား"

"ရှိပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အိုလီဗာကာန်လေ။ ဂျာမန်လူမျိုးပေါ့။ ဒါပေမဲ့ Cocacolaကလည်း သူ့ကို လိုက်နေတယ်။ သူတို့ပေးတဲ့ ဈေးက တော်တော်မြင့်တယ်"

ဂိုးသမားကြီး ကာန်... မဆိုးပါဘူး။ ဒါပေမဲ့ ဖုန်းယွီ မှတ်မိသလောက် ဒီနှစ် ကမ္ဘာ့ဖလား ရမှာက ဘရာဇီး မဟုတ်လား။ ကာန် တစ်ယောက် ရော်နယ်ဒင်ညို(Ronaldinho) ပညာပြတာ ခံလိုက်ရပြီး ရော်နယ်ဒင်ညို နာမည်ကြီးသွားတာလေ။

"ရော်နယ်ဒင်ညိုကို ဆက်သွယ်ပြီးပြီလား။ ဘရာဇီးကလေ... ရော်နယ်ဒိုလေးလို့ ခေါ်ကြတယ်"

"အဲဒါ ဘယ်သူလဲ။ မကြားဖူးပါဘူး" ကျုံးချင်းရှန် မျက်နှာတွင် သံသယများ ဖြစ်ပေါ်သွားသည်။ ရော်နယ်ဒိုကိုတော့ သူကြားဖူးသည်။ ရော်နယ်ဒိုလေးဆိုတာ ဘယ်သူလဲ။ ရော်နယ်ဒိုရဲ့ သားလား။

"မကြားဖူးဘူးလား။ ဒါဆို ကောင်းတာပေါ့။ မကြားဖူးဘူးဆိုတော့ သူ သိပ်နာမည်မကြီးသေးဘူးပေါ့။ သူ့အေးဂျင့်ကို ချက်ချင်း ဆက်သွယ်ပြီး စာချုပ်ချုပ်လိုက်တော့။ စာချုပ်သက်တမ်း ရှည်ရှည်ယူထား"

"ဘတ်စကက်ဘောမှာတော့ ကာတာက ကျွန်တော်တို့ လက်အောက်မှာ ရှိပြီးသားပဲလေ။ သူ့ကိုပဲ ဆက်သုံးမယ်။ ပြီးတော့ ပြည်တွင်းအတွက် ယောင်မင်းကို ခေါ်မယ်။ သူက အနာဂတ်မှာ တော်တော်လေး ကောင်းလာမှာမို့ ပြည်တွင်းဈေးကွက်ကို ဦးဆောင်နိုင်လိမ့်မယ်"

"တင်းနစ်မှာ ဖက်ဒါရာဆိုတဲ့လူ ရှိတယ်။ သူ့ကို ရအောင်ခေါ်ပါ။ အမျိုးသမီးထဲက ရှာရာပိုဗာဆိုတဲ့ ရုရှားကစားသမားလေးကို ခေါ်မယ်"

ဖုန်းယွီ ပြောသမျှကို ကျုံးချင်းရှန်က လိုက်မှတ်နေသည်။

"ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အားကစားပစ္စည်း ကုမ္ပဏီကြီးတွေက လူငယ်ကစားသမားတွေကို ကြိုပြီး စပွန်ဆာ ပေးထားလေ့ရှိတယ်။ ဒါမှ သူတို့ ပရော်ဖက်ရှင်နယ် ဖြစ်လာတဲ့အခါ ဦးစားပေး စာချုပ်ချုပ်ခွင့် ရမှာကိုး။ ကျွန်တော်တို့လည်း အဲဒီလို လုပ်သင့်တယ်။ အခု သူတို့ မဟော့ခင်မှာ စာချုပ်ရှည်တွေ ချုပ်ထားလိုက်ရင် ဈေးသက်သာမှာ သေချာတယ်"

မန်နေဂျာဖုန်း တကယ်လို့ သူတို့က မအောင်မြင်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်တို့ ရင်းနှီးထားတာတွေ သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့"

ဖုန်းယွီက ကျုံးချင်းရှန်ကို မျက်စောင်းထိုးလိုက်သည်။ "ဘယ်ရင်းနှီးမြှုပ်နှံမှုက အရှုံးမရှိဘဲ မြတ်မယ်လို့ အာမခံနိုင်လို့လဲ။ ဒါက စွန့်စား ရင်းနှီးမြှုပ်နှံမှု သဘောတရားပါပဲ။ ဟိုကုမ္ပဏီတွေတောင် လောင်းရဲတာ ကျွန်တော်တို့က ဘာလို့ မလောင်းရဲရမှာလဲ။ အရေးကြီးဆုံးက နာမည်ကြီးနေတဲ့သူတွေကို သူတို့က ဦးအောင် ခေါ်ထားပြီးပြီ။ အဲဒီလူတွေကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေးက မိုးခါးရေ သောက်ရလိမ့်မယ်"

ဖုန်းယွီက ပါးစပ်ထဲ ရှိရာ ပြောလိုက်ခြင်း ဖြစ်သော်လည်း တွေးကြည့်လေ ဟုတ်လေ ဖြစ်နေသည်။ အနာဂတ် ကမ္ဘာကျော်မည့်သူများသည် ယခုအချိန်တွင် မပေါက်ကွဲသေးပေ။ အခု ကြိုတင်စာချုပ်ထားလိုက်ရင် နောင်ကျ ငွေအများကြီး သက်သာမည်။ လောလောဆယ် နစ်နာသည် ထင်ရသော်လည်း နောင်ကျရင် အမြတ်အများကြီး ထွက်မည့် ကိစ္စဖြစ်သည်။

ပြီးတော့ ဒီကစားသမားတွေကို အချိုရည် ကြော်ငြာရုံတင် မကဘူး၊ ဖုန်းယွီ အီလက်ထရွန်နစ် ပစ္စည်းတွေ၊ Songjiang ကားတွေပါ ကြော်ငြာခိုင်းလို့ ရသေးသည်။

အင်း... သူတို့ကို ပက်ကေ့ချ်လိုက် စာချုပ်ချုပ်လိုက်ရင် ပိုကောင်းမယ်။

"ကောင်းပါပြီ... ဒါဆို အဲဒီ လူငယ်ကစားသမားတွေကို စောင့်ကြည့်လေ့လာခိုင်းလိုက်ပါ့မယ်။ မန်နေဂျာဖုန်း ညွှန်းချင်တဲ့သူ ရှိသေးလား"

"တင်းနစ်မှာ စပိန်က နဒါးလ် ရှိမယ်။ သူလည်း အခုမှ ပရော်ဖက်ရှင်နယ် စဝင်ခါစပဲ။ ဘောလုံးမှာ ပေါ်တူဂီက ရော်နယ်ဒို (Cristiano Ronaldo) ဆိုတဲ့ ကောင်လေး ရှိတယ်။ ၁၈ နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ အလားအလာ ရှိတယ်။ ပြေးခုန်ပစ်မှာ ဂျမေကာက ဘို့လ် (Usain Bolt) ဆိုတဲ့ ကလေးကို ရှာပြီး စာချုပ်ချုပ်ထားလိုက်"

"မန်နေဂျာဖုန်းက ဒီလူတွေကို ဘယ်လိုလုပ် သိနေတာလဲ" ကျုံးချင်းရှန်က စပ်စုလိုက်သည်။

"အဲ... ကျွန်တော်က လီနင်းနဲ့ ရင်းနှီးတယ်လေ။ သူတို့က နိုင်ငံခြား ကစားသမားတွေကို ရှာနေတယ်ဆိုလို့ ကျွန်တော်လည်း စုံစမ်းကြည့်ရင်း သိလိုက်ရတာ။ တော်တော်များများကို Nike တို့၊ Adidas တို့က ခေါ်သွားကြပြီ။ ဒါကြောင့် ဒီအကြံဉာဏ် ရလာတာပါ"

ကျုံးချင်းရှန် ခေါင်းညိတ်လိုက်သည်။ ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်ပင်။

"ဒါဆို ရုပ်ရှင်မင်းသားတွေကရော..."

"ဂျွန်နီဒပ်ပ်(Johnny Depp)နဲ့ လက်တွဲရတာ အဆင်ပြေတယ်။ သူ့ကိုပဲ ဆက်ငှားမယ်။ ပြီးတော့ မတ်ဒေမွန်(Matt Damon)... ဖုန်းယွီမိုဘိုင်းကို ကြော်ငြာဖို့ စာချုပ်ထားတာလေ။ သူ့ကိုပါ မေးကြည့်လိုက်။ အချိုရည်ကြော်ငြာ လက်ခံထားတာ မရှိသေးဘူး ထင်တယ်။ Saving Private Ryanထဲက ရိုင်ယန်လေ... အော်စကာဆုလည်း ရထားတယ်"

အဲဒါတွေက အတိတ်က ကိစ္စတွေပါ။ ဒီနှစ်ထဲမှာ The Bourne Identity ရုပ်ရှင် ထွက်လာတော့မယ်။ အဲဒီကား ထွက်လာရင် မတ်ဒေမွန်က တစ်ကမ္ဘာလုံး ဟော့သွားတော့မှာ။

"ကောင်းပါပြီ... ကျွန်တော် မှတ်ထားလိုက်ပါပြီ။ လူလွှတ်ပြီး ဆက်သွယ်ခိုင်းလိုက်မယ်။ သတင်းထူးရင် ပြန်ပြောပါ့မယ်"

******

အခန်း (၁၂၁၄) အင်တာနက် ရုပ်သံလိုင်း

အရင်ဘဝက အောင်မြင်ကျော်ကြားခဲ့သော ဖျော်ဖြေရေး ရုပ်သံအစီအစဉ်အချို့ကို ဖုန်းယွီ ရုတ်တရက် သတိရလိုက်မိသည်။ အထူးသဖြင့် ပြိုင်ပွဲပုံစံ ရုပ်သံအစီအစဉ်များသည် နိုင်ငံအများအပြားတွင် အောင်မြင်မှု ရရှိခဲ့သည် မဟုတ်ပါလော။ အကယ်၍ ထိုအစီအစဉ်များ၏ ခေါင်းစဉ်တွင် ကြော်ငြာထည့်သွင်းခြင်း ပြုလုပ်နိုင်ပါက ကြော်ငြာအကျိုးသက်ရောက်မှု အလွန်ကောင်းမွန်ပေလိမ့်မည်။ ထိုအစီအစဉ်များကို ယခုအချိန်တွင် ဖန်တီးနိုင်မည် ဆိုပါက မူပိုင်ခွင့်ကြေးများပါ ရရှိနိုင်မည် ဖြစ်သည်။

ထိုအခါကျလျှင် မူပိုင်ခွင့်ကြေးသာမက မိမိထုတ်ကုန်များ၏ ကြော်ငြာများကိုပါ ထည့်သွင်းပြသရမည်ဟူသော စည်းကမ်းချက်ကို ထည့်သွင်းရပေမည်။ ဂျပန်နိုင်ငံက တရုတ်ပြည်သို့ ကာတွန်းကားများ ရောင်းချရာတွင် မာဆူရှီတာ လျှပ်စစ်ပစ္စည်း ကြော်ငြာများ မပါမဖြစ် ထည့်သွင်းရောင်းချခဲ့သကဲ့သို့ပင် ဖြစ်သည်။

သို့သော် ဖုန်းယွီအနေဖြင့် ဦးစွာပထမ ထုတ်လွှင့်ပြသရန် ပလက်ဖောင်းတစ်ခု လိုအပ်ပေသည်။ သူသည် CCTV နှင့် ဆက်လက်ပူးပေါင်းရန် အစီအစဉ် မရှိတော့ပေ။ ယခင်က "ဖုန်းယွီ ပျော်ရွှင်ဖွယ်ရာ အဘိဓာန်" နှင့် "Songjiang - ကံကောင်းခြင်း ၅၂" အစီအစဉ်များကို ထုတ်လွှင့်ခဲ့ဖူးသော်လည်း မူပိုင်ခွင့်များကို CCTV က ယူသွားခဲ့သည် မဟုတ်ပါလော။

ယခုတစ်ကြိမ်တွင် ဖုန်းယွီသည် မူပိုင်ခွင့်ကို ပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်ထားသည်။ ငွေကြေးရရှိမှု နည်းခြင်း၊ များခြင်းသည် အဓိက မဟုတ်ပေ။ အရေးကြီးသည်မှာ အစီအစဉ်ကောင်းတစ်ခု ဖြစ်ရန်၊ ပရိသတ်ကို ဆွဲဆောင်နိုင်ရန်နှင့် ကုန်ပစ္စည်းများကို ကောင်းမွန်စွာ ကြော်ငြာပေးနိုင်ရန်သာ ဖြစ်သည်။

ဥပမာအားဖြင့် "Got Talent"ကဲ့သို့သော အစီအစဉ်မျိုး ဖြစ်သည်။ ထိုအစီအစဉ်သည် နောက်နှစ်အနည်းငယ် အကြာတွင် ပေါ်ပေါက်လာမည်ဖြစ်ပြီး ဥရောပ၊ အမေရိကနှင့် အာရှတို့ကို လွှမ်းမိုးသွားမည့် အစီအစဉ်ဖြစ်သည်။ မူပိုင်ခွင့်ကို နိုင်ငံပေါင်းများစွာသို့ ရောင်းချနိုင်ရုံမျှမက နိုင်ငံအလိုက် ထွက်ရှိလာသော ဗားရှင်းများသည်လည်း အလွန်ရေပန်းစား လူကြိုက်များခဲ့သည်။

အစီအစဉ် ရိုက်ကူးထုတ်လုပ်ပုံမှာ ရိုးရှင်းသည်။ နာမည်ကျော် ဒိုင်လူကြီး သုံးဦးကို ဖိတ်ခေါ်မည်။ ထို့နောက် လူရွေးပွဲများမှ ပါရမီရှင်များကို ရွေးချယ်ကာ ပြိုင်ပွဲဝင်စေမည်။ စင်မြင့်ထက်တွင် ကောင်းမွန်စွာ ဖျော်ဖြေနိုင်ပါက ဒိုင်လူကြီးများ၏သဘောကျမှုကို ရရှိမည်။ Three Xsသည် ဒိုင်လူကြီးများ၏ သဘောထားကို ကိုယ်စားပြုသည်။

တရုတ်နိုင်ငံသည် လူဦးရေ အများဆုံးဖြစ်ရာ ထူးခြားဆန်းပြားသော စွမ်းရည်ရှိသူများ၊ အရပ်ဘက်အနုပညာရှင်များ အများအပြား ရှိနေပေသည်။ ဤအစီအစဉ်ကိုသာ ရိုက်ကူးထုတ်လုပ်လိုက်ပါက ကမ္ဘာတစ်ဝန်းတွင် သေချာပေါက် ပေါက်သွားလိမ့်မည်ဟု ဖုန်းယွီ ယုံကြည်သည်။

သို့သော် ဦးစွာပထမ ဖုန်းယွီသည် ပြသရန် ပလက်ဖောင်းတစ်ခု လိုအပ်နေသည်။ Sohu၏ ဗီဒီယိုဝက်ဘ်ဆိုက် စတင်လည်ပတ်နေပြီ ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ အင်တာနက် အခြေအနေ မကောင်းမွန်သေးသဖြင့် အွန်လိုင်းမှ ဗီဒီယိုကြည့်ရှုသူ နည်းပါးပြီး ရှုံးနေဆဲ ဖြစ်သည်။

အမေရိကန်တွင်မူ အင်တာနက် ကွန်ရက်တည်ဆောက်မှု ကောင်းမွန်နေပြီ ဖြစ်သဖြင့် ဗီဒီယိုဝက်ဘ်ဆိုက်အချို့ ပေါ်ပေါက်နေပြီ ဖြစ်သည်။ သို့သော် Sohuကဲ့သို့ပင် အရှုံးပေါ်ကာ လည်ပတ်နေရသည့် အခြေအနေပင်။

သူတို့အားလုံး၏ ရည်မှန်းချက်မှာ အသုံးပြုသူများကို ဆွဲဆောင်ရန်နှင့် အနာဂတ်တွင်မှ အကျိုးအမြတ် ပြန်လည်ရှာဖွေရန် ဖြစ်သည်။

ဖုန်းယွီသည် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားမိလိုက်သည်။ အစီအစဉ် ထုတ်လွှင့်ခွင့်ကို CCTV အား ပေးလိုက်မည် ဖြစ်သော်လည်း အစီအစဉ်၏ မူပိုင်ခွင့်ကိုမူ မိမိလက်ထဲတွင်သာ ထားရှိမည်။

အရင်ဘဝတုန်းက အင်တာနက် အသုံးပြုဖူးသူ၊ သို့မဟုတ် မိုဘိုင်းဖုန်း ကိုင်ဖူးသူတိုင်းသည် အင်တာနက် တီဗီအကြောင်း ကြားဖူးကြသလို အများစုသည် အသုံးပြုဖူးကြသည်။

အင်တာနက် တီဗီဆိုသည်မှာ အင်တာနက်ကို အခြေခံသော တီဗီအစီအစဉ်များ ဖြစ်သည်။ ဥရောပနှင့် အမေရိကတွင် ခေတ်စားနေပြီ ဖြစ်ပြီး Set-top box များဖြင့် ချိတ်ဆက်ကြည့်ရှုရသော တီဗီများသည်လည်း အင်တာနက် တီဗီ အမျိုးအစားပင် ဖြစ်သည်။

ဖုန်းယွီ ပြုလုပ်လိုသည်မှာ PC Web TV ခေါ် ကွန်ပျူတာပေါ်မှ ကြည့်ရှုရသော တီဗီအစီအစဉ်မျိုး ဖြစ်သည်။ အရင်ဘဝတုန်းက တရုတ်နိုင်ငံတွင် အင်တာနက် တီဗီ အများအပြား ရှိခဲ့သည်။ ဗီဒီယို ဝက်ဘ်ဆိုက်များသာမက ရုပ်သံလိုင်းကြီးများကပါ ကိုယ်ပိုင် အင်တာနက် တီဗီလိုင်းများ ထောင်ခဲ့ကြသည်။

ရုပ်သံလိုင်းများ၏အားသာချက်မှာ အစီအစဉ် မူပိုင်ခွင့်များ ရှိနေခြင်းနှင့် ပြသစရာ အစီအစဉ်များ မရှားပါးခြင်းတို့ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းသာမက လိုသလို ရွေးချယ်ကြည့်ရှုခြင်းများကိုပါ ပြုလုပ်နိုင်သည်။ နောက်ပိုင်းတွင် ထိုလုပ်ဆောင်ချက်များကို Set-top box များတွင်ပါ အသုံးပြုလာနိုင်သည်။

ထို့နောက် အင်တာနက် တီဗီသည် မိုဘိုင်းဖုန်းများပေါ်သို့ ကူးပြောင်းရောက်ရှိလာပြီး မိုဘိုင်းအင်တာနက်မှတစ်ဆင့် ပိုမိုလွယ်ကူလျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ အလုပ်လုပ်သော လူငယ်အများစုသည် အိမ်တွင် တီဗီမရှိကြတော့ဘဲ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းများဖြင့်သာ တီဗီအစီအစဉ်များကို ကြည့်ရှုကြတော့သည်။

Set-top box တပ်ဆင်ခသည် အင်တာနက်ဖိုးထက်ပင် ဈေးကြီးနေတတ်သည်။ ကွန်ပျူတာ ဖန်သားပြင် ကြီးမားပါက တီဗီနှင့် ယှဉ်လျှင် မညံ့လှပေ။ တစ်ခုတည်းသော အားနည်းချက်မှာ အင်တာနက် လိုင်းမငြိမ်ပါက ကြည့်ရှုမှု အရသာ ပျက်သွားနိုင်ခြင်းပင်။

ယခု ဖုန်းယွီ ပြုလုပ်လိုသည်မှာ ရှေ့ပြေးပုံစံတစ်ခုသာ ဖြစ်သည်။ အင်တာနက် မြန်နှုန်း ကန့်သတ်ချက်ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရန် မဖြစ်နိုင်သေးသော်လည်း ရိုက်ကူးပြီးသားကို ပြသခြင်းမှာမူ ပြဿနာ မရှိပေ။

တီဗီအစီအစဉ်များကို ကြည့်ချင်သော်လည်း အချိန်မမီလိုက်သူများသည် အင်တာနက်ပေါ်တွင် ပြန်လည်ကြည့်ရှုကြလိမ့်မည်။ ထိုအခါ ရုပ်သံလိုင်းမှတစ်ဆင့် အင်တာနက် ပလက်ဖောင်းကို ကြော်ငြာနိုင်သလို အင်တာနက် ပလက်ဖောင်းပေါ်တွင်လည်း ကုန်ပစ္စည်းများကို ပြန်လည်ကြော်ငြာနိုင်မည် ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်ပေသည်။

အဓိကပြဿနာမှာ အင်တာနက်တီဗီ လုပ်ကိုင်ခွင့် လိုင်စင်၊ သို့မဟုတ် အင်တာနက် ရုပ်သံလိုင်း လုပ်ကိုင်ခွင့် လိုင်စင်ကို မည်သို့ ရယူရမည်နည်း ဆိုသည့်အချက်ပင်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်လုပ်မှုနှင့် ထုတ်လွှင့်မှု ခွဲခြားခြင်းစနစ် မရှိသေးသဖြင့် အစီအစဉ် ထုတ်လုပ်ရေး ကုမ္ပဏီများ မရှိသေးပေ။ အစီအစဉ် အားလုံးကို ရုပ်သံလိုင်းများကသာ ကိုယ်တိုင် ထုတ်လုပ်ကြသည်။

ဖုန်းယွီ၏ လုပ်ရပ်သည် ဆန်းသစ်တီထွင်မှု ဖြစ်သလို ရုပ်သံလိုင်းများ၏ လုပ်ပိုင်ခွင့် အာဏာကို စိန်ခေါ်ခြင်းလည်း ဖြစ်နေသည်။ သို့သော် ဖုန်းယွီကမူ သူအောင်မြင်မည်ဟု ယုံကြည်ထားသည်။

...

"ဌာနမှူးကျာ... ဒီလုပ်ထုံးလုပ်နည်းအတွက် ဘယ်ဌာနတွေရဲ့ ထောက်ခံချက်တွေ လိုမလဲ" ဖုန်းယွီက ခြေချိတ်ထိုင်ကာ လက်ဖက်ရည်ကို အသံမြည်အောင် စုပ်သောက်ရင်း မေးလိုက်သည်။

“မန်နေဂျာဖုန်း ခင်ဗျား ပြောနေတာက အင်တာနက် တီဗီလိုင်းလား။ ကျွန်တော်တို့နိုင်ငံမှာ တီဗီလိုင်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပေးတယ်လို့ ခင်ဗျား ဘယ်တုန်းက ကြားဖူးလို့လဲ" ဌာနမှူးကျာ ညည်းတွားလိုက်သည်။ ဒီ မန်နေဂျာဖုန်းဆီမှာ ဘာလို့များ ဆန်းကြယ်တဲ့ စိတ်ကူးတွေ ဒီလောက်များနေရသလဲ မသိ။

"ဟိုတုန်းက သတင်းစာတွေကို အစိုးရကပဲ ထုတ်ဝေခဲ့တာလေ။ နောက်ပိုင်းကျတော့ ပုဂ္ဂလိကကို ခွင့်ပြုလိုက်တာပဲ မဟုတ်လား။ မဂ္ဂဇင်းတွေ၊ စာအုပ်တိုက်တွေလည်း ဒီအတိုင်းပဲလေ... ဒါတွေက သတင်းမီဒီယာတွေ မဟုတ်လို့လား။ သတင်းစာတောင် ရရင် တီဗီလိုင်းကျတော့ ဘာလို့ မရရမှာလဲ။ ကျွန်တော်တို့ရဲ့ အင်တာနက် တီဗီလိုင်းက ခင်ဗျားတို့ရဲ့လမ်းညွှန်မှုကို ခံယူမှာပါ"

လမ်းညွှန်မှုကိုတော့ ခံယူမယ်၊ ခိုင်းတာကိုတော့ လုပ်မယ်မထင်နဲ့ဟု ဖုန်းယွီ စိတ်ထဲက တွေးလိုက်သည်။

“မန်နေဂျာဖုန်း ဒါမျိုး အရင်က မရှိဖူးဘူးလေ"

"ကိစ္စတိုင်းမှာ ပထမဆုံး အကြိမ်ဆိုတာ ရှိစမြဲပါ။ ဟိုတုန်းက အစီအစဉ်ထဲမှာ ကြော်ငြာထည့်ဖို့ ကျွန်တော် ပြောတုန်းက ခင်ဗျား ဘာပြောလဲ။ အခု ခင်ဗျားတို့ အစီအစဉ်တိုင်းမှာ အဲဒီလို လုပ်နေကြပြီ မဟုတ်လား။ အစီအစဉ် ခေါင်းစဉ်မှာ ကြော်ငြာထည့်ဖို့ ပြောတုန်းကရော... အခု အစီအစဉ်တိုင်းမှာ ခေါင်းစဉ် ကြော်ငြာတွေ ပါနေပြီလေ။ ဇာတ်လမ်းတွဲ လာမယ့်အချိန်ကိုတောင် ကုမ္ပဏီနာမည်တပ်ပြီး 'ဖလန်ဖလန် ဇာတ်လမ်းရုံ' ဆိုပြီး လုပ်နေကြတာပဲ။ အဲဒါ ခေါင်းစဉ် ကြော်ငြာ မဟုတ်လို့ ဘာလဲ"

ဖုန်းယွီက ဌာနမှူးကျာကို မျက်စောင်းထိုးလိုက်သည်။ ဟန်ဆောင်ပြီး စကားတွေ လှည့်ပတ်ပြောမနေပါနဲ့တော့၊ လိုချင်တာသာ တဲ့ပြောလိုက်စမ်းပါ။ ပူးပေါင်းလုပ်နေတာ ပထမဆုံးအကြိမ်မှ မဟုတ်တာ။ ခင်ဗျား ဘယ်လိုလူလဲဆိုတာ ကျွန်တော် မသိဘဲနေမလား။

“မန်နေဂျာဖုန်းခင်ဗျား လုပ်ချင်တဲ့ အင်တာနက် တီဗီလိုင်းဆိုတာ ဘာလဲ ကျွန်တော် နားလည်ပါတယ်။ နိုင်ငံခြားမှာ ရှိနေပြီ ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ကွန်ရက် တည်ဆောက်မှုက သိပ်မကောင်းသေးဘူးလေ။ ခင်ဗျား ဒါကို ပြည်တွင်းမှာလုပ်ရင် ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး"

"ဌာနမှူးကျာ... ခင်ဗျား ကျွန်တော့်ကို လာမပတ်ပါနဲ့။ နိုင်ငံတော်က ဒီဂျစ်တယ်တီဗီ စနစ်ကို ကူးပြောင်းဖို့ စီစဉ်နေတယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ အင်တာနက် တီဗီဆိုတာလည်း ဒီဂျစ်တယ်တီဗီ တစ်မျိုးပဲလေ။ ဗီဒီယိုတွေကို ဒီဂျစ်တယ် ပြောင်းမယ်၊ IP စနစ်နဲ့ ထုတ်လွှင့်မယ်၊ Streaming စနစ်နဲ့ ပြမယ်... ဒါ နိုင်ငံတော်အတွက် စမ်းသပ်ပေးတယ်လို့ သဘောထားလိုက်လို့ ရတာပဲ။ တကယ်လို့ ကျွန်တော်တို့ အောင်မြင်သွားရင် နောင်ကျ CCTV အနေနဲ့ ကိုယ်ပိုင် အင်တာနက် တီဗီလိုင်း လုပ်တဲ့အခါ အတွေ့အကြုံ ရသွားတာပေါ့... မဟုတ်ဘူးလား"

ဒီဂျစ်တယ် မီဒီယာခေတ်သစ်ကို ကူးပြောင်းရန် နိုင်ငံတော်အဆင့် ဆွေးနွေးမှုများ ရှိနေသည်ကို ဖုန်းယွီ သိသည်။ မီဒီယာအမျိုးအစား ပေါင်းစုံကို မည်သို့ ပေါင်းစပ်ရမည်ကို သူတို့ စဉ်းစားနေကြသည်။ ထိုအထဲတွင် CCTV က ရှေ့ဆုံးကနေ စံပြလုပ်ပြရမည် မဟုတ်ပါလား။

“မန်နေဂျာဖုန်း အထက်လူကြီးတွေက ခင်ဗျားရဲ့အင်တာနက် တီဗီလိုင်း စမ်းသပ်မှုကို ခွင့်ပြုလိုက်တယ်ပဲ ထားပါတော့။ ပလက်ဖောင်းတစ်ခု ပေးလိုက်ပြီ ဆိုပါစို့။ ခင်ဗျားတို့မှာ ပြစရာ အစီအစဉ် ရှိလို့လား။ အစီအစဉ်တွေက ဘယ်ကရမှာလဲ။ ပြီးတော့ ဘယ်လို လည်ပတ်ပြီး ဘယ်လို အမြတ်ရှာမှာလဲ။ ဖြန့်ချိရေး လမ်းကြောင်းတွေ၊ ဒေတာဘေ့စ်တွေကိုရော ခင်ဗျား ထည့်စဉ်းစားထားရဲ့လား"

ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ မဆိုးပါဘူး... ဌာနမှူးကျာက CCTV ရဲ့ အကြီးအကဲ ပီသပါပေတယ်။ မေးလိုက်တဲ့ မေးခွန်းတွေက အချက်ကျတယ်။ ဖုန်းယွီသည်လည်း တီဗီလိုင်းပိုင်ရှင် ခါမီဒါ မာဆာအိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်များကို မေးမြန်းထားပြီးဖြစ်၍ ဤအချက်များကို သိရှိထားပြီး ဖြစ်သည်။

"ဒါတွေ အကုန်လုံး ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။ လောလောဆယ် ကျွန်တော်တို့ လိုချင်တာက ပလက်ဖောင်းပါပဲ။ ပြီးတော့ CCTV နဲ့ ပူးပေါင်းချင်ပါတယ်။ ဆိုလိုတာက CCTV က အစီအစဉ်တွေကို ကျွန်တော်တို့ဆီမှာ ပြသခွင့် ပေးစေချင်ပါတယ်။ အပြန်အလှန်အနေနဲ့ ကျွန်တော်တို့ဘက်က ပိုကောင်းတဲ့ လူကြိုက်များမယ့် အစီအစဉ်တွေကို CCTVမှာ လာပြပေးပါမယ်။ ခင်ဗျားတို့လည်း အစီအစဉ်ဟောင်းတွေကိုပဲ ထပ်ခါထပ်ခါ ပြန်လွှင့်နေရတဲ့ ဒုက္ခက ကင်းဝေးသွားမှာပေါ့..."

ဖုန်းယွီက ရေပက်မဝင်အောင် ရှင်းပြလိုက်ရာ ဌာနမှူးကျာ၏ မျက်မှောင်ကြုတ်မှုက ပို၍ ရှုံ့တွလာတော့သည်။

******

All Chapters