← Chapters

အခန်း (၁၂၁၅-၁၂၁၆)

Vol. 83 Ch. 1215-1216

အခန်း (၁၂၁၅-၁၂၁၆)

Vol. 83 Ch. 1215-1216

အခန်း (၁၂၁၅) Sohu ရုပ်သံလိုင်း

ဌာနမှူးကျာသည် အထက်လူကြီး၏ ရုံးခန်းထဲမှ ထွက်လာသောအခါ မျက်နှာတစ်ပြင်လုံး ညှိုးငယ်နေသည်။ အထက်လူကြီးကလည်း သူ့ကို စိတ်ကူးယဉ်လွန်းသူဟု ထင်မြင်နေပုံရသည်။

အထက်လူကြီး ပြောသည်မှာ ဤအကြံအစည် မဖြစ်နိုင်ဟု မဆိုလိုပါ။ ပုဂ္ဂလိကအနေဖြင့် အင်တာနက် တီဗီ လုပ်ဆောင်၍ မရဟုလည်း မဆိုလိုပါ။ သို့သော် ဤကိစ္စကို အစိုးရပိုင် CCTV က ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြီးမှသာ ပုဂ္ဂလိကကို ခွင့်ပြုသင့်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် မည်သည့်လုပ်ငန်းမဆို အစိုးရပိုင်က အရင်ထွက်လာပြီးမှ ပုဂ္ဂလိကက နောက်မှ လိုက်လုပ်ရသည် မဟုတ်ပါလော။

ဘာ... ထိုက်ဟွာ စူပါမားကတ်က ဒီလိုမဟုတ်ဘူး ဟုတ်လား။ အစိုးရပိုင် သမဝါယမ အရောင်းဆိုင်တွေ အရင်ရှိတာ မဟုတ်ဘူးလား။ အတူတူပါပဲ။

အင်တာနက် ကုမ္ပဏီများဆိုလျှင်လည်း အစိုးရပိုင်က အရင်ပေါ်လာပြီးမှ ပုဂ္ဂလိက ကုမ္ပဏီများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဤအင်တာနက် တီဗီအကြံဉာဏ်သည် ကောင်းမွန်သဖြင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ သို့သော် CCTV အနေဖြင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် အရင်စမ်းသပ် လုပ်ဆောင်ကြည့်ပါဟု ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

...

"ဌာနမှူးကျာ... ခင်ဗျားတို့ဘာသာ လုပ်မယ် ဟုတ်လား။ ခင်ဗျားတို့ အောင်မြင်မှ ကျွန်တော်တို့ကို ပေးလုပ်မယ်ပေါ့။ ကျွန်တော် လှောင်တာတော့ မဟုတ်ဘူးနော်။ PC (ကွန်ပျူတာ) အခြေပြု အင်တာနက် တီဗီလိုင်းတစ်ခု လုပ်ဖို့ဆိုတာ ရင်းနှီးငွေ ဘယ်လောက်လိုလဲ ခင်ဗျား သိရဲ့လား"

"ဘယ်လောက်လိုလို့လဲ" ဌာနမှူးကျာက အကဲခတ်သည့် လေသံဖြင့် မေးလိုက်သည်။

"သိပ်မများပါဘူး... ဒေါ်လာ သန်းရာချီလောက်ပါပဲ" ဖုန်းယွီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

Sohu ကုမ္ပဏီတွင် ပိုက်ဆံရှိသည်။ ဖုန်းယွီတွင်လည်း ပိုက်ဆံရှိသည်။ သို့သော် CCTV ကမူ ဒေါ်လာ သန်းရာချီကို ချက်ချင်း ထုတ်ပေးနိုင်စွမ်း မရှိပေ။

ဖုန်းယွီ ပြောသည်မှာ အနည်းငယ် ပုံကြီးချဲ့ထားခြင်း ဖြစ်နိုင်သည်။ အနာဂတ်တွင်ဆိုလျှင် တရုတ်ယွမ် သန်းရာချီ ရင်းနှီးရုံနှင့် လုံလောက်နိုင်သည်။ သို့သော် ယခုအချိန်တွင်မူ မလုံလောက်နိုင်ပေ။

ဝက်ဘ်ဆိုက် တည်ဆောက်ခြင်း၊ ဆာဗာများ၊ ဒေတာဘေ့စ်များ၊ အစီအစဉ်များ၊ ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲ မူပိုင်ခွင့်များ... ဤအရာအားလုံးအတွက် ငွေလိုသည်။

ထို့ပြင် အတွေ့အကြုံရှိသော ဝန်ထမ်းများလည်း လိုအပ်သည်။ ဤအရာက အဖိုးတန်ဆုံး ဖြစ်သည်။ CCTV တွင် ဤကဲ့သို့ ကျွမ်းကျင်သူများ ရှိပါသလား။ ရှိတော့ ရှိသည်။ သို့သော် နည်းပါးလှပြီး Sohuကို ဘယ်လိုမှ မယှဉ်နိုင်ပေ။

Sohuသည် အနည်းဆုံးတော့ အွန်လိုင်း ဗီဒီယိုလောကသို့ ခြေလှမ်းစတင်နေပြီ ဖြစ်သည်။ လက်ရှိတွင် နံပါတ် ၁ တရုတ် ဗီဒီယို ဝက်ဘ်ဆိုက်ဟု ကြွေးကြော်ထားသည်။ ဗီဒီယို အများစုမှာ ဒေါင်းလုဒ်ဆွဲပြီးမှ ကြည့်ရသော်လည်း တိုက်ရိုက်ကြည့်ရှုသူအချို့ ရှိနေပြီ ဖြစ်သည်။

CCTV ကတော့ ဤကဏ္ဍတွင် သုညအဆင့်သာ ရှိသေးသည်။

“မန်နေဂျာဖုန်း အဲဒီလောက်ကြီးတော့ မကုန်လောက်ပါဘူး" ဌာနမှူးကျာ၏ လက်များ တုန်ရီသွားသည်။ ဒေါ်လာ သန်းရာချီ ဟုတ်လား။ ယွမ် သန်းရာချီတောင် CCTV က ထုတ်မပေးနိုင်။

"ခင်ဗျား တွက်ကြည့်လေ... ကျွန်တော်တို့ Sohuက အစကနေ အခုထိ ရင်းနှီးထားတာ ဘယ်လောက်ရှိပြီလဲ။ ပြီးတော့ ရှယ်ယာဈေးကွက်တင်ပြီး ရထားတဲ့ ရန်ပုံငွေတွေရော။ ကျွန်တော်တို့ ရထားတဲ့ ကြော်ငြာဝင်ငွေ အများစုကို ဒီအပိုင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြန်ထည့်ထားရတာ။ မဟုတ်ရင် NetEaseလို အမြတ်ထွက်နေတာ ကြာပြီ"

NetEase သည် အစောဆုံး အမြတ်ရခဲ့သော ကုမ္ပဏီဖြစ်ပြီး နောက်ပိုင်းတွင် Sina လည်း အမြတ်ရလာသည်။ သို့သော် Sohu၊ Baidu နှင့် Tencent ကုမ္ပဏီ သုံးခုမှာမူ အရှုံးပေါ်နေဆဲ ဖြစ်သည်။

သို့သော် နောက်နှစ်နှစ်လောက်နေရင် ဒီကုမ္ပဏီကြီး ၃ ခုစလုံး အမြတ်စရတော့မယ်လို့ ဖုန်းယွီ ယုံကြည်သည်။ ဖုန်းယွီ ရင်းနှီးမြှုပ်နှံထားသော Alibaba ဆိုလျှင် မူလက အမြတ်ရနေပြီ ဖြစ်သော်လည်း ဝက်ဘ်ဆိုက်အသစ် တည်ဆောက်နေသဖြင့် ပြန်ရှုံးနေသည်။

ဒါပေမဲ့ ဘာပူစရာရှိလဲ။ ဖုန်းယွီက အရှုံးခံနိုင်တာပဲ။ ၂ နှစ်၊ ၃ နှစ်မကလို့ ၅ နှစ်လောက် ရှုံးလည်း ကိစ္စမရှိ။ အနာဂတ်ကျရင် အဆ ၁၀၊ အဆ ၁၀၀ ပြန်ရမှာ သေချာနေတာပဲ။

“မန်နေဂျာဖုန်းဒါ ဆို ကျွန်တော်တို့ ပူးပေါင်းရင်ရော" ဌာနမှူးကျာက အကြံတစ်ခု ထုတ်လိုက်သည်။

"ပူးပေါင်းမယ် ဟုတ်လား။ ကျွန်တော် အစကတည်းက ပူးပေါင်းဖို့ ပြောနေတာပဲလေ။ CCTV က မူပိုင်ခွင့် တချို့ကို Sohuမှာ ပြသခွင့်ပေးမယ်။ Sohuက အိုင်ဒီယာကောင်းတွေကို CCTV မှာ ပြန်ထုတ်လွှင့်ခွင့် ပေးမယ်။ ဒါ ပူးပေါင်းတာပဲလေ... တခြား ဘယ်လို ပူးပေါင်းချင်သေးလို့လဲ"

"CCTV က Sohuမှာ ရှယ်ယာဝင်ရင်ရော ဖြစ်နိုင်မလား"

"မဖြစ်နိုင်ဘူး"

CCTV က Sohuမှာ ရှယ်ယာဝင်မယ် ဟုတ်လား။ ဒါဆို မဲပေးပိုင်ခွင့် တောင်းမှာ သေချာတယ်။ ဒါက ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီနဲ့ ကျန်းချောင်ယန် တို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကို လျော့နည်းသွားစေမှာပေါ့။ ကျန်းချောင်ယန်က သဘောတူရင်တောင် ဖုန်းယွီက သဘောမတူနိုင်ဘူး။

အခက်အခဲဆုံး ကာလတွေကို ကျော်ဖြတ်ပြီးလို့ စံစားရတော့မယ့် အချိန်ကျမှ CCTV ကို အလကားသက်သက် အချောင်လာနှိုက်ခိုင်းလို့ ဘယ်ဖြစ်မလဲ။ အင်တာနက်တီဗီ မလုပ်ရရင်တောင် ရိုးရိုး ဗီဒီယို ဝက်ဘ်ဆိုက် အနေနဲ့ပဲ Sohuက အနာဂတ်မှာ ပိုက်ဆံအများကြီး ရှာနိုင်ဦးမှာ။

"မန်နေဂျာဖုန်းရယ်... တကယ်လို့ CCTV သာ ရှယ်ယာဝင်ခွင့်ရရင် ဒီကိစ္စက အများကြီး လွယ်ကူသွားမှာ။ မဟုတ်ရင် အထက်က သဘောတူဖို့ ခက်တယ်" ဌာနမှူးကျာက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ခင်ဗျား မရစ်ပါနဲ့တော့။ ကျွန်တော်တို့ ခင်တာ ဒီနေ့မှ မဟုတ်တာ။ တကယ်လို့ ခက်ခဲမယ်ဆိုရင် ခင်ဗျားက မရဘူးလို့ တည့်ပြောမှာ။ အခုလို စကားတွေ လှည့်ပတ်နေတာက တစ်ခုခု လိုချင်လို့ဆိုတာ ကျွန်တော် သိတယ်" ဖုန်းယွီက ပြုံးစစဖြင့် ပြောလိုက်သည်။

ဌာနမှူးကျာ ရှက်သွားပြီး ရယ်လိုက်မိသည်။ ဖုန်းယွီနှင့် သိပ်ရင်းနှီးနေတော့ ဉာဏ်ဆင်လို့ မရတော့ပေ။

“မန်နေဂျာဖုန်း ခင်ဗျား ကြည့်လေ။ CCTV ကြော်ငြာလေလံပွဲတုန်းက ခင်ဗျားကို ကျွန်တော် ဦးစားပေးခဲ့တယ် မဟုတ်လား။ ဂျပန်၊ ကိုရီးယား၊ အမေရိကန် ကုန်ပစ္စည်းတွေကို ဖယ်ထုတ်ပြီး ခင်ဗျားကို ကူညီခဲ့တာလေ"

"ဒါပေမဲ့ ကြော်ငြာခကိုလည်း ကျွန်တော်တို့က ပိုပေးခဲ့ရတယ် မဟုတ်လား"

မှန်တယ်။ ခင်ဗျားတို့က အခွင့်အရေး ပေးခဲ့တယ်။ ဒါပေမဲ့ CCTV ကိုလည်း မနစ်နာစေခဲ့ဘူးလေ။ ပြောရရင် CCTV ကပဲ ပိုပြီး အမြတ်ထွက်သွားသေးတယ်။

"ကျွန်တော်က ခင်ဗျားတို့ ကုမ္ပဏီတွေကို ပိုပြီး ကြော်ငြာပေးခဲ့ပါတယ်။ Oriental Horizon တို့၊ Focus Interviewတို့လို အစီအစဉ်တွေမှာ ခင်ဗျားတို့ ကုမ္ပဏီ အကြောင်းတွေချည်းပဲ ပါနေတာလေ။ တခြား အစီအစဉ်တွေမှာလည်း ပါသေးတယ် မဟုတ်လား"

"ခင်ဗျားတို့မှာ စံပြစီးပွားရေး လုပ်ငန်းတွေနဲ့ စံပြစီးပွားရေး လုပ်ငန်းရှင်တွေကို ဖော်ထုတ်ပြသရမယ့် တာဝန် ရှိတယ်လေ။ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ကျွန်တော်တို့ အရာရှိတွေ မပါရင် ဘယ်သူက အရည်အချင်း ပြည့်မီလို့လဲ" ဖုန်းယွီက ပြန်ပက်လိုက်သည်။

ဌာနမှူးကျာ ပါးစပ်ဟရုံ ရှိသေး၊ ဖုန်းယွီက ဆက်ပြောလိုက်သည်။ "နေဦး... ကျွန်တော် CCTV ကို အစီအစဉ်ကောင်းတွေ ဘယ်လောက်များများ ပေးခဲ့ဖူးလဲ။ ပိုက်ဆံရှာတဲ့ နည်းလမ်းတွေ ဘယ်လောက် သင်ပေးခဲ့ဖူးလဲ။ CCTV ရုံးချုပ် အဆောက်အဦးသစ် ဆောက်ဖို့ ကျွန်တော် ဘယ်လောက် လှူခဲ့လဲ။ မူပိုင်ခွင့် ကိစ္စတွေမှာ ကျွန်တော်ပဲ ကြားခံ ညှိနှိုင်းပေးခဲ့တာ မဟုတ်လား။ ဟောင်ကောင် ရုပ်ရှင်တွေရဲ့ မူပိုင်ခွင့်ကြေး အားလုံးကို ကျွန်တော်ပဲ စိုက်ထုတ်ပေးခဲ့တာ မဟုတ်လား"

"တော်ပါတော့... တော်ပါတော့။ ခင်ဗျား ကျေးဇူးကြီးပါတယ်။ ခင်ဗျား အစီအစဉ် အိုင်ဒီယာတွေ ပေးတယ်ဆိုတာကလည်း ခင်ဗျား ပစ္စည်းတွေကို ကြော်ငြာချင်လို့ မဟုတ်လား။ ပိုက်ဆံရှာတဲ့ နည်းလမ်းတွေက ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဟို အလှမယ် ပြိုင်ပွဲကိစ္စကတော့ ဘယ်လိုမှ လုပ်လို့မရဘူး။ မိန်းကလေးတွေ ရေကူးဝတ်စုံနဲ့ လူကြားထဲ လမ်းလျှောက်ပြရမယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရုံးချုပ် အဆောက်အဦးအတွက် လှူတယ် ဆိုပေမဲ့ CCTV ရှေ့က လမ်းကို 'ထိုက်ဟွာလမ်း' လို့ နာမည်ပေးဖို့ တောင်းဆိုတယ် မဟုတ်လား။ ဟောင်ကောင် ရုပ်ရှင် မူပိုင်ခွင့်ကြေး စိုက်ပေးတယ် ဆိုတာကလည်း ရုပ်ရှင်ပြနေတုန်း ကြားထဲမှာ အိုင်ဝါ DVD ကြော်ငြာ ဝင်ထိုးချင်လို့ မဟုတ်လား"

"ကဲပါ... ဌာနမှူးကျာ။ အဲဒါတွေ ထားလိုက်ပါတော့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာသာ ပြော။ တကယ်လို့ ခင်ဗျား မလုပ်ပေးနိုင်ဘူးဆိုရင် ကျွန်တော် တခြားနည်းလမ်း စဉ်းစားရတော့မယ်" ဖုန်းယွီက စကားလမ်းကြောင်း လွှဲလိုက်သည်။ မိတ်ဆွေတွေပဲဗျာ... ပြီးပြီးသား ကိစ္စတွေ ပြန်မပြောကြေးပေါ့။

ဌာနမှူးကျာသည် ဖုန်းယွီကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နှစ်တွေ ကြာလာလို့ စီးပွားရေး လုပ်ငန်းတွေ ကြီးလာပေမဲ့ ဖုန်းယွီ၏ စိတ်ဓာတ်ကတော့ ပြောင်းမသွားပေ။

"ခင်ဗျားတို့ဘာသာ အင်တာနက် တီဗီလိုင်း ထောင်ဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ အင်တာနက် တီဗီ အစီအစဉ် လုပ်တာကတော့ ပြဿနာ မရှိပါဘူး"

ဖုန်းယွီ မျက်လုံးများ အရောင်တောက်သွားသည်။ "ဒါဆို ကျွန်တော်တို့က 'Sohu တီဗီလိုင်း' လို့ နာမည်မပေးဘဲ 'Sohu ချန်နယ်'လို့ ပေးရင်ရော ရမလား"

ဌာနမှူးကျာ၏ အပြုံးများ အေးခဲသွားသည်။ ဖုန်းယွီက ဥပဒေကို နောက်တစ်မျိုး ပတ်ပြီး ကြံစည်နေပြန်ပြီဟု ခံစားလိုက်ရသည်။ "ချန်နယ်" ဆိုသည့် စကားလုံးကို ကြားလိုက်လျှင် လူတိုင်းက ရုပ်သံလိုင်းဟုပဲ ပြေးမြင်ကြမည် မဟုတ်ပါလော။

ဒါပေမဲ့ "Sohu ချန်နယ်" လို့ နာမည်ပေးတာက စည်းကမ်းနဲ့ မငြိစွန်းဘူး။ အထက်က ခွင့်ပြုပေးနိုင်ခြေ ရှိတယ်။

"Sohu ချန်နယ် ဆိုရင်တော့ ရလောက်ပါတယ်။ ဒါပေမဲ့ Channel 1 ၊ Channel 2 ဆိုပြီး ထပ်ခွဲတာမျိုးတော့ မလုပ်နဲ့နော်" ဌာနမှူးကျာက ကြိုတင် သတိပေးလိုက်သည်။

မပြောထားရင် ဖုန်းယွီက ဟာကွက်ရှာပြီး ထပ်လုပ်ဦးမှာ သူသိနေသည်။

"စိတ်ချပါ... စိတ်ချပါ။ ကျွန်တော်တို့ Channel 2 လုပ်ချင်တဲ့အချိန် ရောက်ရင် အင်တာနက် တီဗီလိုင်း လိုင်စင်လည်း ကျလောက်ပါပြီ။ တကယ်လို့ မရရင်လည်း ဟောင်ကောင်မှာ တီဗီလိုင်းတစ်ခု သွားဝယ်လိုက်မယ်။ အဲဒီကျရင်တော့ စည်းကမ်းမဖောက်တော့ဘူး မဟုတ်လား"

"တော်ပါတော့... ခင်ဗျား အဲဒီလို လုပ်လိုက်ရင် ကျွန်တော့်ဘက်က လုပ်ရကိုင်ရ ခက်ကုန်မယ်။ ကဲ... ဒီအတိုင်းပဲ အတည်ပြုလိုက်မယ်။ 'Sohu ချန်နယ်' ပေါ့။ ခင်ဗျား လူတစ်ယောက် လွှတ်လိုက်။ လိုင်စင် လျှောက်ဖို့ ကျွန်တော် သင်ပေးလိုက်မယ်။ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်။ ခင်ဗျားဘက်က ကြည့်ကောင်းမယ့် အစီအစဉ် နှစ်ခုလောက် မပေးနိုင်ရင်တော့ ကျွန်တော် ပြန်ဖျက်သိမ်းမှာနော်"

"စိတ်ချပါ... ခင်ဗျား နှမြောလွန်းလို့ ဖက်ထားရမယ့် အစီအစဉ်မျိုး ပေးပါ့မယ်"

******

အခန်း (၁၂၁၆) ပါရမီရှင် ရွေးချယ်ပွဲ

ဖုန်းယွီသည် ကျန်းချောင်ယန်အား အခြေအနေကို ရှင်းပြလိုက်ရာ ကျန်းချောင်ယန်သည် ကုမ္ပဏီဒုတိယဥက္ကဋ္ဌကို ချက်ချင်း စေလွှတ်လိုက်လေသည်။ အကယ်၍ CCTV နှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး CCTV ၏ အစီအစဉ်များကို အင်တာနက်ပေါ်တွင် ထုတ်လွှင့်ခွင့်ရရှိပါက sohuအတွက် အလွန်အရေးပါသော ကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။

"sohuအနေနဲ့ အစီအစဉ် ထုတ်လုပ်ရေး ဌာနတစ်ခု တည်ထောင်ဖို့ လိုမယ်။ ကျွန်တော်တို့ ကိုယ်ပိုင်အစီအစဉ်တွေကို ဖန်တီးမယ်၊ ကိုယ့်ဘာသာ ရိုက်ကူးမယ်၊ ပြီးရင် CCTV မှာ သွားပြမယ်။ ဒါကို ထုတ်လုပ်မှုနဲ့ ထုတ်လွှင့်မှု ခွဲခြားခြင်းစနစ်လို့ ခေါ်တယ်"

"မန်နေဂျာဖုန်း... ကျွန်တော်တို့ဘာသာ ထုတ်လုပ်တဲ့ အစီအစဉ်ကို CCTV မှာ သွားပြမယ် ဟုတ်လား။ ဖြစ်ပါ့မလား" ကျန်းချောင်ယန် မျက်လုံးပြူးသွားသည်။ CCTV ဆိုသည်မှာ သာမန်ရုပ်သံလိုင်း မဟုတ်ပေ။ နိုင်ငံတစ်ဝန်းမှ အတော်ဆုံး ထုတ်လုပ်ရေး ပညာရှင်များ စုဝေးရာဌာန ဖြစ်သည်။ သူတို့ ဖန်တီးထားသည့် အစီအစဉ်လောက်ကို CCTV က အထင်ကြီးပါ့မလား။

"ဘာလို့ မဖြစ်ရမှာလဲ။ ကျွန်တော်တို့ အစီအစဉ် ကောင်းဖို့ပဲ လိုတာ။ ခင်ဗျားကို ပြောပြရဦးမယ်... အခု နာမည်ကြီးနေတဲ့ 'ဖုန်းယွီ - ပျော်ရွှင်ဖွယ်ရာ အဘိဓာန်' တို့၊ 'Songjiang - ကံကောင်းခြင်း ၅၂' တို့ဆိုတာ ကျွန်တော့် အိုင်ဒီယာတွေချည်းပဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းချောင်ယန်သည် ဖုန်းယွီအား ချက်ချင်းပင် လေးစားသွားတော့သည်။ ထိုအစီအစဉ်နှစ်ခုသည် လက်ရှိအချိန်ထိ အလွန်ရေပန်းစားနေဆဲ ဖြစ်သည်။ ဖုန်းယွီ၏ ဖန်တီးမှုများ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ဒီလိုဆိုရင်တော့ တကယ် ဖြစ်နိုင်ခြေ ရှိသည်။

"မန်နေဂျာဖုန်း... နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။ ကျွန်တော်တို့မှာ ရိုက်ကူးရေး စတူဒီယို မရှိဘူးလေ"

"ပေကျင်း ရုပ်သံလိုင်းရဲ့ စတူဒီယိုကို ငှားလိုက်ပေါ့။ ပိုက်ဆံပေးရင် သူတို့ ငြင်းမှာ မဟုတ်ဘူး။ ပြီးတော့ ဖုန်းယွီ အဆောက်အဦးက ဧည့်ခံပွဲ ခန်းမကြီး ရှိတယ်လေ။ အဲဒီမှာ စင်မြင့်ထိုးပြီး ရိုက်လို့ရတာပဲ"

"ဟင်... အဲဒီနေရာကို ဘယ်လို သုံးမလဲ။ အဲဒီမှာ စင်မြင့် ကောင်းကောင်းမှ မရှိတာ"

"လူရွေးပွဲ လုပ်ဖို့အတွက် စင်မြင့် ကောင်းကောင်း မလိုပါဘူး။ ယဉ်ကျေးမှု ပြဇာတ်ရုံက ခန်းမအသေးစားလေးတစ်ခု ငှားလိုက်ရင်တောင် အဆင်ပြေပါတယ်။ ဘယ်နေရာက တွက်ခြေကိုက်မလဲ ဆိုတာ နောက်မှ ကြည့်ကြတာပေါ့"

"နေပါဦး မန်နေဂျာဖုန်း... လူရွေးပွဲဆိုတာ ဘာကိုပြောတာလဲဗျ" ကျန်းချောင်ယန် နားမလည်နိုင် ဖြစ်နေသည်။

"ခင်ဗျား ဟာသပြောပွဲ ပြိုင်ပွဲတွေ၊ လူငယ်အဆိုတော် ပြိုင်ပွဲတွေ ကြည့်ဖူးတယ် မဟုတ်လား" ဖုန်းယွီက မေးလိုက်သည်။

"ဟာသပြောပွဲတော့ ကြည့်ဖူးတယ်။ ကျွန်တော် အဲဒါ ကြိုက်တယ်"

"ဟုတ်ပြီ... အစီအစဉ် တစ်ခုမှာ ဟာသပြိုင်ပွဲဝင် နည်းနည်းလေးပဲ ပါလို့ရမယ်။ ဒါပေမဲ့ လာလျှောက်တဲ့ လူတွေက အများကြီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ရွေးထုတ်ပစ်ရတော့မှာပေါ့။ ကျွန်တော်တို့ အစီအစဉ်က ဝင်ခွင့် ကန့်သတ်ချက် နိမ့်တယ်။ ဥပဒေနဲ့ မငြိစွန်းတဲ့သူ ဘယ်သူမဆို လာပြိုင်လို့ ရတယ်။ အဲဒီလူအများကြီးထဲကနေ ပဏာမ စစ်ထုတ်လိုက်မယ်။ ကျန်ရစ်တဲ့ အီလစ်(Elites) တွေကိုမှ စတူဒီယိုထဲ ခေါ်ပြီး အစီအစဉ် ရိုက်မယ်။ အဲဒါမှ ပရိသတ်ကို ပြသတဲ့ အစီအစဉ်က ပိုပြီး ကြည့်ကောင်းမှာပေါ့"

"ဩော်... ဆိုလိုတာက လာလျှောက်တဲ့ လူအများကြီးထဲကမှ အစီအစဉ်မှာ ပြလို့သင့်တော်မယ့် လူတွေကို ရွေးထုတ်မယ် ဆိုတဲ့ သဘောပေါ့"

"ဟုတ်တာပေါ့... အဲဒါကို ပြောတာ" ဖုန်းယွီ ပေါင်ကို ပုတ်လိုက်သည်။ ကျန်းချောင်ယန်၏ နားလည်နိုင်စွမ်းက မဆိုးပေ။

"ဒါဆို လူအရမ်းများသွားမှာ မဟုတ်ဘူးလား။ လာလျှောက်တဲ့လူတွေ များလွန်းရင် ဘယ်လိုလုပ်မလဲ။ တော်တဲ့လူတွေ အများကြီး ပါလာရင်ရော ဘယ်လိုလုပ်မလဲ"

"ခွဲပစ်လိုက်လေ... တစ်နှစ်မှာ ရာသီဥတု လေးမျိုး ရှိသလိုပေါ့။ ကျွန်တော်တို့ အစီအစဉ်က အပတ်စဉ် လာမှာ။ ပထမ ၁၀ ပတ်က အဆင့်တက်တဲ့ လူတွေကို ရွေးမယ်။ နောက်ဆုံး ၂ ပတ်ကျမှ ချန်ပီယံ ရွေးမယ်။ တော်တဲ့လူတွေ များနေရင် နောက်Seasonအတွက် ခွဲထားလိုက်ပေါ့။ ဒီလိုဆို သူတို့လည်း အဆင့်တက်နိုင်သလို အစီအစဉ်ကလည်း Seasonတိုင်း ကြည့်ကောင်းနေမှာ။ ချန်ပီယံဆုကိုတော့ 'Songjiang - အရှေ့တိုင်း ဒရယ်' ကားတစ်စီးနဲ့ ငွေသား ယွမ် ၁ သန်း ပေးမယ်။ ပြီးတော့ အနုပညာ အေဂျင်စီတစ်ခု ထောင်ထားမယ်။ ပြိုင်ပွဲဝင်တိုင်း စူပါစတား ဖြစ်ခွင့်ရှိတယ်၊ အေဂျင်စီနဲ့ စာချုပ်ချုပ်နိုင်တယ်လို့ ပြောထားလိုက်"

"မန်နေဂျာဖုန်း... ဆုကြေးက များလွန်းမနေဘူးလားဗျ"

"များသလား... မများပါဘူး။ ဆုကြေးမများရင် လူတွေ ဘယ်စိတ်ဝင်စားမလဲဗျ။ ခင်ဗျား ကြည့်လေ... လူငယ်အဆိုတော် ပြိုင်ပွဲတွေမှာ ဆုကြေးက နည်းနည်းလေး၊ တစ်ခါတလေ ဖလားစုတ် တစ်လုံးပဲ ရတာ။ အဲဒါ ဘာလုပ်လို့ရမှာလဲ။ ယဉ်ကျေးမှု အဖွဲ့ထဲ ဝင်ခွင့်ရရင်တောင် လစာက ပုံသေပဲ ရမှာ။ စူပါစတား ဖြစ်သွားရင်တော့ ဝင်ငွေက အများကြီး ရလာမှာလေ။ ကြော်ငြာ တစ်ခုလောက် ရိုက်လိုက်ရင် တစ်နှစ်စာ လစာထက် ပိုရဦးမယ်"

"ဒါပေမဲ့ ဒါရိုက်တာတို့၊ ဝန်ထမ်းတို့ ကျွန်တော်တို့မှာ တစ်ယောက်မှ မရှိဘူးလေ။ အတွေ့အကြုံရှိတဲ့ အဖွဲ့တစ်ဖွဲ့တော့ လိုမှာပေါ့" ကျန်းချောင်ယန်က အဓိကကျသော မေးခွန်းကို မေးလိုက်သည်။

"ဟားဟား... အဲဒီကိစ္စ ကျွန်တော် စဉ်းစားပြီးသားပါ။ အဓိက ဒါရိုက်တာအဖြစ် ထိပ်ပြောင်ချန် ခေါ် ချန်ဖေစစ်ကို လျာထားတယ်။ ဒိုင်လူကြီးတွေအဖြစ် ကျူးစစ်မောက်၊ နာယင်းနဲ့ကောဖူချန် တို့ကို ဖိတ်မယ်။ ဒီလူစာရင်းဆိုရင် တော်တော်တောင့်တင်းသွားပြီ။ မီးတို့၊ ကင်မရာတို့ ကိစ္စကတော့ ထိပ်ပြောင်ချန် စီစဉ်လိမ့်မယ်"

အရင်ဘဝတုန်းက ထိပ်ပြောင်ချန်သည် မူပိုင်ခွင့် ကိစ္စကြောင့် CCTV နှင့် ပြဿနာတက်ကာ တရားစွဲခဲ့သဖြင့် အချိန်ကြာမြင့်စွာ ပိတ်ပင်ခံခဲ့ရဖူးသည်။ နှစ်ပေါင်းများစွာ ကြာမှ ပြန်လည်အဆင်ပြေခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒီဘဝတွင် ဖုန်းယွီက CCTV ကို ကူညီပြီး မူပိုင်ခွင့်ကြေးများ စိုက်ထုတ်ပေးခဲ့သဖြင့် အခြေအနေ ကောင်းမွန်နေသည်။ ထိပ်ပြောင်ချန်နှင့် CCTV ကြား အဖုအထစ် ရှိနေသေးသော်လည်း ပိတ်ပင်ခံရသည့် အဆင့်ထိ မရောက်ပေ။

ဒီနှစ်ပိုင်းအတွင်း ထိပ်ပြောင်ချန်သည် ဇာတ်လမ်းကောင်းများ မရရှိသဖြင့် အိမ်တွင် အားနေသည်။ တီဗီအစီအစဉ် တစ်ခုကို ဒါရိုက်တာ လုပ်ပေးရမည်ဟု ဖုန်းယွီ ပြောလိုက်သောအခါ သူ ချက်ချင်း စိတ်ဝင်စားသွားသည်။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ ပြဇာတ် အကုန်ရိုက်ဖူးသော်လည်း ဒါမျိုးတော့ သူ မစမ်းဖူးသေးပေ။

အဖွဲ့သားများအနေဖြင့် ထိပ်ပြောင်ချန်တွင် လူအချို့ ရှိပြီးသား ဖြစ်သည်။ မလောက်ပါက အခြားရုပ်သံလိုင်းများမှ ဆွဲခေါ်နိုင်သည်။ ရုပ်သံလိုင်းကြီးများတွင် မပျော်ပိုက်သူများ ဒီဘက်ရောက်လာလျှင် အရည်အချင်း ပြနိုင်ပေလိမ့်မည်။

အစီအစဉ် တင်ဆက်သူအနေဖြင့် ဟာသပညာရှင်ကြီး၏ သားဖြစ်သူ မာရှီးကို ရွေးချယ်လိုက်သည်။ သူ၏ ပြောဆိုပုံမှာ ရယ်စရာကောင်းပြီး ဤကဲ့သို့သော စင်မြင့်မျိုးနှင့် အလွန်လိုက်ဖက်သည်။ တစ်ချက်က ဤအစီအစဉ်သည် တင်ဆက်သူအပေါ် သိပ်ပြီး တောင်းဆိုမှု မမြင့်မားလှပေ။ ဖုန်းယွီက CCTV မှ နာမည်ကြီးများကို ငှားချင်သော်လည်း CCTV က လွှတ်မည် မဟုတ်ပေ။

"မန်နေဂျာဖုန်း... ဒီအစီအစဉ် ထုတ်လုပ်စရိတ်က မနည်းဘူးနော်။ ဆုကြေးကလည်း ဒီလောက်များနေရင် ကျွန်တော်တို့ မရှုံးဘူးလား" ကျန်းချောင်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"ဘယ်သူပြောလဲ။ ဒိုင်လူကြီးတွေ၊ ဒါရိုက်တာတွေရဲ့ ကြေးက မြင့်ပေမဲ့ သူတို့က မိတ်ဆွေဈေးနဲ့ လုပ်ပေးမှာပါ။ ဒါက စမ်းသပ်မှု တစ်ခုဖြစ်နေလို့ သူတို့က ကျွန်တော့်မျက်နှာကို ထောက်ပြီး လုပ်ပေးကြတာ။ ဆုကြေးအတွက်က 'Bing City' စက်မှုလုပ်ငန်းစုက စပွန်ဆာ ပေးလိမ့်မယ်။ ကားရော၊ ငွေသားရော အပါအဝင်ပေါ့။ စင်မြင့်ဆောက်လုပ်စရိတ်ကို လီဟဟက စပွန်ဆာ ပေးမယ်။ အစီအစဉ်ထဲမှာ သူတို့ ကြော်ငြာတွေ ထည့်ပေးလိုက်ရင် ရပြီ။ ပြီးတော့ Aiwa၊ ဖုန်းယွီ၊ Lenovo တို့လည်း စပွန်ဆာ ပေးကြလိမ့်မယ်။ ကြားဖြတ်ကြော်ငြာ ထည့်ပေးလိုက်ရုံပဲ"

"ဒီအစီအစဉ် ပြီးသွားရင် CCTV ကို အခမဲ့ ပေးလိုက်မယ်။ ဒါပေမဲ့ တစ်ခါပဲ ပြခွင့်ရှိမယ်။ ပြန်လွှင့်ခွင့်မရှိဘူး။ ပြီးတော့ တည်းဖြတ်ခွင့် မရှိဘူး။ အထဲက မြင်ကွင်းတွေကို ဝါးခွင့်၊ ဖျက်ခွင့် မရှိဘူး။ ကြော်ငြာတွေ အကုန်ပါရမယ်"

"ဒါဆိုရင် CCTV က ကျွန်တော်တို့ကို အလကား ကြော်ငြာပေးသလို ဖြစ်သွားပြီး ကျွန်တော်တို့က အစီအစဉ်ကို ကြော်ငြာခအနေနဲ့ ပေးလိုက်တဲ့ သဘောပေါ့"

"ဟုတ်တယ်။ အဲဒီအချက်ကို ဌာနမှူးကျာက သဘောတူပြီးသားပါ။ အစီအစဉ် ကောင်းဖို့ပဲ လိုတာ။ ပြီးတော့ ဗိုလ်လုပွဲကျရင် ပရိသတ် မဲပေးတဲ့ အစီအစဉ် ထည့်လို့ရတယ်။ ဖုန်းကုမ္ပဏီနဲ့ ပူးပေါင်းပြီး SMS မဲပေးခိုင်းမယ်။ ဒါဆို ဖုန်းကုမ္ပဏီဆီကနေ အကျိုးအမြတ် ဝေစု ထပ်ရဦးမယ်"

ဖုန်းယွီ ပြောနေသည့် အိုင်ဒီယာများသည် အရင်ဘဝက နာမည်ကြီး အစီအစဉ်များ၏ နည်းဗျူဟာများ ဖြစ်သည်။ ထိုအရာများကို ပေါင်းစပ်ပြီး Fengyu Talent Show အစီအစဉ်ကို ဖန်တီးလိုက်လျှင် သေချာပေါက် ပေါက်သွားပေလိမ့်မည်။

"အတိုချုပ်ပြောရရင် ဒီပြဿနာတွေကို ခင်ဗျား ပူစရာမလိုဘူး။ ခင်ဗျား အဓိက လုပ်ရမှာက အင်တာနက် ပလက်ဖောင်းကို အမြန်ဆုံး တည်ဆောက်ဖို့ပဲ။ အစီအစဉ် ထုတ်လွှင့်ပြီးသွားလို့ CCTV မှာ ပြန်ကြည့်လို့ မရတော့ရင် လူတွေက ကြည့်ချင်ရင် ကျွန်တော်တို့ ပလက်ဖောင်းကိုပဲ လာရတော့မယ်။ ဒေါင်းလုဒ်ဆွဲဆွဲ၊ အွန်လိုင်းကပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ ဝင်ကြည့်သူတက်လာမှာပဲ။ ပြီးတော့ တခြား ရုပ်သံလိုင်းတွေနဲ့ ပူးပေါင်းပြီး သူတို့ အစီအစဉ်တွေ၊ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကိုပါ ပြသခွင့် ဝယ်ယူမယ်။ အနာဂတ်မှာ လူတွေက ဘယ်အစီအစဉ်ကို ဘယ်ရုပ်သံလိုင်းက လွှင့်လဲ မသိရင်တောင် ကျွန်တော်တို့ sohu ချန်နယ်မှာ ပြတယ်ဆိုတာကိုတော့ သိနေကြလိမ့်မယ်"

******

All Chapters