← Chapters

အခန်း (၁၂၂၁-၁၂၂၂)

Vol. 83 Ch. 1221-1222

အခန်း (၁၂၂၁-၁၂၂၂)

Vol. 83 Ch. 1221-1222

အခန်း (၁၂၂၁) စီးပွားရေး သူရဲကောင်းများ

"မန်နေဂျာဖုန်း... ကျွန်တော်က ဖျော်ဖြေရေး အစီအစဉ်မှာ ပါရမယ် ဟုတ်လား"

ကျုံးချင်းရှန်၏ မျက်နှာတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။ ဖုန်းယွီက သူ့ကို ခေါ်တွေ့သည်ဆိုတော့ အရေးကြီးကိစ္စဟု ထင်မှတ်ထားခဲ့သော်လည်း ဖျော်ဖြေရေး အစီအစဉ်တစ်ခုတွင် ပါဝင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခုနောက်ပိုင်းတွင် သတင်းအင်တာဗျူးများကိုပင် သူ လက်ခံခဲလှသည်။ မီဒီယာများတွင် မကြာခဏ ဖော်ပြခံရခြင်းက သူ့ကိုယ်ပိုင်ဘဝကို ထိခိုက်စေကြောင်း သူ သတိထားမိလာသည်။ ဖုန်းယွီကဲ့သို့ နောက်ကွယ်တွင် နေခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း သူ တွေးမိသည်။

"ဟုတ်တယ်... ဒါက သာမန် ဖျော်ဖြေရေး အစီအစဉ်မျိုး မဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းသစ်တွေ စတင်တာ၊ ရင်းနှီးမြှုပ်နှံတာကို အဓိကထားတဲ့ အစီအစဉ်မျိုး။ ရင်းနှီးမြှုပ်နှံမှု လိုချင်တဲ့သူတွေ လာမယ်၊ သူတို့ စီမံကိန်းတွေကို ကြော်ငြာမယ်၊ ကျွန်တော်တို့အတွက်လည်း ရင်းနှီးမြှုပ်နှံဖို့ ပစ်မှတ်ကောင်းတွေ ရတာပေါ့"

အရင်ဘဝတုန်းက တရုတ်နိုင်ငံတွင် ဤကဲ့သို့သော အစီအစဉ်မျိုး ဒါဇင်နှင့်ချီ ရှိခဲ့ဖူးသည်။ ဒိုင်လူကြီးများသည် တရုတ်နိုင်ငံ၏ နာမည်ကျော် ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။ ရှီတာ့ကျူ၊ ကျုံးချင်းရှန်၊ လျိုချွမ်းကျစ် စသည့် နာမည်ကျော် အိန်ဂျယ်ရင်းနှီးမြှုပ်နှံသူများ ပါဝင်ကြသည်။ အနိမ့်ဆုံး အဆင့်ရှိသူသည်ပင် လုပ်ငန်းနယ်ပယ်တစ်ခု၏ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။

သူတို့သည် ဤအစီအစဉ်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံရန် ထိုက်တန်သော စီမံကိန်းများကို ရှာဖွေနိုင်ရုံသာမက သူတို့၏ ပုံရိပ်ကိုလည်း ပရိသတ်အား ပြသခွင့် ရရှိကြသည်။ သူတို့တွင် တည်ကြည်လေးနက်သော ဘက်ခြမ်းရှိသလို ဟာသဉာဏ်ရွှင်သော ဘက်ခြမ်းလည်းရှိကြောင်း ပရိသတ်က သိမြင်လာကြသည်။ ထို့ကြောင့် သူတို့သည် လူထုနှင့် အလှမ်းဝေးကွာသော နေရာတွင် ရှိမနေတော့ဘဲ ပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိလာကြသည်။

အမှန်အတိုင်း ပြောရလျှင် သူဌေးကြီးအချို့သည် ပရိသတ်ရှေ့မှောက်သို့ ထွက်ရသည်ကို နှစ်သက်ကြသည်။ သူတို့သည် လူအများ၏ အာရုံစိုက်မှုနှင့် အားကျသော မျက်လုံးများကို ခံယူရသည်ကို ကျေနပ်ကြသည်။

"ရင်းနှီးမြှုပ်နှံမှု လိုချင်တဲ့သူတွေက အစီအစဉ်မှာ လာပြောမယ်ပေါ့။ ကျွန်တော်က ဒိုင်လူကြီး၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူ အနေနဲ့ ပါရမှာလား"

"ဟုတ်တာပေါ့။ ခင်ဗျားမှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ရှိတယ် မဟုတ်လား။ ဒါပေမဲ့ ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီနဲ့ ယှဉ်ရင် ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်း နည်းသလို လူသိလည်း မများသေးဘူး။ ဒီအစီအစဉ် ပြီးသွားရင် ခင်ဗျားကုမ္ပဏီ နာမည်ကြီးသွားလိမ့်မယ်။ ပြီးတော့ စီမံကိန်းကောင်းတွေမှာ တကယ် ရင်းနှီးမြှုပ်နှံဖြစ်ခဲ့ရင် အမြတ်အစွန်းက နည်းမှာ မဟုတ်ဘူး"

ကျုံးချင်းရှန်သည် ကျဲ့ကျန်း ကုန်သည်များအသင်း၏ ဥက္ကဋ္ဌ ဖြစ်သော်လည်း သူ၏ ရင်းနှီးမြှုပ်နှံမှုများသည် ဟန်ကျိုးဒေသ တစ်ဝိုက်၌သာ ရှိနေသေးသည်။ တစ်နည်းအားဖြင့် ဒေသခံများကို ကူညီသည့် သဘောမျိုးသာ ရှိသေးသည်။ ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီကမူ တစ်နိုင်ငံလုံး အနှံ့အပြားတွင် ရင်းနှီးမြှုပ်နှံထားသည် မဟုတ်ပါလော။

ထိုစီမံကိန်းများထဲတွင် ရှုံးနိမ့်သွားသည်များ ရှိသော်လည်း အောင်မြင်သည်က ပိုများသည်။ အောင်မြင်သော စီမံကိန်းတစ်ခုစီမှ ရရှိသော အမြတ်သည် ရင်းနှီးငွေထက် အဆပေါင်းများစွာ သာလွန်လေ့ရှိသည်။

အင်တာနက် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ထည့်မပြောလျှင်တောင် အခြားလုပ်ငန်းများမှ အမြတ်အစွန်းသည် မနည်းလှပေ။ အင်တာနက် လုပ်ငန်းဆိုလျှင် အဆဆယ်ချီ၊ ရာချီပင် မြတ်နိုင်သေးသည်။

"ကျွန်တော့်အပြင် ဘယ်သူတွေကို ဖိတ်ထားသေးလဲ"

ကျုံးချင်းရှန်၏ အထင်အရ ဖုန်းယွီကတော့ ကိုယ်တိုင် ပါဝင်မည် မဟုတ်ကြောင်း သိနေသည်။

"လျိုချွမ်းကျစ်၊ စွန်းလိကျဲ၊ လျိုယုံဟောင်နဲ့ ရှီတာ့ကျူ တို့ပေါ့"

ဤပုဂ္ဂိုလ်များထဲတွင် လျိုချွမ်းကျစ်သည် သူတစ်ပါးကို ကူညီရန် အလွန်စိတ်အားထက်သန်သူ ဖြစ်သည်။ အရင်ဘဝတုန်းက ကျောင်းသားဟောင်းများ အသင်းကဲ့သို့သော ထိပ်တန်း အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး လူအများအပြားကို ကူညီခဲ့သည်။ သူဌေးကြီးများထဲတွင် လျိုချွမ်းကျစ်ထက် ချမ်းသာသူများ ရှိသော်လည်း အားလုံးက သူ့ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြသည်မှာ သူ၏ ဩဇာတိက္ကမ ကြီးမားမှုကို ပြသနေသည်။

ထို့ကြောင့် ဖုန်းယွီ ဖုန်းဆက်လိုက်သည်နှင့် လျိုချွမ်းကျစ်က သဘောတူလိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် လုပ်ငန်းစတင်လိုသော တရုတ်လူငယ်များကို ပိုမို ကူညီနိုင်မည်ဟု သူ ယူဆသည်။

စွန်းလိကျဲကမူ ပြောစရာမလို၊ ဖုန်းယွီ ခိုင်းသည်နှင့် လုပ်မည့်သူ ဖြစ်သည်။ ဤအဖွဲ့ထဲတွင် သူကိုင်တွယ်သော ငွေကြေးပမာဏ မနည်းသော်လည်း လုပ်သက်အနုဆုံး ဖြစ်သည်။ သို့သော် သူသည် ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီကို ကိုယ်စားပြုသူ ဖြစ်နေသည် မဟုတ်ပါလော။

လျိုယုံဟောင်သည်လည်း ဒီနှစ်ပိုင်းအတွင်း 'အိန်ဂျယ်' ရင်းနှီးမြှုပ်နှံမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။ သူ၏ 'ရောင်စုံစီမံကိန်း'သည် ဖုန်းယွီ၏ ထောက်ပံ့မှုကို များစွာ ရရှိခဲ့သဖြင့် ဖုန်းယွီအပေါ် လေးစားမှု ရှိသည်။

ဖုန်းယွီက ဖိတ်ခေါ်သောအခါ အနည်းငယ် စည်းရုံးလိုက်ရသော်လည်း နောက်ဆုံးတွင် လက်ခံလိုက်သည်။ တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်း ဒီအစီအစဉ်ကို စိတ်ဝင်စားနေခြင်း ဖြစ်သည်။

ရှီတာ့ကျူကမူ ချက်ချင်း သဘောတူသည်။ ဟိုတုန်းက ဖုန်းယွီ၏ ရင်းနှီးမြှုပ်နှံမှုကြောင့် သူ ပြန်လည် နာလန်ထူနိုင်ခဲ့သည်။ သို့သော် သူသည် ဤမျှလောက်နှင့် မကျေနပ်နိုင်ပေ။ သူသည်လည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ချင်ပြီး ထိုက်ဟွာ အတိုင်ပင်ခံ ကုမ္ပဏီ မည်မျှအောင်မြင်သည်ကို လေ့လာချင်နေသည်။ "ကြက်ဥများကို ခြင်းတောင်းတစ်လုံးတည်းထဲ မထည့်ရ" ဟူသော ရင်းနှီးမြှုပ်နှံမှု မူဝါဒကို သူ လက်ခံထားသည်။

ဒိုင်လူကြီး ၅ ဦးစလုံးသည် လေးလံသော ဂုဏ်ပုဒ်ကိုယ်စီ ရှိကြသူများ ဖြစ်သည်။ အခြားရုပ်သံလိုင်းများက လိုက်လံတုပချင်လျှင်ပင် ဤမျှလောက် အင်အားကြီးမားသော ဒိုင်လူကြီးအဖွဲ့ကို ဖိတ်ခေါ်နိုင်မည် မဟုတ်ပေ။

ထို့ပြင် ဤအစီအစဉ်ကို CCTV တွင် ထုတ်လွှင့်မည်ဖြစ်ရာ ပလက်ဖောင်း အားသာချက် ရှိသလို Sohu Channel ၏ ပံ့ပိုးမှုလည်း ရှိနေသည်။

"အစီအစဉ်ရဲ့ လုပ်ငန်းစဉ် အသေးစိတ်က ဘယ်လိုလဲ" ကျုံးချင်းရှန်က စိတ်ဝင်တစား မေးလိုက်သည်။

"ပထမဆုံး လုပ်ငန်းရှင်တွေက စီးပွားရေး စီမံကိန်းစာတမ်း တင်ပြရမယ်။ ဘယ်ရင်းနှီးမြှုပ်နှံမှုမဆို ဒီအဆင့်က မပါမဖြစ်ပဲလေ။ ပြီးရင် ခင်ဗျားတို့ ကုမ္ပဏီ ၅ ခုက လူတွေ စုပြီး ရွေးချယ်ရေး အဖွဲ့ ဖွဲ့မယ်။ အဲဒီအဖွဲ့က စီမံကိန်းစာတမ်းတွေကို ပဏာမ စိစစ်ရွေးချယ်မယ်"

"ပဏာမ အဆင့်အောင်တဲ့ စီမံကိန်း ကိုယ်စားလှယ်တွေကို ဒုတိယအဆင့် လူတွေ့စစ်ဆေးမယ်။ ခင်ဗျားတို့ ၅ ယောက်က လက်ထောက် ၂ ယောက်စီ ခေါ်လာရမယ်။ တစ်ယောက်က ရွေးချယ်ရေးအတွက်၊ နောက်တစ်ယောက်က အချက်အလက် ပြန်လည်စိစစ်ရေးအတွက်ပေါ့။ စိစစ်လို့ အောင်မြင်တဲ့ လူတွေက အချက်အလက်တွေ ပြင်ဆင်ပြီး အစီအစဉ် ဒါရိုက်တာနဲ့ ဆွေးနွေးရမယ်"

"ပြီးရင်တော့ အစီအစဉ် ရိုက်ကူးမယ်။ ရိုက်ကွင်းပေါ်မှာ ခင်ဗျားတို့က ရင်းနှီးမြှုပ်နှံမလား၊ မလုပ်ဘူးလား ဆိုတာကို ဆုံးဖြတ်ရမယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံမယ်လို့ ဆုံးဖြတ်ရင် ကျွမ်းကျင်ဝန်ထမ်းတွေက စာချုပ်ကိစ္စတွေ ဆက်လုပ်ကြလိမ့်မယ်။ နောက်ဆုံးမှာ အချိန်ကာလ တစ်ခုကြာပြီးတဲ့နောက် အဲဒီလုပ်ငန်းရှင်တွေရဲ့ လက်ရှိအခြေအနေကို ထုတ်ပြန်ကြေညာပေးမယ်"

"အချိန်ကာလ ဘယ်လောက်ကြာမယ် ဆိုတာကို ခဏထားပါဦး။ တကယ်လို့ လုပ်ငန်းမအောင်မြင်ဘဲ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ" ကျုံးချင်းရှန်က ဖြတ်မေးလိုက်သည်။

"ရှုံးရင်လည်း ရှုံးသွားတာပေါ့။ ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံပြီးရင် ကူညီပေးကြမှာပဲလေ။ အဲဒီလို ကူညီပေးတာတောင် မအောင်မြင်ဘူး ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်မှာ ပြဿနာရှိလို့ပဲ ယူဆရမှာပေါ့။ ပြီးတော့ စွန့်စား ရင်းနှီးမြှုပ်နှံမှုဆိုတာက မူလကတည်းက စွန့်စားရတာပဲလေ။ ဘယ်ကုမ္ပဏီကမှ ရင်းနှီးမြှုပ်နှံမှုတိုင်း အောင်မြင်ရမယ်လို့ အာမမခံနိုင်ပါဘူး"

"ဒါဆို အစီအစဉ် ရိုက်ကူးချိန်က ဘယ်လောက် ကြာမလဲ"

"အကြိုပြင်ဆင်မှုကတော့ ၁ လ၊ ၂ လလောက် ကြာမယ်။ အဓိကက လျှောက်လွှာတွေကို စိစစ်ရမှာကိုး။ ရိုက်ကူးရေးကတော့ မြန်ပါတယ်။ လဝက်လောက်တောင် ကြာမှာ မဟုတ်ဘူး။ ပြီးရင် အပိုင်း ၁၀ ပိုင်းလောက် ခွဲပြီး တစ်ပတ် တစ်ပိုင်း ထုတ်လွှင့်မယ်။ ထုတ်လွှင့်ပြီးသွားတဲ့ အချိန်လောက်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ရလဒ်တချို့ကို မြင်ရလောက်ပြီ။ အဲဒီကျရင် သူတို့ရဲ့ လက်ရှိအခြေအနေကို ထုတ်ပြန်လို့ ရပြီပေါ့"

ဖုန်းယွီသည် အရင်ဘဝက စီးပွားရေး ရသစုံ အစီအစဉ်များ၏ အားသာချက်များကို ပေါင်းစပ်ပြီး ရှင်းပြလိုက်သည်။

"ဒါမှမဟုတ်ရင်လည်း ကျွန်တော်တို့ အပိုင်းခွဲလိုက်လို့ ရတယ်။ ပထမရာသီမှာ ရင်းနှီးမြှုပ်နှံမယ်။ ဒုတိယရာသီမှာ လုပ်ငန်းစစ်ဆေးမယ်။ အဲဒါဆိုရင် ဒုတိယရာသီမှာ ခင်ဗျားတို့က တစ်ဦးချင်း စစ်ဆေးသူတွေ ဖြစ်သွားမှာပေါ့"

"ဘာလို့ တစ်ဦးချင်း ဖြစ်ရတာလဲ"

"ပထမရာသီမှာ ခင်ဗျားတို့က အတူတူ ရင်းနှီးမြှုပ်နှံချင်မှ မြှုပ်နှံမှာလေ။ သေချာပေါက် ခွဲပြီး လုပ်ကြမှာ။ ဒါဆို ရင်းနှီးမြှုပ်နှံမှု ရသွားတဲ့သူတွေက အုပ်စု ၅ စု ကွဲသွားမယ်။ အဲဒီအခါကျရင် ခင်ဗျားတို့ချင်း ပြိုင်ဆိုင်မှု ပုံစံမျိုး ဖြစ်လာမယ်။ ဘယ်သူ့ စီမံကိန်းက ပိုခရီးရောက်သလဲ၊ ဘယ်သူ့ အမြတ်နှုန်းက ပိုများသလဲ ဆိုတာ ယှဉ်ကြမယ်။ ဒါဆို ပိုပြီး ကြည့်ကောင်းသွားမှာပေါ့"

ကျုံးချင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်တော်တို့ချင်း ပြိုင်ရမယ် ဟုတ်လား။ ကောင်းပါ့မလား"

"ဘာပြဿနာ ရှိလို့လဲ။ နိုင်တာ ရှုံးတာလောက်နဲ့ ခင်ဗျားတို့ ဂုဏ်ပုဒ်တွေ ထိခိုက်မသွားပါဘူး။ ပြိုင်ဆိုင်မှု ရှိနေတာက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်လို့ မထင်ဘူးလား။ တကယ်လို့ တချို့လူတွေရဲ့ စီမံကိန်းက မအောင်မြင်ဘူး၊ ဒါပေမဲ့ သူတို့မှာ အရည်အချင်း ရှိတယ်ဆိုရင် ခင်ဗျားတို့ ကုမ္ပဏီမှာ ခေါ်ခန့်လို့ ရတာပဲ။ တစ်ချိန်တည်းမှာ သူတို့ရဲ့ အားနည်းချက်တွေကို ထောက်ပြလို့ရတယ်၊ လိုအပ်ရင် အလုပ်ထုတ်ပစ်လိုက်လို့လည်း ရတယ်လေ"

ကျုံးချင်းရှန် စဉ်းစားကြည့်လိုက်ရာ ဟုတ်သလိုလို ရှိသည်။ ရင်းနှီးမြှုပ်နှံမှု ရှုံးတယ်ဆိုရင်တောင် ဘယ်လောက်များများ ရှုံးမှာမို့လို့လဲ။ ပြီးတော့ ဒီပုံစံက တော်တော် စိတ်ဝင်စားဖို့ ကောင်းသည်။

"ကောင်းပြီလေ... ကျွန်တော် လက်ခံပါတယ်။ ကြည့်ရတာ ခင်ဗျားဆီမှာ အကြံပဲ ရှိသေးပုံရတယ်။ အစီအစဉ် အသေးစိတ်ကို မရေးဆွဲရသေးဘူး မဟုတ်လား"

ဖုန်းယွီက ကျေနပ်အားရစွာ ပြုံးလိုက်သည်။ "ခင်ဗျားတို့ သဘောတူမှ ကျွန်တော်က လူစီစဉ်လို့ ရမှာလေ။ စိတ်ချပါ... အစီအစဉ် အဖွဲ့က ကြော်ငြာတောင် စနေပြီ။ ခင်ဗျားလည်း စီမံကိန်းစာတမ်းတွေ ဖတ်ဖို့ ပြင်ထားလိုက်တော့"

******

အခန်း (၁၂၂၂) ကျွန်မနဲ့ ရုပ်ရှင်ကြည့်ရဲသလား

အစီအစဉ် ကိစ္စများကို အခြားသူများအား လွှဲပြောင်းပေးအပ်ပြီးနောက် ဖုန်းယွီသည် "ဖုန်းယွီ စီးပွားရေး ဂျာနယ်"တိုက်သို့ ရောက်ရှိလာသည်။

ဟူရွန်းသည် လူအချို့ကို ခေါ်ဆောင်ကာ အင်တာဗျူးရန် အပြင်ထွက်သွားလေသည်။ ပုံမှန်အားဖြင့် အရေးပါသော သူဌေးကြီးများကို ဟူရွန်းကိုယ်တိုင် သွားရောက်တွေ့ဆုံမေးမြန်းလေ့ ရှိသည်။

ဖုန်းယွီ ရောက်လာသောအခါ ရုံးခန်းကျယ်ကြီးထဲ၌ အလုပ်လုပ်နေသော ကျိုးခယ့်ရှင်းကို ချက်ချင်း မြင်လိုက်ရသည်။ ကျိုးခယ့်ရှင်းသည်လည်း ဖုန်းယွီကို လှမ်းမြင်လိုက်သည်။

ကျိုးခယ့်ရှင်း၏ ရင်ထဲတွင် ဗြောင်းဆန်သွားသည်။ ဖုန်းယွီ အိမ်ထောင်ကျသွားပြီဖြစ်ကြောင်း သူမ သိထားသော်လည်း သူ့ကို မမေ့နိုင်သေးဘဲ ဖုန်းယွီနှင့် အတူရှိချင်နေမိသေးသည့် သူမစိတ်ကို သူမကိုယ်တိုင် မကျေမနပ် ဖြစ်မိသည်။

ဒုတိယအယ်ဒီတာချုပ်က ဖုန်းယွီကို လက်ခံတွေ့ဆုံပြီး ဂျာနယ်တိုက်၏ လက်ရှိအခြေအနေကို တင်ပြလေသည်။ အချိန်ကာလ တစ်ခုကြာ ဖြတ်သန်းပြီးနောက် ဂျာနယ်ရောင်းအားသည် တရိပ်ရိပ် မြင့်တက်လာပြီး တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေး ဂျာနယ်များထဲတွင် တစ်နေရာ ရရှိလာပြီ ဖြစ်သည်။ သစ္စာရှိ စာဖတ်ပရိသတ် အခိုင်အမာလည်း ရရှိထားပြီ ဖြစ်သည်။

သို့သော် အီလက်ထရွန်နစ် မဂ္ဂဇင်းအပိုင်းတွင်မူ ရောင်းအား မကောင်းလှသေးပေ။ စာဖတ်သူများသည် အင်တာနက်ပေါ်တွင် ငွေပေးပြီး စာဖတ်ရသည့် အလေ့အထ မရှိကြသေး၍ ဖြစ်ပုံရသည်။ အီလက်ထရွန်နစ် မဂ္ဂဇင်းတွင် ကူးယူခြင်းမရအောင် တားဆီးခြင်း ကဲ့သို့သော နည်းပညာများဖြင့် ကာကွယ်ထားသော်လည်း အခြားနည်းလမ်းများဖြင့် ကူးယူဖြန့်ဝေခြင်းကိုမူ မတားဆီးနိုင်သေးပေ။

ဟူရွန်းက အီလက်ထရွန်နစ် မဂ္ဂဇင်းကို ရပ်ဆိုင်းလိုက်လျှင် ကောင်းမလားဟု ဖုန်းယွီကို မေးဖူးသည်။ အချိန်ကုန် လူပင်ပန်းပြီး အရှုံးပေါ်နေသောကြောင့် ဖြစ်သည်။ စာအုပ်ထုတ်ဝေခြင်းကိုသာ အာရုံစိုက်လိုက်လျှင် အမြတ်အစွန်း ပိုရနိုင်သည်ဟု ဆိုသည်။

ဂျာနယ်တိုက် အမြတ်ရမှ ဟူရွန်းလည်း ဘောနပ်စ် ရမည် မဟုတ်ပါလော။ အမြတ်မရဘဲနှင့်တော့ ဆုကြေးတောင်းရန် မျက်နှာပူစရာပင်။ ဟူရွန်း တရုတ်ပြည်သို့ လာရခြင်း ရည်ရွယ်ချက်မှာလည်း နှစ်အနည်းငယ် ပိုက်ဆံရှာပြီး နိုင်ငံပြန်ကာ လူလတ်တန်းစား ဘဝဖြင့် အေးအေးဆေးဆေး နေထိုင်လို၍ ဖြစ်သည်။

သို့သော် "ဖုန်းယွီ စီးပွားရေး ဂျာနယ်" တွင် အလုပ်လုပ်ရသည်ကို သူ မနစ်နာဟု ခံယူထားသည်။ တစ်ချက်က ဒါ သူ့ဝါသနာနှင့် ရည်မှန်းချက်ဖြစ်ပြီး နောက်တစ်ချက်က ဖုန်းယွီ ပေးသော လစာက မနည်းလှသောကြောင့် ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ သူ အရင်လုပ်ခဲ့သော Arthur Andersen စာရင်းစစ် ကုမ္ပဏီကြီး ပျက်စီးသွားပြီ မဟုတ်ပါလော။

ဒုတိယ အယ်ဒီတာချုပ်၏ တင်ပြချက်ကို နားထောင်ပြီးနောက် ဖုန်းယွီက မသိမသာ မေးလိုက်သည်။ "လူသစ်တွေကို ပျိုးထောင်တဲ့ အပိုင်း ဘယ်လိုလဲ။ သတင်းထောက်တွေ၊ အယ်ဒီတာတွေကို သူများဆီကချည်း လိုက်ဆွဲနေလို့ မဖြစ်ဘူးလေ။ ကိုယ်ပိုင် လူတော်တွေ မွေးထုတ်နိုင်မှပေါ့။ အထူးသဖြင့် အမျိုးသမီး သတင်းထောက်တွေပေါ့... သူတို့က အင်တာဗျူးတဲ့အခါ သဘာဝ အားသာချက် ရှိတယ်လေ"

ဒုတိယ အယ်ဒီတာချုပ် စဉ်းစားကြည့်လိုက်ရာ အယ်ဒီတာချုပ် (ဟူရွန်း) က ကျိုးခယ့်ရှင်းကို အထူးဂရုစိုက်သည်ကို သတိရလိုက်သည်။ ကျိုးခယ့်ရှင်းကလည်း လူသစ်ပဲ မဟုတ်လား။

"ကျိုးခယ့်ရှင်း ဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ အလုပ်လုပ်တာ တော်တော် ဖြတ်လတ်တယ်။ တခြားလူတွေ အင်တာဗျူးလို့ မရတဲ့လူတွေကို သူက ရအောင် ယူလာပေးနိုင်တယ်။ ဆောင်းပါး ရေးတာလည်း ကောင်းတယ်။ လူတွေ သတိမထားမိတဲ့ သတင်းထောင့်ကွက်တွေကို ရှာဖွေနိုင်စွမ်း ရှိတယ်။ သူက ဂျာနယ်တိုက်ရဲ့ အားထားရတဲ့ လူငယ်မျိုးဆက်သစ်ပါပဲ။ အခုဆို တစ်ယောက်တည်း တာဝန်ယူ လုပ်ကိုင်နိုင်တဲ့ အဆင့် ရောက်နေပါပြီ"

ဖုန်းယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ဒါဆို သူ့ကို ခေါ်လိုက်ဗျာ... ကျွန်တော် စကားပြောချင်လို့"

ကျိုးခယ့်ရှင်းသည် ဒုတိယ အယ်ဒီတာချုပ်နှင့်အတူ ဝင်ရောက်လာသည်။ ဖုန်းယွီ၏အကြည့်ကို မြင်လိုက်ရသောအခါ ဒုတိယ အယ်ဒီတာချုပ်သည် အလိုက်တသိဖြင့် ပြန်ထွက်သွားပြီး တံခါးပိတ်ပေးခဲ့သည်။

ဖုန်းယွီ စကားမစရသေးခင် ကျိုးခယ့်ရှင်းက ဖုန်းယွီ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "အော်... သူဌေးကြီး ကိုယ်တိုင် လာစစ်ဆေးတာပေါ့လေ"

"ဒီလုပ်ငန်းလောက်ကို ငါက လာစစ်ဆေးစရာ လိုလို့လား။ ရှန်ဟိုင်း ရောက်တုန်း မင်းကို လာတွေ့တာပါ"

ကျိုးခယ့်ရှင်းသည် ဖုန်းယွီ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်ကို ကြည့်ပြီး ရင်ထဲ စူးခနဲ နာကျင်သွားသည်။ "သတင်းမကြား ဘာမကြားနဲ့ လက်ထပ်လိုက်ပြီပေါ့လေ။ ကြည့်ရတာ အိမ်ထောင်ရေး သာယာနေပုံပဲ။ ဘာလဲ... ပန်းကန်ထဲကဟာ စားရင်း အိုးထဲကဟာပါ မျှော်နေတုန်းလား"

ဖုန်းယွီ အနေခက်စွာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။ ကျိုးခယ့်ရှင်း ဒီလိုပြောလာမှတော့ သူမစိတ်ထဲတွင် ဖုန်းယွီ ရှိနေသေးကြောင်း သူ သဘောပေါက်လိုက်သည်။ မဟုတ်လျှင် သူမက ဂရုစိုက်နေမည် မဟုတ်ပေ။

သူ့စိတ်ထဲတွင် ကျိတ်ပြီး ဝမ်းသာသွားသည်။

"ဘာမှပြန်မပြောဘူးဆိုတော့ ဝန်ခံတယ်ပေါ့လေ။ ရှင် ဒီကို လာတာ မိန်းမ သိရင် ပြဿနာတက်မှာ မကြောက်ဘူးလား"

"သူ သိတယ်"

ကျိုးခယ့်ရှင်း အံ့သြသွားသည်။ သူတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့သော်လည်း သူမစိတ်ထဲတွင် အနည်းငယ် လိပ်ပြာမလုံ ဖြစ်သွားသည်။

"သိရက်နဲ့ ရှင်နဲ့ လက်ထပ်တယ် ဟုတ်လား"

"သူ ကျွန်တော့်ကို ချစ်တယ်လေ။ ပြီးတော့ ကျွန်တော် သူ့ကို ချစ်တယ် ဆိုတာလည်း သူ သိတယ်"

"ရှင် ဘယ်လိုကံကောင်းတာလဲ မသိပါဘူး။ ရှင့်မိန်းမက ဒါမျိုးကို သည်းခံနိုင်တယ်ပေါ့"

"ကျွန်တော်တို့ အရင်ဘဝက အကြောင်းတွေကိုပါ သူ့ကို ပြောပြထားတယ်"

"သူ ယုံတယ်လား" ကျိုးခယ့်ရှင်း အလွန်အံ့သြသွားသည်။ သူမကိုယ်တိုင် သိထားသော လျှို့ဝှက်ချက်များကို ဖုန်းယွီက ပြောပြ၍သာ သူမ ယုံကြည်ခဲ့ရခြင်း ဖြစ်သည်။

"သူ သိပါတယ်... ကျွန်တော် သူ့ကို ဘယ်တော့မှ မလိမ်ဘူး ဆိုတာ"

"ဒါနဲ့ပဲ ပြီးသွားရောလား။ ရှင့်မိန်းမက တော်တော် အတာပဲ" ကျိုးခယ့်ရှင်းက ပါးစပ်ကသာ ထိုသို့ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ကိုယ့်ကိုယ်ကိုယ်သာ ပြန်ဆဲနေမိသည်။ ငါကရော ဘာလို့ ဒီလူကို မမေ့နိုင်ဖြစ်နေရတာလဲ။

ငါ ကြိုက်တာက 'ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံးလူ' (ဖုန်းယွီ၏ ချက်တင်အမည်) လေ။ ဒါပေမဲ့ ဒီလူကို မြင်လိုက်တာနဲ့ အဲဒီလူနဲ့ ထပ်တူကျသွားတာ ဘာသဘောလဲ။ ဒါ ရေစက်ပဲလား။

"ရှင် ကျွန်မကို လိုချင်တယ်ဆိုရင်... ကျွန်မနဲ့ ရုပ်ရှင် အတူသွားကြည့်ရဲသလား" ကျိုးခယ့်ရှင်း၏မျက်လုံးများတွင် စိန်ခေါ်လိုရိပ်များ ပါနေသော်လည်း မျှော်လင့်ချက်များလည်း ကပ်ပါနေသည်။

ဖုန်းယွီ ခေါင်းကို ညိတ်လိုက်သည်။ "သွားကြစို့... ဘာကား ကြည့်ချင်လဲ"

ရုံးဆင်းချိန်တွင် ဖုန်းယွီသည် Songjiang - အိုလံပစ် မော်ဒယ်ဟောင်း ကားတစ်စီးဖြင့် လမ်းထောင့်တွင် ကျိုးခယ့်ရှင်းကို ကြိုပြီး ရုပ်ရှင်ရုံသို့ မောင်းနှင်လာခဲ့သည်။

"မင်္ဂလာပါ... 'Chinese Odyssey 2002' လက်မှတ် နှစ်စောင် ပေးပါ" ကျိုးခယ့်ရှင်းက လက်မှတ်အရောင်း ကောင်တာတွင် ပြောလိုက်သည်။

သူမ ဒီကားကို ကြည့်ချင်နေတာ ကြာပြီ။ ဒါပေမဲ့ ဘယ်သူနဲ့ ကြည့်ရမှန်းမသိ ဖြစ်နေခဲ့သည်။ ဒီကားမျိုးက တစ်ယောက်တည်း ကြည့်လို့ ကောင်းသည် မဟုတ်ပါလော။

"တောင်းပန်ပါတယ်... အဲဒီကား ရုံတင်တာ ပြီးသွားပါပြီ။ တခြားကား ရွေးပါလားခင်ဗျာ"

ရုံတင်ပြီးသွားပြီတဲ့...။

ကျိုးခယ့်ရှင်း မှင်သက်သွားသည်။ သူ ကြည့်ချင်ဆုံး ဇာတ်ကားက ရုံတင်ပြီးသွားပြီတဲ့လား။

"ဘာဖြစ်လို့လဲ" နေကာမျက်မှန် တပ်ထားသော ဖုန်းယွီက ဘေးနားကပ်လာပြီး မေးလိုက်သည်။

"ရုံတင်ပြီးသွားပြီတဲ့... ပြန်ကြရအောင်။ တခြားကား မကြည့်ချင်ဘူး" ကျိုးခယ့်ရှင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ဖုန်းယွီက ကျိုးခယ့်ရှင်း လက်ကို လှမ်းဆွဲထားလိုက်သည်။ "နေဦး... ငါ ဖုန်းနှစ်လုံးလောက် ဆက်လိုက်ဦးမယ်"

ဖုန်းယွီ ဘေးဘက်သို့ လျှောက်သွားပြီး အရောင်းဝန်ထမ်းကို လှမ်းပြောလိုက်သည်။ "မင်းတို့ မန်နေဂျာ ဖုန်းနံပါတ် ပေးစမ်းပါ။ ငါ သူ့ကို အကူအညီ တောင်းစရာ ရှိလို့"

"လူကြီးမင်း... မန်နေဂျာကို တိုင်လည်း အလကားပါပဲ။ ရုံတင်ပြီးသွားရင် ပြီးသွားတာပါပဲ" အရောင်းဝန်ထမ်းက မတတ်သာသည့် လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့ မန်နေဂျာက ငါ့အတွက် ပြပေးချင်ရင်ကော... ဖုန်းနံပါတ် ပေးရတာ မခက်ပါဘူး" ဖုန်းယွီက ပြုံးစစဖြင့် ပြောလိုက်သည်။

အရောင်းဝန်ထမ်းက ဖုန်းယွီ၏ ယုံကြည်မှုရှိသော ပုံစံကို ကြည့်ပြီး အဆက်အသွယ် ရှိသည်ထင်ကာ မန်နေဂျာ၏ လိပ်စာကတ်ကို ထုတ်ပေးလိုက်သည်။

ဖုန်းယွီ ထောင့်တစ်နေရာသို့ သွားပြီး ဖုန်းခေါ်လိုက်သည်။ "ဟယ်လို... မန်နေဂျာစွန်းလား။ ခင်ဗျားတို့ ရုပ်ရှင်ရုံမှာ 'Chinese Odyssey 2002' ဇာတ်ကား တစ်ပွဲလောက် ပြန်တင်ပေးလို့ ရမလား။ ကျွန်တော် ရုံတစ်ရုံလုံးကို ငှားမယ်... ဟုတ်တယ်... ရုံတစ်ခု ဖယ်ပေးပါ။ ရုံတစ်ခုစာ လျော်ကြေး ကျွန်တော် ပေးမယ်။ ကောင်းပြီ... ကျွန်တော် စောင့်နေမယ်"

"ပြောင်းဖူးပေါက်ပေါက် နှစ်ပုံးနဲ့ ကိုလာ နှစ်ခွက် ပေးပါ"

အရောင်းဝန်ထမ်းက ဖုန်းယွီကို ကြောင်တောင်တောင် ကြည့်နေသည်။ ဒီလူက ပေါက်ပေါက်ဆုပ် ဝယ်ပြီး ဒီမှာ ထိုင်စောင့်နေတယ် ဆိုတော့ မန်နေဂျာက တကယ်ပဲ ပြပေးမယ်လို့ ပြောလိုက်တာလား။ ရုံတင်ပြီးသား ကားဆိုတာ ဘယ်သူမှ မကြည့်တော့လို့ ဖြုတ်လိုက်တာလေ။ အခုဆို DVD ခွေတောင် ထွက်နေပြီ။ တကယ် ကြိုက်ရင် ခွေဝယ်ကြည့်ပါလား။

ခဏအကြာတွင် ထိပ်ပြောင်ပြောင် လူတစ်ယောက် ပြေးလာသည်။ ဖုန်းယွီက လှမ်းကြိုလိုက်ပြီး ဘေးသို့ ခေါ်ထုတ်သွားသည်။

"လူကြီးမင်းက ရုံတစ်ရုံလုံး ငှားချင်တာလား"

"ဟုတ်တယ်။ ပြောပါ... ဘယ်လောက် ပေးရမလဲ"

"၂ သောင်းခွဲလောက် ကျပါလိမ့်မယ်။ ကျွန်တော် လျှော့ပေးပါမယ်... ၂ သောင်းခွဲ တိတိပဲ ပေးပါ"

လက်ရှိ ရုပ်ရှင်လက်မှတ်ဈေးက သိပ်မကြီးပေ။ ပြီးတော့ ရုပ်ရှင်ရုံ အထွတ်အထိပ် ရာသီလည်း မဟုတ်သဖြင့် ပုံမှန်ဆိုလျှင် တစ်ပွဲလုံး ရောင်းကုန်ဖို့ မလွယ်ကူပေ။ ၂ သောင်းခွဲ ရလျှင် သူတို့အတွက် အမြတ်ကျန်သည်။

"ကောင်းပြီ... ကတ်နဲ့ ရှင်းလို့ရတယ်မလား"

၅ မိနစ်အကြာတွင် မန်နေဂျာ ကိုယ်တိုင် ဖုန်းယွီနှင့် ကျိုးခယ့်ရှင်းကို ရုံအမှတ် ၃ သို့ လိုက်ပို့ပေးပြီး တံခါးပိတ်ပေးခဲ့သည်။

ဖုန်းယွီ ပြုံးပြီး ပြောလိုက်သည်။ "ရုပ်ရှင်စပြီ။ မင်း ကြည့်ချင်တဲ့ ဇာတ်ကားဆိုရင် ရှိနေသရွေ့ ငါ ပြပေးနိုင်တယ်"

******

All Chapters