အခန်း (၂၅၃)
Vol. 26 Ch. 253
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ချက်ချင်းပင် မေးခွန်းထုတ်ခဲ့သော စစ်ဆေးသူ ကုန်းကုန်းများ၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ပူထူသွားခဲ့သည်။
ဤမေးခွန်းလွှာသည် သူတို့၏ အစွမ်းကုန် ကြိုးစားထုတ်ထားသော လက်ရာတစ်ခု ဖြစ်သည်။ မူလက ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားများကို မျှော်လင့်ချက်မဲ့ခြင်းသည် မည်သို့သော ခံစားချက်မျိုး ဖြစ်ကြောင်းနှင့် သင်္ချာပညာ၏ နက်နဲမှုကို မြည်းစမ်းစေလိုခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ ထင်မထားခဲ့သော အချက်မှာ တုပိုင်အတွက်မူ ဤမေးခွန်းများသည် ရေသောက်ရခြင်းထက်ပင် ပို၍ လွယ်ကူနေခြင်း ဖြစ်သည်။
“သူက အသက် ၁၈ နှစ်ပဲ ရှိသေးတယ် ၊ ဒီလောကမှာ အဲဒီလို ဉာဏ်ကြီးရှင်တွေ တကယ် ရှိလို့လား” ကုန်းကုန်းတစ်ဦးက ရုတ်တရက် အာမေဋိတ် ပြုလိုက်သည်။
ကြီးကြပ်ရေးမှူးချုပ်က ပြောလိုက်သည်။
“ခင်ဗျား မသိလို့ နေမှာပါ ၊ ဒီလောကမှာ သင်္ချာပါရမီရှင်တွေက မွေးရာပါ ဖြစ်ပြီး အသက်အရွယ်နဲ့ ဘာမှမဆိုင်ဘူး”
နောက်ထပ် ကုန်းကုန်းတစ်ဦးက ပြောလိုက်သည်။
“ကဗျာနဲ့ စကားပြေမှာလည်း အတူတူပါပဲ။ အဲဒီ ပါရမီရှင်တွေ ရေးသားတဲ့ စာစီစာကုံးတွေက ရုတ်တရက် တွေးမိတာပဲ ဖြစ်ဖြစ် ၊ သာမန်လူတွေ ရက်နဲ့ချီပြီး ဦးနှောက်ခြောက်အောင် စဉ်းစားရေးသားထားတဲ့ စာတွေထက် အများကြီး ပိုပြီး ပြောင်မြောက်ပါတယ်”
“ကိုယ့်ကိုယ်ကိုယ် တခြားလူတွေနဲ့ နှိုင်းယှဉ်တာက ဒေါသထွက်စရာ ကောင်းတယ်”
“ပါရမီရှင်တွေက သူတို့ လုပ်ချင်ရာ လုပ်နိုင်ကြတာပဲ”
ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြီးကြပ်ရေးမှူးချုပ် ကုန်းကုန်းသည် တုပိုင်၏ သင်္ချာအဖြေလွှာပေါ်တွင် အမှတ်ပြည့် ၁၀၀ ဟု ရေးသားလိုက်သည်။
ထိုအချိန်တွင် ကုန်းကုန်းအကြီးအကဲက ပြောလိုက်သည်။
“ဒီအချက်က တုပိုင် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲမှာ စာမခိုးချဘူး ဆိုတာ သက်သေပြနေတာ မဟုတ်ဘူးလား”
မည်သူကမျှ ပြန်မဖြေကြပေ။ ဤအချိန်တွင် တစ်စုံတစ်ယောက်ကသာ စာခိုးချတယ် ဟူသော စကားလုံးကို ထပ်ပြောပါက ၊ ထိုသည်မှာ ရှိနေသူ အားလုံး၏ ဉာဏ်ရည်ကို စော်ကားရာ ရောက်ပေလိမ့်မည်။
ကုန်းကုန်းအကြီးအကဲက ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး ၊ နောက်ထပ် အထွေထွေ သီအိုရီ စာမေးပွဲ တစ်ခု ကျန်ပါသေးတယ်။ ကျွန်တော်တို့ မေးခွန်းလွှာ ပြောင်းသင့်တယ်လို့ ထင်ပါသလား”
ချက်ချင်းပင် ကျောင်းအုပ်သစ်၏ မျက်နှာသည် ပါးရိုက်ခံလိုက်ရသကဲ့သို့ ပူထူသွားသည်ကို ခံစားလိုက်ရသည်။
“ဟင့်အင်း ၊ မလိုတော့ပါဘူး”
နောက်တစ်နေ့ နံနက်တွင် ရမှတ်စာရင်း ကြည့်ရှုရန် လူတစ်ယောက် စောစီးစွာ ရောက်ရှိလာပြန်သည်။ ထိုသူမှာ ထန်ယန် ဖြစ်သည်။
သူသည် တုပိုင် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲတွင် စာခိုးချခဲ့သည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ တစ်နာရီအတွင်း ရာစုနှစ်တစ်ခုတွင် တစ်ကြိမ်သာ ပေါ်ထွက်နိုင်သော စာစီစာကုံးမျိုးကို ရေးသားနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ခွေးသေကြီးတစ်ကောင်လို ပင်ပန်းနေသည့် အချိန်မျိုးတွင် ဖြစ်သည်။
သင်္ချာစာမေးပွဲ ရလဒ်များသည် တုပိုင် စာခိုးချခြင်း ရှိမရှိကို အတိုင်းအတာ တစ်ခုအထိ သက်သေပြနိုင်ပေလိမ့်မည်။ တုပိုင်သည် သင်္ချာစာမေးပွဲ ဖြေဆိုချိန် အများစုကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးခဲ့သည်ကို လူတိုင်း ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရသော်လည်း ထန်ယန်သည် တုပိုင်၏ စာခိုးချမှုကို အတိအကျ ချေမှုန်းရန် ခိုင်မာသော ရမှတ်များကို မြင်တွေ့ရန် လိုအပ်သည်ဟု ခံစားနေရဆဲ ဖြစ်သည်။
ထန်ယန်ကို မြင်လိုက်ရသောအခါ ယန်ရှီသည် မဟာမိတ်တစ်ဦး တွေ့ရှိလိုက်သကဲ့သို့ ဖြစ်သွားပြီး အနားသို့ ကပ်ကာ ပြောလိုက်သည်။
“တုပိုင် သုညပဲ ရမယ်ဆိုတာ သိပေမဲ့ ၊ သူ့ရဲ့ သုညရမှတ်ကို မျက်မြင်ကိုယ်တွေ့ မြင်ရတာက ခံစားလို့ ကောင်းနေတုန်းပါပဲ ၊ ဟဲဟဲဟဲ”
ထန်ယန် ဘာမှ ပြန်မပြောပေ။
ယန်ရှီက ဆက်ပြောလိုက်သည်။ “ကျူရန်ထန် ၊ တုပိုင် ထွက်ပြေးသွားမယ်လို့ ထင်လား။ ဒီကောင်က စိတ်နေသဘောထား ကောက်ကျစ်ပြီး ဘာမဆို လုပ်ရဲတဲ့သူမျိုး။ မနေ့က ကျွန်တော်နဲ့ လောင်းကြေးထပ်ခဲ့တာက သူ ထွက်ပြေးဖို့ အချိန်ဆွဲတဲ့ ဟန်ပြသက်သက် ဖြစ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲမှာ စာခိုးချတာ မိသွားရင် ခြေထောက် ရိုက်ချိုးခံရပြီး ကျောင်းထုတ်ခံရမှာလေ”
ထန်ယန်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ယန်ရှီ၏ စကား ဖြစ်နိုင်ချေ ရှိသည်ကို ဝန်ခံလိုက်ရသည်။ သို့မဟုတ်ပါက တုပိုင်ကဲ့သို့ ကောက်ကျစ်သူသည် သူ မနိုင်မှန်း သိလျက်နှင့် ယန်ရှီနှင့် ယခုလို ရက်စက်သော လောင်းကြေးမျိုး ထပ်လောက်အောင် တုံးအမည် မဟုတ်ပေ။ ဤသည်မှာ ခြေဆေးရေ လောင်းချခံရသလောက် ရိုးရှင်းသော ကိစ္စ မဟုတ်ပေ။ သေလုနီးပါး အရိုက်ခံရမည့် ကိစ္စ ဖြစ်သည်။
သူတို့ ကြာကြာ စောင့်စရာ မလိုလိုက်ပေ။ စာရင်းကပ်မည့် မိန်းမစိုးဂိုဏ်း စစ်သည်တော်များ ရောက်ရှိလာကြသည်။ ယခင်ကကဲ့သို့ပင် ထိပ်ဆုံး ၁၀ ဦး၏ ရမှတ်များသာမက သူတို့၏ အဖြေလွှာများကိုပါ ကပ်ထားပေးသည်။
ပထမဆုံး ဒသမနေရာ ၊ ထို့နောက် နဝမ ၊ အဋ္ဌမ… ဒသမနေရာ၏ ရမှတ်မှာ ၅၀ သာ ရှိသဖြင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သင်္ချာစာမေးပွဲသည် တကယ်ကို ခက်ခဲလွန်းလှသည်။ ယခင်ကဆိုလျှင် အမှတ် ၅၀ သည် အောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း ယခုအခါ ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်သွားခဲ့သည်။
ထိပ်ဆုံး ၁၀ ဦး စာရင်းဝင်သွားသော ဖြေဆိုသူများသည် စိတ်လှုပ်ရှားရန် သို့မဟုတ် အော်ဟစ်ရန် အချိန်မရကြပေ။ အဘယ်ကြောင့်ဆိုသော် ဤရမှတ်သည် တကယ်ပင် နည်းပါးလွန်းနေသောကြောင့် ဖြစ်သည်။ ထို့အပြင် လူတိုင်းသည် တုပိုင်၏ ရမှတ်ကို မျှော်လင့်စောင့်စားနေကြသည်။
အဘယ်ကြောင့်ဆိုသော် မနေ့က သင်္ချာစာမေးပွဲ မေးခွန်းလွှာကို တုပိုင်ကြောင့် ယာယီ ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။ သင်္ချာစာမေးပွဲ စတုတ္ထနေရာ ၊ ယန်ရှီ ၊ ၆၅ မှတ်။
ဤရမှတ်ကို မြင်လိုက်ရသောအခါ ယန်ရှီသည် သက်ပြင်းချလိုက်မိသည်။ သိပ်မမြင့်မားသော်လည်း အနည်းဆုံး နောက်ကောက်ကျမကျန်ခဲ့ပေ။ တတိယနေရာကို အာမခံနိုင်ရန်နှင့် ဒုတိယနေရာကို ယှဉ်ပြိုင်ရန် ရည်မှန်းချက်သို့ တစ်လှမ်း ပိုနီးကပ်သွားပြီ ဖြစ်သည်။ တော်ဝင်မြင်းဇောင်းဦးစီးဌာနမှ ဝင်ငွေကောင်းသော ရာထူးသည် သူ့ကို လက်ယပ်ခေါ်နေပြီ ဖြစ်သည်။
သင်္ချာစာမေးပွဲ တတိယနေရာ ၊ ကျန်းယွီလွန်း ၊ ၇၅ မှတ်။
“ဒီလူက ဘယ်သူလဲ။ ဘယ်က ရောက်လာတာလဲ။”
“ဒီ ကျန်းယွီလွန်းက ဘယ်သူလဲ။ ရှေ့ထွက်ခဲ့စမ်း ၊ လူတိုင်း မြင်အောင် ပြလိုက်စမ်းပါ” တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
ချက်ချင်းပင် နုနယ်ပြီး အားနည်းပုံရသော မိန်းမစိုးလေးတစ်ဦး ရှေ့သို့ ထွက်လာသည်။ ထိုအခါမှသာ လူတိုင်း သဘောပေါက်သွားကြသည်။ ‘ဒါ ကျန်းယွီလွန်းလား။ သူ့မှာ ဘာအရှိန်အဝါမှ မရှိပါလား’
ဤလူသည် တကယ့်ကို ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ သာမန်ကာလျှံကာ လူပိုတစ်ယောက်သာ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ တုပိုင်သည် နှစ်ပေါင်းများစွာ ဆက်တိုက် နောက်ဆုံးနေရာ ရရှိခဲ့သည်။ နာမည်ဆိုး ဖြစ်သော်လည်း နာမည်တစ်ခုတော့ ရှိနေသေးသည်။
ဤကျန်းယွီလွန်း၏ အဆင့်သည် အမြဲတမ်း အလယ်အလတ်အောက်ပိုင်းတွင်သာ ရှိပြီး လူအုပ်ထဲတွင် လုံးဝ ပျောက်ကွယ်နေသူ ဖြစ်သည်။ ယခင် နှစ်ဆုံးစာမေးပွဲများတိုင်းတွင် ကျန်းယွီလွန်း၏ သင်္ချာရမှတ် ကောင်းမွန်ခဲ့သော်လည်း ၊ ထိုအချိန်က သင်္ချာမေးခွန်းများ လွယ်ကူလွန်းသဖြင့် လူတိုင်း ရမှတ်ကောင်းခဲ့ကြသည်။ ထို့ကြောင့် မည်သူမျှ သူ့၏ သင်္ချာပါရမီကို သတိမထားမိခဲ့ကြပေ။
ယခုတစ်ကြိမ်တွင် သင်္ချာစာမေးပွဲ အလွန် ခက်ခဲသောကြောင့် သူ၏ ကြီးမားသော သင်္ချာပါရမီ ပေါ်ထွက်လာခြင်း ဖြစ်သည်။
သေချာသည်မှာ သင်္ချာမှလွဲ၍ ကျန်းယွီလွန်း၏ အခြားရမှတ်များသည် အလွန် ဆိုးရွားသည်။ သူနှင့် ယခင်တုပိုင်တို့သည် လှေတစ်စင်းတည်းစီး ရဲဘော်ရဲဘက်များ ဖြစ်ကြပြီး သူငယ်ချင်းတစ်ဝက်ခန့်ဟု သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံးသည် အနိုင်ကျင့်ခံရပြီး ပြန်မပြောရဲသူများ ဖြစ်ကြသည်။ အသုံးမကျသူ နှစ်ဦး အချင်းချင်း နွေးထွေးမှု ပေးနေရသကဲ့သို့ပင်။ ယခု တုပိုင်က မြင့်တက်လာပြီ ဖြစ်ရာ သူ တစ်ယောက်တည်းသာ အသုံးမကျသူအဖြစ် ကျန်ရစ်ခဲ့တော့သည်။
လူပိုဆိုသည့် အတိုင်းပင် သူ ဘယ်သူမှန်း သိပြီးနောက် လူတိုင်း သူ့ကို ထွက်သွားရန် လက်ပြလိုက်ကြသည်။ သောက်ကျိုးနည်းလှ၏။
လူတိုင်းသည် တုပိုင်၏ ရမှတ်ကိုသာ စောင့်မျှော်နေကြဆဲ ဖြစ်သည်။ ထို့နောက် သင်္ချာစာမေးပွဲ ဒုတိယနေရာ ရမှတ်ကို ကပ်လိုက်သည်။
ဒုတိယနေရာ ၊ ထန်ယန် ၊ ၉၃ မှတ်။ လူတိုင်း အာမေဋိတ် ပြုလိုက်ကြသည်။ သေချာသည်မှာ ရမှတ် အလွန်မြင့်မားလွန်းသောကြောင့် မဟုတ်ပေ။ ဤရမှတ်သည် တကယ်ပင် မြင့်မားပြီး အံ့သြစရာ ကောင်းသော်လည်း ၊ လူတိုင်းကို အာမေဋိတ် ပြုစေနိုင်လောက်သည်။
သို့သော် ဤမျှ ကြောက်စရာကောင်းသော ၉၃ မှတ်သည် ဒုတိယနေရာသာ ရရှိခဲ့သည်။ ဤအရာက ဘာကို သက်သေပြနေသနည်း။ မနေ့က မြင်ကွင်းမျိုး ပြန်ဖြစ်လာတော့မည်ကို လူတိုင်း အလိုလို ခန့်မှန်းလိုက်မိကြသည်။
ယန်ရှီ၏ ရင်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်များ စတင် လှုပ်ရှားလာသည်။ ထန်ယန်၏ မျက်နှာ ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ၊ သူ့နှလုံးသားသည် သေလောက်သော ထိုးနှက်ချက်တစ်ခု ခံစားလိုက်ရသကဲ့သို့ပင်။
“မဖြစ်နိုင်ဘူး ၊ လုံးဝ မဖြစ်နိုင်ဘူး” ယန်ရှီ တီးတိုး ရေရွတ်လိုက်ပြီး စိတ်ထဲရှိ ကောင်းကင်နတ်ဘုရား အပေါင်းကိုပင် စတင် ဆုတောင်းနေမိသည်။
‘အဲဒီ ပါရမီရှင်ဆိုတဲ့ကောင်ရဲ့ နာမည် နောက်စာရင်းမှာ လုံးဝ မပါလာစေနဲ့’
သို့သော် ယန်ရှီ၏ ဆုတောင်းသံများ အရာထင်ရန် ကံမပါလာခဲ့ပေ။ မိန်းမစိုးဂိုဏ်း စစ်သည်တော်သည် ပထမနေရာ စာရင်းနှင့် အဖြေလွှာကို လျင်မြန်စွာ ကပ်လိုက်သည်။
သင်္ချာစာမေးပွဲ ပထမနေရာ ၊ တုပိုင် ၊ ၁၀၀ မှတ်။ လူတိုင်း သွားများ ကျင်တက်သွားပြီး ဦးခေါင်းခွံများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
‘မနေ့က သင်္ချာစာမေးပွဲက အဲဒီလောက် ၊ အဲဒီလောက် ခက်ခဲတာကို ၊ သူက အမှတ်ပြည့် ရအောင် ယူနိုင်သေးတယ် ဟုတ်လား’
ရုတ်တရက် လူတစ်ယောက်က ပြောလိုက်သည်။ “တုပိုင်က မနေ့က စာမေးပွဲ ဖြေတုန်းက အိပ်နေတာလေ”
ထို့နောက် အခြားလူတစ်ယောက်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ “သူက ပထမ ၁၅ မိနစ်မှာ မအိပ်ဘဲ မေးခွန်းတွေ ဖြေနေတာ”
နောက်ထပ် လူတစ်ယောက်က ပြောလိုက်သည်။ “သူက ပထမမေးခွန်း တစ်ပုဒ်တည်း ဖြေတယ်လို့ ငါ ထင်ခဲ့တာ ၊ ၁၅ မိနစ်အတွင်း မေးခွန်းအားလုံး ဖြေပြီးသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ပြီးတော့ အဲဒါက… အဲဒါက အမှတ်ပြည့်တဲ့လား”
“လွန်… လွန်လွန်းတယ်ကွာ။ တမြန်နေ့က တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲတုန်းက သူ အနည်းဆုံး တစ်နာရီလောက် အချိန်ယူခဲ့သေးတယ်။ မနေ့က သင်္ချာစာမေးပွဲကျတော့ ၁၅ မိနစ်ပဲ ယူတယ်တဲ့လား… လွန်လွန်းတယ်”
“သူ ရှိနေတာက ငါ့ကို ငါ တော်တော် တုံးအတယ်လို့ ခံစားရစေတယ်။ ကျေးဇူးပြုပြီး ပြောပြကြပါဦး ၊ သူကပဲ ပါရမီရှင်ဆန်လွန်းနေတာလား ၊ ဒါမှမဟုတ် ငါကပဲ တုံးအလွန်းနေတာလား။ သူက ပုံမှန် မဟုတ်တာလား ၊ ဒါမှမဟုတ် ငါက ပုံမှန် မဟုတ်တာလား”
“မပူပါနဲ့ ၊ သူက ပုံမှန် မဟုတ်တာပါ။ မင်းက ပုံမှန်ပဲ ၊ ငါလည်း ပုံမှန်ပဲ ၊ ငါတို့အားလုံး ပုံမှန်ပါပဲကွာ”
“အခုတော့ သူ စာခိုးချတယ်လို့ ဘယ်သူမှ ပြောမှာ မဟုတ်တော့ဘူးမလား။ ဒီသင်္ချာမေးခွန်းတွေက ချက်ချင်း ထုတ်လိုက်တာလေ ၊ ဘယ်သူမှ ကြိုသိတာ မဟုတ်ဘူး”
မည်သူကမျှ ပြန်မပြောကြပေ။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် စာခိုးချခြင်းအကြောင်း ပြောဆိုခြင်းသည် လူတိုင်း၏ ဉာဏ်ရည်ကို စော်ကားရာ ရောက်သောကြောင့် ဖြစ်သည်။ အခြားသူများ ပေါ့ပေါ့ပါးပါး နောက်ပြောင်နိုင်ကြသော်လည်း ၊ ယန်ရှီအတွက်မူ ကမ္ဘာပျက်သကဲ့သို့ ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူ ရှုံးနိမ့်သွားသောကြောင့်ဖြစ်သည်။ မနေ့က လောင်းကြေးကို လူတိုင်း ရှင်းရှင်းလင်းလင်း ကြားခဲ့ကြသည်။ သူ ဒူးထောက်ပြီး တုပိုင်ကို ဦးညွှတ်ရတော့မည်။ သူ့ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားနေရသည်။
‘အရင်တုန်းက တုပိုင်က ဒီလိုမဟုတ်ပါဘူး။ သူ ဘာလို့ ရုတ်တရက် ဉာဏ်ကြီးရှင် ဖြစ်သွားရတာလဲ။’
‘အရင်တုန်းက အမြဲတမ်း နောက်ဆုံးရနေတဲ့ တုပိုင်က ဘယ်လောက် ကောင်းလိုက်သလဲ။ သူ့ကို နေ့တိုင်း ပါးရိုက်နိုင်ရုံမက ၊ အနိုင်ကျင့်ရင်လည်း ပြန်မခုခံရဲဘူးလေ။’
တုပိုင်အကြောင်း ပြောနေရင်း တုပိုင် ရောက်လာလေ၏။
အေးဆေးတည်ငြိမ်သော ခြေလှမ်းများဖြင့် သူ ယန်ရှီရှေ့သို့ ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ ဒူးထောက်ပြီး ဦးညွှတ်လိုက်တော့”
ယန်ရှီ၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။ သူ တကယ်ပင် ကတိဖျက်ချင်နေသည်။ အကယ်၍ လူပြတ်သော နေရာတွင်သာ ဆိုပါက ၊ နှုတ်ပိတ်ရန်အတွက် သတ်တောင်သတ်ပစ်မိမည်။ သို့သော် ယခုမူ လူအုပ်ကြီးက သူတို့ကို ဝိုင်းရံထားပြီး ၊ မနေ့က လောင်းကြေးကိုလည်း လူပေါင်းများစွာ မြင်တွေ့ခဲ့ကြသည်။
သို့သော် ထိုသို့ဖြစ်နေသည့်တိုင် သူသည် တုပိုင်ကို ဒူးထောက် ဦးညွှတ်ရန် ဝန်လေးနေပြီး ၊ ပါးရိုက်ခံရမည်ကို ပို၍ပင် မလိုလားပေ။ ထို့ကြောင့် သူ အံကြိတ်လိုက်ပြီး မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။
“ပျင်းစရာ ကောင်းလိုက်တာ”
ထို့နောက် သူ ခေါင်းငုံ့ပြီး အလျင်စလို ထွက်ခွာရန် ကြိုးစားလိုက်သည်။ သူ တကယ်ပင် ကတိဖျက်တော့မည်။ ကျောင်းသားအားလုံးရှေ့တွင် သူ့ပုံရိပ် ပျက်စီးသွားလျှင်ကော ဘာဖြစ်သနည်း။ မည်သို့ပင်ဖြစ်စေကာမူ သူ့ကံကြမ္မာကို ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်ကြီးတို့က ဆုံးဖြတ်ပေးမည်ဖြစ်၏။ သူရမှတ်ကောင်းပြီး တော်ဝင်မြင်းဇောင်းဦးစးဌာနတွင် အောင်မြင်သွားသရွှေ့ မည်သူကမှ သူကတိဖျက်ခဲ့သည့် အကြောင်းကို ပါးစပ်ဟရဲမည် မဟုတ်ချေ။
အပိုင်း ၂၅၃ ပြီး။