← Chapters

အခန်း (၂၅၄)

Vol. 26 Ch. 254

အခန်း (၂၅၄)

Vol. 26 Ch. 254

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဆန့်ကျင်ဘက်အနေဖြင့် ယနေ့တွင် သူ တုပိုင်ကို ဒူးထောက် ဦးညွှတ်ပြီး ပါးရိုက်ခံလိုက်ရပါက ၊ ဤအဖြစ်အပျက်သည် ဘယ်သောအခါမှ ဖျက်ပစ်၍ မရနိုင်သော တစ်သက်တာ အမည်းစက် ဖြစ်လာပေလိမ့်မည်။

ထို့အပြင် ယန်ရှီ ထွက်သွားချင်လျှင် မည်သူကများ သူ့ကို တားရဲမည်နည်း။ တုပိုင်၏ သိုင်းပညာသည် အလွန်အမင်း ဆိုးရွားသည် မဟုတ်ပါလော။ သူက ယန်ရှီကို မည်သို့ တားဆီးနိုင်မည်နည်း။ ထန်ယန်သည် အလွန်အမင်း တုန်လှုပ်နေပြီး အတွင်းစိတ်ထဲတွင် များစွာ ထိခိုက်နေသော်လည်း ၊ ယခုအခါတွင် တည်ငြိမ်အောင် နေပြီး အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

အကယ်၍ တုပိုင်က တားဆီးရန် လှုပ်ရှားပါက ၊ သူ့၏ သိုင်းပညာအဆင့်အတန်းကို မြင်တွေ့ရပေလိမ့်မည်။ အကယ်၍ တုပိုင်က ယန်ရှီကို မတားဆီးခဲ့လျှင် ၊ သူ့၏ သိုင်းပညာ ညံ့ဖျင်းကြောင်းနှင့် ဝင်ရောက်မစွက်ဖက်ရဲကြောင်း သက်သေပြလိုက်ရာ ရောက်ပေလိမ့်မည်။

လက်တွေ့တွင် တုပိုင်သည် တားဆီးရန် လှုပ်ရှားခြင်း မရှိပေ။ သို့သော် ယန်ရှီသည် ၁၀ မီတာပင် မရောက်လိုက်ဘဲ အခြားလူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထိုသူမှာ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲများထဲမှ တစ်ဦးဖြစ်သော ကြီးကြပ်ရေးမှူးချုပ် ဖြစ်သည်။

“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ မင်း ကတိဖျက်ရင် ကြိမ်ဒဏ် ၃၀ ပေးပြီး ကျောင်းထုတ်ပစ်မယ်” ကုန်းကုန်းအကြီးအကဲ ကြီးကြပ်ရေးမှူးချုပ်က အေးစက်စွာ ပြောလိုက်သည်။

ချက်ချင်းပင် ယန်ရှီ၏ မျက်နှာ ရှုံ့မဲ့သွားပြီး သူ့၏ နောက်ခံလူ ဒုတိယကျောင်းအုပ်ကြီး လန်ထင်၏ ပုံရိပ်ကို အလိုအလျောက် ရှာဖွေလိုက်မိသည်။ နောက်တစ်စက္ကန့်တွင် ဒုတိယကျောင်းအုပ်ကြီး လန်ထင်၏ အသံ ထွက်ပေါ်လာသည်။

“ယန်ရှီ ၊ လောင်းကြေးဆိုတာ လောင်းကြေးပဲ။ အမှားကို သိပြီး ပြင်ဆင်ရမယ် ဆိုတာကိုတောင် မင်း မေ့နေပြီလား”

ယန်ရှီသည် အခြားသူများ၏ စကားကို လျစ်လျူရှုနိုင်သော်လည်း သူ့မွေးစားအဖေ လန်ထင်၏ စကားကိုမူ နားထောင်ရပေလိမ့်မည်။ သူ အံကြိတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ တုပိုင်ဘက်သို့ လှည့်လိုက်သည်။

လူတိုင်း၏ အကြည့်များ သူ့အပေါ် ကျရောက်နေသဖြင့် ယန်ရှီသည် မြေကြီးကွဲအက်ပြီး သူ့ကို မျိုချသွားစေချင်တော့သည်။

‘ဟန်ရှင်းတောင် ပေါင်ကြားက ဝင်ရတဲ့ အရှက်တရားကို ခံနိုင်ရည် ရှိခဲ့တာပဲ ၊ ငါလည်း လုပ်နိုင်ရမယ်’

‘အရှက်တရားကို သိမှ နောက်ပိုင်းမှာ သတ္တိကို ရှာတွေ့နိုင်မယ်။ အကယ်၍ အနာဂတ်မှာ ငါ ကြီးပွားလာရင် ၊ ဒီနေ့ ဒူးထောက် ဦးညွှတ်ခဲ့ရတာက ပုံပြင်ကောင်းတစ်ပုဒ်တောင် ဖြစ်လာနိုင်တယ်’

‘ဟန်ရှင်း ဒူးထောက်ခဲ့ရတဲ့ လူက ထာဝရ ဟာသ ဖြစ်သွားတယ် မဟုတ်ဘူးလား။ တုပိုင်လည်း အဲဒီလိုပဲ ဖြစ်သွားမှာပါ’

ယန်ရှီသည် သူ့ကိုယ်သူ ဆက်တိုက် ဦးနှောက်ဆေးလိုက်ပြီး နောက်ဆုံးတွင် ထက်သန်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားသည်။ ထို့နောက် သူသည် တုပိုင်ရှေ့တွင် တည့်မတ်စွာ ဒူးထောက်လိုက်ပြီး ဦးညွှတ်လျက် ပြောလိုက်သည်။

“တောင်းပန်ပါတယ် ၊ တုပိုင်။ ငါ မှားသွားတယ်။ မင်းက အပြစ်ကင်းစင်ပါတယ်။ မင်း စာမခိုးချခဲ့ပါဘူး။ ငါ မင်းကို စွပ်စွဲပုတ်ခတ်ခဲ့တာပါ”

“ကောင်းပြီ ၊ ငါ နားလည်ပြီ” တုပိုင်က ပြောလိုက်သည်။

ထို့နောက် သူ ရှေ့သို့ တိုးလာပြီး ယန်ရှီ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

“ဖြောင်းးး”

ပြတ်သားသော အသံတစ်သံနှင့်အတူ ယန်ရှီ၏ မျက်နှာပေါ်တွင် နီရဲသော လက်ရာတစ်ခု ချက်ချင်း ထင်ကျန်ရစ်သည်။ ထိုအချိန်တွင်ပင် ကျောင်းအုပ်သစ် ၊ လန်ထင်နှင့် ထန်ယန်တို့ အားလုံးသည် တုပိုင်၏ ရိုက်ချက် အင်အားနှင့် အမြန်နှုန်းကို အကဲခတ်ရန် ကြိုးစားလိုက်ကြသည်။ တုပိုင်၏ ခွန်အားနှင့် လျင်မြန်မှုကို တိုင်းတာရန် ကြိုးစားနေကြခြင်းဖြစ်သည်။

ရိုက်နှက်ခံရသော ယန်ရှီသည် ပါးပြင်ထက်တွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ ဦးနှောက်ဆေးထားသော အတွေးများသည် ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ ချက်ချင်း ငြိမ်းသတ်သွားပြီး ၊ အကန့်အသတ်မဲ့ အရှက်ရမှုများဖြင့် အစားထိုး ဝင်ရောက်လာသည်။

“ဖြောင်းးး ၊ ဖြောင်းးး ၊ ဖြောင်းးး ၊ ဖြောင်းးး ၊ ဖြောင်းးး”

တုပိုင်သည် လက်နှစ်ဖက်စလုံးကို ဝှေ့ယမ်းပြီး ယန်ရှီ၏ မျက်နှာကို ဒေါသတကြီး ရိုက်နှက်လိုက်သည်။ ပါးဆယ်ချက် ၊ အတိအကျ ပါးဆယ်ချက်။ ရိုက်ချက်တိုင်းသည် ပေါင်တစ်ရာကျော် အင်အား ပါဝင်သည်။ သူ့ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း မျက်နှာ ရှုံ့မဲ့သွားကြပြီး ၊ ကြည့်နေရုံဖြင့် နာကျင်မှုကို ခံစားလိုက်ကြရသည်။

မကြာမီ ပါးဆယ်ချက် ရိုက်ပြီးသွားသည်။ ဤအချိန်တွင် ယန်ရှီ၏ မျက်နှာသည် ဝက်ခေါင်းကဲ့သို့ နီရဲ ရောင်ရမ်းနေပြီ ဖြစ်သည်။ သူ ပါးစပ်ဟလိုက်ရာ သွေးများ ပေကျံနေသော သွားနှစ်ချောင်း ထွက်ကျလာပြီး ၊ နှာခေါင်းပေါက်များမှလည်း သွေးများ စီးကျလာသည်။ ယန်ရှီ မတ်တတ်ရပ်လိုက်ပြီး တုပိုင်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“မှတ်ထားလိုက် ၊ ဒီနေ့ အရှက်တရားကို ငါ မှတ်ထားပြီး ၊ တစ်နေ့ကျရင် အဆတစ်ရာ ပြန်ပေးဆပ်မယ်”

ထို့နောက် သူသည် လူအုပ်ကြားမှ ရုတ်တရက် တိုးထွက်ပြီး တိုက်ရိုက် ထွက်ခွာသွားသည်။

‘နောက်မှ ပြန်ပေးဆပ်မယ်တဲ့လား’

ဘွဲ့ယူစာမေးပွဲ ပြီးဆုံးသည်နှင့် တုပိုင် သူ့ကို သတ်ပစ်မည် ဖြစ်ရာ ၊ ယန်ရှီအတွက် မည်သည့် အနာဂတ် ရှိဦးမည်နည်း။ ထိုအချိန်တွင် ထန်ယန် ရုတ်တရက် တုပိုင်အနားသို့ လျှောက်လာသည်။ သူသည် ပထမဦးစွာ တုပိုင်ကို လေးနက်စွာ ကြည့်လိုက်ပြီး ၊ ထို့နောက် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ် ၊ တုပိုင်”

တုပိုင် ခေတ္တမျှ ကြောင်အမ်းသွားသည်။ ထန်ယန် ဘာကစားကွက် ခင်းနေတာလဲ။

“မာန်မာနနဲ့ အစွဲအလမ်းတွေကြောင့် မင်းကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ ငါ တစ်ခါမှ မကြည့်နိုင်ခဲ့ဘူး” ထန်ယန်က ဆက်ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

ထို့နောက် ထန်ယန်သည် တုပိုင်ထံ လက်ကမ်းပေးလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုသည့်ပုံစံ ပြုလုပ်လိုက်သည်။

လက်ဆွဲနှုတ်ဆက်ပြီး အတိတ်က ရန်ငြိုးတွေကို မေ့ပစ်လိုက်ကြမည်လော။ ထိုသည်က မဖြစ်နိုင်ချေ။ ထန်ယန်က ထိုကဲ့သို့ သဘောထားကြီးသည့် လူမျိုး မဟုတ်သလို ၊ တုပိုင်ကလည်း သေချာပေါက် မဟုတ်ပေ။ သို့သော် တုပိုင်သည် သူ့လက်ကို ကမ်းပေးလိုက်ပြီး ထန်ယန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

မည်သူမျှ သတိမထားမိလိုက်သည့် အချိန်တွင် ထန်ယန်သည် သူ့လက်မကို တုပိုင်၏ ဟူခို သွေးကြောမကြီးပေါ်သို့ တင်လိုက်ပြီး ၊ ညင်သာစွာ ဖိထားလိုက်ကာ တုပိုင်၏ တုံ့ပြန်မှုကို စောင့်ကြည့်လိုက်သည်။ ဟူခို သွေးကြောမကြီးသည် အလွန် အရေးကြီးပြီး ၊ မည်သူ့ကိုမျှ အဖိမခံသင့်သော နေရာဖြစ်သည်။ ဤသည်မှာ သိုင်းပညာရှင်တိုင်း နီးပါး သိရှိကြသော မူလချီစွမ်းအင် သင်တန်းများ၏ အခြေခံ အသိပညာဖြစ်သည်။

သို့သော် တုပိုင်သည် ဤအရာကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။ ထန်ယန် စိတ်ထဲတွင် မထီမဲ့မြင် ပြုံးလိုက်သည်။ တုပိုင်သည် အခြေခံ သိုင်းပညာ တိုက်ခိုက်ရေးကိုပင် မလေ့လာရသေးကြောင်း သံသယဖြစ်စရာ မလိုပေ။ သူ ဘာကို ကြောက်ရမည်နည်း။ အစောက တုပိုင် ယန်ရှီကို ပါးရိုက်လိုက်စဉ် ၊ ရိုက်ချက်များ၏ အမြန်နှုန်းနှင့် အင်အားအရ ၊ သူ့သိုင်းပညာသည် အခြေခံအားဖြင့် မရှိသလောက် နီးပါး ဖြစ်နေဆဲ ဖြစ်ကြောင်း ထန်ယန် ၊ ကျောင်းအုပ်သစ်နှင့် လန်ထင်တို့ သိလိုက်ကြသည်။

သို့မဟုတ်ပါက သူသည် အစကတည်းက အင်အားအကုန်သုံးပြီး ယန်ရှီကို သေလုနီးပါး ရိုက်နှက်ကာ သွားတွေအကုန် ကျွတ်ထွက်ပြီး ဦးနှောက်ပါ ပျက်သွားအောင် လုပ်ပြီးလောက်ပြီဖြစ်၏။

သူတို့၏ အမြင်တွင် တုပိုင်၏ ဉာဏ်ကြီးရှင် လမ်းခရီးသည် ဤနေရာတွင် ပြီးဆုံးသွားလေသည်။ အဂ္ဂိရတ်ပညာအတွက် အမှတ် ၅၀ မှလွဲ၍ ကျန်သည့်အရာ အားလုံးနီးပါးသည် သိုင်းပညာသာ ဖြစ်သည်။

ထို့အပြင် မိန်းမစိုးခွေးတစ်ကောင်အတွက် အရေးကြီးဆုံးအရာသည်လည်း သိုင်းပညာပင်။ စာပေလေ့လာရေး ရမှတ်များသည် ဘွဲ့မယူမီတွင် အရေးကြီးသော်လည်း ၊ ရာထူးတစ်ခု ရယူပြီးသည်နှင့် စာရင်းအင်း လိုအပ်သော ရာထူးများမှလွဲ၍ အခြေခံအားဖြင့် အသုံးမဝင်တော့ပေ။ အနည်းဆုံး အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် တော်ဝင်မြင်းဇောင်းဦးစီးဌာနကဲ့သို့ အာဏာရှိသော ဌာနများတွင် လုံးဝ အသုံးမဝင်ချေ။

ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ရန်အတွက် သိုင်းပညာ ရမှတ်များသည် အဓိက အဆုံးအဖြတ် ဖြစ်သည်။ သို့သော် ထန်ယန်သည် တုပိုင်ကို အလွန် လေးနက်စွာ ကြည့်ပြီး ပြောလိုက်သည်။

“အခုကစပြီး မင်းကို ငါ တိုက်ရိုက် ရင်ဆိုင်ပြီး စစ်မှန်တဲ့ ပြိုင်ဘက်တစ်ယောက်အနေနဲ့ ဆက်ဆံသွားမယ်”

ဤစကားများသည် ရိုးသားပုံရသော်လည်း မည်သို့ကြောင့် ဤမျှ မာန်မာန ထောင်လွှားနေရသနည်း။

ထန်ယန်က ဆက်ပြောလိုက်သည်။ “ကျောင်းသား တုပိုင် ၊ ဒီမှာရှိနေတဲ့ လူအားလုံးရှေ့မှာ ငါ လေးလေးနက်နက် ကြေညာပါတယ်။ ဒီဘွဲ့ယူစာမေးပွဲမှာ မင်းကို ငါ့ရဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်ပါမယ်။ အကယ်၍ နောက်ဆုံးရလဒ်မှာ မင်း ငါ့ကို အနိုင်ရခဲ့ရင် ၊ ငါ ကွမ်ရှီးပြည်နယ်ကနေ လုံးဝ ထွက်ခွာသွားပါ့မယ်။ နောက်နောင် မင်းရှိတဲ့ ဘယ်နေရာမှာမဆို ၊ ငါ သုံးလှမ်း ဆုတ်ပေးပါ့မယ်။ ဘယ်လို ရာထူးမျိုးပဲ ဖြစ်ဖြစ် ၊ ငါ လုံးဝ အလျော့ပေးပါ့မယ်”

ဤစကား ထွက်လာသည်နှင့် ရှိနေကြသူအားလုံး ဆူညံသွားကြသည်။ လူတိုင်း သူ့ကို လေးစားသွားကြသည်။ ထန်ယန်သည် တကယ်ပင် ကောင်းကင်ဘုံ၏ သားတော် ဖြစ်ပြီး ၊ အရှက်မရှိသည့် ကောင်စုတ် ယန်ရှီနှင့် လုံးဝ ကွာခြားလှသည်။

တုပိုင် တစ်ယောက်တည်းသာ ဤစကားများ၏ ယုတ်မာသော အဓိပ္ပာယ်ကို သိရှိသည်။ ထန်ယန်သည် ရှေ့တိုးရန်အတွက် ဟန်ပြ နောက်ဆုတ်နေခြင်း ဖြစ်သည်။ ဆိုလိုရင်းမှာ အကယ်၍ ဤဘွဲ့ယူစာမေးပွဲတွင် ထန်ယန် အနိုင်ရပါက ၊ တုပိုင်သည် ကွမ်ရှီးပြည်နယ်မှ လုံးဝ ထွက်ခွာသွားရမည် ဖြစ်ပြီး ၊ ထန်ယန် ရှိနေသော နေရာတိုင်းတွင် တုပိုင်က သုံးလှမ်း ဆုတ်ပေးရမည် ဖြစ်သည်။

ထန်ယန်သည် နိုင်မည်ဟု သေချာပေါက် ခံစားနေရသောကြောင့်သာ ဤစကားများကို ပြောဆိုရဲခြင်း ဖြစ်သည်။ ထို့အပြင် သူ့၏ ကြေညာချက်သည် မည်သည့် ဆုံးရှုံးမှုမျှ ဖြစ်ပေါ်စေမည် မဟုတ်ဘဲ ၊ ဆန့်ကျင်ဘက်အနေဖြင့် ဂုဏ်သတင်း ကျော်ကြားမှုကိုသာ ရရှိစေမည် ဖြစ်သည်။

တုပိုင်ကလည်း လေးနက်စွာ ပြောလိုက်သည်။

“ဒါဆိုရင် ငါလည်း ဒီနေရာမှာ ကြေညာပါတယ်။ အကယ်၍ ဘွဲ့ယူစာမေးပွဲမှာ ငါ ထန်ယန်ကို ရှုံးနိမ့်ခဲ့ရင် ၊ ငါလည်း ကွမ်ရှီးပြည်နယ်ကနေ လုံးဝ ထွက်ခွာသွားပါ့မယ်။ နောက်နောင် ထန်ယန် ရှိတဲ့ ဘယ်နေရာမှာမဆို ၊ ငါလည်း သုံးလှမ်း ဆုတ်ပေးပါ့မယ်။ အနာဂတ်မှာ ဘယ်လို ရာထူးမျိုးပဲ ဖြစ်ဖြစ် ၊ ထန်ယန် ဝင်ရောက်ယှဉ်ပြိုင်တာနဲ့ ငါ ချက်ချင်း အလျော့ပေးပါ့မယ်”

အကယ်၍ ဤဘွဲ့ယူစာမေးပွဲတွင် တုပိုင်သာ ထန်ယန်ကို ရှုံးနိမ့်ခဲ့လျှင် ၊ သူသည် ကွမ်ရှီးပြည်နယ်မှ ထွက်ခွာဖို့ နေနေသာသာ ၊ ဤကမ္ဘာကြီးတွင် သူ့မစ်ရှင်ကို ဆက်လက်ထမ်းဆောင်ခွင့် လုံးဝ ဆုံးရှုံးသွားရမည် ဖြစ်သည်။ လက်တွေ့အားဖြင့် တုပိုင်သည် ဤကမ္ဘာကြီးတစ်ခုလုံးမှ ထွက်ခွာသွားရမည့် သဘောပင်။

“ကောင်းပါပြီ ၊ အစ်ကိုတုက သူရဲကောင်းတစ်ယောက်ပါ ၊ ကျွန်တော် ထန်ယန် လေးစားပါတယ်” ထန်ယန်က ပြောလိုက်သည်။ “ဒီနေ့ စာမေးပွဲက အခြေခံ သိုင်းပညာတွေ ဖြစ်တဲ့ ခွန်အား ၊ လျင်မြန်မှု ၊ ပစ်မှတ်သေ မြှားပစ်ခြင်းနဲ့ မြင်းစီးမြှားပစ်ခြင်းတွေ ဖြစ်ပါတယ်။ အစ်ကိုတုအနေနဲ့ ဒါတွေကို ဘယ်လောက်အထိ လေ့လာထားပြီးပြီလဲ မသိဘူး”

တုပိုင်က ပြောလိုက်သည်။

“ခွန်အားက ပြဿနာ မရှိပါဘူး။ လျင်မြန်မှုကိုတော့ ဆရာသခင်ကြီး နင်ဇောင်ဝူနဲ့ သုံးရက်လောက် လေ့လာခဲ့တယ်။ ပစ်မှတ်သေ မြှားပစ်ခြင်းကိုတော့ အချိန်ကန့်သတ်ချက်ကြောင့် တစ်ရက်ပဲ လေ့လာခဲ့ရတယ်။ မြင်းစီးမြှားပစ်ခြင်းကိုတော့ လေ့လာဖို့ အချိန်မရလိုက်ဘူး”

တုပိုင်သည် အမှန်အတိုင်း ပြောဆိုခြင်း ဖြစ်ပြီး ၊ လိမ်ညာခြင်း တစ်ခုမျှ မပါဝင်ပေ။

ထန်ယန်က ပြောလိုက်သည်။

“ဒါဆို အစ်ကိုတု သတိထားရတော့မယ်။ ခင်ဗျားရဲ့ စုစုပေါင်း ရမှတ်က လက်ရှိမှာ ကျွန်တော့်ထက် ၁၃ မှတ် နည်းနေတယ်။ ပြီးတော့ လာမယ့် ဘာသာရပ်တွေမှာ ၁ မှတ်တောင် အလျှော့ပေးဖို့ ကျွန်တော့်အတွက် အရမ်း ခက်ခဲလိမ့်မယ်”

ဤအချိန်တွင် ဘွဲ့ယူစာမေးပွဲသည် ရမှတ်များအရ ထက်ဝက်ကျော် ပြီးဆုံးနေပြီ ဖြစ်သည်။ ထန်ယန်၏ ရမှတ်များမှာ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ၁၄၀ မှတ် ၊ သင်္ချာ ၉၃ မှတ် ၊ ဧကရာဇ်မွေးနေ့ အထူးစာမေးပွဲ အပိုဆုကြေး ၃၀ မှတ် ၊ စုစုပေါင်း ၂၆၃ မှတ် ဖြစ်သည်။

တုပိုင်၏ ရမှတ်များမှာ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ၁၅၀ မှတ် ၊ သင်္ချာ ၁၀၀ မှတ် ၊ စုစုပေါင်း ၂၅၀ မှတ် ဖြစ်သည်။ နောက်ထပ် လာမည့်အရာများမှာ သိုင်းပညာ ၁၅၀ မှတ် ၊ အထွေထွေ လေ့လာရေး ၅၀ မှတ်နှင့် မြင်းစီးခြင်း ၅၀ မှတ် ဖြစ်သည်။

ဤဘာသာရပ် သုံးခုသည် ထန်ယန်၏ အကြွင်းမဲ့ အားသာချက်များ ဖြစ်သည်။ တုပိုင်အနေဖြင့် လိုနေသည့် ၁၃ မှတ်ကို ပြန်ယူရန် တကယ်ပင် အလွန် ခက်ခဲပေလိမ့်မည်။ အကယ်၍ ထန်ယန် ရှုံးနိမ့်ခဲ့လျှင် သူသည် ပြိုင်ပွဲမှ ထွက်ရရုံသာ ဖြစ်သည်။

သို့သော် အကယ်၍ တုပိုင် ရှုံးနိမ့်ခဲ့လျှင် ဤကမ္ဘာကြီးတွင် သူ့ဘဝ လုံးဝ ပြီးဆုံးသွားမည် ဖြစ်ပြီး လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင် ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။ တုပိုင်အတွက် စစ်မှန်သော တိုက်ပွဲကြီး စတင်တော့မည် ဖြစ်သည်။

ထန်ယန် ပြောသကဲ့သို့ပင် ၊ ယခင် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်နှင့် သင်္ချာ စာမေးပွဲများသည် သီအိုရီ သင်တန်းများသာ ဖြစ်ပြီး ၊ ထန်ယန်အနေဖြင့် တုပိုင်၏ တည်ရှိမှုကို အသိအမှတ်ပြုလာစေရန် ပြုလုပ်ပေးရုံသာ ဖြစ်သည်။

လာမည့် စာမေးပွဲများသည် သူတို့နှစ်ဦးအတွက် စစ်မြေပြင် ဖြစ်သည်။ တုပိုင်သည် ဘာသာရပ်တိုင်းကို အနိုင်ရရုံသာမက ၁၃ မှတ်ထက် ပိုမို အသာစီးရရန် လိုအပ်သည်။ သို့မဟုတ်ပါက သူ့ဘဝ၏ မစ်ရှင်သည် လုံးဝ ရပ်စဲသွားပေလိမ့်မည်။

စာမေးပွဲ ဘာသာရပ်တိုင်းသည် တုပိုင်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနေသည်။ နာရီဝက် ကြာပြီးနောက် ခေါင်းလောင်းသံ မြည်ဟည်းလာသည်။

တတိယမြောက်နေ့၏ အခြေခံ သိုင်းပညာ စာမေးပွဲ တရားဝင် စတင်လေ၏။ တုပိုင်နှင့် ထန်ယန်တို့၏ တိုက်ရိုက် ယှဉ်ပြိုင်မှုသည်လည်း တရားဝင် စတင်လေပြီ။ အခြေခံ သိုင်းပညာ၏ ပထမဆုံး ဘာသာရပ် - ခွန်အား။

ကျင်း ၅၀၀ အလေးချိန်ရှိသော ကျောက်တုံးသော့ခလောက်ကို မနိုင်လျှင် အမှတ်ပြည့် ရရှိမည် ဖြစ်သည်။

အပိုင်း ၂၅၄ ပြီး။

All Chapters