← Chapters

အခန်း (၁၂၂၃-၁၂၂၅)

Vol. 83 Ch. 1223-1225

အခန်း (၁၂၂၃-၁၂၂၅)

Vol. 83 Ch. 1223-1225

အခန်း (၁၂၂၃) တစ်နေ့နေ့ကျရင်တော့...

ရုပ်ရှင်၏ ဇာတ်လမ်းအနှစ်ချုပ်မှာ ရိုးရှင်းလှသည်။ အမျိုးသား၊ အမျိုးသမီး စုံတွဲနှစ်တွဲ၏ ချစ်ဇာတ်လမ်းဖြစ်ပြီး ဟာသပြကွက်များနှင့် ဂီတသံစဉ်များကို ကြားညှပ်ထည့်သွင်းထားသည်။ ဇာတ်ဝင်တေးများထဲမှ ဟွမ်မေအော်ပရာတေးသွားများသည် နားထောင်၍ ကောင်းလှပြီး လာလာသီချင်းကိုမူ ဖုန်းယွီပင် လိုက်ဆိုတတ်နေလေသည်။

သူတို့နှစ်ဦးတည်းသာ ရှိသော ရုပ်ရှင်ရုံထဲတွင် ထိုင်ရင်း ထိုအချစ်ဟာသ ဇာတ်လမ်းကို ကြည့်ရှုနေကြသည်။

ကျိုးခယ့်ရှင်းသည် ဤရုပ်ရှင်ကို အလွန်နှစ်သက်သဘောကျနေကြောင်း သိသာသည်။ မကြာခဏဆိုသလို ရယ်မောသံများ ထွက်ပေါ်လာတတ်သည်။ သို့သော် ဖုန်းယွီ၏ စိတ်အာရုံမှာမူ ရုပ်ရှင်ပေါ်တွင် လုံးဝ မရှိတော့ပေ။

သူသည် ကျိုးခယ့်ရှင်း၏လက်ကို ဆုပ်ကိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း လွဲချော်နေခဲ့သည်။ နောက်ဆုံး တစ်ကြိမ်တွင်မူ သူတို့နှစ်ဦး၏ လက်များ ထိတွေ့သွားခဲ့ပြီး ဖုန်းယွီသည် ချက်ချင်းပင် ဖမ်းဆုပ်လိုက်ကာ ပြန်လည်လွှတ်ပေးခြင်း မရှိတော့ပေ။

ဤခံစားချက်သည် အရင်ဘဝတုန်းက သူတို့နှစ်ဦး ပထမဆုံးအကြိမ် လက်တွဲဖူးသည့် အချိန်ကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်ကလည်း နှစ်ဦးသား ရုပ်ရှင်ကြည့်နေရင်း ဖုန်းယွီက သူမလက်ကို ခိုးဝှက်ဆုပ်ကိုင်ခဲ့ပြီး ရုပ်ရှင်ပြီးဆုံးသည်အထိ ပြန်မလွှတ်ပေးခဲ့ပေ။

ကျိုးခယ့်ရှင်းသည် မူလက ရုပ်ရှင်ကို အာရုံစိုက်ကြည့်ရှုနေသော်လည်း ဖုန်းယွီက သူမလက်ကို လှမ်းကိုင်လိုက်သောအခါ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမသည် လက်ကို ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့နောက် သူတစ်ပါးက မိမိလက်ကို ဆုပ်ကိုင်ထားပေးခြင်းသည် ခံစားမှု ကောင်းမွန်ကြောင်း သူမ ရုတ်တရက် သတိပြုမိလိုက်သည်။

ရုပ်ရှင်ပြီးဆုံး၍ မီးလင်းလာသောအခါ ဖုန်းယွီသည် ကျိုးခယ့်ရှင်း၏ လက်ကို ဆွဲကာ ရုပ်ရှင်ရုံထဲမှ ထွက်လာခဲ့သည်။

ဧည့်ခန်းမဆောင်ကို ဖြတ်သန်းလာစဉ် လက်မှတ်အရောင်း ဝန်ထမ်းမလေးက ဖုန်းယွီကို စူးစမ်းစွာ ကြည့်လိုက်သည်။ ခုနလေးတင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ပြီး ချစ်သူများ မဟုတ်တန်ရာဟု သူမ ထင်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ဦးသား ခပ်ခွာခွာ နေခဲ့ကြသောကြောင့် ဖြစ်သည်။

ယခု သူတို့နှစ်ဦး လက်ချင်းချိတ်ကာ ထွက်လာသည်ကို မြင်သောအခါ သူမ နားမလည်နိုင် ဖြစ်သွားရသည်။

ထို့ပြင် ရုံတင်ပြီးသွားသော ဇာတ်ကားကို မန်နေဂျာက သူတို့နှစ်ဦးတည်းအတွက် သီးသန့်ပြသပေးလိုက်သည် မဟုတ်ပါလော။ ကြည့်ရသည်မှာ ဤအမျိုးသားသည် အစွမ်းအစရှိသူ ဖြစ်ပုံရသည်။ အရာရှိကြီး တစ်ဦးဦး၏ သားသမီး ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ဖုန်းယွီက ပိုက်ဆံပေးပြီး ရုံတစ်ရုံလုံးကို ငှားလိုက်ခြင်း ဖြစ်နိုင်ကြောင်းကိုမူ အရောင်းဝန်ထမ်းမလေး လုံးဝ တွေးမိမည် မဟုတ်ပေ။ လူနှစ်ယောက်တည်း ရုပ်ရှင်ကြည့်ရန် ရုံတစ်ရုံလုံးကို စာချုပ်သည်အထိ ဘယ်သူကများ အပူသည် လုပ်ပါ့မည်နည်း။ သူ့ပိုက်ဆံတွေက လေထဲကနေ ရလာသည် မဟုတ်ပါလော။

"သွားကြစို့... ကိုယ် မင်းကို ညစာ လိုက်ကျွေးမယ်။ ဘာစားချင်လဲ" ဖုန်းယွီက ဘေးကိုလှည့်ကြည့်ရင်း မေးလိုက်သည်။

"ရှင်ပဲ ဆုံးဖြတ်လိုက်ပါ"

ဖုန်းယွီသည် ကျိုးခယ့်ရှင်းကို ခေါ်ဆောင်ပြီး နာမည်ကြီး ညဈေးတန်းတစ်ခုသို့ ရောက်ရှိလာသည်။ အများစုမှာ သရေစာ မုန့်ပဲသရေစာများ ဖြစ်ကြပြီး သူတို့နှစ်ဦး အများအပြား စားသောက်ခဲ့ကြသည်။

ကားပေါ်သို့ ပြန်ရောက်သောအခါ ဖုန်းယွီက လှည့်ကြည့်ပြီး မေးလိုက်သည်။ "မင်း ဘယ်မှာနေလဲ။ ငါ လိုက်ပို့ပေးမယ်"

"ရှင်က တန်ခိုးရှင်ပဲဟာ... ရုံတင်ပြီးသား ရုပ်ရှင်ကိုတောင် သီးသန့် ပြခိုင်းနိုင်တာပဲ။ ကျွန်မ ဘယ်မှာနေလဲ ဆိုတာလောက်တော့ မသိဘဲနေမလား" ကျိုးခယ့်ရှင်းက ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"အရင်တုန်းကတော့ သိပါတယ်။ နောက်ပိုင်း မင်း အိမ်တစ်ခါ ပြောင်းတယ်လေ။ ကိုယ်က လူလွှတ်ပြီး စုံစမ်းခိုင်းတာမျိုး မလုပ်ပါဘူး" ဖုန်းယွီ အမြန် ရှင်းပြလိုက်သည်။

"XX လမ်း၊ အမှတ် ၁၆၃ ပါ"

"ဒီနေ့ ရုပ်ရှင်က ဘယ်လိုနေလဲ" ဖုန်းယွီက စကားစလိုက်သည်။

"မဆိုးပါဘူး... ရှင်ရော ဘယ်လိုထင်လဲ"

"ငါလည်း ကောင်းတယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်တွေ တော်ကြတယ်" ဖုန်းယွီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"ဒါဆို ရှင်နဲ့ ဇာတ်ကားထဲက မင်းသားနဲ့ ယှဉ်ရင် ဘာကွာခြားချက် ရှိတယ်လို့ ထင်လဲ"

ဖုန်းယွီ "......"

ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်း စွပ်မိပြီ ထင်သည်။

"အဲဒါက ရုပ်ရှင်လေ... လက်တွေ့ဘဝနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမလဲ။ ငါ့အမြင် ပြောရရင်တော့ ရုပ်ရှင်ထဲက အချက်တစ်ချက်က မဆိုးဘူး။ ချစ်သူနှစ်ဦး ချစ်ကြပြီဆိုရင် တခြားလူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ အတူတူ လက်တွဲသင့်တယ် ဆိုတာလေ" ဖုန်းယွီက စကားလမ်းကြောင်း လွှဲရန် ကြိုးစားလိုက်သည်။

"အဲဒီအချက်ကိုတော့ ထောက်ခံပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲမှာ ဧကရာဇ်မင်းတောင်မှ လီဖုန်းကျဲ တစ်ယောက်တည်းကိုပဲ ချစ်တာနော်"

"အဲဒါက ဇာတ်လမ်းဆင်ထားတာပါ။ သမိုင်းမှာ မိန်းမတစ်ယောက်တည်း ယူတဲ့ ဧကရာဇ်မင်း ဘယ်ရှိပါ့မလဲ။ ရှန်းကျိုးဘုရင်တို့၊ ထန်မင်းမုနိတို့ ဆိုရင်တောင် မိဖုရားတွေ အများကြီး ရှိတာပဲ။ အချစ်ဆုံးက တစ်ယောက်တည်း ဖြစ်ချင်ဖြစ်မယ်လေ။ တချို့လူတွေက တစ်သက်လုံး တစ်ယောက်တည်းကိုပဲ ချစ်တတ်ကြတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း လူနှစ်ယောက်ကို ချစ်မိတတ်ကြတာပဲ။ သံယောဇဉ် ကိစ္စဆိုတာ ဘယ်သူက အတိအကျ ပြောနိုင်မှာမို့လို့လဲ"

"ရှင် ပြောချင်တာက ရှင်က ဒုတိယလူစားမျိုးပေါ့လေ"

ဖုန်းယွီ ဟီးခနဲ ရယ်လိုက်ပြီး ကားကိုသာ ဆက်မောင်းနေလိုက်သည်။

"ကျွန်မ သိချင်တာ တစ်ခုရှိတယ်။ ရှင်သာ လိုချင်ရင် ဘယ်လိုမိန်းမမျိုးမဆို ရနိုင်တာပဲ။ ကျွန်မလို မိန်းမမျိုးဆိုတာ ရှင့်ဘေးမှာ အများကြီး ရှိနေမှာပဲလေ"

"လုံးဝ မရှိပါဘူး" ဖုန်းယွီ အမြန် ငြင်းလိုက်သည်။

"တကယ်လား။ ကောင်းပြီလေ... တကယ်ပဲ ထားလိုက်ပါတော့။ ဒါဆို ရှင်ပြောတဲ့ အရင်ဘဝက ရေစက်ဆိုတာကလွဲရင် ကျွန်မမှာ ရှင် စိတ်ဝင်စားစရာ ဘာရှိလို့လဲ"

"မင်း အမှန်တိုင်း ကြားချင်လား၊ လိမ်ပြောတာ ကြားချင်လား"

"အမှန်အတိုင်း ကြားချင်တာပေါ့" ကျိုးခယ့်ရှင်းက ဖုန်းယွီကို မျက်စောင်းထိုးလိုက်သည်။ ဘယ်လိုမေးခွန်းမျိုးလဲ။ လိမ်ပြောတာ ကြားချင်ပါတယ်လို့ ဘယ်သူက ပြောမှာမို့လို့လဲ။

"အမှန်အတိုင်း ပြောရရင် ကိုယ်လည်း ဘာကြောင့်လဲဆိုတာ မသိဘူး။ မင်းအကြောင်းကိုပဲ အမြဲ တွေးမိနေတယ်။ မင်းပျော်ရင် ကိုယ်ပျော်တယ်။ မင်းမပျော်ရင် ကိုယ်လည်း မပျော်ဘူး။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင် ကိုယ် သွားရိုက်ချင်တယ်။ အရင်ဘဝက အကြောင်းကြောင့်လည်း ဖြစ်နိုင်သလို ဒီဘဝမှာ ရင်းနှီးခဲ့တာတွေကြောင့်လည်း ပါမှာပေါ့။ ပထမဆုံး မြင်မြင်ချင်း ဖြစ်တာကိုတော့ 'ရာဂစိတ်' လို့ ခေါ်တယ်လေ။ ကိုယ်ဖြစ်နေတာ အဲဒါမဟုတ်ဘူး ဆိုတာတော့ ကိုယ် သေချာသိတယ်"

တကယ်တမ်းကျတော့ ဖုန်းယွီသည် ဤကိစ္စကို အကြောင်းနှင့်အကျိုး ဆက်စပ်၍ တွေးတောဖူးသည်။ ပိုင်ဆိုင်လိုစိတ်နှင့် များစွာ သက်ဆိုင်နေသည်ဟု သူ ယူဆသည်။

ပိုင်ဆိုင်လိုစိတ် ဆိုသည်မှာ ကျား၊ မ ကွဲပြားမှုနှင့် မသက်ဆိုင်ပေ။ အမျိုးသမီးများတွင်လည်း ပိုင်ဆိုင်လိုစိတ် ရှိကြသည်သာ။

ဖုန်းယွီ၏ အဖြေကို ကြားသောအခါ ကျိုးခယ့်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။ သိပ်ဘဝင်ကျပုံ မရပေ။ သို့သော် ဖုန်းယွီ၏ စကားများသည် ရိုးသားပြီး အမှန်တရားဖြစ်ကြောင်း သူမ ခံစားမိသည်။

အမှန်စင်စစ် ကျိုးခယ့်ရှင်းသည် ဖုန်းယွီကို အားကျလေးစားမှု အချို့ ရှိနေသည်။ သူမသည် တရုတ်သူဌေးကြီး အများအပြားကို အင်တာဗျူးခဲ့ဖူးသော်လည်း ဖုန်းယွီကဲ့သို့ ဒဏ္ဍာရီဆန်သူ တစ်ယောက်မျှ မရှိခဲ့ပေ။ ဖုန်းယွီကိုယ်တိုင်ကတော့ သူ၏ ဒဏ္ဍာရီဆန်မှုသည် ဘဝနှစ်ခု ရှင်သန်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ပြောဖူးသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော ရုပ်ရှင်ကိစ္စသည်လည်း သူမကို များစွာ စိတ်လှုပ်ရှားစေခဲ့သည်။ ရုံတင်ပြီးသွားသော ဇာတ်ကားကို ဖုန်းယွီက ဖုန်းတစ်ချက် ဆက်လိုက်ရုံဖြင့် မန်နေဂျာကိုယ်တိုင် လာရောက်ကာ သီးသန့် ပြသပေးခဲ့သည် မဟုတ်ပါလော။

ဖုန်းယွီအတွက် ဤကိစ္စသည် မပြောပလောက်သော ကိစ္စဖြစ်သော်လည်း သူမအတွက်မူ ထိရှစေသည်။

ကားမောင်းနှင်မှု မမြန်ဆန်လှသော်လည်း ကျိုးခယ့်ရှင်း ငှားရမ်းနေထိုင်သည့် တိုက်ခန်းသို့ ရောက်ရှိလာခဲ့သည်။

"အပေါ်ထပ်အထိ လိုက်ပို့မယ်လေ"

သူတို့နှစ်ဦး ပခုံးချင်းယှဉ်လျက် လှေကားထစ်များကို အတူတူ တက်လာခဲ့ကြသည်။ ဓာတ်လှေကား ရှိသော်လည်း နှစ်ဦးသား အတူနေချိန် ပိုရစေရန် လှေကားဖြင့် တက်ရန် တညီတညွတ်တည်း ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ကျိုးခယ့်ရှင်း နေထိုင်ရာ ၆ လွှာသို့ ရောက်သောအခါ ဖုန်းယွီသည် သူမ၏ လက်မောင်းကို ရုတ်တရက် ဆွဲလိုက်ပြီး နံရံတွင် ကပ်ကာ မေးလိုက်သည်။ "မင်းကို နမ်းလို့ရမလား"

ကျိုးခယ့်ရှင်း ပြန်မဖြေနိုင်ခင်မှာပင် ဖုန်းယွီက ခေါင်းငုံ့ကာ နမ်းရှိုက်လိုက်တော့သည်။

ကျိုးခယ့်ရှင်း မျက်လုံးများ ပြူးကျယ်သွားပြီး ဖုန်းယွီ၏ ရင်ဘတ်ကို လက်ဖြင့် တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုခံစားမှုကို သူမကိုယ်တိုင် မလွန်ဆန်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

တစ်မိနစ်ခန့် ကြာသောအခါ နှုတ်ခမ်းချင်း ခွာလိုက်ကြသည်။ ကျိုးခယ့်ရှင်းသည် ခေါင်းငုံ့ထားပြီး ဖုန်းယွီ၏ မျက်လုံးများကို မကြည့်ရဲတော့ပေ။ သူမ၏ ပါးပြင်တစ်ခုလုံး နီရဲနေပြီး လက်များက အင်္ကျီစကို မသိမသာ လိမ်ချိုးနေမိသည်။

အရင်ဘဝတုန်းက ကျိုးခယ့်ရှင်း အနမ်းကြိုက်ကြောင်းကို ဖုန်းယွီ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလော။

"အိမ်ရောက်ပြီလေ... မဝင်တော့ဘူးလား"

ထိုအခါမှ ကျိုးခယ့်ရှင်း သတိဝင်လာပြီး လှေကားထစ် တံခါးကို ဖွင့်ကာ အထဲသို့ ပြေးဝင်သွားသည်။ အိတ်ထဲမှ သော့ကို ကပြာကယာ ရှာဖွေလိုက်သည်။

မတော်တဆ သော့ပြုတ်ကျသွားရာ ဖုန်းယွီက လျှောက်သွားပြီး သော့ကောက်ပေးလိုက်သည်။

ကျိုးခယ့်ရှင်းက နှုတ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။ "ဒီည ရှင် နေခဲ့လို့ မရဘူးနော်"

ပြောပြီးသည်နှင့် သူမ နောင်တရသွားသည်။ စိတ်ထဲရှိသည့်စကားကို ဘာလို့ ထုတ်ပြောလိုက်မိပါလိမ့်။ ပြီးတော့ ဖုန်းယွီက နေခဲ့မယ်လို့ ပြောလို့လား။

ဖုန်းယွီ ရယ်လိုက်သည်။ "စိတ်ချပါ... ငါ အဲဒီလောက် မလောပါဘူး။ တစ်နေ့နေ့ကျရင် မင်း ကိုယ့်ကို အိမ်ထဲ ဝင်ခွင့်ပေးမယ်လို့ ယုံကြည်ပါတယ်။ စောစော အိပ်တော့... Good night"

******

အခန်း (၁၂၂၄) အတုပြုလုပ်ထားသော လျှပ်စစ်စက်ဘီးများ

မေဒေး အားလပ်ရက်တွင် ဖုန်းယွီနှင့် လီနတို့သည် ပင်းစီးတီးသို့ ပြန်လာခဲ့ကြသည်။ ဆွေမျိုးများကို သွားရောက်တွေ့ဆုံရင်း ဖုန်းယွီသည် ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီအုပ်စုသို့ သွားရောက်ကြည့်ရှုရန်လည်း စီစဉ်ထားသည်။

ကုမ္ပဏီအုပ်စုသည် ဤနှစ်ပိုင်းအတွင်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ အထူးသဖြင့် လျှပ်စစ်စက်ဘီးနှင့် လျှပ်စစ်ဆိုင်ကယ် ကဏ္ဍတွင် ဖြစ်သည်။ လျှပ်စစ်ကားကိုတော့ လောလောဆယ် စတင်ခြင်း မရှိသေးပေ။

တကယ်တမ်းကျတော့ လျှပ်စစ်ယာဉ်များသည် လွန်ခဲ့သော ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ဖူးသည်။ အစောဆုံး ၁၈၃၄ ဝန်းကျင်ကပင် ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ရေနံအမြောက်အမြား တူးဖော်လာနိုင်ခြင်း၊ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် နည်းပညာ တိုးတက်လာခြင်းတို့ကြောင့် လျှပ်စစ်ယာဉ်များသည် ဆယ်စုနှစ်များစွာ တုံ့ဆိုင်းသွားခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များ ရောက်သောအခါ ရေနံဈေးနှုန်း မြင့်တက်လာခြင်း၊ လေထုညစ်ညမ်းမှု ဆိုးရွားလာခြင်းတို့ကြောင့် လျှပ်စစ်ယာဉ်များကို ပြန်လည်သုတေသန ပြုလုပ်လာကြသည်။

လျှပ်စစ်စက်ဘီးကို အစောဆုံး သုတေသနပြုလုပ်ခဲ့သူမှာ အခြားသူမဟုတ်၊ ရှန်ဟိုင်းမှ Yongjiu စက်ဘီးစက်ရုံ ဖြစ်သည်။ သို့သော် နည်းပညာ အကန့်အသတ်ကြောင့် လျှပ်စစ်စက်ဘီးများ ရောင်းမကောင်းခဲ့ပေ။ လျှပ်စစ်ဆိုင်ကယ် ဆိုလျှင် ပို၍ ဆိုးရွားသည်။

ပင်းစီးတီး စက်မှုထုတ်လုပ်ရေး အုပ်စုသည် ၁၉၉၇ ခုနှစ်ကတည်းက လျှပ်စစ်စက်ဘီးကို ထုတ်လုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော် ဘက်ထရီ နည်းပညာ မမီခြင်း၊ ဆက်စပ်နည်းပညာများ ခေတ်နောက်ကျနေခြင်းတို့ကြောင့် ထုတ်လုပ်မှုကို ဆိုင်းငံ့ထားခဲ့သည်။ ထိုစဉ်က ဆိုင်ကယ်ရောင်းအား ကောင်းနေချိန်လည်း ဖြစ်သည်။

ယခုအခါတွင် ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်များ စတင်လာပြီ ဖြစ်သည်။ တရားဝင် အကောင်အထည် မဖော်ရသေးသော်လည်း ကြိုတင်အသိပေးထားပြီး ဖြစ်သဖြင့် ဆိုင်ကယ် ကန့်သတ်မှုများ အကြီးအကျယ် စတင်တော့မည် ဖြစ်သည်။

အရင်ဘဝတုန်းက ၂၀၀၇ ခုနှစ်သည် ဆိုင်ကယ်စီးရေ အများဆုံးနှစ် ဖြစ်ခဲ့သည်။ ထို့နောက် အိုလံပစ်ပွဲတော် ကျင်းပရန် ရှိနေသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဆိုင်ကယ်များကို တစ်နိုင်ငံလုံးရှိ မြို့ကြီးများတွင် ကန့်သတ်လာခဲ့သည်။ ထို့ကြောင့် ဆိုင်ကယ်ရောင်းအား တဖြည်းဖြည်း ကျဆင်းလာပြီး လျှပ်စစ်ယာဉ် ရောင်းအား မြင့်တက်လာခဲ့သည်။

ယခုအချိန်တွင်လည်း တရုတ်နိုင်ငံသည် အိုလံပစ်ပွဲတော် ကျင်းပခွင့် ရရှိထားပြီဖြစ်၍ ဆိုင်ကယ် ကန့်သတ်မိန့်ကို စတင်စမ်းသပ်နေပြီ ဖြစ်သည်။ ပထမဆုံး သက်ရောက်မှု ရှိသည်မှာ မြို့ကြီးပြကြီးများနှင့် ပြည်နယ်မြို့တော်များ ဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်က တစ်နိုင်ငံလုံးတွင် လျှပ်စစ်စက်ဘီး အစီးရေ ၅ သောင်းခန့်သာ ရှိခဲ့သည်။ (ပြည်ပမှ တင်သွင်းခြင်းအပါအဝင် ဖြစ်သည်)။ သို့သော် မနှစ်က တစ်နိုင်ငံလုံးတွင် လျှပ်စစ်စက်ဘီး အစီးရေ ၅ သိန်း ကျော်သွားခဲ့ပြီး ဒီနှစ်တွင် ပိုမိုမြင့်တက်လာမည့် အနေအထား ရှိနေသည်။

မနှစ်ကစပြီး Songjiangအမှတ်တံဆိပ် လျှပ်စစ်ယာဉ်များ ဈေးကွက်တင်သောအခါ ကြော်ငြာအားကောင်းခြင်း၊ နာမည်ကျော် အနုပညာရှင်များဖြင့် မိတ်ဆက်ခြင်း၊ အမှတ်တံဆိပ် ခိုင်မာခြင်းတို့ကြောင့် တရုတ်နိုင်ငံ လျှပ်စစ်စက်ဘီး ဈေးကွက်၏ ခေါင်းဆောင်နေရာကို လျင်မြန်စွာ ရယူနိုင်ခဲ့သည်။ လျှပ်စစ်ဆိုင်ကယ် ဈေးကွက်တွင်လည်း အလွယ်တကူပင် ဦးဆောင်နိုင်ခဲ့သည်။

လျှပ်စစ်စက်ဘီးကို စောစီးစွာ ထုတ်လုပ်ခဲ့သော Yongjiu စက်ရုံကဲ့သို့သော လုပ်ငန်းများမှာမူ မျက်ပြုးမျက်ဆန် ဖြစ်ကျန်ရစ်ခဲ့သည်။ အမှတ်တံဆိပ်၊ နည်းပညာ၊ ကြော်ငြာနှင့် ဖြန့်ချိရေး လမ်းကြောင်း မည်သည့်အရာတွင်မဆို Songjiangက ရှေ့ရောက်နေသည်။

Yongjiu ဘက်ကမူ သူတို့က အရင်စလုပ်ခဲ့သူများ ဖြစ်သဖြင့် လျှပ်စစ်ယာဉ် ရောင်းအားမြင့်တက်ချိန်တွင် သူတို့လည်း အမြတ်အစွန်း ရရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် ဈေးကွက်ဦးဆောင်သူ နေရာကို ဆက်လက်ထိန်းသိမ်းရန် စက်ရုံများကို တိုးချဲ့ခဲ့သည်။

သို့သော် Songjiang လျှပ်စစ်စက်ဘီး ထွက်ပေါ်လာသည်နှင့် ဈေးကွက်တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။ အမှတ်တံဆိပ်၊ ကြော်ငြာနှင့် ဖြန့်ချိရေးတို့တွင် သာလွန်သည်ကို သူတို့ လက်ခံနိုင်သော်လည်း နည်းပညာပိုင်းတွင်ပါ Songjiangက ပိုကောင်းနေသည်။

ပြည်ပမှ တင်သွင်းသော လျှပ်စစ်စက်ဘီးများမှာမူ ရုတ်တရက် ဝယ်သူမဲ့ ဖြစ်သွားသည်။ အကြောင်းမှာ Songjiangက တီဗီတွင် စွမ်းဆောင်ရည် ယှဉ်ပြိုင်စမ်းသပ်မှု လုပ်ပြလိုက်ရာ Songjiang လျှပ်စစ်စက်ဘီးက နိုင်ငံခြားတံဆိပ်များကို အပြတ်အသတ် အနိုင်ရသွားသောကြောင့် ဖြစ်သည်။

တကယ်တမ်းတွင် နိုင်ငံခြား၌ ပိုကောင်းသော ပစ္စည်းများ မရှိသည် မဟုတ်။ သူတို့က တရုတ်ပြည်သို့ ခေတ်ဟောင်းပစ္စည်းများ လာရောင်းနေခြင်းသာ ဖြစ်သည်။ Songjiangက ဈေးကွက်သိမ်းပိုက်သွားသည်ကို သိလိုက်ရမှ ပိုကောင်းသော ပစ္စည်းများကို တရုတ်ဈေးကွက်သို့ တင်သွင်းလာကြသည်။

သို့သော် နှိုင်းယှဉ်စမ်းသပ်မှုကို မြင်တွေ့လိုက်ရသော တရုတ်စားသုံးသူများသည် နိုင်ငံခြား အမှတ်တံဆိပ်များကို သံသယ ဝင်သွားကြပြီး သူတို့ပစ္စည်း ပိုကောင်းသည်ဟု ပြောလာလျှင်လည်း မယုံကြတော့ပေ။

"Songjiang အရည်အသွေး စိတ်ချရသော အမှတ်တံဆိပ်ဟောင်း"

ဤကြော်ငြာစာသား တစ်ကြောင်းတည်းဖြင့် လူတိုင်း၏စိတ်ထဲ စွဲမြဲသွားစေသည်။

Yongjiu စက်ရုံကမူ မကျေမနပ် အဖြစ်ရဆုံးပင်။ Songjiangက ဘယ်တုန်းက အမှတ်တံဆိပ်ဟောင်း ဖြစ်သွားရတာလဲ။ ငါတို့ Yongjiu ကမှ နှစ်ပေါင်းများစွာ ကြာခဲ့တာ၊ Songjiangက ခုမှပေါ်တာလေ။

မင်းတို့ ပစ္စည်းအရည်အသွေးက စိတ်ချရတယ်ဆိုတော့ ငါတို့ပစ္စည်းက စိတ်မချရဘူးလို့ ပြောချင်တာလား။

မူလက Yongjiu ၏ နည်းပညာသည် မဆိုးလှသလို ကုန်ကျစရိတ် ထိန်းချုပ်မှုလည်း ကောင်းမွန်သည်။ သို့သော် Songjiang လျှပ်စစ်စက်ဘီး ဈေးကွက်တင်ပြီးနောက် Yongjiu၏ ဈေးနှုန်းမှာ မြင့်တက်သွားခဲ့ရသည်။ ဤသည်မှာ Yongjiu၏ ဈေးကွက်ဝေစု ကျဆင်းသွားရခြင်း၏ အဓိကအကြောင်းရင်းပင်။

အဘယ်ကြောင့်ဆိုသော် Yongjiu၏ လျှပ်စစ်စက်ဘီးများသည်လည်း ထိုက်ဟွာဘက်ထရီကို သုံးစွဲရသောကြောင့် ဖြစ်သည်။ ယခင်က သူတို့သည် ၃ နှစ်စာ ဘက်ထရီ ဝယ်ယူရေး စာချုပ် ချုပ်ဆိုထားခဲ့သော်လည်း မနှစ်က စာချုပ်သက်တမ်း ကုန်ဆုံး၍ ပြန်လည်ချုပ်ဆိုရမည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

ဒီတစ်ခေါက်တွင် ထိုက်ဟွာ ဘက်ထရီက ရုတ်တရက် ဈေးတင်လိုက်သည်။

Yongjiu လျှပ်စစ်စက်ဘီးများ ဈေးတက်သွားသဖြင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းသွားသည်။ မူလကတည်းက Yongjiu၏ စက်ရုံအရေအတွက်သည် Songjiangထက် နည်းပါးသဖြင့် သယ်ယူပို့ဆောင်ရေး စရိတ် ပိုများသည်။ ဤသို့ဖြင့် Songjiang လျှပ်စစ်စက်ဘီး၏ ပျမ်းမျှ ရောင်းဈေးသည် Yongjiuထက် ယွမ် ၂၀၀ ခန့် ဈေးသက်သာနေသည်။

လျှပ်စစ်စက်ဘီး တစ်စီးအတွက် ယွမ် ၂၀၀ ဆိုသည်မှာ မများလှသော်လည်း လျှပ်စစ်စက်ဘီး ဝယ်စီးသူ အများစုမှာ ချမ်းသာသူများ မဟုတ်ကြပေ။ သူတို့အတွက် ယွမ် ၂၀၀ ဆိုသည်မှာ မနည်းလှသော ပမာဏ ဖြစ်သည်။

ဒီနှစ်တွင် လျှပ်စစ်စက်ဘီး အစီးရေ ၁ သန်းကျော်၊ လျှပ်စစ်ဆိုင်ကယ် အစီးရေ ၅ သိန်းကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ လျှပ်စစ်စက်ဘီး ဈေးကွက်တွင် Songjiang အမှတ်တံဆိပ်က ၇၀ ရာခိုင်နှုန်းကျော် သိမ်းပိုက်ထားပြီး လျှပ်စစ်ဆိုင်ကယ် ဈေးကွက်တွင် ၈၀ ရာခိုင်နှုန်းကျော်အထိ သိမ်းပိုက်ထားသည်။

လျှပ်စစ်ယာဉ် ဈေးကွက် အရှိန်ကောင်းလာသည်နှင့်အမျှ ဒေသအသီးသီးတွင် စက်ရုံအသေးစားလေးများ ပေါ်ပေါက်လာကြသည်။ သူတို့သည် Songjiang၏ နည်းပညာ မူပိုင်ခွင့်များကို ခိုးယူသုံးစွဲကြပြီး အတုခိုးရုံသာ ဖြစ်သည်ဟု ယူဆနေကြသည်။

ထိုစက်ရုံလေးများသည် နည်းပညာ အသင့်အတင့် ရှိပြီး အမှတ်တံဆိပ် တည်ဆောက်စရာ မလိုခြင်း၊ သုတေသန လုပ်စရာ မလိုခြင်း၊ ကြော်ငြာစရိတ် မရှိခြင်းနှင့် အရည်အသွေးနိမ့် ကုန်ကြမ်းများ သုံးစွဲခြင်းတို့ကြောင့် ကုန်ကျစရိတ်မှာ Songjiangထက်ပင် နိမ့်ကျနေသည်။

အစပိုင်းတွင် ဤကိစ္စကို ပြဿနာမရှိဟု ယူဆခဲ့သည်။ ပုံစံတူရုံလောက်နှင့် လီမင်တေက အရေးယူရန် စိတ်မကူးခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့က Songjiangကို ယှဉ်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် အမြတ်အများဆုံး ရရှိသော လျှပ်စစ်ဆိုင်ကယ် အင်ဂျင်ကို ထိုစက်ရုံလေးများက ထုတ်လုပ်နိုင်စွမ်း မရှိကြပေ။

သို့သော် မလုပ်သင့် မလုပ်ထိုက်သည်ကို ထိုစက်ရုံလေးများက လုပ်ဆောင်လာကြသည်။ သူတို့သည် Songjiang အမှတ်တံဆိပ်ကိုပါ ကပ်ပြီး အတုလုပ် ရောင်းချလာကြသည်။ ဒါက သဘောသဘာဝချင်း လုံးဝ ကွာခြားသွားပြီ။

ပုံစံတူခြင်းနှင့် အတုအပ ပြုလုပ်ခြင်းသည် မတူညီပေ။ ပုံစံတူရုံဆိုလျှင် အရေးမယူဘဲ ထားနိုင်သော်လည်း အမှတ်တံဆိပ်ပါ အတုလုပ်လာလျှင် လက်ခံ၍ မရတော့ပေ။

ထိုစက်ရုံလေးများမှ ထုတ်လုပ်သော လျှပ်စစ်စက်ဘီးများသည် အရည်အသွေး ညံ့ဖျင်းရုံသာမက လုံခြုံရေး အန္တရာယ်ပါ ရှိနေသည်။

လွန်ခဲ့သော ရက်ပိုင်းက ဖောက်သည်တစ်ယောက် ဝယ်ယူသွားသော Songjiang တံဆိပ် လျှပ်စစ်စက်ဘီးသည် တစ်ပတ်မပြည့်ခင် ဘက်ထရီ လောင်ကျွမ်းသွားခဲ့သည်။ ဖောက်သည်က Songjiang ပြုပြင်ရေးဌာနသို့ လာရောက်ပြင်ဆင်ရာမှ အတုဖြစ်နေကြောင်း ကုမ္ပဏီက တွေ့ရှိလိုက်ရသည်။

ဈေးကွက်ထဲတွင် အတုများ ပျံ့နှံ့နေပြီ။

လီမင်တေသည် ဤကိစ္စကို အလေးထားပြီး ကုမ္ပဏီဂုဏ်သိက္ခာ ထိခိုက်မည်ကို စိုးရိမ်နေသည်။ အတုများ ဈေးကွက်လွှမ်းမိုးသွားပါက Songjiang အမှတ်တံဆိပ်သာမက ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီအုပ်စု၏ ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်သည်။

သူတို့ ကြိုးစားတည်ဆောက်ထားသော နာမည်ဂုဏ်သတင်းကို ဒီလူတွေလက်ထဲတွင် အပျက်စီးမခံနိုင်ပေ။

ထို့ကြောင့် လီမင်တေသည် ဖုန်းယွီကို တင်ပြပြီး ဖုန်းယွီ၏ အရှိန်အဝါဖြင့် အထက်လူကြီးများကို တိုက်တွန်းကာ စစ်ဆေးဖော်ထုတ် အရေးယူပေးရန်၊ မသမာသော လုပ်ငန်းရှင်များကို ထိုက်တန်သော ပြစ်ဒဏ်ပေးရန် အကူအညီ တောင်းခံလာခြင်း ဖြစ်လေသည်။

******

အခန်း (၁၂၂၅) နှစ်ဖက်ညှပ် တိုက်စစ်

ဖုန်းယွီသည် ပင်းစီးတီးသို့ ပျော်ရွှင်စွာ ရောက်လာခဲ့သော်လည်း စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းဆိုးတစ်ခုကို ကြားလိုက်ရလေသည်။

"လောင်တေ... အဲဒီ အတုတွေကို ဘယ်မြို့မှာ တွေ့တာလဲ"

"ပေကျင်းမှာပါ"

ဖုန်းယွီ အကြီးအကျယ် အံ့သြသွားသည်။ အတုရောင်းတဲ့ကောင်တွေက တော်တော် သတ္တိကောင်းတာပဲ။ ပေကျင်းထိတောင် တက်ရောင်းရဲကြတယ်။ ပေကျင်းဈေးကွက်က ကြီးပြီး အမြတ်များတယ်ဆိုတာကို သူတို့ သေချာပေါက် သိနေကြတာပဲ။

"တခြားမြို့တွေမှာရော မတွေ့ဘူးလား"

"မြို့တော်တော်များများမှာ တွေ့နေရတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေကို သေချာစစ်ဆေးခိုင်းထားတယ်။ ကံကောင်းတာက လောလောဆယ် ကျွန်တော်တို့ ကိုယ်စားလှယ်တွေထဲက ဘယ်သူမှ အတုရောင်းတာ မတွေ့ရသေးဘူး။ မဟုတ်ရင် ပြဿနာ တက်ပြီ" လီမင်တေက သက်ပြင်းချရင်း ပြောလိုက်သည်။

ဖောက်သည်က တခြားဆိုင်မှာ အတုဝယ်မိတာဆိုရင် ကုမ္ပဏီက ရှင်းပြလို့ ရသေးသည်။ ကိုယ့်အရောင်းဆိုင်ကပဲ အတုရောင်းမိတယ်ဆိုရင်တော့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းသွားမည် ဖြစ်သည်။ မလိုသူတွေက ဒါကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာလျှင် ကုမ္ပဏီ ပြိုလဲမသွားရင်တောင် နာလန်ထူဖို့ မလွယ်ကူပေ။

တကယ်တော့ အရောင်းကိုယ်စားလှယ်တွေလည်း အတုရောင်းချင်စိတ် ပေါ်ဖူးကောင်း ပေါ်ဖူးကြလိမ့်မည်။ သို့သော် သူတို့သည် ပင်းစီးတီး စက်မှုထုတ်လုပ်ရေး ကုမ္ပဏီနှင့် နီးကပ်စွာ လက်တွဲလုပ်ကိုင်နေရသည်။ လျှပ်စစ်စက်ဘီး တစ်မျိုးတည်း မဟုတ်ဘဲ လျှပ်စစ်ဆိုင်ကယ်၊ ဆိုင်ကယ်နှင့် ကားများကိုပါ ရောင်းချခွင့် ရထားသည် မဟုတ်ပါလော။

အမြတ်နည်းနည်းလေးအတွက်နဲ့ ကုန်ပစ္စည်းအားလုံး ရောင်းချခွင့် ဆုံးရှုံးသွားမည့် အဖြစ်မျိုး အရောက်မခံရဲကြပေ။ ထို့ပြင် Songjiang အမှတ်တံဆိပ်ကို ဖုန်းယွီ တည်ထောင်ထားမှန်း သူတို့အားလုံး သိကြသည်။ ဖုန်းယွီဆိုတာ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်လေ။ သူ့ကို သွားစမိရင် စာချုပ်ဖျက်သိမ်းရုံလောက်နဲ့ ပြီးမှာမဟုတ်ဘူး။

"အရောင်းကိုယ်စားလှယ်တွေကို စစ်ဆေးရုံတင် မကဘူး၊ ကျွန်တော်တို့ဘက်ကလည်း အတုလုပ်လို့ မရနိုင်မယ့် အမှတ်အသား အသေးစိတ်လေးတွေ ထည့်သွင်းဖို့ လိုမယ်။ အထက်လူကြီးတွေကိစ္စကိုတော့ ခင်ဗျား စိတ်မပူနဲ့၊ ကျွန်တော် ရှင်းလိုက်မယ်"

ကိုယ်တိုင် ပင်ပင်ပန်းပန်း တည်ထောင်ထားသည့် အမှတ်တံဆိပ်က နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့ပြီ။ ကိုယ့်အိမ်ရှေ့ကျမှ မှောက်ရက်လဲသွားရင် ရယ်စရာကြီး ဖြစ်နေမှာပေါ့။

"ဒါနဲ့... ပင်းစီးတီးမှာရော အတုတွေ တွေ့သေးလား" ကိုယ့်နယ်မြေမှာတောင် အတုပေါ်နေရင်တော့ အခြေအနေက တော်တော်ဆိုးနေပြီ။

"မတွေ့ပါဘူး။ ပင်းစီးတီးတင်မကဘူး၊ ဟေးလုံကျန်း ပြည်နယ် တစ်ခုလုံးမှာ ရှာကြည့်ပြီးပြီ၊ လုံးဝ မရှိဘူး။ ကျီလင် ပြည်နယ်မှာလည်း မရှိဘူး။ လျောင်နင် ပြည်နယ်ဘက်ကတော့ သတင်းမရသေးဘူး"

ဖုန်းယွီ သက်ပြင်းချလိုက်သည်။ တော်ပါသေးရဲ့... အခြေအနေက အဆိုးဆုံး အဆင့်ထိ မရောက်သေးဘူး။

"လျှပ်စစ်ဆိုင်ကယ် အတုရော ရှိလား"

"အဲဒါတော့ မရှိဘူး။ လျှပ်စစ်ဆိုင်ကယ် ထုတ်နိုင်တဲ့ စက်ရုံတွေက နည်းပညာ အသင့်အတင့် ရှိကြတယ်။ သူတို့က ကျွန်တော်တို့ ဒီဇိုင်းနဲ့ နည်းပညာကို အတုခိုးကြပေမဲ့ တံဆိပ်တော့ ခိုးမကပ်ကြဘူး"

"ကျွန်တော်တို့ မူပိုင်ခွင့် နည်းပညာတွေကိုရော သူတို့ သုံးကြလား"

"သုံးတယ်" လီမင်တေက အားနာသလို ပြောလိုက်သည်။ သူ့မှာ ရှေးရိုးစွဲ စိတ်ဓာတ်လေး ရှိနေသေးသည်။ ကိုယ့်ကုမ္ပဏီကို သိပ်မထိခိုက်ရင် သူများကို လမ်းပိတ်မလုပ်ချင်ပေ။ အရင်တုန်းကတော့ ပြတ်ပြတ်သားသား လုပ်ခဲ့သော်လည်း အသက်ကြီးလာတော့ စိတ်သဘောထား ပျော့ပျောင်းလာခဲ့သည်။

"လောင်တေ... ဒီနည်းပညာတွေ ရဖို့ ကျွန်တော်တို့ ပိုက်ဆံအများကြီး အကုန်အကျခံပြီး သုတေသန လုပ်ခဲ့ရတာလေ။ သူတို့ သုံးချင်ရင် သုံးလို့ရတယ်၊ ဒါပေမဲ့ မူပိုင်ခွင့်ကြေးတော့ ပေးရမယ်။ အလကား ပေးသုံးလိုက်ရင် ကျွန်တော်တို့ပဲ နစ်နာတာပေါ့။ ကုမ္ပဏီ အမြတ်ရတယ် ဆိုတာ ဝန်ထမ်းအားလုံး ကြိုးစားထားလို့ ရတာ။ ခင်ဗျားက ဒီလောက် အမြတ်ငွေလေးကို ဂရုမစိုက်ဘူး ဆိုပေမဲ့ တစ်နှစ်ကို မူပိုင်ခွင့်ကြေး ယွမ် ၁ သန်းလောက် ရရင် ဝန်ထမ်းတွေကို နှစ်ကုန် ဘောနပ်စ် ပိုပေးနိုင်တယ်လေ။ ဘောနပ်စ် မပေးရင်တောင် ဝန်ထမ်းတွေရဲ့ နေ့လယ်စာကို ဟင်းကောင်းကောင်း ကျွေးလို့ရတာပဲ"

"ဟုတ်ကဲ့... မန်နေဂျာဖုန်း၊ ကျွန်တော် သဘောပေါက်ပါပြီ။ တချို့လူတွေက ကျွန်တော်နဲ့ ရင်းနှီးနေတော့ ပြောရဆိုရ ခက်နေလို့ပါ။ စိတ်ချပါ... ပြန်ရောက်တာနဲ့ လူလွှတ်ပြီး မူပိုင်ခွင့်ကြေး လိုက်ကောက်ခိုင်းပါ့မယ်။ ရသင့်ရထိုက်တဲ့ ပိုက်ဆံကို ရအောင် ယူပါ့မယ်" လီမင်တေ မျက်နှာပူသွားသည်။ ဖုန်းယွီက သူ့ကို ယုံကြည်သလောက် သူက တာဝန်မကျေခဲ့ပေ။

...

ရက်အနည်းငယ် ကြာသောအခါ ဖုန်းယွီ ပေကျင်းသို့ ပြန်ရောက်လာပြီး လျိုချွမ်းကျစ်ထံ ဖုန်းဆက်လိုက်သည်။

"ဥက္ကဋ္ဌလျို... ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန ဘက်က လူကြီးတွေနဲ့ ရင်းနှီးတာ ရှိလား"

"မြို့တော်ဝန်ကြီးဌာနလား၊ ဗဟိုအဆင့်လား"

"ဗဟိုအဆင့် လိုချင်တာ"

"ဒုတိယ ညွှန်ကြားရေးမှူးချုပ် တစ်ယောက်နဲ့တော့ ရင်းနှီးတယ်။ ခင်ဗျား တွေ့ချင်ရင် ဒီည ထမင်းစားဖို့ ချိန်းပေးရမလား"

"ကောင်းပြီ... စီစဉ်ပေးပါ"

ညနေစောင်းတွင် ဖုန်းယွီ စားသောက်ဆိုင်သို့ ရောက်လာသောအခါ လျိုချွမ်းကျစ်က လူတစ်ယောက်ကို ခေါ်ဆောင်ပြီး ဖုန်းယွီထံ လျှောက်လာသည်။

"မန်နေဂျာဖုန်း... မိတ်ဆက်ပေးပါရစေ။ ဒါ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် ချန်လျန်ပါ။ ညွှန်မှူးချန်... ဒါကတော့ ခင်ဗျား အမြဲတွေ့ချင်နေတဲ့ မန်နေဂျာဖုန်းယွီပါ"

"မင်္ဂလာပါ မန်နေဂျာဖုန်း" ချန်လျန်က လှိုက်လှိုက်လှဲလှဲ လက်ကမ်းပေးလိုက်သည်။

ဖုန်းယွီနှင့် ရင်းနှီးခွင့်ရသူတိုင်း စီးပွားတက်ကြသည် မဟုတ်ပါလော။ ဖုန်းယွီ၏ သြဇာအာဏာက သာမန် မဟုတ်ပေ။

"မင်္ဂလာပါ ညွှန်မှူးချန်... အထဲဝင်ရအောင်ဗျာ။ အပြင်မှာ ရပ်မနေပါနဲ့" ဖုန်းယွီက ပြုံးရွှင်စွာ ဖိတ်ခေါ်လိုက်သည်။

သီးသန့်အခန်းထဲသို့ ရောက်၍ ထိုင်လိုက်သည်နှင့် စားပွဲထိုးများက ဟင်းပွဲများ လာချပေးသည်။ လျိုချွမ်းကျစ်က ကြိုတင်မှာကြားထားပြီး ဖြစ်သည်။ သူတို့ လာတွေ့ခြင်းသည် အဓိက စားသောက်ရန် မဟုတ်ဘဲ ဆွေးနွေးရန်သာ ဖြစ်သည် မဟုတ်ပါလော။

"ညွှန်မှူးချန်... ကျွန်တော် တဲ့တိုးပဲ ပြောပါရစေ။ ခင်ဗျားဆီက အကူအညီ လိုချင်လို့ပါ"

"မန်နေဂျာဖုန်းကလည်း အားနာစရာကြီးဗျာ။ လိုတာရှိရင် ပြောသာပြောပါ။ ကျွန်တော် လုပ်ပေးနိုင်တာဆို သေချာပေါက် လုပ်ပေးပါ့မယ်" ချန်လျန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"အခုတလော ဈေးကွက်ထဲမှာ ကျွန်တော်တို့ Songjiang လျှပ်စစ်စက်ဘီး အတုတွေ ပျံ့နှံ့နေတယ်။ ခင်ဗျားတို့ ဌာနက ဦးဆောင်ပြီး အတုအပ ပစ္စည်းတွေကို စစ်ဆေးအရေးယူပေးစေချင်တယ်။ ကျွန်တော် ခင်ဗျားတို့ကို အလကား ကူညီခိုင်းတာ မဟုတ်ပါဘူး။ ပြီးရင် ဌာနသုံးဖို့ Songjiangကား အစီးရေအနည်းငယ် လှူဒါန်းပေးပါ့မယ်"

ချန်လျန် ပြုံးဖြီးသွားသည်။ "ဟာ... မန်နေဂျာဖုန်းကလည်း ယဉ်ကျေးနေပြန်ပါပြီ။ ကားပေးပေး၊ မပေးပေး အတုအပ နှိမ်နင်းရေးက ကျွန်တော်တို့ အလုပ်ပဲလေ။ ခင်ဗျားတို့ဘက်က သဲလွန်စ ရထားတာ ရှိလား။ ရှိရင် ကျွန်တော့်ကို ပေးပါ၊ လုပ်ရကိုင်ရ ပိုလွယ်တာပေါ့။ စိတ်ချပါ... မနက်ဖြန်ကျရင် ပြည်နယ်အသီးသီးကို စာထုတ်ပြီး စစ်ဆေးခိုင်းလိုက်မယ်။ မန်နေဂျာဖုန်း ကျေနပ်လောက်တဲ့ ရလဒ်မျိုး ရစေရမယ်"

ချန်လျန်၏ သဘောထားကို ဖုန်းယွီ သဘောကျသွားသည်။

"ညွှန်မှူးချန်... မနက်ဖြန်ကျရင် သတင်းစာတွေ၊ အင်တာနက်တွေမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါး တစ်ပုဒ် တက်လာလိမ့်မယ်။ ခင်ဗျား စိတ်မဆိုးနဲ့နော်"

"ဘာကို ဆိုလိုတာလဲဗျ"

ဖုန်းယွီက စာရွက်တစ်ရွက်ကို ချန်လျန်အား ကမ်းပေးလိုက်သည်။

ချန်လျန် ယူဖတ်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားသည်။

"မန်နေဂျာဖုန်း... ဒါက လိုလို့လားဗျာ"

ဆောင်းပါးထဲတွင် တရုတ်နိုင်ငံ၌ အတုအပ ကုန်ပစ္စည်းများ လွန်စွာ များပြားနေကြောင်း၊ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်စေကြောင်း ရေးသားထားသည်။

ဒီဆောင်းပါး ထွက်သွားရင် ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနကို ပါးရိုက်လိုက်သလို ဖြစ်နေမှာပေါ့။

ချန်လျန် စိတ်မကြည်မလင် ဖြစ်သွားသည်။ ငါက ကူညီပါ့မယ်လို့ ပြောနေတာတောင် မင်းက မလျော့ဘဲ ငါ့ကိုပါ ထိုးနှက်နေပါရောလား။ နည်းနည်းတော့ လွန်လွန်းတယ် မထင်ဘူးလား။

ဖုန်းယွီက ပြုံးစစဖြင့် ပြောလိုက်သည်။ "ညွှန်မှူးချန်... တကယ်လို့ ဒီဆောင်းပါးကို ခင်ဗျားတို့ ဌာနနာမည်နဲ့ ထုတ်ပြန်လိုက်ရင်ရော"

"ကျွန်တော်တို့ ဌာနနာမည်နဲ့ ဟုတ်လား။ ခင်ဗျား ဆိုလိုတာက ကျွန်တော်တို့ ကိုယ်တိုင် ဝန်ခံခိုင်းတာပေါ့"

ချန်လျန် စဉ်းစားခန်း ဝင်သွားသည်။ ဒီလိုဆိုရင်တော့ မဆိုးလှပေ။ ကိုယ့်အလုပ်တာဝန် ပျက်ကွက်မှုကို ဝန်ခံလိုက်ရသလို ဖြစ်ပေမဲ့ တစ်ဖက်မှာလည်း အတုအပ နှိမ်နင်းရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်မည့် သန္နိဋ္ဌာန်ကို ပြသရာ ရောက်သည်။ အထက်လူကြီးတွေ သဘောကျလောက်သည်။

ပြည်သူတွေကလည်း အတုအပ နှိမ်နင်းရေး လုပ်ဆောင်ချက်ကို မြင်တွေ့ရရင် ပိုပြီးထောက်ခံအားပေးလာကြလိမ့်မယ်။

အရင်တုန်းက အောက်ခြေဝန်ထမ်းတွေ ဖမ်းဆီးရေးထွက်ရင် ဈေးသည်တွေက အစိုးရက လူပါးဝတယ် ဘာညာဆိုပြီး အော်ဟစ်တတ်ကြလို့ အလုပ်လုပ်ရတာ ခက်ခဲခဲ့သည်။

"ညွှန်မှူးချန်... ဖြစ်နိုင်ရင် ဒီဆောင်းပါးကို ခင်ဗျားနာမည်နဲ့ ရေးလိုက်ရင်လည်း ရပါတယ်။ ကျွန်တော် ၃ ရက် စောင့်ပေးမယ်။ ၃ ရက်နေလို့မှ မတက်လာရင်တော့ ကျွန်တော့်လူတွေကို တင်ခိုင်းလိုက်တော့မယ်"

ချန်လျန် တွက်ချက်ကြည့်လိုက်သည်။ "ကောင်းပြီလေ မန်နေဂျာဖုန်း... ၃ ရက်အတွင်း ကျွန်တော် အကြောင်းပြန်လိုက်ပါ့မယ်"

******

All Chapters