← Chapters

အခန်း (၁၂၁၉-၁၂၂၀)

Vol. 83 Ch. 1219-1220

အခန်း (၁၂၁၉-၁၂၂၀)

Vol. 83 Ch. 1219-1220

အခန်း (၁၂၁၉) ဇာတ်လမ်းပြောတတ်ရမယ်

လူရွေးပွဲအတွက် ကြော်ငြာထွက်ပေါ်လာပြီးနောက် ဆုကြေး ယွမ် ၁ သန်းနှင့် Oriental Deer ကားတစ်စီး ပေးအပ်မည်ဆိုသော သတင်းသည် မီဒီယာအသီးသီး၏ မျက်နှာဖုံးတွင် နေရာယူသွားတော့သည်။ ပြိုင်ပွဲတစ်ခုတွင် ဤမျှလောက် ဆုကြေးများပေးသည်ကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ဤSuper Talent အစီအစဉ်သည် ထုတ်လွှင့်ခြင်း မရှိသေးခင်မှာပင် နာမည်ကြီးနေပြီ ဖြစ်သည်။

ဖုန်းယွီ အရင်ဘဝ မရောက်ခင်ကာလကဆိုလျှင် ယွမ် ၁ သန်း မပြောနှင့်၊ ယွမ် ၁၀ သန်း ပေးလျှင်တောင် ယခုလောက် အာရုံစိုက်မှု ရချင်မှ ရပေလိမ့်မည်။ ပိုက်ဆံမပေးလျှင် သတင်းစာများက သတင်းမထည့်ပေးဘဲ အတင်းအဖျင်း သတင်းများကိုသာ ဦးစားပေး ဖော်ပြကြသည် မဟုတ်ပါလော။

လူရွေးပွဲများ စတင်ခဲ့ပြီး တစ်လအတွင်း လူရွေးပွဲကျင်းပရာ နယ်မြေ ၈ ခု ခွဲခြားသတ်မှတ်ခဲ့သည်။ နေရာတစ်ခုစီမှ လူ ၁၂ ဦးခန့် ရွေးချယ်ပြီး ထိုသူများကို စတူဒီယိုသို့ ခေါ်ယူကာ အစီအစဉ် ရိုက်ကူးမည် ဖြစ်သည်။ ထို့နောက် စိတ်ဝင်စားစရာ မကောင်းသော၊ ထပ်နေသော အခန်းများကို ဖြတ်တောက်ပြီးမှ ပရိသတ်များ ကြည့်ရှုရမည့် အစီအစဉ်အဖြစ် ထုတ်လွှင့်မည် ဖြစ်သည်။

"နန... လာ၊ ကိုယ် မင်းကို အစီအစဉ်တစ်ခု လိုက်ပြမယ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်"

ဖုန်းယွီသည် လီနကို ခေါ်ဆောင်ပြီး ပေကျင်း ရုပ်သံလိုင်း၏ စတူဒီယို တစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာသည် အစီအစဉ် ရိုက်ကူးမည့်နေရာလည်း ဖြစ်သည်။ စတူဒီယိုသည် မသေးငယ်လှဘဲ ပရိသတ် ၅၀၀ ခန့် ဝင်ဆံ့သည်။ စင်မြင့်ကြီးမားပြီး အနောက်ဘက်တွင် ကြီးမားသော ဖန်သားပြင်ကြီး တစ်ခု ရှိသည်။ စင်မြင့်အပေါ်တွင် ကြက်ခြေခတ်ပုံသဏ္ဌာန် မီးလုံးကြီး ၃ လုံး တပ်ဆင်ထားသည်။ လူတိုင်းက ထိုအရာကို စူးစမ်းနေကြသည်။ မည်သည့်နေရာတွင်မှ ဤကဲ့သို့သော မီးလုံးမျိုး မတွေ့ဖူးကြပေ။

"ဟိုတစ်ယောက်က ကောဖူချန်မလား" လီနက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"ဟုတ်တယ်... သူပဲ။ မင်း သူ့သီချင်းဆိုတာ၊ ကတာ ကြိုက်ရင် ဒီနှစ် မေလ ၁ ရက်နေ့ကျရင် သူ့ကို ဖျော်ဖြေခိုင်းလိုက်မယ်"

"ကောင်းတာပေါ့... သူက အာရှအကဘုရင်ပဲဟာ"

ဖုန်းယွီ ပြုံးပြီး ခေါင်းခါလိုက်မိသည်။ နှစ်တိုင်းလိုလို "အာရှအကဘုရင်" ဘွဲ့ခံယူထားသူများ ပေါ်ထွက်နေစမြဲ။ ပရော်ဖက်ရှင်နယ် အကသမားများကို ထည့်မတွက်ဘဲ အဆိုတော် သရုပ်ဆောင်များထဲမှ အကဘုရင်ဟု ကြွေးကြော်ထားသူ ၁၀ ဦးလောက်ကို ဖုန်းယွီ သိသည်။ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ် စသည်ဖြင့် နေရာစုံမှ ဖြစ်ကြသည်။

သူတို့က ယှဉ်ပြိုင်ရမှာကို မကြောက်ကြ။ ယှဉ်လေ ပိုနာမည်ကြီးလေ မဟုတ်ပါလော။

"စတူဒီယိုထဲက ပရိသတ်ကြီးနဲ့ တီဗီ၊ ကွန်ပျူတာ ရှေ့က ပရိသတ်ကြီးခင်ဗျား... ခင်ဗျားတို့ ကြည့်ရှုနေတာကတော့ Songjiang မော်တော်ကား ကုမ္ပဏီက တင်ဆက်တဲ့ 'Songjiang - စူပါပါရမီရှင်များ' အစီအစဉ် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အစီအစဉ် တင်ဆက်သူ မာရှီးပါ။ အားလုံးကို ကြိုဆိုပါတယ်"

အစီအစဉ် စတင်သည်နှင့် ပရိသတ်များ၏လက်ခုပ်သံများ ဆူညံသွားသည်။ ပွဲကြည့်လက်မှတ်များကို ရောင်းချထားခြင်းဖြစ်ပြီး ဈေးနှုန်း မမြင့်မားသော်လည်း ရုပ်ရှင်လက်မှတ်ထက်တော့ ဈေးကြီးသည်။ လက်မှတ်ရောင်းရငွေသည် အစီအစဉ်အတွက် ရန်ပုံငွေ တစ်စိတ်တစ်ဒေသ ဖြစ်စေသည်။

မာရှီး၏ နောက်ကျောဘက် ဖန်သားပြင်ကြီးပေါ်တွင် Songjiang အမှတ်တံဆိပ်ကြီး ပေါ်နေသည်။ အရေးအကြီးဆုံးမှာ စင်မြင့်၏ ဘေးတစ်ဖက်တွင် Oriental Deer စာတန်းထိုးထားသော ကားသစ်တစ်စီး ရပ်ထားခြင်းပင်။

"ဒိုင်လူကြီး သုံးဦးကို ဖိတ်ခေါ်လိုက်ရအောင်ဗျာ။ ပထမဆုံး တစ်ယောက်ကတော့ နိုင်ငံတော်အဆင့် ပြဇာတ်မင်းသားကြီး၊ အမျိုးသမီးတွေရဲ့ အိပ်မက်ချစ်သူ... ကျူးစစ်မောက်"

"ဒုတိယ တစ်ယောက်ကတော့ တရုတ်ဂီတလောကရဲ့ နာမည်အကြီးဆုံး အမျိုးသမီး အဆိုတော်၊ နိုင်ငံနဲ့ ဒေသပေါင်း ဒါဇင်နဲ့ချီပြီး ဓာတ်ပြားဖြန့်ချိနိုင်ခဲ့သူ၊ ဂန္ထဝင်သီချင်းများစွာ ပိုင်ဆိုင်ထားသူ... နာ…ယင်း"

"တတိယ တစ်ယောက်ကတော့ အာရှအကဘုရင်၊ ဟောင်ကောင် နတ်မင်းကြီး ၄ ပါးထဲက တစ်ပါးဖြစ်သူ... ကော….ဖူချန်"

ဒိုင်လူကြီး ၃ဦး ထွက်ပေါ်လာသောအခါ ပရိသတ်များ အော်ဟစ်အားပေးကြသည်။ ပရိသတ်ထဲတွင် အစီအစဉ်မှ ထည့်သွင်းထားသော အားပေးသူများပါဝင်ပြီး သူတို့က လိုအပ်သလို လှုံ့ဆော်ပေးကြသည်။

နာမည်ကြီးပြီးသား အစီအစဉ်တစ်ခုဆိုလျှင် ဤသို့ လုပ်စရာမလိုသော်လည်း အစီအစဉ်သစ် ဖြစ်နေသဖြင့် အမှားအယွင်း မခံနိုင်ပေ။ ပရိသတ် အားပေးသံ တိတ်ဆိတ်သွားလျှင် အနေခက်သွားမည် မဟုတ်ပါလော။

"'Songjiang - စူပါပါရမီရှင်များ' အစီအစဉ်ကို ဖုန်းယွီ အီလက်ထရွန်နစ်က စပွန်ဆာပေးထားပါတယ်။ ဖုန်းယွီ - နည်းပညာဖြင့် ဘဝကို ပြောင်းလဲခြင်း။ လီဟဟအုပ်စုက ပူးပေါင်းကူညီထားပါတယ်။ လီဟဟ - ကမ္ဘာ့အဖျော်ယမကာ လုပ်ငန်း ခေါင်းဆောင်။ ကျန်းလိပေါင် အုပ်စုကလည်း ပူးပေါင်းကူညီထားပါတယ်။ ကျန်းလိပေါင် - အရှေ့တိုင်းမှ မှော်ရေစင်။ ဒီအစီအစဉ်ကို..."

ကြော်ငြာစာသားများ တရစပ် ရွတ်ဆိုနေသဖြင့် ပရိသတ်များ ငြီးငွေ့စပြုလာသည်။ သို့သော် ဟာသပညာရှင်ကြီး၏ သားဖြစ်သူ မာရှီးက "ကျွန်တော် သတိထားမိတာ တစ်ခုရှိတယ်။ ကျွန်တော်က တင်ဆက်သူ ဆိုပေမဲ့ ကြော်ငြာစာရွက် ဖတ်ပြရတဲ့သူ သက်သက် ဖြစ်နေပါရောလား" ဟု နောက်လိုက်သည်။

ပရိသတ်များ သဘောကျပြီး ရယ်မောကြသည်။ ဒိုင်လူကြီး ၃ ဦးပင် ပြုံးမိသွားသည်။

မာရှီးက ပြိုင်ပွဲစည်းကမ်းများကို ရှင်းပြလိုက်မှ စင်မြင့်ထက်က ကြက်ခြေခတ် မီးလုံးကြီးများ၏ အလုပ်လုပ်ပုံကို ပရိသတ်များ နားလည်သွားကြသည်။ ဒိုင်လူကြီးများ သဘောကျလျှင် မီးစိမ်းပြမည်၊ သဘောမကျလျှင် မီးနီပြမည် ဆိုသည့် စည်းကမ်းသည် ပရိသတ်များအတွက် ဆန်းသစ်နေသည်။

ပထမဆုံး ပြိုင်ပွဲဝင် စင်ပေါ်တက်လာသောအခါ ပရိသတ်များ ပွက်လောရိုက်သွားသည်။ ဒီလူက ဘယ်လိုကြည့်ကြည့် တောသားကြီး ဖြစ်နေသည် မဟုတ်ပါလော။ ရုပ်ကလည်း တောဆန်လွန်းသည်။ ဒီလိုလူမျိုးက တီဗီအစီအစဉ်မှာ ပါလို့ရသလား။

"ဒိုင်လူကြီးမင်းများနဲ့ ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ" အရှေ့မြောက်ဒေသ လေသံဝဲဝဲဖြင့် နှုတ်ဆက်လိုက်ရာ လူတိုင်း ရယ်ချင်သွားကြသည်။ ဒီအစီအစဉ်တော့ ကြည့်ကောင်းမှာ မဟုတ်တော့ဘူးဟု ထင်မြင်မိကြသည်။

ထိုသူသည် သူ့ကိုယ်သူ မိတ်ဆက်ပြီးနောက် စင်မြင့်ဘေးဘက်သို့ ခေါင်းညိတ်ပြလိုက်ရာ ဂီတသံစဉ် ထွက်ပေါ်လာသည်။

"... လာပါ... လာပါ... ၉၈ မှာ ဆုံကြမယ်... လာပါ... လာပါ... ၁၉၉၈ မှာ ဆုံကြမယ်... ဆုံကြမယ်..."

သီချင်းသံ ထွက်ပေါ်လာသည်နှင့် လူတိုင်း မှင်သက်သွားကြသည်။ တောသားကြီး ရုပ်ပေါက်နေသော ထိုအမျိုးသား၏ အသံသည် အဘယ်ကြောင့် ဤမျှ နူးညံ့သိမ်မွေ့နေရသနည်း။

နာယင်းဆိုလျှင် ပို၍အံ့သြသွားသည်။ ဒီအသံက သူနဲ့ ဒီသီချင်းကို တွဲဖက်သီဆိုခဲ့သော ဝမ်ကျင်းဝမ်၏ အသံနှင့် တူလွန်းနေသည် မဟုတ်ပါလော။

သီချင်းဆုံးသွားသောအခါ တစ်ခဲနက်သော လက်ခုပ်သံများ ထွက်ပေါ်လာသည်။ ဒီတစ်ခါတော့ အားပေးသူများလှုံ့ဆော်စရာပင် မလိုလိုက်ပေ။

လီနလည်း စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း ဖုန်းယွီနားကပ်ပြီး အော်ပြောလိုက်သည်။ "သူဆိုတာ အရမ်းကောင်းတာပဲ။ ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းနေရတာလဲ"

ဖုန်းယွီ ပြုံးစစဖြင့် ဘာမှပြန်မပြောပေ။ ဤလူကို ဖွင့်ပွဲအနေဖြင့် ရွေးချယ်ခြင်းမှာ ဖုန်းယွီ၏အကြံဉာဏ် ဖြစ်သည်။ ရုပ်ရည်နှင့် အသံ ကွာခြားလွန်းခြင်းကို ပြသပြီး ပရိသတ်ကို ဆွဲဆောင်ရန်၊ လိုင်းပြောင်းမသွားစေရန် ရည်ရွယ်သည်။

"ရှင် ဘယ်လိုလုပ်ပြီး ဒီလောက် ကောင်းကောင်း ဆိုနိုင်ရတာလဲ။ သီချင်းဆို သင်တန်းတွေ တက်ဖူးလား" နာယင်းက ပထမဆုံး မေးလိုက်သည်။

"ကျွန်တော်က တောင်သူလယ်သမား တစ်ယောက်ပါ။ အိမ်မှာ လယ်လုပ်ပါတယ်။ သီချင်းဆိုတာ မသင်ဖူးပါဘူး။ အိမ်က ဆင်းရဲတော့ သင်တန်းတက်ဖို့ ပိုက်ဆံမရှိပါဘူး။ အလယ်တန်းပြီးတာနဲ့ ကျောင်းထွက်ပြီး လယ်လုပ်ရတာပါ။ သီချင်းဆိုတာ ဝါသနာပါလို့ နာယင်းတို့၊ ဝမ်ကျင်းဝမ်တို့ သီချင်းတွေ နားထောင်ပြီး လိုက်ဆိုတာပါ။ ဩော်... ဆရာကောဖူချန် သီချင်းတွေလည်း နားထောင်ပါတယ်"

ကောဖူချန်က ဟောင်ကောင်သံဝဲဝဲဖြင့် ပြောလိုက်သည်။ "မင်း အသံက ငါ့သီချင်းတွေနဲ့တော့ မလိုက်ဘူးကွ"

"ကျွန်တော်က ကတာ မတတ်လို့ပါ"

ပရိသတ်များ တဝါးဝါး ရယ်မောကြသည်။ တောသားကြီးဟု ထင်ရသော ထိုသူသည် ဟာသဉာဏ် ရွှင်သည်ကို တွေ့လိုက်ရသည်။

"တခြား ဘာသီချင်းတွေ ဆိုတတ်သေးလဲ" နာယင်းက မေးလိုက်သည်။

"နာယင်း သီချင်းတွေ အကုန်ရပါတယ်။ ဟိုတုန်းက ပိုက်ဆံစုပြီး Aiwa ကက်ဆက်လေး တစ်လုံး ဝယ်ဖူးတယ်။ အဲဒီတုန်းက အဖေသိသွားပြီး ကျွန်တော့်ကို ရိုက်တာ မှတ်မိနေတုန်းပဲ။ အိမ်က ဆင်းရဲတော့ ကက်ဆက်တစ်လုံးဖိုးက ဂျုံမှုန့် အများကြီး ဝယ်လို့ရတာကိုး..."

သူ၏ ဇာတ်လမ်းက ပရိသတ် အများအပြားကို ထိရှသွားစေသည်။ နာယင်းတို့လည်း စိတ်မကောင်း ဖြစ်သွားကြသည်။

ဒိုင်လူကြီး ၃ ဦးစလုံး တညီတညွတ်တည်း မီးစိမ်းပြလိုက်ကြသည်။

လီနက ဖုန်းယွီကို မကျေမနပ် ကြည့်လိုက်သည်။ "သူ့ဘဝက သနားစရာလေး... ဒီလောက် ကြိုးစားရှာတာကို ရှင်က ဘာလို့ ပြုံးစိစိ လုပ်နေရတာလဲ"

"ငါက သူ့အတွက် ဝမ်းသာလို့ပါ" ဖုန်းယွီက ဖြစ်ကတတ်ဆန်း ပြန်ဖြေလိုက်သည်။

တကယ်တမ်းကျတော့ ဒီလူ့ဘဝက သနားစရာ ကောင်းသည်ဟု ထင်ရသော်လည်း သူ မပြောပြသော အချက်များ ရှိနေသည်။ ယခုအချိန်တွင် သူ့အိမ်၌ ရိတ်သိမ်းစက်၊ ထွန်စက် အပါအဝင် စက်ယန္တရား အများအပြား ပိုင်ဆိုင်ထားပြီး လယ်ဧက အများအပြားကို ကန်ထရိုက်ယူ လုပ်ကိုင်နေသူ ဖြစ်သည်။ တစ်နှစ် ဝင်ငွေ ယွမ် ၂ သိန်း၊ ၃ သိန်းလောက် သက်တောင့်သက်သာ ရရှိနေသူ ဖြစ်သည်။ သာမန် လစာစား ဝန်ထမ်းများထက် ပိုချမ်းသာသည်။ တစ်နှစ်လုံးမှ ၆ လလောက်ပဲ အလုပ်လုပ်ရသူ ဖြစ်သည်။

အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ ဒါ ဖုန်းယွီ သင်ပေးထားခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်တိုင်း ဒိုင်လူကြီးများ မေးမြန်းသည့်အခါ မိမိဘဝ၏ ခက်ခဲကြမ်းတမ်းမှု ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြရမည်။ ဒါပေမဲ့ လိမ်လို့တော့ မရဘူး။ ဒီပြိုင်ပွဲဝင် လာလျှောက်တုန်းက စမတ်ကျကျ ဝတ်စားပြီး လာခဲ့သည်ဟု ကြားသည်။ အခုလို တောသားကြီးပုံစံ မဟုတ်ပေ။

ဒါပေမဲ့ ဒီကောင်လေးက ဉာဏ်ကောင်းသည်။ သူ့မျက်နှာရိုးရိုးအေးအေးလေးနှင့် ဇာတ်လမ်းပြောပြလိုက်ရာ ပရိသတ်များ သူ့ဘက် ပါသွားကြတော့သည်။

ပထမဆုံး ပစ်မှတ်ကို ထိမှန်သွားပြီ ဖြစ်သည်။

******

အခန်း (၁၂၂၀) ကြည့်ရှုသူ စံချိန်တင်ခြင်း

နောက်ထပ် အစီအစဉ်များသည်လည်း တစ်ခုထက်တစ်ခု ပိုမိုကောင်းမွန်ပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။ သို့သော် ပြိုင်ပွဲဝင်တစ်ဦးကမူ ပြုတ်သွားခဲ့သည်။ အကြောင်းမှာ သူသည်လည်း ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့သော်လည်း ဟာကွက်များ များပြားလွန်းသဖြင့် အတွေ့အကြုံရင့်သော ဒိုင်လူကြီး ကျူးစစ်မောက်က ချက်ချင်း ထောက်ပြလိုက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဒိုင်လူကြီး ၃ ဦးစလုံးက သူ့အား အမှတ်မပေးဘဲ ထားလိုက်ကြသည်။

ထိုသို့ ပြုတ်သွားသည့်တိုင် ပရိသတ်များက လက်ခုပ်တီးအားပေးခဲ့ကြသည်။ ဒိုင်လူကြီးများ လုပ်တာမှန်တယ်၊ ဒီလူက လူလိမ်ပဲ၊ ပရိသတ်ကို လာလိမ်တာကိုးဟု မှတ်ချက်ပေးကြသည်။

ပထမဆုံး အစီအစဉ် ရိုက်ကူးမှု ပြီးဆုံး၍ ပရိသတ်များ ပြန်လည်ထွက်ခွာကြချိန်တွင် လူတိုင်းက ယနေ့အစီအစဉ် အကြောင်းကိုသာ ပြောဆိုနေကြသည်။ အစီအစဉ် အရမ်းကောင်းကြောင်း၊ နောက်တစ်ပတ် အချိန်ရရင် လာကြည့်ဦးမည်ဖြစ်ကြောင်း ပြောဆိုကြသော်လည်း လက်မှတ်ရနိုင်ပါ့မလားဟု စိုးရိမ်နေကြသည်။

အချို့ကလည်း ကွင်းကျဉ်းလွန်းကြောင်း၊ လက်မှတ် ၅၀၀ တောင် မရောင်းရကြောင်း၊ နွေဦးပွဲတော် စင်မြင့်ကြီးလို လုပ်လိုက်ရင် ဘယ်လောက်ကောင်းမလဲဟု ညည်းတွားကြသည်။

ဖုန်းယွီ လီနကို အိမ်ပြန်ပို့ပေးရာ လမ်းတစ်လျှောက်လုံးတွင် လီနသည် အစီအစဉ် ကောင်းမွန်ကြောင်း၊ ဟိုပြိုင်ပွဲဝင်က ဘယ်လောက်သနားဖို့ ကောင်းကြောင်း၊ ဒီပြိုင်ပွဲဝင်က ဘယ်လောက် ခက်ခဲကြမ်းတမ်းခဲ့ကြောင်း ပြောမဆုံး ဖြစ်နေသည်။

ထို့နောက် လီနက ဒီအစီအစဉ်ကို ဖုန်းယွီ ဖန်တီးထားတာ မဟုတ်လား၊ ဒီလူတွေက တကယ်ပဲ လူရွေးပွဲကနေ တက်လာတာ ဟုတ်ရဲ့လားဟု မေးလာသည်။

ဖုန်းယွီ ပြုံးလိုက်သည်။ " Season 1 မှာတော့ အကုန်လုံး လူရွေးပွဲကနေ တက်လာတာ အမှန်ပဲ။ ဒါပေမဲ့ နောက်ပိုင်းကျရင်တော့ မသေချာတော့ဘူး။ ပြီးတော့ စင်ပေါ်မှာ သူတို့ ပြောပြတဲ့ ဇာတ်လမ်းတွေကို ပုံပြင်တစ်ပုဒ်လိုပဲ နားထောင်လိုက်ပါ။ အလိမ်အညာ မဟုတ်ပေမဲ့ အမှန်တရား တချို့ကိုတော့ ဖုံးကွယ်ထားတာပေါ့"

"ဒါဆို ရှင်တို့ အစီအစဉ်မှာ နောက်ကွယ်က ကြိုးကိုင်တာမျိုးတွေ ရှိလား" လီနက ဖုန်းယွီကို အကဲခတ်သည့် အကြည့်ဖြင့် မေးလိုက်သည်။

"အရန်အစီအစဉ်တွေတော့ ပြင်ဆင်ထားတာပေါ့။ ဒါပေမဲ့ သုံးစရာ မလိုသေးဘူး။ တည်းဖြတ်တဲ့နေရာမှာတော့ နည်းနည်း မျက်နှာလိုက်တာမျိုး ရှိချင်ရှိမယ်။ ပရိသတ် အားပေးမှုများတဲ့သူကို မြင်ကွင်းပိုပေးမယ်။ အားပေးမှုနည်းတဲ့သူကို ဖြတ်ပစ်လိုက်မယ်။ ဒါပေမဲ့ ချန်ပီယံ ဖြစ်မယ့်သူကို ကြိုတင်သတ်မှတ်ထားတာမျိုးတော့ မရှိဘူး။ နောက်ဆုံး ဘယ်သူနိုင်မလဲ ဆိုတာက ပရိသတ်ရဲ့ မဲပေးမှုအပေါ်မှာပဲ မူတည်တယ်"

"ပရိသတ် မဲပေးမှု ဟုတ်လား။ ဘာကို ပြောတာလဲဟင်"

"ဆက်ကြည့်ရင် သိလာမှာပေါ့။ အခု ကြိုပြောလိုက်ရင် ဘယ်ကောင်းတော့မလဲ။ မျက်လှည့်ပြသလိုပေါ့... ဘယ်လိုလုပ်လိုက်တယ်ဆိုတာ သိသွားရင် အံ့သြစရာ ကောင်းပါဦးမလား"

"ကောင်းပါပြီ... နောက်တစ်ပိုင်း ဘယ်တော့ ရိုက်မလဲ" လီန စိတ်ဝင်စားနေဆဲ ဖြစ်သည်။

"သဘက်ခါ ရိုက်မယ်။ ကြည့်ချင်သေးလို့လား။ ဒါဆို နေရာချန်ခိုင်းထားလိုက်မယ်"

...

တစ်ပတ်ကြာသောအခါ Super Talent အစီအစဉ်ကို CCTV-2 ၏ စနေနေ့ ညပိုင်းရွှေချိန်(၈နာရီမှ ၁၀နာရီ) တွင် ထုတ်လွှင့်ပြသခဲ့သည်။ ပြီးခဲ့သော တစ်ပတ်လုံး CCTV ၏ အခြားသော အစီအစဉ်များတွင်လည်း ကြော်ငြာထားခဲ့ပြီး ဖြစ်သည်။

ပရိသတ် အများအပြားသည် တီဗီရှေ့တွင် စောင့်ဆိုင်းနေကြသည်။ အချို့မှာ ဒိုင်လူကြီး ၃ ဦးကို ကြည့်ချင်၍ စောင့်နေကြခြင်း ဖြစ်သည်။

အချို့မှာမူ စတူဒီယိုသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှုဖူးသော မိတ်ဆွေများ၏ ညွှန်းဆိုမှုကြောင့် စောင့်ကြည့်ကြခြင်း ဖြစ်သည်။

သို့သော် လူအများစုမှာမူ မိုဘိုင်းဖုန်း SMS မှတစ်ဆင့် "စနေနေ့ည ၈ နာရီ ၁၀ မိနစ်တွင် CCTV-2 ၌ ထုတ်လွှင့်မည့် Songjiang - စူပါပါရမီရှင်များ အစီအစဉ်ကို စောင့်မျှော်ကြည့်ရှုပါ" ဟူသော သတင်းစကားကို လက်ခံရရှိထားကြသူများ ဖြစ်သည်။

တီဗီအစီအစဉ် တစ်ခုအတွက် SMS ဖြင့် ကြော်ငြာခြင်းသည် တရုတ်နိုင်ငံ သမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

လူတိုင်း ဆန်းသစ်နေကြသည်။ ဒီအစီအစဉ် တကယ်ကောင်းမလားဟု စူးစမ်းချင်ကြသည်။ ဆုကြေးကလည်း မြင့်မားသလို ဟောင်ကောင် နတ်မင်းကြီး ကောဖူချန်လည်း ပါဝင်မည်ဆိုသဖြင့် ပို၍ စိတ်ဝင်စားနေကြသည်။

အစီအစဉ် စတင်ပြီး ပထမဆုံး ပြိုင်ပွဲဝင် ထွက်လာသောအခါ လူတိုင်း အံ့သြသွားကြသည်။

လယ်သမားရုပ်ပေါက်နေသော ဒီလူက ဒီလောက် ကောင်းကောင်း သီချင်းဆိုနိုင်တယ် ဟုတ်လား။ ပြီးတော့ အသံကလည်း မိန်းကလေးအသံ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ့ဘဝဇာတ်ကြောင်းကို နားထောင်ပြီးနောက် လူအများစုက သူ့ကို သဘောကျသွားကြသည်။

ဒိုင်လူကြီး ၃ ဦး၏ အမြင်မတူဘဲ ငြင်းခုံကြသည်များကလည်း ကြည့်ကောင်းစေသည်။ ကောဖူချန်၏ မပီကလာ တရုတ်စကားသံကလည်း လူတွေကို ရယ်မောစေသည်။

ပထမဆုံးအပိုင်း ထုတ်လွှင့်ပြီးသွားသောအခါ အင်တာနက်တွင် ပွက်လောရိုက်သွားသည်။ CCTV က ဤကဲ့သို့ ဆန်းသစ်ပြီး ကောင်းမွန်သော အစီအစဉ်မျိုး ထုတ်လွှင့်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ကြပေ။

Sina Blog, Sohu Forum နှင့် Baidu မှ အသစ်လွှင့်တင်လိုက်သော Post Barများတွင် ဤအစီအစဉ်အကြောင်း ဆွေးနွေးမှုများ ပြည့်နှက်နေသည်။ မကြည့်လိုက်ရသူများကမူ နောင်တရနေကြသည်။

"ငါ ပြောပြမယ်... စူပါပါရမီရှင်များ အစီအစဉ်က သိပ်ကောင်းတာ။ အဲဒီထဲက တောသားကြီးလေ... သီချင်းဆိုတာ အရမ်းကောင်းပဲ"

"မဟုတ်ဘူး... မျိုးရိုးစဉ်ဆက် သိုင်းကစားတဲ့ တစ်ယောက်က ပိုမိုက်တယ်။ သူက တစ်ခါမှ စင်ပေါ်မတက်ဖူးဘူးတဲ့။ ကတာ သိပ်ကောင်းတာပဲ"

"မဟုတ်ပါဘူး... ခြေထောက်ကျိုးသွားတဲ့ အကသမားက ပိုတော်တာပါ"

"တော်ကြပါတော့... ဟို ကောင်လေးတစ်ယောက်က ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ လိမ်ပြောတာ ဒိုင်လူကြီး ကျူးစစ်မောက်က တန်းမိသွားတာလေ။ အစကတော့ မဆိုးပါဘူး။ နောက်ဆုံးကျမှ ကြက်ခြေခတ် ၃ ခုနဲ့ နှုတ်ဆက်လိုက်ရတယ်... ဟားဟား"

တီဗီအစီအစဉ် တစ်ခုသည် ပထမဆုံးအကြိမ်အဖြစ် ရေပန်းစားသော ခေါင်းစဉ်ဖြစ်လာခဲ့သည်။ ဝက်ဘ်ဆိုက်များ၏ ကြော်ငြာအားကြောင့်လည်း ပါဝင်သလို လူတိုင်း နှစ်သက်သဘောကျကြသည်ကလည်း အဓိက အကြောင်းရင်း ဖြစ်သည်။

ဒီအစီအစဉ် နာမည်ကြီးလာသည့်နှုန်းက မြန်လွန်းသဖြင့် လူအများ အံ့သြနေကြသော်လည်း ဖုန်းယွီကမူ မျှော်လင့်ထားပြီးသား ဖြစ်သည်။

အင်တာနက်ပေါ်တွင် ချီးကျူးသံများ လွှမ်းမိုးနေသော်လည်း ဝေဖန်သံအချို့လည်း ရှိနေသည်။

"CCTV က ဘယ်လိုလုပ်လိုက်တာလဲ။ ဒီလောက်ကောင်းတဲ့ အစီအစဉ်ကို ပြန်မလွှင့်ဘူး တဲ့လား။ ထားပါတော့... CCTV မှာ အစီအစဉ်တွေ များလွန်းလို့ အချိန်မရဘူးပဲ ထား။ ဒါပေမဲ့ ငါ ပြန်ကြည့်ချင်သေးတယ်လေ"

"ဟုတ်တယ်... အရင်က တခြားအစီအစဉ်တွေဆို တစ်ပတ်ကို ၃ ခါလောက် ပြန်လွှင့်တာ။ ဒီလောက်ကောင်းတဲ့ အစီအစဉ်ကျတော့ တစ်ခါမှ ပြန်မလွှင့်ဘူး။ CCTV လူကြီးတွေ ဦးနှောက် ပျက်နေလား"

"ဒီအစီအစဉ်ကို CCTV က ရိုက်တာ မဟုတ်ဘူးလို့ ကြားတယ်။ ငါ့ယောက်ဖက ပေကျင်း ရုပ်သံလိုင်းမှာ လုပ်တာလေ။ သူက ဒီအစီအစဉ်ကို ပေကျင်း ရုပ်သံလိုင်းရဲ့ စတူဒီယိုမှာ ရိုက်တာလို့ ပြောတယ်"

"ဘာ... CCTV က မရိုက်ဘူး ဟုတ်လား။ မင်းကလည်း နောက်နေပြန်ပြီ။ CCTV လောက် အင်အားကြီးတဲ့ ဌာနက သူများရိုက်တာကို ယူပြပါ့မလား"

"တကယ် ဖြစ်လောက်တယ်။ အစီအစဉ် ပြီးခါနီး စာတန်းထိုးတာ ကြည့်လိုက်တော့ ထုတ်လုပ်သူနေရာမှာ CCTV မပါဘူး"

အင်တာနက် အသုံးပြုသူများအကြား ငြင်းခုံမှုများ ဖြစ်ပွားကုန်သည်။ သို့သော် လူအများစုက ထိုထုတ်လုပ်ရေး ကုမ္ပဏီသည် CCTV ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုခု ဖြစ်လိမ့်မည်ဟု ယူဆကြသည်။

အဓိကကတော့ ပြန်လွှင့်မလွှင့် ဆိုတာကိုပဲ စိတ်ဝင်စားနေကြသည်။ တစ်ခါတည်းနဲ့ အားမရကြ။

ဆွေးနွေးငြင်းခုံနေကြစဉ်တွင် ကြည့်ဖူးသူ တစ်ယောက်က ဝင်ပြောလိုက်သည်။ "အစီအစဉ်ထဲမှာ ပြောသွားတယ်လေ... Sohu Channel မှာ ပြန်ကြည့်လို့ ရတယ်တဲ့"

ထိုအခါမှ လူအများစု သတိထားမိသွားကြသည်။ Sohu ဝက်ဘ်ဆိုက်တွင် ဒီအစီအစဉ် ရှိနေပါလား။ တချို့ကျတော့လည်း Sohu မှာ Channel ဆိုတာ ဘယ်တုန်းက ပါလာတာလဲဟု စူးစမ်းကြသည်။

လူအများအပြား Sohu Channel သို့ ဝင်ရောက်ပြီး ဒေါင်းလုဒ်ဆွဲကြသည်။ အင်တာနက်လိုင်းကောင်းသူများက တိုက်ရိုက်ကြည့်ရှုကြသည်။ တိုက်ရိုက်ကြည့်လျှင် ရုပ်ထွက် သိပ်မကြည်ဘဲ ဒေါင်းလုဒ်ဆွဲကြည့်မှ ပိုကြည်သည်ကို တွေ့ရှိသွားကြသည်။

...

နောက်တစ်နေ့တွင် ဌာနမှူးကျာသည် မနေ့က ရရှိခဲ့သော ကြည့်ရှုသူနှုန်းစာရင်းကို ကြည့်လိုက်သည်။ နံပါတ် ၁ ကတော့ ပုံမှန်အတိုင်း Xinwen Lianbo ပင် ဖြစ်သည်။ ဒါက ထူးဆန်းသည် မဟုတ်။ သို့သော် နံပါတ် ၂ နေရာတွင် "စူပါပါရမီရှင်များ" အစီအစဉ်က ရပ်တည်နေသည်။ တစ်ချိန်တည်း ထုတ်လွှင့်သော အစီအစဉ်များတွင် နံပါတ် ၁ ဖြစ်သည်။

ဖျော်ဖြေရေး အစီအစဉ်သစ်တစ်ခုသည် ပထမဆုံး အပိုင်းမှာတင် ကြည့်ရှုသူနှုန်း အမြင့်ဆုံး ရရှိခဲ့သည်မှာ ယခင်က စိတ်ကူးပင် မယဉ်ဖူးသော ကိစ္စဖြစ်သည်။

ဌာနမှူးကျာ ဝမ်းသာအားရ ဖြစ်သွားသည်။ Sohu နှင့် ပူးပေါင်းလိုက်ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်။

နောက်ထပ် လာမည့် အစီအစဉ်အတွက် သူ ပိုပြီး မျှော်လင့်မိတော့သည်။

******

All Chapters