← Chapters

အခန်း (၂၅၆)

Vol. 26 Ch. 256

အခန်း (၂၅၆)

Vol. 26 Ch. 256

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

သူ ဤမျှအထိ မောက်မာ ထောင်လွှားဝံ့ကြွားရန် အကြောင်းပြချက် ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် နန်ဟိုင်သိုင်းကျောင်းတော် တစ်ခုလုံးတွင် ထောင်ပေါင်းများစွာသော ကျောင်းသားစစ်သည်များသည် တံတိုင်းပေါ်တွင် နေရာယူထားကြပြီး လေး ၊ မြှားနှင့် ဒူးလေးများ အပြည့်အစုံ တပ်ဆင်ထားသောကြောင့် ဖြစ်သည်။ ကျူးဝူယာကို ဖမ်းဆီးရန်အတွက် ရှေးဦးစွာ ဤကျောင်းသားစစ်သည် ထောင်ပေါင်းများစွာကို အနိုင်ယူရပေလိမ့်မည်။

ထိုမျှမက သူ့တွင် လျှို့ဝှက်ဝှက်ဖဲ တစ်ချပ်လည်း ရှိနေသေးသည်။ ထိုဝှက်ဖဲမှာ ကျင်းကျန်းမင်းသား၏ သားတော် ၊ တကယ့် တော်ဝင်နန်းတွင်း အထက်တန်းလွှာ ၊ ဧကရာဇ်မင်းမြတ်၏ တူတော်မောင် တစ်ဦး ဖြစ်သည်။

ထိုမင်းသား၏ သားတော်သည် ကျူးဝူယာ၏ သမီး ကျူးဝူရွှမ်နောက်သို့ လိုက်ရန်အတွက် နန်ဟိုင်သိုင်းကျောင်းတော်သို့ ရောက်ရှိလာပြီး ပညာသင်ယူကာ သိုင်းကျင့်ကြံနေခြင်း ဖြစ်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ကုန်းကုန်းခွေး လီဝမ်ဟွေ့သည် သူချစ်မြတ်နိုးရသူ၏ ဖခင်ကို ဖမ်းဆီးရန် လာနေသည်ဟု ကြားသိရသောအခါ ၊ ထိုမင်းသား၏ သားတော်သည် ရင်ဘတ်ထုပြီး ချက်ချင်း ပြောလိုက်သည်။

“ဦးလေးကျူး ၊ စိတ်ချပါ။ ကျွန်တော် ရှိနေသရွေ့ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးက တခြားသူတွေရှေ့မှာ မာန်မာန ထောင်လွှားနိုင်ပေမဲ့ ၊ ကျွန်တော့်ရှေ့မှာတော့ ကျွန်တွေထက် ဘာမှ မပိုပါဘူး”

ယခုအချိန်တွင် ကျင်းကျန်းမင်းသား၏ သားတော်သည် နန်ဟိုင်သိုင်းကျောင်းတော်၏ ပင်မတံခါးဝရှေ့တွင် မာန်မာနထောင်လွှားစွာ ရပ်နေပြီး ၊ မေးစေ့ကို မော့ထားကာ မထီမဲ့မြင် မျက်လုံးများဖြင့် ကြည့်နေသည်။

မင်းသားတစ်ပါး၏ သားတော်သည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ရှေ့မှောက်တွင် လုံလောက်သော အာဏာ မရှိကောင်း မရှိနိုင်ပေ။ သို့သော် မိန်းမစိုးဂိုဏ်းသားများ၏ ရှေ့မှောက်တွင်မူ ၊ သူတို့အားလုံးသည် သခင်များ ဖြစ်ကြပြီး ဖိနှိပ်ရန်နှင့် သတ်ဖြတ်ရန် လုံလောက်သော အာဏာကို ပိုင်ဆိုင်ထားကြသည်။

“ဒုန်းးး ဒုန်းးး ဒုန်းးး”

ခြေသံများ ဟိန်းထွက်လာပြီး ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တော် တစ်ထောင်ကျော်သည် သပ်ရပ်စွာ တန်းစီလျက် နန်ဟိုင်သိုင်းကျောင်းတော်၏ ပင်မတံခါးဝ အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

တောက်ပသော အဝါရောင် နန်းတွင်းဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင်းကျန်းမင်းသား၏ သားတော်သည် လီဝမ်ဟွေ့ကို လက်ညှိုးထိုးပြီး တင်းမာစွာ အော်ဟစ်လိုက်သည်။

“မြင်းပေါ်မှာ ထိုင်နေတာ ခွေးကုန်းကုန်းလီဝမ်ဟွေ့လား။ ငါက ကျင်းကျန်းမင်းသားရဲ့ သားတော်ကွ။ မင်းက ဘာလို့ မြင်းပေါ်ကဆင်းပြီး ဒူးထောက် ကြိုဆိုခြင်း မရှိရတာလဲ”

တာ့နင်အင်ပါယာ၏ နယ်စားပယ်ရာဘုရင်များကို အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည်။ ပထမ အမျိုးအစားမှာ အလွန် သတိကြီးသူများ ဖြစ်ပြီး ၊ သူတို့ကို လက်ညှိုးထိုးကာ တိုက်ခိုက်မည့် အရာ မှန်သမျှကို ကြောက်ရွံ့ကြသည်။ ဥပမာအားဖြင့် ကွေ့မင်းသား ၊ အထူးသဖြင့် သူ့သား နင်းချုံးယောင်သည် သတိကြီးရုံသာမက ကြောက်ရွံ့တတ်သူ ဖြစ်သည်။

ထိုကဲ့သို့သော နယ်စားပယ်ရာဘုရင်များကို မကြာခဏဆိုသလို မင်းကောင်းမင်းမြတ်များဟု ခေါ်ဆိုကြသည်။

ဒုတိယ အမျိုးအစားမှာ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ရဲတင်းပြီး မာန်မာန ထောင်လွှားသူများ ဖြစ်သည်။ သူတို့တွင် စစ်မှန်သော အာဏာမရှိလျှင်တောင် ၊ သူတို့သည် တော်ဝင်နန်းတွင်း အထက်တန်းလွှာများ ဖြစ်နေဆဲပင်။ ပုန်ကန်ခြင်း မပြုသရွေ့ မည်သူမျှ သူတို့ကို မထိရဲကြသလို ၊ သူတို့ကလည်း သူတို့၏ ဂုဏ်သိက္ခာကို ဂရုမစိုက်ကြပေ။

ကမ္ဘာမြေပေါ်ရှိ သမိုင်းဝင် မင်မင်းဆက်တွင်လည်း ၊ သတိကြီးသော နယ်စားပယ်ရာဘုရင်များနှင့် မဆင်မခြင် ပြုမူတတ်သော နယ်စားပယ်ရာဘုရင်များသည် တန်းတူညီမျှ ကွဲပြားနေခဲ့ပြီး ၊ တာ့နင်အင်ပါယာသည်လည်း ထူးမခြားနားပေ။

ဤကျင်းကျန်းမင်းသားသည် ဒုတိယမြောက် ၊ အလွန် မဆင်မခြင် ပြုမူတတ်သော အမျိုးအစားထဲတွင် ပါဝင်သည်။ သူ့၏ ကိုယ်ပိုင်နယ်မြေအတွင်းတွင် ၊ သူသည် အလွန်အမင်း ဖြုန်းတီးပျော်ပါးကာ ၊ အဆုံးစွန်ထိ မာန်မာန ထောင်လွှားစွာ ပြုမူပြီး ၊ လူ့အသက်ကိုပင် ဂရုမစိုက်ပေ။ သူသည် ပုန်ကန်ခြင်း မပြုသလို သူ့နယ်မြေမှလည်း ထွက်ခွာခြင်း မရှိသောကြောင့် ၊ ဒေသခံ အရာရှိများသည် ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိကြပေ။

ကျင်းကျန်းမင်းသား၏ သားတော်သည် ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ပြီး ၊ သူ့၏ စိတ်နေသဘောထားနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံမှာ ထင်ရှားသည်။

သူသည် ကျူးယွီရွှမ် နောက်သို့ မနားတမ်း လိုက်နေသော်လည်း ၊ သူမက သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ ယခု တစ်သက်တွင် တစ်ခါသာ ရနိုင်သော အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်ရာ ၊ အလှမယ်လေး၏ မျက်နှာသာပေးမှုကို ရရှိရန် သူသည် အကောင်းဆုံး စွမ်းဆောင်ပြချင်နေသည်မှာ သဘာဝကျသည်။

“လီဝမ်ဟွေ့ ၊ မင်း နားလေးနေတာလား” ကျင်းကျန်းမင်းသား၏ သားတော်က စူးရှစွာ မေးလိုက်သည်။ “ငါလို တော်ဝင်နန်းတွင်း အထက်တန်းလွှာ ၊ မင်းသားတစ်ပါးရဲ့ သားတော် ရှေ့မှောက်မှာ ၊ မင်းက မြင်းပေါ်မှာ ထိုင်နေရဲသေးတယ်ပေါ့။ ဒါ ပုန်ကန်တာလား။ အခုချက်ချင်း မြင်းပေါ်ကဆင်းပြီး ဒူးထောက် ဂါရဝပြုစမ်း”

ဆူပူကြိမ်းမောင်းနေစဉ် ၊ ကျင်းကျန်းမင်းသား၏ သားတော်သည် သူ့အနောက်သို့ လှမ်းကြည့်ရန် မနေနိုင်ဘဲ ဖြစ်နေသည်။ သူချစ်မြတ်နိုးရသော ကျူးယွီရွှမ် အနေဖြင့် သူ့၏ ခမ်းနားထည်ဝါသော ပြုမူပုံကို မြင်တွေ့စေလိုသောကြောင့် ဖြစ်သည်။

လီဝမ်ဟွေ့၏ မျက်မှောင်များ ကျုံ့သွားသည်။ ကျူးဝူယာသည် တံခါးဝကို ပိတ်ဆို့ရန် ကျင်းကျန်းမင်းသား၏ သားတော်ကို ဆွဲထုတ်လာလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

ကွေ့မင်းသား အိမ်ရှေ့စံ နင်းချုံးယောင်၏ ပျော့ညံ့မှုကို သူ မနှစ်သက်သော်လည်း ၊ ပြည်သူလူထုကြားတွင် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို လုံးဝ ဖျက်ဆီးနေသော ကျင်းကျန်းမင်းသား မိသားစု၏ မာန်မာန ထောင်လွှားမှုကိုမူ သူ လုံးဝ ရွံရှာသည်။

သို့သော် ကျင်းကျန်းမင်းသား၏ သားတော် ပြောသည်မှာ မမှားပေ။ မိန်းမစိုးဂိုဏ်းဝင်များသည် အားလုံး တော်ဝင်မိသားစု၏ အစေခံများ ဖြစ်ကြသည်။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ ဘိုးဘေးများသည် ဧကရာဇ်ထိုက်ကျူ၏ မွေးစားသားတော်များ ဖြစ်ကြသဖြင့် ၊ မိန်းမစိုးဂိုဏ်းအတွက် တစ်ဝက်တစ်ပျက် သခင်များ ဖြစ်ကြရာ ၊ စစ်မှန်သော တော်ဝင်နန်းတွင်း အထက်တန်းလွှာများ ဆိုလျှင် ပြောစရာ လိုသေးသလော။

လီဝမ်ဟွေ့၏ တော်ဝင်မိသားစုအပေါ် သစ္စာရှိမှုသည် လုံးဝ သံသယဖြစ်စရာ မလိုပေ။

ချက်ချင်းပင် သူ စစ်မြင်းပေါ်မှ ဆင်းလိုက်ပြီး ပြောလိုက်သည်။ “မင်းသားလေး ၊ ကျွန်တော်မျိုးက ကျူးဝူယာကို ဖမ်းဆီးဖို့ ဧကရာဇ်မင်းမြတ် အမိန့်တော်နဲ့ လာခဲ့တာပါ။ ကျေးဇူးပြုပြီး မတားဆီးပါနဲ့”

“ဧကရာဇ်မင်းမြတ် အမိန့်တော်နဲ့ ဟုတ်လား။ အမိန့်တော်ကို ဒီယူလာခဲ့” ကျင်းကျန်းမင်းသား၏ သားတော်သည် လီဝမ်ဟွေ့ တကယ်ပင် မြင်းပေါ်မှ ဆင်းလိုက်သည်ကို မြင်လိုက်ရသဖြင့် ၊ အောင်နိုင်သူအထာဖြင့် လက်ကမ်းပေးလိုက်သည်။

လီဝမ်ဟွေ့က ပြောလိုက်သည်။ “အရှင်မင်းမြတ်ရဲ့ အမိန့်တော်ကို ၊ ကျွန်တော်မျိုး မင်းသားလေးကို ပြသခွင့် မရှိပါဘူး”

တကယ်တော့ ဧကရာဇ်မင်းမြတ် အမိန့်တော်တွင် ကျူးဝူယာကို ဖမ်းဆီးရန် အတိအလင်း ဖော်ပြထားခြင်း မရှိပေ။ ယင်းအစား ကွမ်ရှီးပြည်နယ်သည် ရှုပ်ထွေးပွေလီနေပြီး ၊ လီဝမ်ဟွေ့ကို သေချာစွာ စုံစမ်းစစ်ဆေးရန်နှင့် သင့်တော်သလို အရေးယူဆောင်ရွက်ရန် အမိန့်ပေးထားခြင်း ဖြစ်သည်။

ထို့အပြင် ဤကဲ့သို့သော ဧကရာဇ်မင်းမြတ် အမိန့်တော်သည် သေစေနိုင်လောက်အောင် အစွမ်းထက်ဆုံး ဖြစ်သည်။ အထူးသဖြင့် သင့်တော်သလို အရေးယူဆောင်ရွက်ရန် ဟူသော စကားလုံးများသည် ဧကရာဇ် ထျန်ယွင် မည်မျှ ဒေါသထွက်နေကြောင်း ပြသနေသည်။

“ကျွန်တော်မျိုး ဟုတ်လား” ကျင်းကျန်းမင်းသား၏ သားတော်က ပြောလိုက်သည်။ “မင်းက ကုန်းကုန်းခွေး ၊ မိန်းမစိုးဂိုဏ်းဝင် ၊ ငါတို့ နင်းမိသားစုရဲ့ ခွေးတစ်ကောင်ပဲ။ မင်းကိုယ်မင်း ကျွန်လို့ သုံးနှုန်းသင့်တယ်။ မင်းကိုယ်မင်း ကျွန်တော်မျိုးလို့ ခေါ်ခွင့် ဘယ်သူပေးထားလို့လဲ။ ငါ့ရှေ့မှာ မင်းကိုယ်မင်း ကျွန်လို့ သုံးနှုန်းရမယ်”

ဤစကား ထွက်လာသည်နှင့် လီဝမ်ဟွေ့၏ မျက်နှာ ရှုံ့မဲ့သွားသည်။ သူ့ကိုယ်သူ ကျွန်အစား ကျွန်တော်မျိုးဟု သုံးနှုန်းခွင့်ကို ဧကရာဇ် ထျန်ယွင် ကိုယ်တိုင် ပေးသနားထားခြင်း ဖြစ်သည်။ ထိုအချိန်က ဧကရာဇ် ထျန်ယွင်သည် လီဝမ်ဟွေ့အား သူ၏ ယုံကြည်ရသော အရာရှိတစ်ဦး ဖြစ်ကြောင်း လူအများရှေ့တွင် တရားဝင် ပြောကြားခဲ့သည်။

ဧကရာဇ် ထျန်ယွင် ကိုယ်တိုင်ပင် လီဝမ်ဟွေ့ကို မိသားစု အစေခံတစ်ဦးကဲ့သို့ မဆက်ဆံသော်လည်း ၊ ဤကျင်းကျန်းမင်းသား၏ သားတော်သည် အလွန် မြင့်မြတ်သယောင် ပြုမူနေသည်။

“စစ်သည်တွ၊ ဒီမင်းသားလေးကို ခေါ်ထုတ်သွားကြ” လီဝမ်ဟွေ့ အမိန့်ပေးလိုက်သည်။ ထို့နောက် လီဝမ်ဟွေ့ မြင်းပေါ် ပြန်တက်လိုက်သည်။

ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်တော် နှစ်ဦးသည် ကျင်းကျန်းမင်းသား၏ သားတော်ကို ခေါ်ထုတ်သွားရန် ရှေ့သို့ တိုးလာကြသည်။

ကျင်းကျန်းမင်းသား၏ သားတော်သည် သူချစ်မြတ်နိုးရသူ၏ ရှေ့မှောက်တွင် မျက်နှာပျက်ရသည်ဟု ခံစားလိုက်ရသဖြင့် ဒေါသထွက်သွားသည်။ သူ ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး လီဝမ်ဟွေ့ကို ချိန်ရွယ်ကာ တင်းမာစွာ ပြောလိုက်သည်။

“လီဝမ်ဟွေ့ ၊ မင်းလို ခွေးကောင်က အထက်လူကြီးကို အာခံပြီး ပုန်ကန်ဖို့ ကြိုးစားရဲတယ်ပေါ့။ ငါလို မင်းသားတစ်ပါးရဲ့ သားတော်က မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား။ ပြီးတော့ မင်းရဲ့ မွေးစားသား တုပိုင်ကရော ဘယ်လိုလဲ။ တစ်နေ့ကျရင် ငါ သူ့ခွေးခေါင်းကို ဖြတ်ပြီး မိန်းကလေး ကျူးယွီရွှမ်အတွက် လက်စားချေပေးမယ်”

နယ်စားပယ်ရာဘုရင်များ၏ ဆိုးသွမ်းသော သားသမီးများအတွက် ၊ လီဝမ်ဟွေ့သည် ယေဘုယျအားဖြင့် ရှောင်ရှားရန် ရွေးချယ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် တော်ဝင်မိသားစုဝင်များ ၊ သူတို့၏ သခင်များ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် တစ်ဖက်လူက တုပိုင်ကို သတ်မည်ဟု ခြိမ်းခြောက်ရဲသည်လော။ သူ့၏ ပြောင်းပြန်အကြေးခွံကို ထိပါးရဲသည်လော။ ထို့အပြင် အလှမယ်လေး၏ မျက်နှာသာပေးမှုကို ရယူလိုသော ဤဦးနှောက်မရှိသည့် လူသည် တကယ် လုပ်ကောင်း လုပ်ပေလိမ့်မည်။

ချက်ချင်းပင် လီဝမ်ဟွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ၊ တစ်လုံးချင်း ပြောလိုက်သည်။ “မင်း တကယ် ပြောနေတာလား” လီဝမ်ဟွေ့သည် မင်းသားလေးဟုပင် မခေါ်တော့ပဲ မင်းဟု သုံးနှုန်းလိုက်ခြင်းမှ တစ်ဆင့် သူအမှန်တကယ် ဒေါသထွက်နေခြင်းကို သိမြင်နိုင်သည်။

“ဒါပေါ့ ၊ သူက မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ သာမန် ကျောင်းသားစစ်သည်လေး တစ်ယောက်ပဲလေ။ သူ့ကို သတ်ရတာ ခွေးတစ်ကောင်ကို သတ်ရသလိုပဲ” ကျင်းကျန်းမင်းသား၏ သားတော်က ပြောလိုက်သည်။ “ငါ ရှိနေသရွေ့ ၊ လီဝမ်ဟွေ့ ၊ မင်း ခြေတစ်လှမ်းတောင် ရှေ့တိုးလို့မရဘူး။ ငါ့ခြေထောက်အောက်က ဒီစည်းကို ကျော်ရဲရင် ၊ ငါ မင်းကို ညှာတာမှုမရှိ သတ်ပစ်မယ် ခွေးကုန်းကုန်း”

ကျင်းကျန်းမင်းသား၏ သားတော် စကားမဆုံးလိုက်ပေ။

လီဝမ်ဟွေ့ ရုတ်တရက် မြင်းကို ဒုန်းစိုင်းမောင်းနှင်လိုက်ပြီး သူ့ကို နင်းခြေလိုက်သည်။

“အားးးးးး”

ကျင်းကျန်းမင်းသား၏ သားတော်သည် စစ်မြင်း၏ တိုက်ခိုက်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ၊ ထို့နောက် တကယ့်ကို အနင်းခြေ ခံလိုက်ရသည်။

“ခရက် ၊ ဂျွတ်”

ကျင်းကျန်းမင်းသား သားတော်၏ ခြေထောက်အရိုးများနှင့် နံရိုးများ ကျိုးကြေသွားပြီး ၊ ရင်ဘတ်နှင့် အဆုတ်များသည် တိုက်ရိုက် ချိုင့်ဝင်သွားကာ ၊ ပေါင်ရိုး ကျိုးသွားပြီးနောက် ခြေထောက်တစ်ဖက်လုံး လိမ်ကောက် ပုံပျက်သွားသည်။

ကြီးမားသော နာကျင်မှုနှင့် ကြောက်ရွံ့မှုများကြားတွင် ၊ ကျင်းကျန်းမင်းသား၏ သားတော်သည် ဦးစွာ အော်ဟစ်လိုက်ပြီး ၊ ထို့နောက် တကယ့်ကို ကြောက်လန့်တကြား သတိလစ်သွားကာ ၊ မစင်များပင် ထွက်ကျလာသည်။

မျှော်စင်ထိပ်တွင် ရှိနေသော နန်ဟိုင်သိုင်းကျောင်းတော် ကျောင်းအုပ် ကျူးဝူယာသည် ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။

ကွေ့မင်းသား အိမ်ရှေ့စံ နင်းချုံးယောင်၏ သတိကြီးမှုကြောင့် အထင်မသေးပါနှင့် ၊ အရပ်ဘက် အရာရှိများရော စစ်ဘက်အရာရှိများပါ သူ့ကို အထင်မကြီးကြသော်လည်း ၊ မည်သူမျှ သူ့ဆံပင်တစ်မျှင်ကိုပင် မထိခိုက်ရဲကြပေ။ ကျူးဝူယာပဲ ဖြစ်ဖြစ် ၊ ပြည်နယ်ဘုရင်ခံ လော့ဝမ်ပဲ ဖြစ်ဖြစ် ၊ သူတို့အားလုံး ကွေ့မင်းသား အိမ်ရှေ့စံ နင်းချုံးယောင်ကို ဂါရဝပြုကြရပြီး ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲပင် ခြွင်းချက် မရှိပေ။

လီဝမ်ဟွေ့သည် တော်ဝင်မိသားစု အစေခံတစ်ဦး အနေဖြင့် ၊ ကျင်းကျန်းမင်းသား၏ သားတော်ကို မြင်းဖြင့် တိုက်ရိုက် နင်းခြေခဲ့သည်။ ဤအရာသည် ပုန်ကန်မှု အဆင့်အထိ လုံးဝ ရောက်ရှိသွားနိုင်သည်။

ပင်မတံခါးဝသို့ အပြေးသွားပြီး လီဝမ်ဟွေ့ အော်ဟစ်လိုက်သည်။ “ကျူးဝူယာ ၊ မင်း ကွမ်ရှီးတပ်မှူးကို ဒေသခံတပ်တွေ ကိုယ်ပိုင်သဘောနဲ့ လှုပ်ရှားဖို့ လှုံ့ဆော်ခဲ့တယ် ၊ ကြီးလေးတဲ့ ပြစ်မှုပဲ။ အခုချက်ချင်း လက်နက်ချ အဖမ်းခံမလား ၊ ဒါမှမဟုတ် ညှာတာမှုမရှိ သေဒဏ်ကို ရင်ဆိုင်မလား”

မျှော်စင်ပေါ်မှ ကျူးဝူယာက မထီမဲ့မြင် ပြုံးလိုက်သည်။ “လီဝမ်ဟွေ့ ၊ မင်းက ပုဂ္ဂိုလ်ရေးအရ လက်စားချေနေတာ သေချာတယ်။ ငါက ကွမ်ရှီးတပ်မှူးကို တပ်တွေ ကိုယ်ပိုင်သဘောနဲ့ လှုပ်ရှားဖို့ လှုံ့ဆော်ခဲ့တယ်လို့ မင်း ပြောတယ်ပေါ့။ သက်သေ ဘယ်မှာလဲ။ မင်း ငါ့ကို ဖမ်းချင်တာလား။ ဧကရာဇ် ထျန်ယွင်ရဲ့ အမိန့်တော် ဘယ်မှာလဲ”

လီဝမ်ဟွေ့ အမိန့်တော်ကို ထုတ်ယူပြီး ဖတ်ပြလိုက်သည်။ “ကွမ်ရှီးပြည်နယ် ရှုပ်ထွေးပွေလီနေတယ်။ သေချာစွာ စုံစမ်းစစ်ဆေးပြီး သင့်တော်သလို အရေးယူဆောင်ရွက်ဖို့ လီဝမ်ဟွေ့ကို အမိန့်ပေးလိုက်တယ်”

ကျူးဝူယာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အမိန့်တော်ထဲမှာ ငါ့နာမည် ကျူးဝူယာ ဆိုတာ တစ်ခွန်းမှ မကြားမိပါလား”

သင့်တော်သလို အရေးယူဆောင်ရွက်ရန် ဆိုသည်မှာ မည်သူ့နာမည်ကိုမဆို ထည့်သွင်း အကျုံးဝင်စေနိုင်သော်လည်း ၊ လီဝမ်ဟွေ့ အနေဖြင့် ထိုစကားများကို ကျယ်လောင်စွာ ထုတ်ပြော၍ မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသည်က ဧကရာဇ် ထျန်ယွင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

လီဝမ်ဟွေ့ အေးစက်စွာ ပြောလိုက်သည်။ “ကျူးဝူယာ ၊ မင်း အခု လက်နက်ချ အဖမ်းခံရင် ၊ မင်းရဲ့ မိသားစု ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ အကယ်၍ မင်း ခုခံမယ် ဆိုရင်တော့ ၊ မင်းရဲ့ ဆွေစဉ်မျိုးဆက်လိုက်ကို ငါ ရှင်းလင်းပစ်တာ အပြစ်မတင်နဲ့”

အပိုင်း ၂၅၆ ပြီး။

All Chapters