← Chapters

ကျေးဇူးများလေ ၊ ရန်ငြိုးကြီးလေ

Vol. 27 Ch. 385

ကျေးဇူးများလေ ၊ ရန်ငြိုးကြီးလေ

Vol. 27 Ch. 385

အခန်း (၃၈၅) ကျေးဇူးများလေ ၊ ရန်ငြိုးကြီးလေ

အဝေးသို့ ငေးကြည့်ရင်း ရန်ကျောက်ကဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

စစ်ခုန်ချင်းက အတွေးလွန်နေသည့် ရန်ကျောက်ကဲကို စူးစမ်းစိတ်ဖြင့် ငေးကြည့်နေသည်။

ရန်ကျောက်ကဲက အတန်ကြာမှ သတိပြန်ဝင်လာပြီး...

“အခု ပင်လယ်ရှည်မြို့တော်ကို သွားကြမယ် ၊ ဆရာဘိုးဘိုးတို့နဲ့ မီးတောက်မိစ္ဆာဘုရင်တွေ တိုက်ခိုက်နေတဲ့ စစ်မြေပြင်ကို မချဉ်းကပ်နိုင်ပေမယ့် တခြားမီးတောက်မိစ္ဆာတွေနဲ့ ရင်ဆိုင်ကြည့်ဖို့ ရည်ရွယ်ထားတယ်”

သူက စစ်ခုန်ချင်းကို လှည့်ကြည့်ရင်း...

“မင်း ပြည်မပြန်ချင်လား ၊ ငါနဲ့အတူလိုက်ချင်လား”

စစ်ခုန်ချင်းက တည်ငြိမ်စွာဖြင့်...

“ကျွန်မ ပင်လယ်ရှည်မြို့တော်ကိုလိုက်ခဲ့မယ် ၊ ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးပေမယ့် သိုင်းပညာရှင်အဆင့် မီးတောက်မိစ္ဆာတွေကိုတော့ တိုက်ခိုက်နိုင်ပါတယ် ၊ တောင်ပေါ်ကဆင်းလာတာလည်း အတွေ့အကြုံရှာချင်တာဆိုတော့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကျွန်မအတွက် စိတ်မပူပါနဲ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အင်း... မင်း ငါနဲ့အတူလိုက်ချင်လည်း အဆင်ပြေပါတယ် ၊ ဒီလိုတိုက်ပွဲမျိုးက အတွေ့အကြုံရှာဖို့ အကောင်းဆုံးပါပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မီးတောက်မိစ္ဆာတွေနဲ့ တိုက်ပွဲက တကယ့်တိုက်ပွဲကြီးတစ်ခုနော် ၊ မြို့တစ်မြို့ ၊ ဒေသတစ်ခုမှာ လူနည်းနည်းပါးပါးနဲ့ တိုက်ခိုက်ကြတာမျိုးမဟုတ်ဘူး ၊ ဒါက စစ်ပွဲတစ်ခုပဲ ၊ ဒါကြောင့် တစ်ယောက်တည်းမလှုပ်ရှားနဲ့ ၊ မဟုတ်ရင် မတော်တဆမှုတွေဖြစ်လာပြီး တခြားသူတွေပါ ဒုက္ခများကုန်လိမ့်မယ်”

“ဆရာဒေါ်လေးဖူက အရှေ့ပင်လယ် ပထမအဆင့်ထိပ်တန်းအကြီးအကဲဆိုတော့... သူက အဘိုးအို’မော့’ တို့နဲ့အတူ ရှိနေလောက်တယ် ၊ ပင်လယ်ရှည်မြို့တော်ကိုရောက်ရင် သူ့စကားကို နားထောင်ပါ ၊ ပြီးတော့ ဆရာဒေါ်လေး’ဖူ’ က တိုက်ပွဲအတွေ့အကြုံရှာတာကို သဘောကျတဲ့သူဖြစ်လို့ မင်းကို တိုက်ခိုက်ခွင့်မပြုမှာကို စိတ်မပူနဲ့”

စစ်ခုန်ချင်းကလည်း သူမ ဆရာအကြောင်း သိပြီးသား ဖြစ်သည်။

သူမက ခေါင်းညိတ်ရင်း...

“ဟုတ်... နားလည်ပါပြီ”

နှစ်ယောက်သား ရွက်လှေစီးပြီး အရှေ့ဘက်သို့ ဦးတည်ထွက်ခွာလာကြသည်။

လမ်းတွင် စစ်ခုန်ချင်းက ရန်ကျောက်ကဲကို ကျင့်ကြံခြင်းနှင့်သက်ဆိုင်သည့်မေးခွန်းများ အခါအားလျော်စွာ မေးမြန်းသည်။

ရန်ကျောက်ကဲ၏ ခမ်းနားကြီးကျယ်သော အောင်မြင်မှုများကို သူမ အလွန်အမင်းအားကျသည့်တိုင် အဆုံးသတ်မှာတော့ သူမစိတ်ဝင်စားသည်မှာ သိုင်းတာအိုသာလျှင် ဖြစ်၏။

ရန်ကျောက်ကဲ၏ အခြားသောအောင်မြင်မှုများကိုအသာထား ၊ အသက်ငယ်ငယ်ဖြင့် ကျင့်ကြံခြင်းအဆင့် ဤမျှမြင့်မားနေခြင်းက အတော်လေး အံ့အားသင့်စရာကောင်းနေပြီဖြစ်သည်။

စစ်ခုန်ချင်းက အေးစက်ပြီး အခြားသူများနှင့် ခပ်ခွာခွာသာနေတတ်သော်လည်း နှစ်ပေါင်းကြာလာသည်နှင့်အမျှ ရန်ကျောက်ကဲနှင့် တဖြည်းဖြည်းရင်းနှီးလာသည်။ သူမက ရန်ကျောက်ကဲကို အလွန်လည်းလေးစားသဖြင့် သူမနားမလည်သည်များကို ရန်ကျောက်ကဲထံ မေးမြန်းလေ့ရှိသည်။

ရန်ကျောက်ကဲကလည်း သူ၏ဂိုဏ်းတူညီမငယ်အား သင်ပြပေးရာတွင် ပညာတွန့်တိုခြင်း မရှိပေ။

သူက တမင်သက်သက် စပ်စုရန်ဆန္ဒမရှိသော်လည်း စစ်ခုန်ခင်း၏ လျှို့ဝှက်ချက်ကို ပိုပြီးစိတ်ဝင်စားလာမိသည်။ ဤမိန်းကလေး၏အနာဂတ် မည်သို့ရှိမည်ကိုလည်း သိချင်မိသည်။

ချွိယန်ချီကို စုံစမ်းမေးမြန်းရာမှ သိရှိခဲ့သည်မှာ ချွိယန်ချီနှင့် ချန်နင်တို့၏ အတွေ့အကြုံများသည်လည်း စစ်ခုန်ချင်းနှင့် အလွန်တူညီနေခြင်းပင်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကတည်းက သူတို့အားလုံးက ထူးချွန်ထက်မြက်သည့်ပါရမီရှင်များ ဖြစ်ခဲ့ကြသော်လည်း လူအများလက်ခံနိုင်သည့် သာမန်အတိုင်းအတာတစ်ခုအတွင်းမှာပင် ရှိနေခဲ့၏။

သို့သော် သိုင်းပညာရှင်အဆင့် ရောက်ရှိလာပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအဆင့်တက်မှုက ပေါက်ကွဲထွက်သွားသည့်အလား လျှင်မြန်လာပြီး အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်အလား ခန္ဓာကိုယ်များကလည်း ကြံ့ခိုင်သန်စွမ်းလာသည်။

နဂိုကပင် ပါရမီရှင်များဖြစ်ကြလေရာ သိုင်းပညာရှင်အဆင့်ရောက်ရှိပြီးနောက်ပိုင်း အခြားသောပါရမီရှင်များထက် ‌‌ကျော်လွန်သွားခဲ့သည်။

ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကိုလည်း မည်သူမှ မသိရှိခဲ့ကြပေ။

ချွိယန်ချီနှင့် ချန်နင်တို့၏ဆရာဖြစ်သူ ချန်ချီသည် ရန်ကျောက်ကဲကဲ့သို့ ယဉ်ကျေးသူ မဟုတ်ပေ။ သူက တပည့် (၂)ယောက်၏ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများကို သေသေချာချာ စစ်ဆေးကြည့်ခဲ့သည်။

သို့သော် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ပေးထားသည့် ထူးဆန်းသောအင်းသင်္ကေတမှလွဲပြီး အခြားမူမမှန်သည့်အရာများကို မတွေ့ရှိခဲ့ရပေ။

ထိုထူးဆန်းသော အင်းသင်္ကေတအကြောင်းတွေးမိသည့်အခါ ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးထားမိသည်။

သူတို့နှစ်ယောက် အရှေ့ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ရန်ကျောက်ကဲ၏ သတင်းကိုကြားသိပြီးဖြစ်သည့် အားဟူက ပန်ပန်နှင့်အတူ ရောက်ရှိလာသည်။

“သခင်လေး... ဘာမှမဖြစ်လို့ တော်သေးတာပေါ့”

တွေ့တွေ့ချင်း အားဟူက စိုးရိမ်စွာ စကားဆိုသည်။

ရန်ကျောက်ကဲ အန္တရယ်ကင်းသည်ကို သိရှိရမှ အားဟူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလေသည်။

ထို့နောက်သူက သိချင်စိတ်ဖြင့်...

“ကျောက်စိမ်းပင်လယ်မြို့တော်က အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပြုလုပ်တာ အောင်မြင်သွားတာပေါ့”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ ‘ကျောက်စိမ်းပင်လယ်နတ်ဆေးဓား’ လို့ ခေါ်တဲ့ အထွတ်ထိပ်မှော်ဝင်ဓားတစ်လက်ပဲ ၊ ကျောက်စိမ်းပင်လယ်မြို့တော်ရဲ့ အထွတ်ထိပ်သိုင်းပညာဖြစ်တဲ့ ‘သဏ္ဌန်မဲ့ဓားသိုင်း’ နဲ့ လိုက်လျောညီထွေပေါင်းစပ်ထားတာ ၊ အထင်ကြီးစရာကောင်းပါတယ်”

သူက ဖြစ်စဉ်အကျဉ်းချုပ်ကို အားဟူအား ရှင်းပြလိုက်၏။

ရန်ကျောက်ကဲလေသံက ကြွားဝါခြင်းမရှိ ပုံမှန်အတိုင်းပင် ပြောပြနေခြင်း ဖြစ်သော်လည်း အားဟူ၏ပါးစပ်က နားရွက်တက်ချိတ်တော့မတတ် သွားဖြီးရင်း မြှောက်ပင့်စကားစတင်ပြောဆိုတော့သည်။

“သခင်လေး... ဒီတစ်ခါလည်း သောက်ရမ်းလန်းပြန်ပြီဗျာ ၊ ဒါကြီးက တကယ့်သေချာပေါက်ကြီးပဲ”

ပြောရင်း အားဟူက လက်မထောင်ပြလိုက်သည်။

သို့သော် ခဏမျှ တုံ့ဆိုင်းသွားပြီး...

“ဒီလိုဆိုရင်... ကျောက်စိမ်းပင်လယ်မြို့တော်က ဝါဒတောင်အပေါ် ကျေးဇူးကြွေးတွေအများကြီးတင်သွားပြီ မဟုတ်လား ၊ သခင်လေး”

“ကျွန်တော်တို့အားလုံး လက်တွဲပြီး မီးတောက်မိစ္ဆာတွေကို နှိမ်နင်းရတယ်ဆိုပေမယ့်... နှုတ်ခမ်းနဲ့သွားလိုမျိုး တစ်ယောက်နဲ့တစ်ယောက်မှီခိုရင်း အချင်းချင်း ကူညီကြတယ်ဆိုပေမယ့်...  ဒီတိုက်ပွဲမှာ သခင်လေးနဲ့ ဂိုဏ်းချုပ်ဟောင်းသာမကူညီရင် မြို့တော်သခင်’စုန့်ဝူလျန်’ ရော ၊ ကျောက်စိမ်းပင်လယ်မြို့တော်တစ်ခုလုံးရော မီးတောက်မိစ္ဆာတွေလက်အောက်မှာ လုံးဝပြိုလဲသွားမှာပဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာက ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုမှာ ကျောက်စိမ်းပင်လယ်မြို့တော် လုံးဝပျောက်ကွယ်သွားမှာ”

ရန်ကျောက်ကဲက အားဟူကိုကြည့်ရင်း...

“ဆက်ပြောလေ...”

အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...

“သခင်လေး... ကျွန်တော် သဘောတရားတွေကို သိပ်တော့နားမလည်ဘူး ၊ ဒါပေမဲ့ ရှေးဆိုရိုးရှိတယ်ဟုတ်လား ၊ ‘ကျေးဇူးများလေ ၊ ရန်ငြိုးကြီးလေ’ ဆိုတာလေ”

သူက ဆက်ပြောသည်။

“အင်း... ဒီဆိုရိုးရဲ့အဓိပ္ပါယ်ကို သေသေချာချာ မသိပါဘူး ၊ ကြည့်ရတာ... ကျေးဇူးကြီးမားလွန်းရင်လည်း ရန်ငြိုးထားခံရတယ်လို့ဆိုလိုတာမဟုတ်လား... အဲဒီလိုမျိုးလေ...”

အားဟူက ရန်ကျောက်ကဲကို စိုးရိမ်စွာဖြင့် ကြည့်နေသည်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“မင်း ပြောချင်တဲ့အဓိပ္ပါယ်ကို ငါနားလည်ပါတယ် ၊ ဒါပေမဲ့ အခုချိန်မှာတော့ စိတ်ပူစရာ မရှိပါဘူး”

သူက ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာနေရာသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အဆုံးမဲ့ပင်လယ်ပြင်ကိုသာ တွေ့မြင်ရပြီး အရှေ့နဂါးကျွန်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်ကို မတွေ့မြင်ရတော့ပေ။

“ကျောက်စိမ်းပင်လယ်မြို့တော်က လူတွေက လူ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားအခြေခံတော့ ရှိကြမယ်လို့ ယုံကြည်ပါတယ် ၊ မရှိဘူးဆိုရင်တောင်မှ...”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“မရှိဘူးဆိုရင်တောင်မှ... နေသူတော်စင်ဂိုဏ်းရှိနေသရွေ့ ငါတို့ရဲ့ ကြီးမားတဲ့ကျေးဇူးတရားကို ရန်ငြိုးအဖြစ် ပြောင်းလဲပစ်မှာ မဟုတ်ပါဘူး”

ထိုစကားကိုကြားတော့ အားဟူ မျက်နှာက တည်ကြည်လေးနက်သွားသည်။

ကျောက်စိမ်းပင်လယ်မြို့တော်နှင့် ဝါဒတောင်အကြား ဆက်နွယ်မှုအပြင် နေသူတော်စင်ဂိုဏ်းနှင့် သူတို့၏ ရန်ငြိုးဖွဲ့မှုသည်လည်း နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

ဝါဒတောင်တိုက်ပွဲတွင် နေသူတော်စင်ဂိုဏ်းက ဝါဒတောင်ကို ချေမှုန်းရန်ကြိုးစားသည့်အခါ ဝါဒတောင်က သူတို့ကို အနိုင်ယူနှိမ်နင်းခဲ့ပြီး ‘မဟာနေမင်းတိုင်းတာခြင်းပေတံ’ ဆုံးရှုံးစေခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှု မြင့်တက်လာခဲ့သည်။ ထို့အတူ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် နေသူတော်စင်ဂိုဏ်းအကြား ရန်ငြိုးသည်လည်း မြင့်တက်လာခဲ့သည်။

ရှေးယခင်အချိန်က နေသူတော်စင်ဂိုဏ်းနှင့် ‌ကျောက်စိမ်းပင်လယ်မြို့တော်တို့က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အလွန်‌နာမည်ကြီးသော ပြိုင်ဘက်များ ဖြစ်ကြသည်။ ထိုမှတစ်ဆင့် သူတို့ (၂)ဂိုဏ်းကြား ရန်ငြိုးဖွဲ့မှုက ညှိနှိုင်းမရသည်အထိ ကြီးထွားလာခဲ့သည်။

ဟွမ်ကွမ်လီ၏ဆရာ ၊ ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ဘုန်းကြီးစွာ အုပ်ဆိုးခဲ့စဉ်က သမိုင်းတစ်လျှောက်တွင် ကျောက်စိမ်းပင်လယ်မြို့တော်အတွက် အခက်ခဲဆုံး အချိန်များ ဖြစ်ခဲ့သည်။

စစ်ခုန်ချင်းက ရန်ကျောက်ကဲဘေးနားတွင် ငြိမ်သက်စွာထိုင်နေပြီး အဝေးသို့ လှမ်းမျှော်ကြည့်နေသည်။

ရန်ကျောက်ကဲက...

“ဘာသတင်းတွေ ထူးသေးလဲ”

အားဟူက...

“ကောင်းကင်မိုးကြိုးခန်းမက ခန်းမသခင် ‘ချန်လီ’ နဲ့ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီတို့ အရှေ့ပင်လယ်အပြင်ပိုင်းကို ရောက်လာကြတယ် ၊ သူတို့က ပန်းချီဆရာသူတော်စင် အဘိုးအို’မော့’ နဲ့ ထူးကဲယင်သရဖူဆောင်းထားတဲ့ ‘မန်ဝမ်’ တို့နဲ့အတူ အခြေအနေတည်ငြိမ်အောင် ထိန်းနိုင်ခဲ့တယ် ၊ ပင်လယ်ရှည်မြို့တော်နဲ့ အရှေ့ပင်လယ်အပြင်ပိုင်းဒေသတစ်လျှောက် မီးတောက်မိစ္ဆာတွေကို ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်”

သူက ဆက်ပြောသည်။

“အဆုံးမဲ့တောင်တန်းရဲ့ ဂိုဏ်းချုပ် ‘ချူးယန်’က ‘မိုးဖြိုပုဆိန်နဲ့အတူ ပြည်မအစွန်း ပင်လယ်ဒေသအစပ်မှာ ရှိနေတယ် ၊ သူက ရေနယ်မြေ အနောက်ဘက်ဒေသကို စောင့်ကြပ်ပေးနေတယ်”

ထိုစကားကိုကြားတော့ ရန်‌ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဟွမ်ကွမ်လီ ၊ အဘိုးအို‌’မော့’ ၊ ဆရာဘိုးဘိုးနဲ့ ကြယ်တာရာသန့်စင်ချီဝတ်ရုံ ၊ ပြီးတော့ စုန့်ဝူလျန်နဲ့ ကျောက်စိမ်းပင်လယ် နတ်ဆေးဓား ၊ လှိုင်းနက်ဂေဟာက ဂေဟာသခင်မ ‘အန်းချင်လင်’ ၊ ထူးကဲယင်သရဖူ ၊ ကောင်းကင်မိုးကြိုးခန်းမက ‘ချန်လီ’ ၊ အင်း... ကြီးမားတဲ့အပြောင်းအလဲတွေ မဖြစ်ဘူးဆိုရင် မီးတောက်မိစ္ဆာတွေကို ရပ်တန့်နိုင်ဖို့ လုံလောက်ပါတယ်”

ထို့နောက် ရန်ကျောက်ကဲက ရေခဲစူးချွန်ကိုးခုကို ထုတ်ယူလိုက်ရင်း...

“အခြေအနေပေးရင်တော့ ငါ ကြိုးစားကြည့်ရမယ်”

All Chapters