← Chapters

အခန်း (၂၅၇)

Vol. 26 Ch. 257

အခန်း (၂၅၇)

Vol. 26 Ch. 257

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကျူးဝူယာ၏ မျက်နှာတစ်ပြင်လုံး ရှုံ့တွသွားပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။ “လီဝမ်ဟွေ့ ၊ သေချာကြည့်ထား။ ငါ့ရဲ့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက ခံတပ်တစ်ခုလိုပဲ ၊ ဘယ်သူမှ ဖောက်ဝင်လို့မရဘူး။ ငါ့မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ကျောင်းသားစစ်သည် ၃၀၀၀ ရှိတယ်။ မင်း ငါ့ကို ဖမ်းချင်တာလား။ အရင်ဆုံး သူတို့ကို အနိုင်တိုက်ပြီး နန်ဟိုင်သိုင်းသင်တန်းကျောင်းရဲ့ ခြံစည်းရိုးကို ဖောက်ဝင်ခဲ့လိုက်ဦး”

ဤစကားများ ထွက်ပေါ်လာသည်နှင့် လီဝမ်ဟွေ့၏ မျက်နှာထားသည် ပိုမို လေးနက်တည်ကြည်သွားသည်။

လက်ရှိအချိန်တွင် သူ့ကို လမ်းပိတ်ထားသူများမှာ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများ ဖြစ်နေကြပြီး သာမန် စစ်သည်များ မဟုတ်ကြပေ။

အကယ်၍ သူတို့သာ စစ်သည်များ ဖြစ်ခဲ့လျှင် လီဝမ်ဟွေ့ အနေဖြင့် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်ရန် အမိန့်ပေးလိုက်မည် ဖြစ်သည်။

သို့သော် ကျောင်းသား ထောင်ပေါင်းများစွာကို ရင်ဆိုင်ရမည်လော။ ထို့အပြင် ဤနေရာက ကွမ်ရှီးပြည်နယ်ရဲ့ အမြင့်ဆုံး အကယ်ဒမီ ၃ ခုထဲက တစ်ခု ဖြစ်နေသည်။

နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများကို စစ်ခင်းခြင်းသည် လျှို့ဝှက်သူလျှိုများက ကွမ်ရှီးတက္ကသိုလ်မှ ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်သည်နှင့် အတူတူပင် ဖြစ်သည်။ အကျိုးဆက်များကို ရှင်းပြနေစရာ မလိုလောက်အောင်ပင် ပြင်းထန်ဆိုးရွားမည် ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

နိုင်ငံရေး ဂုဏ်သိက္ခာပိုင်းအရ ကြည့်လျှင် ဤအခြေအနေ၏ ပြင်းထန်မှုသည် ကွမ်ရှီးပြည်နယ်ရှိ လီမိသားစု၏ အမာခံစခန်းများကို အမြစ်လှန်ချေမှုန်းခြင်းထက်ပင် ကျော်လွန်နေသေးသည်။

ထို့အပြင် နန်ဟိုင်သိုင်းသင်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားများသည် များသောအားဖြင့် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ဂုဏ်သရေရှိ လူတန်းစားများ ဖြစ်ကြပြီး ကွမ်ရှီးပြည်နယ်နှင့် အင်ပါယာ တောင်ပိုင်းတစ်ခွင်ရှိ အာဏာရှိသော လက်ရွေးစင်တို့၏ သားသမီးများ ဖြစ်ကြသည်။

ထို့ကြောင့် လီဝမ်ဟွေ့သာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီး အသေအပျောက် များပြားသွားခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်များသည် ကောင်းကင်ကြီးကို နောက်တစ်ကြိမ် အပေါက်ဖောက်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

လီဝမ်ဟွေ့သည် မြင်းပေါ်မှ နောက်တစ်ကြိမ် ဆင်းလိုက်သည်။ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားစစ်သည် ၃၀၀၀ ကို မျက်နှာမူပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “ကျူးဝူယာက ကွမ်ရှီးတပ်မှူး ဖြစ်တုန်းက တပ်တွေကို ကိုယ်ပိုင်သဘောနဲ့ လှုပ်ရှားဖို့ လှုံ့ဆော်ခဲ့တယ် ၊ အဲဒါက ပုန်ကန်တာနဲ့ အတူတူပဲ။ လူငယ်တွေ ၊ မင်းတို့ မကောင်းမှုကို အားမပေးသင့်ဘူး”

“ထွီးးး”

သူ့စကားအတွက် တုံ့ပြန်မှုကတော့ တံတိုင်းပေါ်မှ ထွေးချလိုက်သော တံတွေးသာ ဖြစ်သည်။

“တိုင်းပြည်ဖျက်တဲ့ ခွေးကုန်းကုန်း ၊ ထွက်သွားစမ်း” နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားများက ဒေါသတကြီး ဆဲရေးလိုက်ကြသည်။

လီဝမ်ဟွေ့က ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ကျူးဝူယာက ကွမ်ရှီးတပ်မှူး ဖြစ်တုန်းက စစ်ရိက္ခာတွေကို အလွဲသုံးစားလုပ်တယ် ၊ အရည်အသွေးကောင်းတွေကို အရည်အသွေးနိမ့်တာတွေနဲ့ အစားထိုးတယ် ၊ မရှိတဲ့တပ်သားတွေကို စာရင်းအတုပြုလုပ်ပြီး စစ်သည်တွေရဲ့ လစာ ငွေတုံးပေါင်း ၅ သိန်းကျော်ကို အလွဲသုံးစားလုပ်ခဲ့တယ်။ သူ့ရဲ့ လက်ပါးစေတွေက စစ်သည် ၁၀၀ ကျော်ကို ဖိနှိပ်သတ်ဖြတ်တာကို လျစ်လျူရှုထားခဲ့တယ်။ သူ့ရဲ့ မိသားစုဝင်တွေက စစ်သည်တွေရဲ့ သားမယားတွေကို စော်ကားခဲ့လို့ လူ ၇ ယောက် ကြိုးဆွဲချသေတာတွေ ၊ ရေထဲခုန်ချပြီး သတ်သေတာတွေ ဖြစ်ခဲ့ရတယ်။ ဒီလိုလူမျိုးကို မင်းတို့ ကာကွယ်ပေးချင်နေတုန်းလား”

တိတ်ဆိတ်ငြိမ်သက်သွား၏။ ခဏကြာပြီးနောက် နောက်ထပ် တုံ့ပြန်သံ ထွက်ပေါ်လာသည်။

“မိန်းမစိုးဂိုဏ်းက တိုင်းပြည်ဖျက်တဲ့ကောင်တွေ ၊ ထွက်သွားကြ”

လီဝမ်ဟွေ့၏ ရင်ဘတ်အောင့်သွား၏။ သူနောက်တစ်ကြိမ် အော်ဟစ်လိုက်သည်။ “ကျူးဝူယာက လီမိသားစု စော်ဘွားနဲ့ ပူးပေါင်းပြီး နှစ်တိုင်း လီမိသားစုဆီကို စစ်ရိက္ခာ အမြောက်အမြား ရောင်းချခဲ့တယ်။ ပြီးတော့ လီမိသားစုနဲ့ ပေါင်းပြီး ရန်သူ့နိုင်ငံတွေဆီကို ဆားနဲ့ သံ အမြောက်အမြား ရောင်းချခဲ့တယ်။ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်အသရေအတွက် တိုင်းပြည်ကို သစ္စာဖောက်တဲ့ ဒီလိုလုပ်ရပ်တွေကို မင်းတို့ ဂရုမစိုက်ကြဘူးလား။ မင်းတို့ သူ့ကို ကာကွယ်ပေးချင်နေတုန်းလား”

အဖြေကတော့ အတူတူပင် ဖြစ်သည်။

“မိန်းမစိုးဂိုဏ်း ၊ မင်းတို့က တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ကပ်ဘေးဆိုက်စေတဲ့ကောင်တွေ ၊ ထွက်သွားကြ”

လီဝမ်ဟွေ့ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်မိသည်။ ဤသူများသည် ကွမ်ရှီးပြည်နယ်၏ အမြင့်ဆုံး အကယ်ဒမီများအနက် တစ်ခုမှ လူငယ် ပညာတတ်များ ဟုတ်ပါလေစ။ သူတို့အားလုံး ရပ်တည်ချက် ကင်းမဲ့နေကြသည်လော။ နိုင်ငံတော်ပုန်ကန်မှုများကို ဤမျှလောက်ထိ မသိကျိုးကျွန် ပြုနိုင်ကြသည်လော။

မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် လီဝမ်ဟွေ့သည် သူ၏ စစ်မြင်းပေါ်သို့ တက်လိုက်သည်။ တံတိုင်းပေါ်ရှိ နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားစစ်သည်များကို ကြည့်လိုက်ပြီး အသံဝင်ကာ နာကျင်စွာ ပြောလိုက်သည်။

“နန်ဟိုင်သိုင်းသင်တန်းကျောင်းက အစိုးရပိုင် မဟုတ်ပေမယ့် မင်းတို့ စားနေတဲ့ ထမင်းတစ်လုပ်တိုင်း ၊ မင်းတို့ ဝတ်ထားတဲ့ အဝတ်အစားတိုင်းက အင်ပါယာရဲ့ အခွန်ငွေတွေကနေ ရတာပဲ။ မင်းတို့အတွက် နှစ်စဉ် ဘဏ္ဍာတိုက်နဲ့ တော်ဝင်ဘဏ္ဍာတိုက်ကနေ ငွေတုံး တစ်သိန်းကျော် ထောက်ပံ့ပေးနေရတယ်။ မင်းတို့ရဲ့ အကယ်ဒမီပိုင် မြေဧက တစ်သောင်းကိုလည်း နန်းတော်က ပေးသနားထားတာ။ ဒီလိုနည်းနဲ့ မင်းတို့က အင်ပါယာကို ကျေးဇူးဆပ်ကြတာလား။ ဧကရာဇ်မင်းမြတ်ကို ကျေးဇူးဆပ်ကြတာလား။ မင်းတို့လို ကောင်းကင်ဘုံရဲ့ အချစ်တော်တွေရဲ့ နှလုံးသားထဲမှာ အရှင်သခင်အပေါ် သစ္စာစောင့်သိမှုနဲ့ တိုင်းပြည်အပေါ် ချစ်မြတ်နိုးမှုဆိုတာ အနည်းငယ်လေးတောင် မရှိတော့ဘူးလား”

အကယ်၍ သူတို့သာ သာမန်အရပ်သား နောက်ခံရှိသော ကျောင်းသားများ ဖြစ်ပါက လီဝမ်ဟွေ့၏ စကားကို ကြားသောအခါ ရှက်ရွံ့သွားကြပေလိမ့်မည်။

သို့သော် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားများသည် ချမ်းသာသူများ သို့မဟုတ် ဂုဏ်သရေရှိသူများ ဖြစ်ကြပြီး သူတို့၏ ကမ္ဘာအမြင်သည် ရင့်ကျက်လွန်နေကြပြီ ဖြစ်သည်။ သူတို့၏ မိသားစုများ လွှမ်းမိုးမှုအောက်တွင် သူတို့ကိုယ်ကျိုးနှင့် သူတို့မိသားစု အကျိုးစီးပွားများသည် အင်ပါယာ၏ အကျိုးစီးပွားထက် ကျော်လွန်နေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ထုံးတမ်းစဉ်လာနှင့် ဂီတသံစဉ်များ ပြိုပျက်နေသော မင်းဆက်တစ်ခု၏ နေဝင်ချိန် ကာလများတွင် မျိုးချစ်စိတ်ဟူသည် အတော်လေး မိုက်မဲသော အရာတစ်ခု ဖြစ်လာခဲ့သည်။

“မင်းတို့ ဧကရာဇ်မင်းမြတ်နဲ့ ထိုက်တန်ရဲ့လား။ အင်ပါယာနဲ့ ထိုက်တန်ရဲ့လား။ မင်းတို့ရဲ့ အရှင်သခင်အပေါ် သစ္စာစောင့်သိမှုနဲ့ တိုင်းပြည်ချစ်စိတ်က ဘယ်ရောက်သွားပြီလဲ” လီဝမ်ဟွေ့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် တံတိုင်းပေါ်မှ ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။

“အသုံးမကျတဲ့ ဧကရာဇ်”

ဤစကား ထွက်ပေါ်လာသည်နှင့် လီဝမ်ဟွေ့ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။ သူ့ဘဝတွင် သူ့ကိုယ်သူထက်ပင် ပိုမို အရေးကြီးသော လူနှစ်ဦး ရှိလေသည်။ တစ်ဦးမှာ အင်ပါယာ၏ အနာဂတ်အဖြစ် သူ ယုံကြည်ထားသော မွေးစားသား တုပိုင် ဖြစ်သည်။

အခြားတစ်ဦးမှာ သူ တစ်ဘဝလုံး မြှုပ်နှံပြီး အမှုထမ်းခဲ့သော ၊ သူ ကာကွယ်တိုက်ခိုက်ပေးခဲ့သော ဧကရာဇ်မင်းမြတ် ဖြစ်သည်။

‘အသုံးမကျတဲ့ ဧကရာဇ် ဟုတ်လား။ အသုံးမကျတဲ့ ဧကရာဇ် ဟုတ်လား။ တစ်နပ်ကို ဆန်ပြုတ်တစ်ခွက်နဲ့ ဟင်းရွက်နည်းနည်းပဲ စားတဲ့ အသုံးမကျသည့် ဧကရာဇ်မျိုးကို မင်းတို့ မြင်ဖူးလို့လား။ အတွင်းခံဘောင်းဘီ စုတ်ပြဲနေတာတောင် မလဲရက်တဲ့ အသုံးမကျတဲ့ ဧကရာဇ်မျိုးကို မင်းတို့ မြင်ဖူးလို့လား။ အမတ်တွေရဲ့ အနိုင်ကျင့်မှုကို ခံရလွန်းလို့ ခုတင်ပေါ်မှာ သွေးအန်တဲ့အထိ ဖြစ်ခဲ့ရပေမဲ့ သတ်ဖြတ်ချင်စိတ်ကို မြိုသိပ်ထားခဲ့ရတဲ့ အသုံးမကျသည့် ဧကရာဇ်မျိုးကို မင်းတို့ မြင်ဖူးလို့လား။’

ဧကရာဇ်မင်းမြတ်သာ ပြင်းပြင်းထန်ထန် မကြိုးစားခဲ့လျှင် ဤအင်ပါယာကြီးသည် ပြိုကွဲပျက်စီးသွားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တာတာလူမျိုးများက မြေပြန့်ဒေသကို နောက်တစ်ကြိမ် နင်းချေသွားမည် ၊ သို့မဟုတ် အင်ပါယာအနှံ့ ပြည်တွင်းစစ်မီးများ တောက်လောင်ပြီး နေရာတိုင်းတွင် ဒုက္ခဆင်းရဲများ ၊ ဖရိုဖရဲ အခြေအနေများ ၊ သန်းပေါင်းများစွာသော သေဆုံးမှုများနှင့် လူသားတို့၏ ဒုက္ခများ ဖြစ်ပေါ်လာပေလိမ့်မည်။

ဧကရာဇ်သာ အားမခဲထားလျှင် ၊ ဧကရာဇ်သာ မတောင့်ခံထားလျှင် ဤကောင်များအားလုံး သူတောင်းစားဘဝကိုရောက်နေမည်ဖြစ်သော်လည်း အသုံးမကျသည့် ဧကရာဇ်ဟု အသံထွက်လာရဲသည်။

လီဝမ်ဟွေ့သည် ဤလူများအပေါ် မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ပြီး နာကျင်စွာ ခေါင်းငုံ့ကာ မြင်းကို လှည့်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များ၏ တပ်ဖွဲ့ထဲသို့ ပြန်ဝင်လာလိုက်သည်။

“မိန်းမစိုးဂိုဏ်းကို တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ကပ်ဘေးဆိုက်အောင် လုပ်ခွင့်ပေးထားတာက အသုံးမကျတဲ့ ဧကရာဇ် မဟုတ်ရင် ဘာလဲ” တံတိုင်းပေါ်ရှိ ထိုနန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ “အဲဒီလို အသုံးမကျတဲ့ ဧကရာဇ်မျိုးကို ရန်သူလို သတ်မှတ်သင့်တာ ကြာပြီ”

မင်ကျစ်၏ စကားဖြစ်သော အကယ်၍ အရှင်သခင်က မှူးမတ်တွေကို မြက်ပင်တွေလို သဘောထားရင် ၊ မှူးမတ်တွေက အရှင်သခင်ကို သူခိုးဓားပြနဲ့ ရန်သူလို သဘောထားလိမ့်မယ် ဆိုသည့် ဒုတိယပညာရှိသခင်ကြီး၏ စကားကို သူတို့ ဘယ်လို လှည့်ပတ်သုံးရမလဲ ကောင်းကောင်း သိကြပေသည်။

လီဝမ်ဟွေ့ တပ်ဖွဲ့ထဲသို့ ပြန်ရောက်လာသောအခါ သူ၏ မျက်လုံးများသည် သွေးချင်းချင်း နီနေပြီ ဖြစ်သည်။ သူက အသံနိမ့်နိမ့် ၊ အက်ကွဲကွဲဖြင့် ပြောလိုက်သည်။

“တာဝန်ယူရမှုက ကြီးမားလွန်းလို့ ၊ မြို့တော်ကို အဖမ်းခံရပြီး နောက်တစ်ကြိမ် ခေါင်းအဖြတ်ခံရမယ် ဆိုရင်တောင် ၊ ငါ လက်ခံတယ်”

“သတ် ၊ သတ် ၊ သတ်”

“နန်ဟိုင်သိုင်းသင်တန်းကျောင်းကို တိုက်ခိုက်ကြ။ ခုခံတဲ့သူ မှန်သမျှ သတ် ၊ လုံးဝ မညှာနဲ့”

လီဝမ်ဟွေ့၏ အမိန့်ပေးလိုက်သည်နှင့်။

“ရွှီးးးး ၊ ရွှီးးးးး ၊ ရွှီးးး ၊ ရွှီးးးး၊ ရွှီးးးး”

မိန်းမစိုးဂိုဏ်း စစ်သည် ၁၀၀၀ ကျော်သည် မြှားမိုးများကို ရွာချလိုက်ကြသည်။ လီဝမ်ဟွေ့သည် အရှေ့ဘက်ကွပ်ကဲရေးရုံး ကျွမ်းကျင်ပညာရှင် ၁၀၀ ကျော်ကို ဦးဆောင်ကာ အကောင်းဆုံး တိုက်ခိုက်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဓားများကို ဝှေ့ယမ်းကာ နန်ဟိုင်သိုင်းသင်တန်းကျောင်းဆီသို့ ပြင်းထန်စွာ ဝင်ရောက်စီးနင်းလေတော့သည်။

ဤနေရာသည် နန်ဟိုင်သိုင်းသင်တန်းကျောင်း ဖြစ်သောကြောင့် လီဝမ်ဟွေ့သည် ကျောက်ခဲပစ်စက်များကို အသုံးမပြုပေ။ ထို့အစား သူသည် မြှားမိုးများကို ကိုယ်တိုင် ရင်ဆိုင်ပြီး အသက်စွန့်ကာ ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တံတိုင်းပေါ်တွင် ရှိနေသော နန်ဟိုင်သိုင်းသင်တန်းကျောင်း နည်းပြဆရာက တင်းမာစွာ ပြောလိုက်သည်။ “ငါတို့ နန်ဟိုင်သိုင်းသင်တန်းကျောင်းက တိုင်းပြည်အတွက် အရည်အချင်းရှိသူတွေကို မွေးထုတ်ပေးနေတာ။ မင်းတို့က ဒီနေရာမှာ အင်အားသုံးရဲတယ်လား။ ဓားထုတ်ရဲသေးတယ်ပေါ့။ ကောင်းကင်ဘုံ ၊ ဒီလို ကပ်ဘေးသင့်စေတဲ့ ခွေးကုန်းကုန်း ၊ ဒီလူယုတ်မာ လီဝမ်ဟွေ့ကို မိုးကြိုးပစ်ချပြီး သတ်ဖြတ်ပေးပါ”

“ရွှီးးးး”

လီဝမ်ဟွေ့၏ စစ်ဓားကြီး ပြင်းထန်စွာ ဝဲကျလာသည်။

ချက်ချင်းပင် ထိုနည်းပြဆရာသည် ခေါင်းမှ ခြေအထိ ထက်ခြမ်းကွဲသွားပြီး အသက်ရှင်လျက်သားပင် နှစ်ပိုင်းပြတ်သွားလေ၏။

“ငါ့ဆရာကို သတ်ရဲတယ်ပေါ့ ၊ ငါ ဘယ်သူလဲဆိုတာ သိရဲ့လားကွ” သူ့နောက်ရှိ နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားတစ်ဦးက စူးဝါးစွာ အော်ဟစ်လိုက်သည်။

“ရွှီးးး” လီဝမ်ဟွေ့က ရုတ်တရက် ထိုကျောင်းသား၏ ခါးလယ်မှ ပိုင်းဖြတ်လိုက်ရာ ထက်ခြမ်းပြတ်သွားလေသည်။

လီဝမ်ဟွေ့သည် လက်ရွေးစင်စစ်သည် ၁၀၀ ကျော်ကို ဦးဆောင်ပြီး ဝင်ရောက်စီးနင်းကာ သတ်ဖြတ်ပွဲကို ဆင်နွှဲလေတော့သည်။

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၌ အခြေခံသိုင်းပညာ စာမေးပွဲ၏ တတိယဘာသာရပ် ဖြစ်သော ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းကို ကျင်းပနေသည်။

စာမေးပွဲ ဖြေဆိုမည့် အစီအစဉ်ကို မဲနှိုက်ပြီး ဆုံးဖြတ်ခြင်း ဖြစ်သည်။ ကံကောင်းသည်လား ၊ ကံဆိုးသည်လား မသိသော်လည်း တုပိုင်နှင့် ယန်ရှီတို့သည် ပထမဆုံး စစ်ဆေးခံရမည့် အဖွဲ့တွင် ကျရောက်နေသည်။

ပထမအဖွဲ့တွင် လူ ၁၀ ဦး ပါဝင်ပြီး တစ်ဦးစီသည် ကိုယ်ပိုင်လမ်းကြောင်းတွင် ရပ်နေကြသည်။ ရှေ့ကိုက် ၉၀ အကွာတွင် ပစ်မှတ်အသစ်စက်စက် တစ်ခု ရှိနေသည်။

တုပိုင်သည် အထဲဘက်အကျဆုံး နေရာကို မဲပေါက်ပြီး ယန်ရှီက သူ့ညာဘက်တွင် ရှိနေသည်။

“တုပိုင် ၊ ငါတို့မှာ နောက်ထပ် လောင်းကြေးတစ်ခု ရှိသေးတာ မမေ့နဲ့ဦး။ ဘွဲ့ယူစာမေးပွဲ စုစုပေါင်းရမှတ်မှာ မင်း ရှုံးရင် ၊ မင်း အိမ်သာစောင့် ခွေးကုန်းကုန်း လုပ်ရမယ်” ယန်ရှီက အေးစက်စွာ ပြောလိုက်သည်။

တုပိုင်က ပြောလိုက်သည်။ “တောင်းပန်ပါတယ် ၊ မင်းနဲ့ လောင်းကြေးထပ်ထားတာကို ငါ တကယ် မေ့သွားတယ်။ ဘာလို့လဲဆိုတော့ ငါ့ပြိုင်ဘက်က ထန်ယန် တစ်ယောက်တည်း ရှိလို့ပဲ။ မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ မတန်ပါဘူး ၊ ဒါကြောင့် မင်းကို ငါ လျစ်လျူရှုထားတာ ကြာပြီ။ ဪ နေပါဦး ၊ မင်းရဲ့ စုစုပေါင်းရမှတ်က ဘယ်လောက်လဲ”

ဤစကားသည် မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။ ယန်ရှီ၏ ဖူးရောင်နေသော မျက်နှာသည် ချက်ချင်း အရောင်ပြောင်းသွားပြီး စူးဝါးစွာ အော်ဟစ်လိုက်သည်။ “စောစောစီးစီး မာန်တက်မနေနဲ့ ငါ့ရဲ့ မြှားပစ်စွမ်းရည်က အကယ်ဒမီတစ်ခုလုံးမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ ၊ မင်းကရော ဘာရှိလို့လဲ”

တုပိုင်က ပြောလိုက်သည်။ “ငါ မင်းကို ပြောပြီးပြီ မဟုတ်လား။ ငြိမ်သက်ပစ်မှတ် မြှားပစ်ခြင်းကို ငါ တစ်ရက်ပဲ လေ့ကျင့်ထားတယ်လို့”

ယန်ရှီက ပြောလိုက်သည်။ “ဒါဆိုရင် မင်းကို ငါ ချေမှုန်းပစ်မှာကို စောင့်ကြည့်နေလိုက်။ အိမ်သာစောင့် ခွေးကုန်းကုန်း ဖြစ်လာဖို့သာ ပြင်ထားလိုက်ပေတော့”

“အားလုံးပဲ ၊ ကိုယ့်ရဲ့ လေးနဲ့မြှားတွေကို စစ်ဆေးကြ” ကြီးကြပ်ရေးမှူးကုန်းကုန်းက အော်ဟစ်လိုက်သည်။

အပိုင်း ၂၅၇ ပြီး။

All Chapters