← Chapters

အခန်း (၁၂၁၇-၁၂၁၈)

Vol. 83 Ch. 1217-1218

အခန်း (၁၂၁၇-၁၂၁၈)

Vol. 83 Ch. 1217-1218

အခန်း (၁၂၁၇) Huayi Brothers

ဖုန်းယွီသည် ရွေးချယ်ခံရသူများကို ကြယ်ပွင့်များအဖြစ် မွေးထုတ်ပေးနိုင်ကြောင်း ကျန်းချောင်ယန်အား ပြောပြခဲ့သည်။ သို့သော် ကျန်းချောင်ယန်ကမူ sohu ဖျော်ဖြေရေး ကုမ္ပဏီထောင်ရန် သဘောမတူပေ။ ဤနယ်ပယ်ကို မကျွမ်းကျင်ကြောင်း၊ ကြယ်ပွင့်တစ်ပွင့်ဖြစ်လာရန် ပြုစုပျိုးထောင်ရသည်မှာ လွယ်ကူသောကိစ္စ မဟုတ်ကြောင်း ငြင်းဆိုလေသည်။

ကျန်းချောင်ယန် မလုပ်ချင်လျှင် ဖုန်းယွီ ကိုယ်တိုင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

တောင်ကိုရီးယားသို့ သွားရောက်စဉ်က ဝမ်ကျစ်ကျန်းဆိုသူနှင့် တွေ့ဆုံခဲ့ဖူးသည်ကို သတိရလိုက်သည်။ လက်ရှိတွင် ထိုသူသည် တောင်ကိုရီးယား အနုပညာ အေဂျင်စီတစ်ခု၌ အနုပညာရှင်များကို မြှင့်တင်ပေးရသည့် ဌာနမှူးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝမ်ကျစ်ကျန်သည် ကိုရီးယားပုံစံ အနုပညာရှင် မွေးထုတ်နည်းကို ကျွမ်းကျင်သော်လည်း ကုမ္ပဏီတစ်ခု တည်ထောင်ရန်မူ ခက်ခဲပေလိမ့်မည်။ ဖုန်းယွီ ကိုယ်တိုင်လည်း လုပ်ငန်းလည်ပတ်ပုံ အသေးစိတ်ကို နားမလည်ပေ။ အရင်ဘဝတုန်းက သူသည် ဤကိစ္စများကို ဂရုမစိုက်ခဲ့ဘူးပေ။

ထိုအချိန်တွင် ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီမှ စွန်းလိကျဲက သတင်းကောင်းတစ်ခု ပေးပို့လာသည်။ ထိုက်ဟွာသည် Huayi Brothers ကုမ္ပဏီတွင် ရှယ်ယာ ၃၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ထိုကုမ္ပဏီနှင့် ပူးပေါင်းသင့်ကြောင်း အကြံပြုလေသည်။

ဖုန်းယွီ အံ့သြသွားမိသည်။ အရင်ဘဝက တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဖျော်ဖြေရေး ကုမ္ပဏီဖြစ်လာမည့် ကုမ္ပဏီတွင် ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီက ရှယ်ယာပါဝင်နေသည်ကို သတိမထားမိခဲ့ပေ။

ကြည့်ရသည်မှာ ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီက မည်သည့်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသည်ကို သေချာပြန်လည် စစ်ဆေးကြည့်ရှုရန် လိုအပ်နေပြီ ဖြစ်သည်။ သူ သတိမထားမိသော အရည်အသွေးမြင့် ကုမ္ပဏီများ ပါဝင်နေနိုင်သည် မဟုတ်ပါလော။

စွန်းလိကျဲက Huayi Brothers ကုမ္ပဏီကို ဆက်သွယ်လိုက်ရာ တစ်ဖက်လူက ချက်ချင်း သဘောတူလိုက်သည်။ အကြောင်းရင်းမှာ သူတို့အတွက် အကျိုးရှိသောကြောင့် ဖြစ်သည်။ အစီအစဉ်မှ ထွက်ပေါ်လာမည့် အနုပညာရှင်များသည် နာမည်ရပြီးသား ဖြစ်သဖြင့် ပွဲလမ်းသဘင်များတွင် ဖျော်ဖြေခိုင်းရုံဖြင့် အမြတ်ထွက်နေပြီ ဖြစ်သည်။

နောက်တစ်ချက်မှာ ဖုန်းယွီနှင့် ပူးပေါင်းလိုခြင်း ဖြစ်သည်။ ဖုန်းယွီနှင့် ချိတ်ဆက်မိပါက ကုမ္ပဏီဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ဖြစ်စေမည်။ ငွေကြေးအခက်အခဲ ရှိလာလျှင် ဖုန်းယွီအတွက်မူ မပြောပလောက်သော ကိစ္စသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် သူတို့သည်လည်း ထုတ်လုပ်ရေး ကုမ္ပဏီများနှင့် လက်တွဲကာ အတွေ့အကြုံ ယူလိုကြသည်။ အနာဂတ်တွင် Huayi Brothers အနေဖြင့် ကိုယ်ပိုင် အစီအစဉ်များ ထုတ်လုပ်လာနိုင်သည် မဟုတ်ပါလော။ ဤအစီအစဉ်ကို CCTV နှင့် လက်တွဲလုပ်ကိုင်ရမည် ဖြစ်သဖြင့် CCTVနှင့် အဆက်အသွယ်ရခြင်းသည်လည်း အကျိုးရှိစေသည်။

ကံကောင်းသော ဝမ်ကျစ်ကျန်းသည်လည်း အလုပ်ထွက်ပြီး ပြန်လာရာ Huayi Brothers ကုမ္ပဏီသို့ ဝင်ရောက်ခွင့် ရရှိသွားသည်။ ဝမ်ကျုံးကျွင်းက လူတွေ့စစ်ဆေးပြီးနောက် အရည်အချင်းရှိသူဟု သတ်မှတ်ကာ ပြန်ကြားရေး ဒုတိယ ညွှန်ကြားရေးမှူး ရာထူးကို ပေးအပ်လိုက်သည်။

...

"မန်နေဂျာဖုန်း... လူကိုယ်တိုင် ကြွရောက်လာတာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ဂုဏ်ယူစရာပါ" ဝမ်ကျုံးကျွင်းသည် ဖုန်းယွီကို တွေ့သောအခါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလေသည်။

အရင်ဘဝတုန်းက တီဗီတွင် မြင်ဖူးသလောက် ဝမ်ကျုံးကျွင်းသည် တည်တည်တံ့တံ့ နေတတ်ပြီး သူ့ညီကသာ အမြဲ ပြုံးရွှင်နေတတ်သူ ဖြစ်သည်။

"အားနာစရာကြီးဗျာ... တကယ်တော့ ကျွန်တော်လည်း ဖျော်ဖြေရေးလုပ်ငန်းကို စိတ်ဝင်စားနေတာ ကြာပါပြီ။ ပြည်မကြီးရဲ့ ဖျော်ဖြေရေး ကဏ္ဍက နည်းနည်း နောက်ကျကျန်နေသေးတယ်။ ခင်ဗျားတို့ ကုမ္ပဏီက မန်နေဂျာဖုန်း ရိုက်တဲ့ ကားတွေပဲ အမြတ်ရနေတာ မဟုတ်လား။ ကျွန်တော် မှတ်မိသလောက် အဲဒီကားတွေကို ကျွန်တော်တို့ ဖုန်းယွီ အီလက်ထရွန်နစ်က မူပိုင်ခွင့်ဝယ်ပြီး ဓာတ်ပြားထုတ်ရောင်းဖူးတယ်"

"ဟုတ်ပါတယ်... အဲဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဂုဏ်ယူစရာတွေထဲက တစ်ခုပါ။ မန်နေဂျာဖုန်း... ကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို ကျွန်တော် ရှင်းပြပါရစေ"

ဖုန်းယွီက ပြုံးကာ လက်ကာပြလိုက်သည်။ "နေပါစေ... မလိုပါဘူး။ ပြောပြလည်း ကျွန်တော် နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ ဒီလောက်အတိုင်းအတာထိ ကြီးထွားလာအောင် လုပ်နိုင်မှတော့ သေချာပေါက် အရည်အချင်း ရှိလို့ပေါ့"

ဖုန်းယွီသည် တကယ်ပင် နားမလည်ခြင်း ဖြစ်သည်။ အရင်ဘဝက ပွဲစားလုပ်ခဲ့သည် ဆိုသော်လည်း ငွေကြေးပွဲစားသာ ဖြစ်ပြီး အနုပညာပွဲစားနှင့် ကွာခြားလှသည်။ အကျိုးအမြတ် ခွဲဝေယူသည်ချင်း တူသော်လည်း စိတ်ပူပန်ရသည့် ကိစ္စများမှာ လုံးဝ မတူညီပေ။

"ဒါဆို ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အခြေအနေကိုရော ရှင်းပြရမလား"

"မလိုပါဘူး... ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီက ဘဏ္ဍာရေး ဝန်ထမ်းတွေ လွှတ်ထားတာပဲ။ ခင်ဗျားတို့ ကျွန်တော့်ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်"

လက်ရှိ ဖုန်းယွီ၏ အနေအထားအရ ဤမျှ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။ Huayi Brothers ကုမ္ပဏီ ကြီးမားသည် ဆိုသော်လည်း ဖုန်းယွီ ဖြိုခွင်းချင်လျှင် လွယ်လွယ်လေးပင်။ အရင်ဘဝတုန်းက နာမည်ကြီး မန်နေဂျာ "မမဟွာ" သည် စာချုပ်ပြည့်သွားသောအခါ နာမည်ကျော် အနုပညာရှင် ၁၈ ဦးကို ခေါ်ဆောင်ပြီး အခြားကုမ္ပဏီသို့ ပြောင်းရွှေ့ကာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ရယူခဲ့သည် မဟုတ်ပါလော။

ဖုန်းယွီကမူ လူဆွဲခေါ်စရာ မလို၊ အထက်လူကြီးများကို ပြောပြီး Huayi Brothers ကုမ္ပဏီကို ပိတ်ပင်လိုက်ရုံဖြင့် ကုမ္ပဏီ ပြိုကွဲသွားနိုင်သည်။ သို့သော် ဖုန်းယွီ ထိုမျှလောက် ယုတ်မာမည် မဟုတ်သလို ထိုနည်းလမ်းမျိုးကို သုံးရန်လည်း စိတ်မဝင်စားပေ။ သူ့ဂုဏ်ပုဒ်နှင့်ဆိုလျှင် တစ်ဖက်လူက လှည့်စားရဲမည် မဟုတ်မှန်း သူသိသည်။

"ဒါဆို မန်နေဂျာဖုန်း ဒီကို လာတာက..." ဝမ်ကျုံးကျွင်း ကြောင်သွားသည်။ ကုမ္ပဏီ အခြေအနေလည်း မမေး၊ စာရင်းလည်း မစစ်ဘဲ ဘာလာလုပ်တာလဲ။ ဖုန်းယွီက အရင်ဘဝက သိချင်စိတ်ကို ဖြည့်ဆည်းရန် လာကြည့်ခြင်းဖြစ်ကြောင်း သူ သိမည်မဟုတ်ပေ။

"ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း လာကြည့်တာပါ။ လိုက်ပြပေးလို့ ရမလား"

"ရတာပေါ့ဗျာ... ဘာကြည့်ချင်လဲ ပြောပါ" ဝမ်ကျုံးကျွင်းက မတ်တတ်ထရပ်ကာ ပြောလိုက်သည်။

"လျှောက်ကြည့်ရုံပါပဲ"

ဖုန်းယွီသည် ဝမ်ကျုံးကျွင်း နောက်မှ လိုက်ပါသွားစဉ် လူတစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ တည်ကြည်ခန့်ညားသော ထိုသူမှာ ချန်တောက်မင် မဟုတ်ပါလား။ သူရိုက်ကူးထားသည့် ဇာတ်ကား အတော်များများကို ဖုန်းယွီ ကြည့်ဖူးသည်။

နောက်တစ်ယောက် လျှောက်လာပြန်သည်။ ပြောင်စက်နေသော ခေါင်းနှင့် ထိုသူမှာ "ဦးလေးကြီးဂယ်" (Ge You) ပင် ဖြစ်လေသည်။

ဖုန်းယွီ၏မျက်နှာကို ကြည့်ပြီး ဝမ်ကျုံးကျွင်းက ကုမ္ပဏီတွင် နာမည်ကြီး အနုပညာရှင် မည်မျှရှိကြောင်း၊ အမြတ်အစွန်း မည်မျှ ရှာပေးနိုင်ကြောင်း ရှင်းပြလေသည်။

"ဥက္ကဋ္ဌဝမ်... အနုပညာရှင်တွေကို အကျိုးအမြတ် ဘယ်လို ခွဲဝေပေးလဲ"

"အဆင့်အလိုက် မတူပါဘူး။ ၅၀-၅၀ ကနေ ၉၀-၁၀ အထိ ရှိပါတယ်"

"တကယ်လို့ အနုပညာရှင်က နာမည်ကြီးလာပြီး အမြတ်ပိုလိုချင်ရင် ဘယ်လိုလုပ်မလဲ"

"စာချုပ်အတိုင်း လုပ်ရမှာပေါ့။ ကုမ္ပဏီက ပိုက်ဆံအကုန်ခံပြီး မွေးထုတ်ပေးထားတာလေ။ ဥပဒေအရလည်း ကျွန်တော်တို့ဘက်က မှန်တာပဲ" ဝမ်ကျုံးကျွင်းက သဘာဝကျစွာ ပြောလိုက်သည်။

ဖုန်းယွီ ခေါင်းခါလိုက်သည်။ "စာချုပ်ဆိုတာ အလျှော့အတင်း ရှိသင့်တယ်။ ခင်ဗျား ဒီလိုတင်းမာနေရင် စာချုပ်ပြည့်တာနဲ့ သူတို့ ထွက်သွားကြလိမ့်မယ်။ ခေါင်းပုံဖြတ်ခံရတယ်လို့ ခံစားနေရမှာကိုး။ စာချုပ် ရှိနေပေမဲ့ အချိန်မတိုင်ခင် ပြင်ဆင်ချုပ်ဆိုပေးပြီး ကုမ္ပဏီရဲ့စေတနာကို ပြသသင့်တယ်။ ဒါမှ သူတို့ မထွက်ပြေးမှာ။ အနုပညာရှင်တွေက ကုမ္ပဏီရဲ့ အကြီးမားဆုံး အရင်းအမြစ်တွေပဲလေ"

"အလျှော့အတင်း ရှိရမယ်ဆိုတာ ဘာကို ပြောတာလဲဗျ"

"အနုပညာရှင် တစ်ယောက်က နာမည်ကြီးတာ တစ်နှစ်လောက်ပဲ ခံမယ်ဆိုရင်တော့ ထားလိုက်ပေါ့။ ဒါပေမဲ့ နှစ်နှစ်ကျော်ကြာအောင် နာမည်ကြီးနေမယ်၊ ရေရှည်သွားမယ့် အလားအလာရှိမယ် ဆိုရင် အမြတ်ခွဲဝေမှု အချိုးအစားကို ပြင်ဆင်ပေးလိုက်။ ဒါဆို စာချုပ်ပြည့်သွားရင်တောင် သူတို့က ဒီကုမ္ပဏီကိုပဲ ဆက်ရွေးချယ်ကြလိမ့်မယ်။ မန်နေဂျာတွေကိုလည်း လစာသေ မပေးဘဲ စွမ်းဆောင်ရည်အလိုက် ပေးသင့်တယ်"

"တကယ်လို့ ထိပ်တန်းမင်းသားမင်းသမီးတွေက ခွဲထွက်ချင်တယ် ဆိုရင်လည်း သူတို့ကို ကိုယ်ပိုင် စတူဒီယို ထောင်ခွင့် ပေးလိုက်ပါ။ ကုမ္ပဏီရဲ့ အရင်းအမြစ်တွေကို ဆက်သုံးခွင့်ပေးပြီး လွတ်လပ်ခွင့် ပိုပေးလိုက်ပေါ့။ အနာဂတ်မှာ ကုမ္ပဏီ ရှယ်ယာဈေးကွက်တင်ရင် သူတို့ကို ရှယ်ယာ ဝယ်ယူခွင့်ပေးပြီး ကုမ္ပဏီကို ကိုယ့်အိမ်လို သဘောထားလာအောင် စည်းရုံးရမယ်"

ဖုန်းယွီ၏ စကားကြောင့် ဝမ်ကျုံးကျွင်း ကြောင်အသွားသည်။ ဒါ အေဂျင်စီ ကုမ္ပဏီ လုပ်နည်း ဟုတ်ရဲ့လား။

...

******

အခန်း (၁၂၁၈) အနုပညာရှင်များ တင်ပို့ခြင်း

ဝမ်ကျုံးကျွင်း၏ အံ့သြမှင်သက်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ဖုန်းယွီသည် အားရပါးရ ရယ်မောလိုက်လေသည်။ ဤအရာများသည် အနာဂတ်တွင် Huayi Brothersကုမ္ပဏီက ကျင့်သုံးမည့် နည်းလမ်းများဖြစ်သော်လည်း ယခုအချိန်တွင်မူ လက်တွေ့အကောင်အထည် မဖော်ရသေးပေ။

ဝမ်ကျုံးကျွင်း၏ ကိုယ်ပိုင်အကြံဉာဏ်များဖြင့် ဝမ်ကျုံးကျွင်းကို ပြန်လည်လမ်းညွှန်ပြသရသည့် ခံစားမှုကား... ပြောမပြတတ်အောင် ထူးကဲလှပေသည်။

ဝမ်ကျုံးကျွင်းသည် သေချာစွာ စဉ်းစားကြည့်လိုက်ရာ မဖြစ်နိုင်စရာ အကြောင်းမရှိဟု တွေ့ရှိလိုက်ရသည်။ သို့သော် ဤနည်းလမ်းအတိုင်း ဆောင်ရွက်ပါက ကုမ္ပဏီစီမံခန့်ခွဲမှုအပိုင်းတွင် အနည်းငယ် ရှုပ်ထွေးသွားနိုင်သည်။ သို့သော် မန်နေဂျာဖုန်း ပြောသကဲ့သို့ပင် အနုပညာရှင် အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မည် ဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး စူပါစတားများကို ထိန်းချုပ်ရာတွင် ပိုမိုထိရောက်ပေလိမ့်မည်။

"ဥက္ကဋ္ဌဝမ်... ကျွန်တော်တို့ ကုမ္ပဏီက အနုပညာရှင်တွေ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာမျိုး ရှိလား။ ပြည်ပဈေးကွက်ကို ပြောတာပါ"

"မန်နေဂျာဖုန်းရယ်... ကျွန်တော့်ကို နာမည်ပဲ ခေါ်ပါဗျာ။ ဥက္ကဋ္ဌဆိုတဲ့ အခေါ်အဝေါ်ကို ကျွန်တော် မခံယူရဲပါဘူး။ ကျွန်တော်တို့ ကုမ္ပဏီက အနုပညာရှင်တွေ ပြည်ပကို တဖြည်းဖြည်း တိုးချဲ့နေပါတယ်။ အဓိကကတော့ အရှေ့တောင်အာရှ ဒေသတွေပါပဲ"

ဖုန်းယွီက သူ့ကို ဥက္ကဋ္ဌဝမ်ဟု ခေါ်ဆိုခြင်းသည် ဝမ်ကျုံးကျွင်းအတွက် နားခါးနေသည်။ ဖုန်းယွီ၏ ရှေ့မှောက်တွင် မည်သူကများ "ဥက္ကဋ္ဌ" ဟူသော ဂုဏ်ပုဒ်ကို ခံယူရဲမည်နည်း။

"ဒါဆိုလည်း ခင်ဗျားကို ကျုံးကျွင်းလို့ပဲ ခေါ်တော့မယ်။ ခင်ဗျားပြောတဲ့ အရှေ့တောင်အာရှ ဆိုတာက အဆိုတော်တွေ သွားဖျော်ဖြေတာ၊ ဒါမှမဟုတ် သရုပ်ဆောင်တွေက ရုပ်ရှင်သွားကြော်ငြာတာမျိုးပဲ ဖြစ်မယ်ထင်တယ်"

"ဟုတ်ပါတယ်... အဲဒီသဘောပါပဲ"

"ဒါနဲ့ မလုံလောက်သေးဘူးဗျ။ သူတို့ကို နိုင်ငံခြားမှာ တကယ့် စူပါစတားတွေ ဖြစ်လာအောင် လုပ်ပေးမယ့် နည်းလမ်းကို ရှာရမယ်။ အကောင်းဆုံး နည်းလမ်းကတော့ နိုင်ငံခြားသားတွေ ကြိုက်မယ့် လက်ရာတွေကို ဖန်တီးပေးဖို့ပဲ"

ဝမ်ကျုံးကျွင်းက ခါးသီးစွာ ပြုံးလိုက်သည်။ "မန်နေဂျာဖုန်း... ပြောရတာတော့ လွယ်ပါတယ်။ လက်တွေ့လုပ်ဖို့က အရမ်းခက်တယ်။ ကျွန်တော်တို့ တရုတ်ယဉ်ကျေးမှုက အာရှမှာ လွှမ်းမိုးမှု ရှိပေမဲ့ အနောက်နိုင်ငံတွေနဲ့ ယှဉ်ရင် ကွာဟချက် ကြီးမားနေတုန်းပဲ။ ကျွန်တော်တို့က ကောင်းတယ်လို့ ထင်တဲ့ ဇာတ်ကားတွေကို သူတို့က နားမှမလည်တာ"

ဖုန်းယွီက ပြုံးလိုက်သည်။ "ဒါဆိုရင် ဇာတ်ညွှန်းကို ရိုးရှင်းအောင် လုပ်လိုက်လေ။ အဓိပ္ပာယ် လေးနက်တာတွေ မရိုက်ဘဲ စီးပွားဖြစ် ဇာတ်ကားတွေ ရိုက်ပေါ့။ ရုပ်ရှင်မှာ ဇာတ်လမ်းက အရေးကြီးတယ် ဆိုပေမဲ့ မြင်ကွင်းရုပ်ထွက်ကလည်း အရေးကြီးတာပဲ။ ဥရောပနဲ့ အမေရိကက ဇာတ်ကားကြီးတွေ ကြည့်လိုက်... ရုပ်ထွက်ကောင်းတာတွေချည်းပဲ။ ကျွန်တော်တို့က ဘာလို့ အဲဒီလို မလုပ်နိုင်ရမှာလဲ။ ဇာတ်လမ်းကို ရိုးရိုးလေးထား၊ တစ်ကိုယ်တော် သူရဲကောင်းဝါဒကို ပုံဖော်... အဲဒါက အနောက်တိုင်း တန်ဖိုးထားမှုနဲ့ ကိုက်ညီတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒါကို လက်ခံကြတာပဲလေ"

အရင်ဘဝတုန်းက ဥရောပနှင့် အမေရိကတွင် ပေါက်ပေါက်ဆုပ်စားရင်း ကြည့်ရသည့် "Popcorn Movies" အများအပြား ရှိခဲ့သည်။ ဇာတ်လမ်းက ဘာမှမဟုတ်သော်လည်း ပရိသတ်က လက်ခံအားပေးကြသည်။ အကြောင်းမှာ ရုပ်ထွက်ကောင်းမွန်ပြီး ကြည့်ရတာ မြိုင်ဆိုင်သောကြောင့် ဖြစ်သည်။ လူအများစု ရုပ်ရှင်ကြည့်သည်မှာ အပန်းဖြေရန်အတွက်သာ ဖြစ်ပြီး ဝေဖန်ရေး မျက်လုံးဖြင့် ကြည့်သူ နည်းပါးလှသည်။

အနုပညာဆန်သော ဇာတ်ကားများသည် ဝင်ငွေကောင်းလေ့ မရှိပေ။ သရုပ်ဆောင် ဘယ်လောက်ကောင်းကောင်း ပရိသတ် မကြိုက်လျှင် ပိုက်ဆံမရပေ။ ဆုရတော့ရော ဘာထူးမှာလဲ၊ အမြတ်မှ မရတာ။

ဈေးကွက်တစ်ခု ဖွံ့ဖြိုးလာခြင်းသည် ဆုရဇာတ်ကားများကြောင့် မဟုတ်ဘဲ ပရိသတ်ကို ဆွဲဆောင်နိုင်သော၊ ရုံဝင်ငွေ ကောင်းသော ဇာတ်ကားများကြောင့်သာ ဖြစ်သည်။ ဟောင်ကောင် ရုပ်ရှင်လောကကို ကြည့်လျှင် သိနိုင်သည်။ နယ်မြေ သေးငယ်သော်လည်း ထိုစဉ်က ရုပ်ရှင်ထုတ်လုပ်မှု ကမ္ဘာ့ဒုတိယ နေရာတွင် ရှိခဲ့ပြီး ထုတ်လုပ်ရေး ကုမ္ပဏီ ရာချီ ရှိခဲ့သည် မဟုတ်ပါလော။

နောက်ပိုင်းတွင် ကုန်ကျစရိတ် လျှော့ချလွန်းပြီး အရည်အသွေး ညံ့ဖျင်းလာသဖြင့် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ "Infernal Affairs" ဇာတ်ကား ထွက်ပေါ်လာမှသာ ဟောင်ကောင် ရုပ်ရှင်ဈေးကွက် ပြန်လည်ဦးမော့လာပြီး ဥရောပနှင့် အမေရိက ရုပ်ရှင်ရုံများသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

"ဇာတ်လမ်း ရိုးရှင်းလွန်းရင် ဇာတ်အိမ်က ပေါ့မသွားဘူးလား" ဝမ်ကျုံးကျွင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ ရိုးရာ သိုင်းကားတွေကို ကြည့်လေ။ ဇာတ်လမ်းက ရိုးရိုးလေးပဲ။ လူဆိုး A က B ကို သတ်လိုက်တယ်။ B ရဲ့ သား C က ပညာသင်ပြီး A ကို ပြန်လက်စားချေတယ်။ ကြားထဲမှာ A ရဲ့ သမီး D နဲ့ C တို့ ချစ်ကြိုက်ရင် ကြိုက်မယ်။ ဒီလိုဇာတ်ကားမျိုးကို လူတိုင်း နားလည်တယ်။ ပရိသတ် ကြည့်ချင်တာက အက်ရှင်ခန်းတွေ၊ တိုက်ခိုက်ခန်းတွေပဲ။ အမေရိကန်တွေက ဦးနှောက် သိပ်မသုံးချင်ကြဘူး။ ကမ္ဘာက အသိအမှတ်ပြုထားတာက အာရှသားတွေရဲ့ IQ က ပျမ်းမျှ အမြင့်ဆုံးပဲလေ"

"ဒါကြောင့် အရင်က သိုင်းကား ပုံစံခွက်တွေကို ပြန်ယူသုံးလို့ ရတယ်။ ဒါပေမဲ့ ရှေးခေတ် ဝတ်စုံတွေ မသုံးဘဲ ခေတ်ပေါ်ပုံစံ၊ ဒါမှမဟုတ် အနာဂတ် ပုံစံမျိုး ပြောင်းရိုက်ရမယ်။ တိုက်ခိုက်ခန်း+အချစ်၊ ပြီးတော့ ဟာသလေး နည်းနည်းနှောလိုက်... ဒါ စီးပွားဖြစ် ဇာတ်ကားတွေရဲ့ အဓိက ပုံစံခွက်ပဲ။ ဘာမှ ခက်ခဲတာ မဟုတ်ဘူး"

"ဒါပေမဲ့ ကျွန်တော်တို့ ရိုက်တဲ့ ကားတွေကို ဥရောပနဲ့ အမေရိက ကုမ္ပဏီတွေက ဝယ်မှမဝယ်တာ"

Huayi Brothers ကုမ္ပဏီသည် ဒီနှစ်ပိုင်းအတွင်း ရုပ်ရှင် တင်ပို့ရန် ကြိုးစားခဲ့သော်လည်း အမေရိကန်တွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး ဥရောပတွင်လည်း မည်သူမျှ စိတ်မဝင်စားခဲ့ပေ။ ဗင်းနစ်၊ ကိန်း ရုပ်ရှင်ပွဲတော်များကို ပို့နေရခြင်းမှာလည်း ရောင်းထွက်လို၍သာ ဖြစ်သည်။

"ခင်ဗျား မရောင်းရတာက လူမှန်နဲ့ မတွေ့လို့ပါ။ တိုက်ဆိုင်ချင်တော့ ဖုန်းယွီ အီလက်ထရွန်နစ်က အမေရိကန် ရုပ်ရှင်ကုမ္ပဏီကြီးတချို့နဲ့ ပူးပေါင်းထားတာ ရှိတယ်။ ခင်ဗျားတို့ ဇာတ်ကားတွေကို ဟိုဘက်ရောက်အောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောတဲ့ အချက်တွေကိုတော့ လိုက်နာရမယ်။ ဇာတ်လမ်း ရိုးရှင်းရမယ်၊ ရုပ်ထွက်ကို ဦးစားပေးရမယ်၊ ဟာသဆိုရင် စကားလုံးနဲ့ မဟုတ်ဘဲ အမူအရာနဲ့ လုပ်တာမျိုး ဖြစ်ရမယ်"

"နောက်တစ်ခုက အမေရိကန်မှာ ကမ္ဘာ့နံပါတ် ၁ လို့ ပြောလို့ရတဲ့ အေဂျင်စီ ကုမ္ပဏီတစ်ခု ရှိတယ်။ 'Creative Artists Agency' (CAA) လို့ ခေါ်တယ်။ ခင်ဗျားတို့ သူတို့နဲ့ ပူးပေါင်းဖို့ ကြိုးစားကြည့်။ သူတို့ကတစ်ဆင့် ကျွန်တော်တို့ အနုပညာရှင်တွေကို အမေရိကန်နဲ့ ကမ္ဘာအနှံ့ ပို့လို့ရသလို၊ သူတို့ရဲ့ အနုပညာရှင်တွေကိုလည်း တရုတ်ဈေးကွက်ထဲ ခေါ်လာလို့ ရတာပေါ့"

တရုတ်နိုင်ငံသည် စီးပွားရေး ပေါက်ကွဲအားကောင်းသော ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ဈေးကွက်လည်း စတင်နိုးထလာပြီ ဖြစ်သည်။ ဤနှစ်ပိုင်းအတွင်း ရုပ်ရှင်များသည် အမြတ်အစွန်း စတင်ရရှိလာကြသည်။ ထို့ပြင် ဖုန်းယွီ အီလက်ထရွန်နစ်က ဓာတ်ပြား မူပိုင်ခွင့်များကို ထိန်းချုပ်ထားပြီး လိုအပ်သော ကာကွယ်မှုများ ပြုလုပ်ထားသဖြင့် ခိုးကူးခွေများ လျော့နည်းသွားသည်။ ရင်းနှီးငွေ နည်းပါးသော ဇာတ်ကားများသည် ဓာတ်ပြားရောင်းရငွေဖြင့်ပင် အရင်းကျေနေပြီ ဖြစ်သည်။

ဥရောပနှင့် အမေရိက ကုမ္ပဏီများသည်လည်း တရုတ်နိုင်ငံကဲ့သို့သော ထွန်းသစ်စ ဈေးကွက်ကို မျက်စိကျနေကြသည်။ တရုတ်လူဦးရေ အများကြီးထဲက ၁ ရာခိုင်နှုန်းလောက် ကြည့်ရင်တောင် ရုံဝင်ငွေ ဘယ်လောက်ရမလဲ တွက်ကြည့်လေ။

"နိုင်ငံခြား အနုပညာရှင်တွေ ခေါ်သွင်းရတာ လွယ်ပေမဲ့ ကျွန်တော်တို့လူတွေကို ပို့ဖို့ကျတော့ မလွယ်လောက်ဘူး ထင်တယ်"

"ဒါကြောင့် လက်ရာကောင်းတွေ ရှိဖို့လိုတယ်လို့ ပြောတာပေါ့။ သီချင်းပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် ဟိုဘက်က လူတွေ ကြိုက်ပြီဆိုရင် နာမည်ရလာမှာပဲ။ ဟောင်ကောင်အဆိုတော်တွေတောင် အဲဒီလို နည်းလမ်းနဲ့ ထိုးဖောက်ခဲ့တာလေ။ သူတို့ဆို ဥရောပနဲ့ အမေရိကမှာ ဖျော်ဖြေပွဲတွေတောင် လုပ်နိုင်ကြတယ်။ တကယ်တမ်းကျတော့ ပရိသတ်တွေက သူတို့ ဘာဆိုနေလဲဆိုတာ နားလည်ကြတာ မဟုတ်ဘူး"

"နောက်တစ်ချက် ရှိသေးတယ်။ မင်းသားမင်းသမီး တော်တော်များများက ကြော်ငြာရိုက်ရင်းနဲ့ ပွဲထွက်လာကြတာ ခင်ဗျား သိတယ်မလား။ ကျွန်တော်တို့လည်း တရုတ် အနုပညာရှင်တွေကို Brand Ambassadorတွေ အနေနဲ့ ဟိုဘက်ကို ပို့လို့ရတယ်။ မျက်မှန်းတန်းမိအောင် အရင်လုပ်၊ ပြီးမှ လက်ရာကောင်းတွေ ထုတ်ပြပေါ့"

တရုတ်နိုင်ငံတွင်သာမက ဥရောပနှင့် အမေရိကတွင်လည်း ကြော်ငြာမော်ဒယ်အဖြစ်မှ သရုပ်ဆောင်အဖြစ် ကူးပြောင်းပြီး အောင်မြင်သူများ ရှိကြသည်။ အချို့ဆိုလျှင် သရုပ်ဆောင်လုပ်တုန်းက သိပ်မဟော့ဘဲ ကြော်ငြာရိုက်မှ နာမည်ကြီးပြီး ဇာတ်ကားတွေ ဆက်တိုက်ရိုက်လာရသူများလည်း ရှိသည်။

"မန်နေဂျာဖုန်း... ကျွန်တော် သဘောပေါက်ပါပြီ။ ပြန်ရောက်တာနဲ့ အသေးစိတ် စီမံချက် ရေးဆွဲလိုက်ပါ့မယ်။ ကျွန်တော်တို့ အနုပညာရှင်တွေကို ဥရောပနဲ့ အမေရိကဆီ ရောက်အောင် ပို့ပေးပါ့မယ်" ဝမ်ကျုံးကျွင်းက အသံကျယ်ကျယ်ဖြင့် ကတိပေးလိုက်သည်။

"အဲဒီလို ဖြစ်ရမှာပေါ့။ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရမယ်။ ကိုယ်တိုင်တောင် မယုံကြည်ရင် ဘယ်လိုလုပ် အောင်မြင်မှာလဲ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ သူတွေဟာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ စိတ်ဆန္ဒ အရင်ဆုံး ရှိခဲ့ကြတယ်။ ရဲရဲသာ လုပ်စမ်းပါ... ခင်ဗျား လုပ်နိုင်မယ်လို့ ကျွန်တော် ယုံတယ်"

******

All Chapters